မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အစိုးရရဲ့ အကျင့်ပျက်ခြစားမှု အဆုံးတိုင်သွားမလား

အစိုးရရဲ့ အကျင့်ပျက်ခြစားမှု အဆုံးတိုင်သွားမလား

 အစိုးရ အရာရှိတွေရဲ့ အကျင့်ပျက်ခြစားမှုက ကမ္ဘာချီ ပြဿနာကြီးတစ်ခု ဖြစ်ပြီး ဆိုးကျိုးတွေ ဖြစ်ပေါ်စေတယ်။ a ဥပမာ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံအတော်များများက အစိုးရ အရာရှိတွေဟာ ရောဂါတိုက်ဖျက်ရေး ဆေးဝါးအတွက် ရန်ပုံငွေတွေကတစ်ဆင့် ချမ်းသာလာကြတယ်လို့ စွပ်စွဲခံထားရတယ်။ ဒီလိုအကျင့်ပျက်ခြစားမှု ရှိနေတဲ့အတွက် လူအတော်များများဟာ လိုအပ်တဲ့ ဆေးဝါး မရရှိလို့ ဝေဒနာ ခံစားရပြီး သေဆုံးကြရတယ်။

 အစိုးရရဲ့ အကျင့်ပျက်ခြစားမှု ဆိုးကျိုးတွေဟာ မနည်းမနောပါ။ အင်္ဂလန် ဝန်ကြီးချုပ်ဟောင်း ဒေးဗစ် ကယ်မရွန်က “အကျင့်ပျက်ခြစားမှုဟာ ပင့်ကူအိမ်လို တွယ်နေပြီး နိုင်ငံတိုင်းလိုလို ပါဝင်ပတ်သက်နေတယ်” လို့ ဆိုတယ်။

 ဒါပေမဲ့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုအားလုံး ပပျောက်သွားမှာ သေချာတယ်။ ဘာကြောင့် ဒီလို ပြောနိုင်ရသလဲ။ ဘုရား ဘာလုပ်ပေးတော့မယ်ဆိုတာကို ကျမ်းစာက ကြိုပြောထားတယ်။

အကျင့်ပျက်ခြစားမှုကို ဘုရားသခင် အဆုံးတိုင်စေမယ်ဆိုတာ ဘယ်လို သိရသလဲ

 “ငါယေဟောဝါက b တရားမျှတမှုကို နှစ်သက်တယ်။ လုယက်မှုနဲ့ မဖြောင့်မတ်မှုကို မုန်းတယ်” ဆိုတဲ့ ဘုရားရဲ့စကားကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ (ဟေရှာယ ၆၁:၈) ဖြတ်စားလျှပ်စား လုပ်သူတွေကြောင့် လူတွေ စိတ်ဆင်းရဲနေတာကို ဘုရားသခင် သိတယ်။ (ပညာအလိမ္မာ ၁၄:၃၁) “ဒုက္ခရောက်သူတွေ ဖိနှိပ်ခံရ . . . တဲ့အတွက် ငါထပြီး အရေးယူလုပ်ဆောင်မယ်” လို့ ယေဟောဝါ ကတိပေးတယ်။—ဆာလံ ၁၂:၅

 ဘုရားသခင် ဘာလုပ်ပေးတော့မလဲ။ လက်ရှိ အစိုးရတွေကို ပြုပြင်ပြောင်းလဲပေးမယ့်အစား “ဘုရားသခင်ရဲ့ နိုင်ငံတော်” နဲ့ အစားထိုးတော့မယ်။ (မာကု ၁:၁၄၊ ၁၅။ မဿဲ ၆:၁၀) ကျမ်းစာမှာ “အဲဒီဘုရင်တွေလက်ထက်မှာ ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က . . . နိုင်ငံတစ်ခုကို တည်ထောင်လိမ့်မယ်။ အဲဒီနိုင်ငံဟာ . . . အထက်မှာ ပြောခဲ့တဲ့ နိုင်ငံအားလုံးကို ခြေမွှဖျက်ဆီးလိမ့်မယ်။ ပြီးတဲ့နောက် အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်” လို့ ဖော်ပြတယ်။ (ဒံယေလ ၂:၄၄) ဒီနည်းနဲ့ အခုတွေ့နေရတဲ့ အကျင့်ပျက်ခြစားမှုအားလုံးကို ဘုရား ဖယ်ရှားပေးတော့မယ်။

အကျင့်ပျက်ခြစားမှု ကင်းတဲ့ အစိုးရ

 ဘုရားသခင်ရဲ့ နိုင်ငံတော် အစိုးရဟာ အကျင့်ပျက်ခြစားမှာ မဟုတ်ကြောင်း ဘယ်လို သိရသလဲ။ အောက်ပါ အချက်တွေကို သုံးသပ်ပါ။

