အသက် ဘယ်လို ဖြစ်လာသလဲ
အောက်ပါ မေးခွန်းကို ဘယ်လို ဖြေမလဲ။
အသက် ဘယ်လို ဖြစ်လာသလဲ။
က။ ဆင့်ကဲဖြစ်စဉ်ကြောင့်
ခ။ ဖန်ဆင်းခြင်းကြောင့်
သိပ္ပံနည်းကျကျ တွေးခေါ်တတ်သူက “ဆင့်ကဲဖြစ်စဉ်ကြောင့်” လို့ ဖြေလိမ့်မယ်။ ဘာသာရေးသမားကတော့ “ဖန်ဆင်းခြင်းကြောင့်” လို့ ဖြေလိမ့်မယ် ဆိုပြီး တချို့ ယူဆကြမယ်။
အမြဲတမ်းတော့ မဟုတ်ပါဘူး။
တကယ်တော့၊ သိပ္ပံပညာရှင်တွေ အပါအဝင် ပညာတတ်များစွာက ဆင့်ကဲဖြစ်စဉ်အယူအဆကို သံသယဝင်ကြတယ်။
တက္ကသိုလ်မှာ ဆင့်ကဲဖြစ်စဉ် သင်ယူခဲ့တဲ့ ပိုးမွှားဗေဒ ပါမောက္ခ ဂျဲရက်က “စာမေးပွဲ ဖြေတဲ့အခါ ပါမောက္ခတွေ လိုချင်တဲ့အဖြေမျိုး ဖြေခဲ့တယ်။ ဒါပေမဲ့ သင်ယူခဲ့တဲ့အတိုင်း ကျွန်တော် မယုံဘူး” ဆိုပြီး ပြောပြတယ်။
သိပ္ပံနည်းကျကျ တွေးခေါ်တတ်သူတချို့က ဆင့်ကဲဖြစ်စဉ်ကြောင့် သက်ရှိ ဖြစ်ပေါ်လာတယ် ဆိုတာကို ဘာကြောင့် မယုံကြသလဲ။ အဖြေရဖို့ သုတေသီများစွာ စိတ်ရှုပ်ရတဲ့ မေးခွန်းနှစ်ခုကို သုံးသပ်ကြည့်ရအောင်– (၁) အသက် ဘယ်လို စတင်လာသလဲ။ (၂) သက်ရှိတွေ ဘယ်လို တဖြည်းဖြည်း ဖြစ်ပေါ်လာသလဲ။
အသက် ဘယ်လို စတင်လာသလဲ
လူတချို့ အဆို။ အသက်ဟာ သက်မဲ့ကနေ အလိုအလျောက် ဖြစ်ပေါ်လာတယ်။
အဲဒီအဖြေကို လူတချို့ ဘာကြောင့် လက်မခံနိုင်ကြသလဲ။ သိပ္ပံပညာရှင်တွေဟာ ဓာတုဖွဲ့စည်းပုံနဲ့ မော်လီကျူးဖွဲ့စည်းပုံကို အရင်ကထက် ပိုသိလာကြပြီ။ ဒါတောင်မှ အသက်နဲ့ပတ်သက်ပြီး သေသေချာချာ အဓိပ္ပာယ် မဖွင့်နိုင်ကြသေးဘူး။ အရိုးရှင်းဆုံး သက်ရှိဆဲလ်နဲ့ သက်မဲ့အရာတို့ဟာ အလွန်ကွာခြားပါတယ်။
လွန်ခဲ့တဲ့ နှစ်သန်းထောင်ချီ ကာလတုန်းက ကမ္ဘာ့အခြေအနေကို သိပ္ပံပညာရှင်တွေ မှန်းဆရုံပဲ မှန်းဆနိုင်ကြတယ်။ ဘယ်နေရာကနေ အသက် စတင်ဖြစ်ပေါ်သလဲ ဆိုတာနဲ့ပတ်သက်ပြီး အမြင် မတူကြဘူး။ ဥပမာ၊ မီးတောင်ထဲကနေ ဒါမှမဟုတ် သမုဒ္ဒရာကြမ်းပြင်ကနေ အသက် စတင်လာတယ်လို့ အမျိုးမျိုး ပြောကြတယ်။ အသက်ဖြစ်ပေါ်စေတဲ့ ပစ္စည်းတွေဟာ စကြဝဠာ တစ်နေရာရာမှာ ပေါင်းစပ်ပြီး ဒီကမ္ဘာမြေပေါ်ကို ဥက္ကာခဲကနေတစ်ဆင့် ရောက်လာတယ်လို့ တချို့ ယူဆကြတယ်။ အဲဒါက အသက် ဘယ်လို စတင်သလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေ ရဖို့ ပိုခက်သွားစေတယ်။
