မော်ကွန်းတိုက်မှ
“ဗြိတိန်နိုင်ငံက ဘုရားနိုင်ငံတော် ကြေညာသူတွေ နိုးထကြ”
“ဗြိတိန်နိုင်ငံက ဘုရားနိုင်ငံတော် ကြေညာသူတွေ နိုးထကြ” ဆိုတဲ့ ကျယ်လောင်ပြတ်သားတဲ့ နှိုးဆော်သံ ပေါ်လာတယ်။ (သတင်းပေးသူ၊ * ဒီဇင်ဘာ ၁၉၃၇၊ လန်ဒန် ထုတ်) “ဆယ်နှစ်အတွင်း ထူးခြားတဲ့တိုးတက်မှု မရှိ” ဆိုတဲ့ ခေါင်းစဉ်ငယ်က ထပ်ဆင့် လေးနက်စေတယ်။ ၁၉၂၈-၁၉၃၇ ခုနှစ်ဆယ်နှစ်တာအတွင်း လုပ်ငန်းတော်မှတ်တမ်းက အဲဒီအချက်ကို သက်သေထူတယ်။
ရှေ့ဆောင် များလွန်းနေသလား
ဗြိတိန်မှာ ဘာက အမှုဆောင်လုပ်ငန်းအရှိန်ကို လျော့စေခဲ့သလဲ။ အသင်းတော်တွေဟာ လွန်ခဲ့တဲ့နှစ်များစွာတုန်းက အရှိန်အတိုင်း ဆက်သွားနေပြီး “ဘီးရာအတိုင်းပဲ အိပဲ့အိပဲ့” ဖြစ်နေကြပုံ ရတယ်။ ဒီ့အပြင် ဌာနခွဲက အသင်းတော်တွေမှာ မဟုတ်ဘဲ သီးခြားရပ်ကွက်တွေမှာ အမှုဆောင်တဲ့ ရှေ့ဆောင် ၂၀၀ လောက်ကိုပဲ ထောက်ပံ့မယ်လို့ ဆုံးဖြတ်ထားတယ်။ ဒါကြောင့် ရှေ့ဆောင်လုပ်မယ့်သူတွေကို ဗြိတိန်နိုင်ငံမှာ မဟုတ်ဘဲ တခြားဥရောပနိုင်ငံတွေမှာ သွားရောက်အမှုဆောင်ကြဖို့ အားပေးခဲ့တယ်။ ချီးမွမ်းစရာကတော့ ဘာသာစကား မတတ်ပေမဲ့ ပြင်သစ်လို နိုင်ငံတွေမှာ ရှေ့ဆောင်လုပ်ဖို့ ဗြိတိန်ကနေ အလျှိုလျှို ထွက်သွားကြတယ်။
“နှိုးဆော်သံ”
၁၉၃၇ ခုနှစ် သတင်းပေးသူ ဆောင်းပါးမှာ ၁၉၃၈ ခုနှစ် အတွက် နာရီ တစ်သန်း ရဖို့ ပန်းတိုင် ချမှတ်ခဲ့တယ်။ ကြေညာသူတွေက တစ်လကို ၁၅ နာရီ၊ ရှေ့ဆောင်တွေက နာရီ ၁၁၀ ပါဝင်မယ်ဆိုရင် အဲဒီပန်းတိုင်ကို အလွယ်တကူ ပြည့်မီနိုင်တယ်။ အမှုဆောင်အုပ်စုတွေကို တစ်ရက် ငါးနာရီ လုပ်ဖို့၊ အထူးသဖြင့် ကြားရက် ညနေပိုင်းတွေမှာ ပြန်လည်ပတ်မှုကို အာရုံစိုက်ဖို့ စီစဉ်ပေးခဲ့တယ်။
ဒီအစီအစဉ်သစ်ကြောင့် ညီအစ်ကို/မများစွာ စိတ်လှုပ်ရှားခဲ့ကြတယ်။ “ဒါဟာ ဌာနချုပ်က နှိုးဆော်သံပဲ။ အဲဒါကို ကျွန်မတို့အများစု မျှော်နေကြတာ။ မကြာခင်မှာပဲ ရလဒ်ကောင်းတွေ ရရှိခဲ့တယ်” လို့ဟီလ်တာ ပက်ဂျက် ပြောတယ်။ * ညီအစ်မ ဝေါလစ္စလည်း အခုလို ပြောတယ်– “တစ်ရက် ငါးနာရီ လုပ်ရမယ်ဆိုတာ သိပ်ကောင်းတဲ့ အကြံပြုချက်ပဲ။ သခင့်အမှုတော်မှာ တစ်ရက်လုံး ပါဝင်ရတာထက် ပိုပျော်ဖို့ကောင်းတာ ဘာရှိဦးမှာလဲ။ . . . မောမောနဲ့ အိမ်ပြန်လာပေမဲ့ ပျော်နေကြတယ်။” လူငယ် စတီဗင်မီလာက နှိုးဆော်ချက်ကို အရေးတကြီး သဘောထားနဲ့ တုံ့ပြန်ခဲ့တယ်။ အခွင့်အရေးရှိတုန်း အမှုဆောင်ချင်တယ်။ တစ်နေ့လုံး စက်ဘီးနဲ့ အုပ်စုလိုက် အမှုဆောင်ထွက်ကြတာ၊ နွေညနေခင်းတွေမှာ အသံသွင်းထားတဲ့ ဟောပြောချက်တွေ ဖွင့်ပြတာကို မှတ်မိနေတုန်းပဲ။ ကြော်ငြာကတ်တွေနဲ့ ချီတက်တာ၊ လမ်းပေါ် မဂ္ဂဇင်းဝေတာတွေမှာ သူတို့တစ်တွေ ထက်ထက်သန်သန် ပါဝင်ခဲ့ကြတယ်။
သတင်းပေးသူမှာ “ရှေ့ဆောင် ၁,၀၀၀ အလိုရှိသည်” ဆိုတဲ့ ဖိတ်ခေါ်ချက် ပါလာတယ်။ ရပ်ကွက်သစ်မူဝါဒအရ ရှေ့ဆောင်တွေဟာ သီးခြားမလုပ်ဆောင်တော့ဘဲ အသင်းတော်တွေနဲ့အတူ လုပ်ဆောင်ပြီး အားပေးတည်ဆောက်ခဲ့ကြတယ်။ “ညီအစ်ကိုအတော်များများမှာ ရှေ့ဆောင်လုပ်ရမယ်ဆိုတဲ့ အသိစိတ် ဝင်
လာတယ်။ အဲဒီတုန်းက ကျွန်မ ၁၃ နှစ်ပဲ ရှိသေးပေမဲ့ ရှေ့ဆောင်လုပ်ချင်ခဲ့တယ်” လို့ ဂျွိုက်အဲလစ္စ (နီးဘာဘာ) ပြောတယ်။ သူ့ရဲ့ပန်းတိုင်ကို ၁၉၄၀၊ ဇူလိုင်လ အသက် ၁၅ နှစ်အရွယ်မှာ ပြည့်မီခဲ့တယ်။ နောက်ပိုင်း ဂျွိုက်ရဲ့ ခင်ပွန်းဖြစ်လာတဲ့ ပီတာက “နိုးထကြ” ဆိုတဲ့ နှိုးဆော်သံကို ကြားပြီး “ရှေ့ဆောင်လုပ်ဖို့ စစဉ်းစားခဲ့တယ်။” ၁၉၄၀ ဇွန်လ၊ အသက် ၁၇ နှစ်အရွယ်မှာ ရှေ့ဆောင်တာဝန်ကျရာ နယ်မြေသစ် စကာဘာရိုးမြို့ကို ၆၅ မိုင် စက်ဘီး စီးသွားခဲ့တယ်။စီရီလ်နဲ့ ကစ်တီဂျွန်ဆင်တို့ဟာ ကိုယ်ကျိုးစွန့်တဲ့ ရှေ့ဆောင်သစ်တွေပါပဲ။ အချိန်ပြည့်လုပ်ငန်းကို ထောက်ပံ့နိုင်ဖို့ အိမ်နဲ့ ပစ္စည်းဥစ္စာတွေကို ရောင်းလိုက်ကြတယ်။ စီရီလ် အလုပ်ထွက်ပြီး တစ်လအတွင်းမှာ ရှေ့ဆောင်လုပ်ဖို့ အသင့်ဖြစ်ခဲ့ကြတယ်။ “ကျွန်တော်တို့မှာ ယုံကြည်မှု အပြည့်ပဲ။ လိုလိုလားလား၊ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ခဲ့ကြတယ်” လို့ သူပြောတယ်။
ရှေ့ဆောင်အိမ်တွေ ပေါ်လာ