  1.  ၁။ တန်ခိုးအာဏာ။ ဒီနိုင်ငံဟာ အနန္တတန်ခိုးရှင်ဆီက တန်ခိုးအာဏာကို ရထားတယ်။—ဗျာဒိတ် ၁၁:၁၅

     အဲဒါ ဘာကြောင့် အရေးကြီးသလဲ။ လူ့အစိုးရတွေရဲ့ အုပ်ချုပ်မှု ယန္တရားဟာ နိုင်ငံသားတွေရဲ့ ငွေကြေးအပေါ် တည်မှီနေတယ်။ ဒါက ခိုးမှု၊ ကြိုးကိုင်ခြယ်လှယ်မှုတွေ ကျူးလွန်ဖို့ လမ်းဖွင့်ပေးတယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော် အစိုးရကိုတော့ အနန္တ တန်ခိုးရှင်က ထောက်ပံ့ပေးတဲ့အတွက် နိုင်ငံသားတွေ လိုအပ်ရာ ရှိရှိသမျှ ဖြည့်ဆည်းပေးနိုင်မယ်။—ဆာလံ ၁၄၅:၁၆

  2.  ၂။ အုပ်ချုပ်သူ။ ဘုရားသခင်က ယေရှုခရစ်ကို နိုင်ငံတော် ဘုရင်အဖြစ် ခန့်အပ်ထားတယ်။—ဒံယေလ ၇:၁၃၊ ၁၄

     အဲဒါ ဘာကြောင့် အရေးကြီးသလဲ။ စိတ်ရင်းကောင်းတဲ့ အုပ်ချုပ်သူတွေတောင် မကောင်းမှု လုပ်ဖို့ ဖိအားပေးခံရနိုင်လို့ပါ။ (ဒေသနာ ၇:၂၀) ယေရှုကတော့ မိမိကို လာဘ်ထိုးလို့ မရကြောင်း ဖော်ပြခဲ့တယ်။ (မဿဲ ၄:၈-၁၁) မိမိရဲ့ နိုင်ငံသားတွေကို တကယ် ချစ်ပြီး သူတို့ ကောင်းကျိုးတွေကိုပဲ ဆောင်ရွက်ပေးလိမ့်မယ်။—ဆာလံ ၇၂:၁၂-၁၄

  3.  ၃။ ပညတ်ဥပဒေတွေ။ ဘုရားနိုင်ငံတော်ရဲ့ ပညတ်ဥပဒေတွေဟာ ပြည့်ဝစုံလင်တယ်။ လိုက်နာသူတွေကို ပျော်ရွှင်လန်းဆန်းစေတယ်။—ဆာလံ ၁၉:၇၊ ၈

     အဲဒါ ဘာကြောင့် အရေးကြီးသလဲ။ လူ့ဥပဒေတွေဟာ အများအားဖြင့် ရှုပ်ထွေးတယ်၊ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်၊ အကျိုးသက်ရောက်မှု အားနည်းတယ်။ ဒါက အကျင့်ပျက်ခြစားဖို့ အခွင့်အရေးတွေ ပေါ်စေတယ်။ ဘုရားရဲ့ ပညတ်ဥပဒေတွေကတော့ လိုက်နာရ လွယ်ကူတယ်၊ ကောင်းကျိုးလည်း ရှိစေတယ်။ (ဟေရှာယ ၄၈:၁၇၊ ၁၈) အဲဒီအပြင် ဘုရားရဲ့ ပညတ်ဥပဒေတွေက လုပ်ရပ်ကိုသာမက လုပ်ရပ်နောက်ကွယ်က စိတ်ရင်းနဲ့ပါ သက်ဆိုင်တယ်။ (မဿဲ ၂၂:၃၇၊ ၃၉) ဘုရားက စိတ်နှလုံးကို သိနိုင်တဲ့အတွက် ပညတ်ဥပဒေတွေ ပြဋ္ဌာန်းတဲ့အခါ စာနာသနားမှု ပါဝင်တယ်။—ယေရမိ ၁၇:၁၀

 အနာဂတ်မှာ အစိုးရတွေရဲ့ အကျင့်ပျက်ခြစားမှု လုံးဝ ကင်းစင်သွားမယ်လို့ ဘုရား ကတိပေးထားတယ်။ အဲဒီအကြောင်း လေ့လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။

a “အကျင့်ပျက်ခြစားမှု” ကို ကိုယ်ကျိုးအတွက် အခွင့်အာဏာ အလွဲသုံးစားလုပ်ခြင်းဆိုပြီး အနက်ဖွင့်ဆိုထားတယ်။

b ယေဟောဝါဆိုတာ ကျမ်းစာမှာ ပါတဲ့ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ကြည့်ပါ။