မျိုးရိုးဗီဇကို ဖြစ်ပေါ်စေတဲ့ မော်လီကျူးတွေ ရှိနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ မှန်းဆကြတယ်။ အဲဒီမော်လီကျူးတွေဟာ ပုံတူပွားနိုင်တဲ့ သက်မဲ့ပစ္စည်းကနေ အလိုအလျောက် ဖြစ်ပေါ်လာပုံရတယ်လို့ ယူဆကြတယ်။ အဲဒီမော်လီကျူးတွေ ရှိခဲ့ဖူးတယ်ဆိုတဲ့ အထောက်အထားလည်း မရှိဘူး၊ ဓာတ်ခွဲခန်းမှာလည်း အဲဒီလို မော်လီကျူးမျိုး တစ်ခုကိုမှ သိပ္ပံပညာရှင်တွေ မဖန်တီးပေးနိုင်သေးဘူး။
အချက်အလက်တွေကို သက်ရှိတွေ သိုမှီးပုံ၊ စီမံဆောင်ရွက်ပုံက တစ်မူထူးခြားတယ်။ ဆဲလ်တွေက မျိုးရိုးဗီဇ သင်္ကေတထဲက အချက်အလက်တွေကို အဓိပ္ပာယ်ဖော်ပေးတယ်၊ စီမံညွှန်ကြားပေးတယ်။ သိပ္ပံပညာရှင်တချို့က မျိုးရိုးဗီဇသင်္ကေတတွေဟာ ကွန်ပျူတာဆော့ဖ်ဝဲနဲ့ တူတယ်၊ ဆဲလ်တွေရဲ့ ဓာတုဖွဲ့စည်းပုံကတော့ ကွန်ပျူတာဟာ့ဒ်ဝဲနဲ့ တူတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ ဆင့်ကဲဖြစ်စဉ်က မျိုးရိုးဗီဇအကြောင်း မရှင်းပြပေးနိုင်ဘူး။
ဆဲလ်တစ်ခု အလုပ်လုပ်ဖို့ ပရိုတင်းမော်လီကျူးတွေ လိုတယ်။ ပရိုတင်းမော်လီကျူး တစ်ခုမှာ အမီနိုအက်ဆစ်ရာချီ ရှိတယ်။ အဲဒါတွေက အစီအစဉ်တကျ ရှိနေတယ်။ ဒီ့ပြင် ဒီပရိုတင်းမော်လီကျူးတွေ အသုံးဝင်နိုင်ဖို့ သုံးဖက်မြင်ပုံစံနဲ့ ခေါက်ချိုး ကျိုးနေရမယ်။ ပရိုတင်းမော်လီကျူးတစ်ခု အလိုအလျောက် ဖြစ်ပေါ်လာဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စပဲဆိုပြီး သိပ္ပံပညာရှင်တချို့ ကောက်ချက်ချကြတယ်။ “ဆဲလ်တစ်ခု အလုပ်လုပ်ဖို့ ပရိုတင်းမော်လီကျူးထောင်ချီ လိုတယ်။ ဒါကြောင့် ပရိုတင်းမော်လီကျူးတွေ မတော်တဆ ပေါင်းစပ်ဖြစ်ပေါ်လာတယ်ဆိုတာ လုံးဝလက်မခံနိုင်စရာပဲ” ဆိုပြီး ရူပဗေဒ ပညာရှင် ပေါလ် ဒေးဗစ် ရေးသားခဲ့တယ်။
အပြီးသတ်ကောက်ချက်။ သိပ္ပံပညာရပ် အားလုံးနီးပါးကို ဆယ်စုနှစ်ချီ လေ့လာပြီးနောက် အသက်ဟာ ရှိနှင့်ပြီးသား အသက်ကနေပဲ ဖြစ်ပေါ်လာနိုင်တယ်လို့ အဖြေ ထွက်ပါတယ်။
သက်ရှိတွေ ဘယ်လို တဖြည်းဖြည်း ဖြစ်ပေါ်လာသလဲ
လူတချို့ အဆို။ လူအပါအဝင် သက်ရှိ အမျိုးမျိုးဟာ ပထမဆုံးသက်ရှိကနေ သဘာဝတရားရဲ့ ရွေးချယ်မှုနဲ့ တဖြည်းဖြည်း ပြောင်းလဲ ဖြစ်ပေါ်လာတယ်။
အဲဒီအဖြေကို လူတချို့ ဘာကြောင့် လက်မခံနိုင်သလဲ။ ဆဲလ်တချို့ဟာ တခြားဆဲလ်တွေထက် ပိုရှုပ်ထွေးတယ်။ ရိုးရှင်းတဲ့ဆဲလ်တွေကနေ ရှုပ်ထွေးတဲ့ဆဲလ်တွေ ဘယ်လို ဖြစ်လာသလဲဆိုတာက “အသက်ရဲ့အစနဲ့ပတ်သက်တဲ့ မေးခွန်းပြီးရင် ဆင့်ကဲဝါဒီတွေ မဖြေနိုင်တဲ့ ဒုတိယ အခက်ဆုံး မေးခွန်း ဖြစ်တယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။