ရှေ့ဆောင်အရေအတွက် အလျင်အမြန် တိုးများလာတဲ့အတွက် တာဝန်ရှိ ညီအစ်ကိုတွေက သူတို့ကို လက်တွေ့ကျကျ ထောက်ပံ့နိုင်မယ့်နည်းတွေကို စဉ်းစားခဲ့ကြတယ်။ ၁၉၃၈ ခုနှစ်မှာ ဇုန်အမှုထမ်း (အခု တိုက်နယ်ကြီးကြပ်မှူး) အဖြစ် အမှုဆောင်နေတဲ့ ဂျီမ်ကားက မြို့ကြီးတွေမှာ ရှေ့ဆောင်အိမ်တွေ ထားပေးဖို့ အကြံပြုချက်အတိုင်း လုပ်ဆောင်ခဲ့တယ်။ အကုန်အကျ သက်သာအောင် ရှေ့ဆောင်အုပ်စုတွေ အတူ နေထိုင်အမှုဆောင်ဖို့ အားပေးခံရကြတယ်။ ရှက်ဖီးလ်မြို့မှာ အိမ်ကြီးတစ်လုံး ငှားပြီး တာဝန်ရှိ ညီအစ်ကိုတစ်ယောက်က ကြီးကြပ်ပေးတယ်။ ဒေသခံအသင်းတော်က ရန်ပုံငွေနဲ့ ပရိဘောဂတွေ ကူညီပေးကြတယ်။ “အောင်မြင်ဖို့ လူတိုင်း ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်” လို့ ဂျီမ်ပြောတယ်။ အဲဒီအိမ်မှာ အလုပ်ကြိုးစားတဲ့ ရှေ့ဆောင် ဆယ်ယောက် နေထိုင်ပြီး ဘုရားရေးရာ အလေ့အထကောင်းကို ထိန်းသိမ်းခဲ့ကြတယ်။ “မနက်တိုင်း မနက်စာ စားရင်း နေ့စဉ်ကျမ်းချက် ဆွေးနွေးပြီး ရပ်ကွက်အသီးသီးကို ထွက်သွားကြတယ်။”
ကြေညာသူတွေရော ရှေ့ဆောင်တွေပါ နှိုးဆော်သံကို တုံ့ပြန်ခဲ့ကြတဲ့အတွက် ၁၉၃၈ ခုနှစ်မှာ နာရီတစ်သန်း ပန်းတိုင် ပြည့်မီခဲ့တယ်။ အမှုဆောင်လုပ်ငန်း ကဏ္ဍတိုင်းမှာ တိုးတက်ခဲ့မှန်း မှတ်တမ်းတွေက ဖော်ပြတယ်။ ငါးနှစ်အတွင်း ဗြိတိန်ရဲ့ ကြေညာသူဦးရေ သုံးဆနီးပါး တိုးတက်ခဲ့တယ်။ ဘုရားနိုင်ငံတော်လုပ်ငန်းကို ပြန်အာရုံစိုက်လုပ်ဆောင်ခြင်းက ရှေ့လာမယ့် စစ်ကာလအတွင်း အခက်အခဲတွေကို ရင်ဆိုင်ဖို့ ဘုရားသခင့်လူမျိုးကို အားရှိစေခဲ့တယ်။
ဘုရားသခင့် အာမဂေဒုန် စစ်ပွဲ နီးလာတာနဲ့အမျှ ဗြိတိန်မှာ ရှေ့ဆောင်တွေ ထပ်တိုးများလာတယ်။ လွန်ခဲ့တဲ့ဆယ်နှစ်အတွင်း ရှေ့ဆောင်နှုန်းသစ်တွေ ရရှိခဲ့ပြီး ၂၀၁၅၊ အောက်တိုဘာမှာ ၁၃,၂၂၄ ယောက် ရှိခဲ့တယ်။ အချိန်ပြည့်လုပ်ငန်းဟာ ဘဝမှာ အကောင်းဆုံးပဲဆိုတာကို ဒီရှေ့ဆောင်တွေ အပြည့်အဝ သဘောပေါက်နေကြတယ်။
^ စာပိုဒ်၊ 3 နောက်ပိုင်း ကျွန်ုပ်တို့၏နိုင်ငံတော် ဓမ္မအမှု လို့ခေါ်တယ်။
^ စာပိုဒ်၊ 8 အောက်တိုဘာ ၁၊ ၁၉၉၅ ကင်းမျှော်စင်၊ စာမျက်နှာ ၁၉-၂၄ မှာ ဟီလ်တာ ပက်ဂျက်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။