မော်ကွန်းတိုက်မှ
ခက်ခဲချိန်တစ်လျှောက် ယေဟောဝါနဲ့ နီးနီးကပ်ကပ် နေခဲ့ကြ
ဒုတိယကမ္ဘာစစ်အပြီးမှာ ဥရောပတိုက်က နေရာတော်တော်များများ ဖွတ်ဖွတ်ညက်ညက် ကြေသွားပေမဲ့ ဝမ်းသာစရာကတော့ ယေဟောဝါသက်သေတွေ နာဇီချွေးတပ်စခန်းကနေ လွတ်မြောက်လာတယ်။ လွတ်မြောက်ပြီဆိုပေမဲ့ ဘဝက အဆင်ပြေချောမွေ့သွားတာတော့ မဟုတ်ဘူး။ တခြားသူတွေလိုပဲ စားစရာ၊ ဝတ်စရာနဲ့ အခြေခံလိုအပ်ရာတွေရဖို့ ခက်ခဲနေတုန်းပဲ။ နေစရာလည်း ရှားတယ်။ ညီအစ်မ ခါရင် ဟာတွန် အခုလိုပြောတယ်– “နေစရာနေရာတွေ သိပ်မကျန်တော့လို့ ဆွေမျိုးတွေနဲ့ အတူနေတာပဲဖြစ်ဖြစ်၊ တခြားသူတွေနဲ့တူ အခန်းငှားပြီး စုနေတာပဲဖြစ်ဖြစ် လုပ်ကြရတယ်။” ချွေးတပ်စခန်းထဲ ခုနစ်နှစ်ခွဲကြာ နေခဲ့ရတဲ့ ညီအစ်မ ဂါထရုဒ် ပိုစင်ဂါဆိုရင် ဂိုဒေါင်တစ်ခုမှာ နေပြီး ထိုင်ခုံပေါ်မှာပဲ အိပ်ခဲ့ရတာ။ a
ယေဟောဝါရဲ့အဖွဲ့အစည်းက စစ်ဘေးသင့်ဒေသက ညီအစ်ကို/မတွေရဲ့ လိုအပ်ရာကို ဘယ်လို ဖြည့်ဆည်းပေးခဲ့သလဲ။ စစ်ပြီးကာလမှာ ရုန်းကန်ခဲ့သူတွေဆီကနေ ဘာသင်ယူနိုင်သလဲ။
ညီအစ်ကို/မတွေရဲ့ ကာယရေးလိုအပ်ရာကို ဖြည့်ဆည်းပေးခြင်း
ယေဟောဝါရဲ့အဖွဲ့အစည်းက ဥရောပက ညီအစ်ကို/မတွေကို ကူညီပေးဖို့ အမြန်ဆုံး စီစဉ်ခဲ့တယ်။ ၁၉၄၅ ခုနှစ်၊ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း ကမ္ဘာ့ဌာနချုပ်က ညီအစ်ကို နေသန် နောရ်နဲ့ မီလ်တန် ဟန်ရှယ်က အင်္ဂလန်၊ ဆွစ်ဇာလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်နဲ့ နော်ဝေနိုင်ငံကို သွားရောက်ခဲ့တယ်။ ညီအစ်ကို/မတွေရဲ့လိုအပ်ရာကို သိနိုင်ဖို့ပါ။ “စစ်ကြောင့် ဘယ်လောက်တောင် ထိခိုက်ပျက်စီးနေသလဲဆိုတာ ကျွန်တော်တို့ အခုမှပဲ ကိုယ်တွေ့မြင်လိုက်ရတာ” လို့ ညီအစ်ကို နောရ် ပြောတယ်။