ဆဲလ်တစ်ခုထဲမှာတောင် ရှုပ်ထွေးတဲ့အလုပ်တာဝန်တွေကို အသေးစိတ်ကျကျ ဟန်ချက်ညီညီ လုပ်ဆောင်တဲ့ ပရိုတင်းမော်လီကျူးတွေ ပြည့်နေတယ်ဆိုတာကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့ကြတယ်။ အဲဒီအလုပ်တာဝန်တွေထဲမှာ အာဟာရကို စွမ်းအင်အဖြစ် ပြောင်းလဲသယ်ပို့ပေးတာ၊ ဆဲလ်တွေ ပြုပြင်ပေးတာ၊ ဆဲလ်တွေ အဆင့်ဆင့် သတင်းပို့ပေးတာတွေ ပါဝင်တယ်။ သဘာဝတရားရဲ့ ရွေးချယ်မှု၊ အလျဉ်းသင့်သလို ပြောင်းလဲမှုတို့ကြောင့် အဲဒီလိုဆန်းပြားရှုပ်ထွေးတဲ့ ပေါင်းစပ်လုပ်ဆောင်မှုတွေ ဖြစ်ပေါ်စေနိုင်ပါ့မလား။ အဲဒီဆင့်ကဲဖြစ်စဉ်အဆိုကို လူများစွာ လက်မခံနိုင်ကြဘူး။
သန္ဓေအောင် မျိုးဥတစ်ခုတည်းကနေ တိရစ္ဆာန်တွေ၊ လူသားတွေ တဖြည်းဖြည်း ဖြစ်ပေါ်လာတယ်။ သန္ဓေသားလောင်းထဲက ဆဲလ်တွေ ပွားများလာပြီး သူ့ပုံစံနဲ့သူ၊ သူ့လုပ်ဆောင်မှုနဲ့သူ ရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်း အသီးသီး ဖြစ်ပေါ်လာတယ်။ ဆဲလ်တစ်ခုစီဟာ သက်ရှိအတွင်းမှာ ဘာဖြစ်လာမယ်၊ ဘယ်ကို သွားသင့်တယ်ဆိုတာ ဘယ်လို “သိကြ” သလဲဆိုတဲ့အချက်ကို ဆင့်ကဲဖြစ်စဉ်က မရှင်းပြနိုင်ဘူး။
တိရစ္ဆာန်တစ်မျိုးကနေ နောက်တစ်မျိုး ဖြစ်ဖို့ ဆဲလ်တစ်ခု မဖြစ်ခင် မော်လီကျူးအဆင့်မှာ ပြောင်းလဲဖို့ လိုတယ်လို့ သိပ္ပံပညာရှင်တွေ သဘောပေါက်လာကြပြီ။ သိပ္ပံပညာရှင်တွေအနေနဲ့ “အရိုးရှင်းဆုံး” ဆဲလ်တစ်ခု ဘယ်လို ဆင့်ကဲဖြစ်ပေါ်လာသလဲဆိုတာ မရှင်းပြနိုင်ဘဲနဲ့ တိရစ္ဆာန်အမျိုးမျိုးဟာ သဘာဝတရားရဲ့ ရွေးချယ်မှုနဲ့ အလျဉ်းသင့်သလို ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာတယ်လို့ ပြောတာက ယုတ္တိရှိပါ့မလား။ ဇီဝဗေဒ ပါမောက္ခ မိုက်ကယ် ဘီဟီက တိရစ္ဆာန်တွေရဲ့ ကိုယ်အင်္ဂါတည်ဆောက်ပုံကို လေ့လာတဲ့အခါ “အံ့ဩစရာ နက်နဲရှုပ်ထွေးမှုတွေ မမျှော်လင့်ဘဲ တွေ့လိုက်ရတော့ အသိဉာဏ်မရှိတဲ့ ဖြစ်စဉ်တစ်ခုကြောင့် ဘယ်လိုနည်းနဲ့မှ ဖြစ်မလာနိုင်ဘူးဆိုပြီး ကောက်ချက်ချမိတယ်” လို့ပြောတယ်။
လူတွေဟာ အသိဉာဏ် ရှိကြတယ်။ ကိုယ့်ကိုယ်ကိုယ် သိကြတယ်။ စဉ်းစားဆင်ခြင်နိုင်ကြတယ်။ ရက်ရောတာ၊ ကိုယ်ကျိုးစွန့်တာ၊ အမှားအမှန် ပိုင်းခြားသိနိုင်တာ စတဲ့ အရည်အသွေးတွေ ရှိကြတယ်။ အဲဒီအရည်အသွေးကောင်းတွေ ဘယ်လို ရှိလာသလဲဆိုတာ ဆင့်ကဲအယူက မရှင်းပြနိုင်ဘူး။