ဂျာမနီနိုင်ငံထဲ ညီအစ်ကို နောရ် ဝင်ခွင့်မရတဲ့အတွက် ဂျာမနီဌာနခွဲရုံးကို ကြီးကြပ်နေတဲ့ ညီအစ်ကို အဲရစ် ဖရော့စ်က ညီအစ်ကို နောရ်ကို သွားတွေ့တယ်။ b ညီအစ်ကို အဲရစ် အခုလို ပြောတယ်– “ညီအစ်ကို နောရ်က လက်တွေ့ကျ အကြံဉာဏ်တွေ ပေးတယ်။ အစားအစာနဲ့ အဝတ်အထည်တွေ ပို့ပေးမယ်လို့လည်း ကတိပေးတယ်။ မကြာပါဘူး၊ ဂျုံ၊ ဆီ၊ အုတ်ဂျုံနဲ့ တခြားအစားအစာအများကြီး သင်္ဘောနဲ့ ရောက်လာတယ်။ နိုင်ငံရပ်ခြားက ညီအစ်ကိုတွေ ပို့လိုက်တဲ့ အဝတ်အစားတွေ၊ အတွင်းခံတွေ၊ ဖိနပ်တွေလည်း သေတ္တာလိုက် ရောက်လာတယ်။” ညီအစ်ကို/မတွေ ကျေးဇူးတင်လွန်းလို့ မျက်ရည်မဆည်နိုင် ဖြစ်ခဲ့ကြတယ်။ “ကယ်ဆယ်ရေးပစ္စည်းတွေကို တစ်ကြိမ်တစ်ခါပဲ ပေးပို့ခဲ့တာ မဟုတ်ဘဲ နှစ်နှစ်ခွဲဆက်တိုက် ပို့ပေးခဲ့တာ” လို့ မှတ်တမ်းမှာ ဖော်ပြထားတယ်။ c
ဝတ်ပြုရေးကို အာရုံစိုက်ခဲ့ကြ
အခြေအနေတွေ တဖြည်းဖြည်း ပိုကောင်းလာတယ်။ ညီအစ်ကိုတွေလည်း ဝတ်ပြုရေးကို ဆက်အာရုံစိုက်ကြတယ်။ သူတို့ကို ဘာက ထောက်ကူပေးခဲ့သလဲ။
ဘုရားရေးရာ လုပ်ရိုးလုပ်စဉ်တွေ ပုံမှန်လုပ်ဆောင်ခြင်း။ (ဧဖက် ၅:၁၅၊ ၁၆) စစ်ကြီးအတွင်းမှာ ကျမ်းစာအခြေပြုစာပေတွေ ရဖို့၊ ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေ ပုံမှန်လုပ်ဆောင်ဖို့ ခက်ခဲပေမဲ့ စစ်ကြီးအပြီးမှာတော့ အစည်းအဝေးတွေနဲ့ ဟောပြောခြင်းလုပ်ငန်းကို ပုံမှန် ပြန်လုပ်နိုင်ခဲ့တယ်။ သြစတြီးယားနိုင်ငံက ယော်ဂန် ရန်ဒယ် အခုလို ပြန်ပြောင်းပြောပြတယ်– “သတင်းပေးသူ d စာစောင်ကတစ်ဆင့်ရော တိုက်နယ်ကြီးကြပ်မှူးတွေဆီကနေပါ ဘုရားရေးရာ လုပ်ရိုးလုပ်စဉ် ပုံမှန်လုပ်ဖို့ အားပေးခံရတယ်။ ယေဟောဝါ၊ ယေရှု၊ ကိုယ်ပိုင်ကျမ်းစာလေ့လာမှုနဲ့ အမှုဆောင်လုပ်ငန်းကို အာရုံစိုက်ခဲ့ကြတယ်။ တီဗီလိုမျိုး အာရုံပျံ့လွင့်စရာတွေ မရှိခဲ့ဘူး။”
ညီအစ်မ အူရီခါ ခိုလော့ပ် အခုလို ပြောတယ်– “ကျမ်းစာအကြောင်းအရာတစ်ခုကို နှံ့နှံ့စပ်စပ် လေ့လာရတာ သိပ်ပျော်ဖို့ကောင်းတယ်။ ကျွန်မ အမျိုးသားက အဲဒီအပိုင်းမှာ ပုံသက်သေကောင်းပဲ။ ကင်းမျှော်စင် မဂ္ဂဇင်းတစ်စောင် ရပြီဆိုတာနဲ့ ကျန်တာတွေအားလုံးကို ပစ်ချပြီး လေ့လာတော့တာပဲ။” အထက်မှာ ဖော်ပြခဲ့တဲ့ ညီအစ်မခါရင် ဒီလိုပြောတယ်– “ပစ္စည်းဥစ္စာဆိုတာ မျက်စိတစ်မှိတ်အတွင်း ကွယ်ပျောက်သွားနိုင်မှန်း စစ်ကြီးအတွင်း သိလာကြတယ်။ ကျမ်းစာအခြေပြု စာပေတွေကျတော့ ရှားပါးပေမဲ့ ပြတ်တောက်မသွားခဲ့ဘူး။ ဒီနည်းနဲ့ သစ္စာရှိကျေးကျွန်တွေကို ယေဟောဝါ ဆုချခဲ့တယ်။”
ဟောပြောခြင်း။ (မဿဲ ၂၈:၁၉၊ ၂၀) စစ်ကြောင့် ဟောပြောခြင်းနဲ့သွန်သင်ခြင်းလုပ်ငန်းကို လွတ်လွတ်လပ်လပ် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ စစ်ပြီးသွားတာနဲ့ “အားလုံးက အမှုဆောင်လုပ်ငန်းမှာ ချက်ချင်း ပါဝင်ကြတာ” လို့ ညီအစ်ကို ဖရိဒ်ဟမ် ပြောပြတယ်။ “ကျွန်မခင်ပွန်းရဲ့ မိသားစုနဲ့အတူ ဦးဆုံးအမှုဆောင်ထွက်တဲ့ ညီအစ်ကိုဆိုရင် ချွေးတပ်စခန်း ဝတ်စုံကြီးနဲ့ဆိုတော့ သူ အမှုဆောင် တန်းထွက်မှန်း အသိသာကြီးပဲ” လို့ ညီအစ်မ အူရီခါ ပြောပြတယ်။ ညီအစ်ကို ယော်ဂန်လည်း အခုလို ပြောပြတယ်– “စစ်အပြီးမှာ အားလုံးက ဟောပြောဖို့ ထက်သန်တက်ကြွနေကြတာ။ လူငယ် ညီအစ်ကို/မတွေ အများကြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်လာကြတယ်။”
“ဗုံးကြဲခံထားရတဲ့မြို့တွေမှာဆို အခြေအနေ တော်တော်ဆိုးတယ်” လို့ ညီအစ်မ အူရီခါ ပြောပြတယ်။ လူအများစုက အပြိုအပျက်တွေထဲမှာပဲ နေနေကြရတာ။ သူတို့ကို ယေဟောဝါသက်သေတွေ ဘယ်လို ရှာဖွေဟောပြောသလဲ။ “ဘယ်နေရာမှာ မီးထွန်းထားသလဲ၊ ဘယ်နေရာမှာ ထမင်းဟင်းတည်လို့ မီးခိုးထွက်နေသလဲဆိုပြီး ရှာရတာပေါ့” လို့ အူရီခါ ပြောပြတယ်။ အူရီခါရဲ့မိသားစုလည်း စစ်ကြီးအပြီးမှာ အမှန်တရားထဲ ရောက်လာတယ်။
အချင်းချင်း အားပေးနှစ်သိမ့်ခြင်း။ (၁ သက်သာလောနိတ် ၅:၁၁) စစ်အတွင်းမှာ ယေဟောဝါသက်သေတွေ ရက်ရက်စက်စက် နှိပ်စက်ခံခဲ့ရတယ်။ ဒါပေမဲ့ ကိုယ်ခံခဲ့ရတာတွေကို တနုံ့နုံ့ တွေးနေမယ့်အစား တစ်ယောက်ကို တစ်ယောက် အားပေးနှစ်သိမ့်ဖို့ အာရုံစိုက်ကြတယ်။ တကယ်တော့ ယုံကြည်ခြင်း “စမ်းသပ်ခံရ” ချိန်မှာ သစ္စာရှိကြောင်း သက်သေပြနိုင်ခဲ့လို့ အကြီးအကျယ် ပျော်ရွှင်နေကြတာ။ (ယာကုပ် ၁:၂၊ ၃) လက်ရှိ အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ ယိုဟန်းနက်စ် အခုလို ပြောတယ်– “ချွေးတပ်စခန်းမှာ နေခဲ့တဲ့ ကျွန်တော်တို့ရဲ့တိုက်နယ်ကြီးကြပ်မှူးက ညီအစ်ကို/မတွေကို ယေဟောဝါ ကူညီထောက်မပေးတဲ့ တွေ့ကြုံမှုကောင်းတွေ အများကြီး ပြောပြတယ်။ အဲဒီအကြောင်းတွေကြားရတော့ ယုံကြည်ခြင်း ပိုခိုင်ခံ့လာတယ်။”
“ချွေးတပ်စခန်းမှာ ဘုရားသခင် ဘယ်လို ကူညီပေးတယ်၊ ဆုတောင်းချက်တွေကို ဘယ်လို ဖြေကြားပေးခဲ့တယ်” ဆိုတာ ပြန်တွေးတောတာက ယေဟောဝါနဲ့ ဆက်ရင်းနှီးနေဖို့ ညီအစ်ကိုတွေကို ကူညီပေးခဲ့တယ်လို့ ယိုဟန်းနက်စ် ပြောတယ်။ လွတ်မြောက်လာတဲ့ ညီအစ်ကို/မတွေက ကျမ်းစာဖတ်တာ၊ အစည်းအဝေး၊ အမှုဆောင်မှာပါဝင်တာ စတဲ့ ဝတ်ပြုရေးလုပ်ငန်းဆောင်တာတွေမှာ ပုံမှန်ပါဝင်ကြတယ်။ ချွေးတပ်စခန်းက လွတ်မြောက်လာတဲ့ ညီအစ်ကို/မတွေကို ကြည့်ရင် “ပိန်လှီပြီး အားမရှိပုံ ပေါက်နေပေမဲ့ သူတို့ရဲ့တွေ့ကြုံမှုတွေအကြောင်း ပြောပြတဲ့အခါ စွမ်းအားတော်အပြည့်နဲ့ စိတ်ထက်သန် နေလိုက်ကြတာ” လို့ ၁၉၄၆ ခုနှစ်၊ နူရင်ဘာ့ဂ် ခရိုင်အစည်းအဝေးကြီးကို တက်ရောက်ခဲ့တဲ့ အဲလစ်စဗက် ပြောပြတယ်။—ရောမ ၁၂:၁၁။
ခရစ်ယာန်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး နေခြင်း။ (ရောမ ၁:၁၁၊ ၁၂) စစ်အတွင်းမှာ ရက်ရက်စက်စက် နှိပ်စက်ခံရလို့ ညီအစ်ကို/မတွေ လွတ်လွတ်လပ်လပ် စုဆုံပေါင်းသင်းခွင့် မရခဲ့ဘူး။ “ကိုယ့်ကြောင့် ညီအစ်ကို/မတွေ အန္တရာယ်ရောက်သွားမှာစိုးလို့ တစ်ယောက်အိမ် တစ်ယောက် တော်ရုံတန်ရုံ သွားမလည်ကြဘူး” လို့ ညီအစ်မ ခါရင် ပြောပြတယ်။ ဒါပေမဲ့ စစ်ပွဲပြီးတဲ့အခါ အခြေအနေတွေ ပြောင်းလဲသွားတယ်။ “ညီအစ်ကို/မတွေက ဘာလုပ်လုပ် အတူလုပ်ကြတာ။ အမှုဆောင်၊ အစည်းအဝေးတွေဆိုတာ သူတို့ဘဝမှာ အရေးကြီးဆုံးပဲ” ဆိုပြီး ဖရိဒ်ဟမ် ပြောတယ်။