အပြီးသတ်ကောက်ချက်။ အသက်ဟာ ဆင့်ကဲဖြစ်စဉ်ကြောင့် ဖြစ်ပေါ်လာတယ်လို့ လူများစွာ လက်ခံကြပေမဲ့ အသက် ဘယ်လို စတင်လာသလဲ၊ သက်ရှိတွေ ဘယ်လို တဖြည်းဖြည်း ဖြစ်ပေါ်လာသလဲဆိုတဲ့ မေးခွန်းတွေရဲ့ ဆင့်ကဲသီအိုရီအဖြေကို လက်မခံနိုင်တဲ့သူတွေလည်း ရှိနေကြတယ်။
လေ့လာသုံးသပ်ထိုက်တဲ့အဖြေ
သက်သေသာဓကတွေကို သုံးသပ်ပြီးတဲ့နောက်မှာ လူအများက အသက်ဆိုတာ ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်လို့ ကောက်ချက်ချကြတယ်။ ဘုရားမဲ့ဝါဒကို အထူးထောက်ခံခဲ့ဖူးတဲ့ ဒဿနိကပညာရှင် ပါမောက္ခ အန်ထော်နီ ဖလူးအကြောင်း သုံးသပ်ကြည့်ပါ။ သက်ရှိတွေနဲ့ စကြဝဠာ နိယာမတရားတွေ ဘယ်လောက် ရှုပ်ထွေးတယ်ဆိုတာကို သိလာတဲ့အခါ သူ့သဘောထား ပြောင်းသွားတယ်။ ရှေးခေတ်ကျိုးကြောင်းဆင်ခြင်နည်းကို ပြန်ကိုးကားပြီး ဒီလိုရေးတယ်– “သက်သေအထောက်အထားကို ကျွန်တော်တို့ လက်ခံရမှာပဲ။” သက်သေအထောက်အထားတွေက ဖန်ဆင်းရှင် ရှိကြောင်း ဖော်ပြနေတယ်လို့ ပါမောက္ခ ဖလူး လက်ခံခဲ့တယ်။
အစပိုင်းမှာပါတဲ့ ဂျဲရက်လည်း အဲဒီအတိုင်းပဲ ကောက်ချက်ချတယ်။ သူဟာ ပိုးမွှားဗေဒ ပညာရှင်ကြီး ဖြစ်ပေမဲ့ “အသက်ဟာ သက်မဲ့အရာကနေ အလိုအလျောက် ဖြစ်ပေါ်လာတယ်ဆိုတဲ့ သက်သေအထောက်အထား တစ်ခုမှ ကျွန်တော် မတွေ့ဘူး။ သက်ရှိတွေရဲ့ စည်းစနစ်ကျနမှုနဲ့ ရှုပ်ထွေးပွေလီမှုကြောင့် ပုံစံပြုဖွဲ့စည်းရှင်တစ်ပါး ရှိကြောင်း ကျွန်တော် ယုံကြည်လက်ခံလာတယ်” လို့ပြောခဲ့တယ်။
ပန်းချီလက်ရာကို ဆန်းစစ်လိုက်တဲ့အခါ ပန်းချီဆရာအကြောင်း သိလာနိုင်သလို ဂျဲရက်လည်း သဘာဝလောကကြီးကို လေ့လာလိုက်တော့ ဖန်ဆင်းရှင်ရဲ့ အရည်အသွေးတွေကို သိမြင်လာတယ်။ ဒီ့ပြင် ဂျဲရက်က ဖန်ဆင်းရှင်အကြောင်းပါတဲ့ သမ္မာကျမ်းစာကို အချိန်ပေး ဖတ်ရှုလေ့လာခဲ့တယ်။ (၂ တိမောသေ ၃:၁၆) လူ့သမိုင်းနဲ့ဆိုင်တဲ့ မေးခွန်းတွေရဲ့ ကျေနပ်လောက်တဲ့အဖြေကို ရခဲ့တယ်၊ ယနေ့ လူတွေ ကြုံနေရတဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ဖြေရှင်းနည်းကိုပါ ရခဲ့တယ်။ ဒါကြောင့် သမ္မာကျမ်းစာဟာလည်း ဉာဏ်ကြီးရှင်တစ်ပါးကြောင့် ဖြစ်ပေါ်လာတယ်ဆိုတာကို ယုံကြည်လက်ခံခဲ့တယ်။
သမ္မာကျမ်းစာအဖြေတွေဟာ လေ့လာသုံးသပ်ထိုက်ပါတယ်။ ဂျဲရက်လိုပဲ ကိုယ်တိုင်ဆန်းစစ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။