ဂျာမနီနိုင်ငံက အကြီးအကဲတစ်ယောက် စစ်ပြီးခါစအချိန်အကြောင်း အခုလို ပြောပြတယ်– “သက်သေခံတွေထဲမှာ ကားရှိတဲ့သူက ခပ်ရှားရှား။ အဲဒီတော့ အစည်းအဝေးတွေကို လမ်းလျှောက်သွားကြတယ်။ အုပ်စုလိုက် သွားကြတာ။ အမြဲအတူရှိနေတော့ တစ်ယောက်နဲ့တစ်ယောက် ပိုရင်းနှီးလာကြတယ်။ မိသားစုလိုပဲ။”
ကျွန်တော်တို့အတွက် သင်ခန်းစာ
ဒီနေ့အချိန်မှာ ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ သဘာဝဘေး၊ ရောဂါဘေး၊ စစ်ဘေး၊ နှိပ်စက်ညှဉ်းပန်းမှု၊ ကုန်စျေးနှုန်း မြင့်တက်မှု စတဲ့အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နေရတယ်။ (၂ တိမောသေ ၃:၁) ဒါပေမဲ့ အလွန်အမင်း စိုးရိမ်ဖို့ မလိုပါဘူး။ ဘာကြောင့်လဲ။ နာဇီခေတ်အတွင်း ဂျာမနီက သစ္စာရှိ ညီအစ်ကို/မတွေကို ဘုရားသခင် ထောက်မပေးခဲ့သလို နောက်ဆုံးကာလမှာ အသက်ရှင်နေတဲ့ ကျွန်တော်တို့ကိုလည်း ဆက်လက်ထောက်မပေးသွားမှာ ဖြစ်လို့ပါ။ ဒါကြောင့် တမန်တော်ပေါလုလို စိတ်ဓာတ်မျိုး မွေးမြူကြပါစို့– “‘ယေဟောဝါဟာ ကူညီမစရှင်ဖြစ်တဲ့အတွက် ငါ ဘာကိုမှမကြောက်ဘူး။ လူက ငါ့ကို ဘာလုပ်နိုင်မှာလဲ’ ဆိုပြီး ကျွန်တော်တို့ ရဲရဲဝံ့ဝံ့ ပြောနိုင်တယ်။”—ဟီဘရူး ၁၃:၆။
a ညီအစ်မ ပိုစင်ဂါရဲ့ ဘဝအတ္ထုပ္ပတ္တိ “Putting the Kingdom First in Postwar Germany” ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဖတ်ကြည့်ပါ။
b ညီအစ်ကို ဖရော့စ်ရဲ့ ဘဝအတ္ထုပ္ပတ္တိ “Deliverance From Totalitarian Inquisition Through Faith in God” ကို အင်္ဂလိပ်ဘာသာစကားနဲ့ ဖတ်ကြည့်ပါ။
c ဒုတိယကမ္ဘာစစ်ပြီးနောက် လုပ်ဆောင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ငန်းအကြောင်း ပိုသိချင်ရင် “အကောင်းဆုံးကို ပေးခဲ့ကြ” ဆောင်းပါးနဲ့ ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ စာအုပ်၊ စာမျက်နှာ ၂၁၁၊ ၂၁၈ နဲ့ ၂၁၉ ပါ လေးထောင့်ကွက်တွေကို လေ့လာပါ။
d အခုတော့ အသင်းတော်တွေမှာ ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်ကို အသုံးပြုနေပါတယ်။