မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်

ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်

‘ငါ့ကျွန် အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့အဆွေ အာဗြဟံ၏သား။’ —ဟေရှာ. ၄၁:၈

သီချင်း– ၉၁၊ ၂၂

၁၊ ၂။ (က) လူသားတွေ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်နိုင်မှန်း ကျွန်တော်တို့ ဘယ်လို သိရသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘယ်အကြောင်း သုံးသပ်ကြမလဲ။

ကျွန်တော်တို့ဟာ မွေးတဲ့အချိန်ကနေ သေဆုံးချိန်အထိ မေတ္တာလိုအပ်တယ်။ ဒါပေမဲ့ ၁,၅၀၀ မေတ္တာလောက်သာမဟုတ်ဘဲ တခြားမေတ္တာတွေကိုလည်း လိုအပ်တယ်။ အဲဒီမေတ္တာတွေထဲမှာမှ လူသားတွေ အလိုအပ်ဆုံးမေတ္တာကတော့ ယေဟောဝါရဲ့မေတ္တာဖြစ်တယ်။ မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ပုဂ္ဂိုလ်၊ တန်ခိုးအကြီးဆုံးဘုရားသခင်နဲ့ ချစ်ခင်ရင်းနှီးတဲ့ ဆက်ဆံရေး ရရှိနိုင်တယ်ဆိုတဲ့အချက်ကို လူများစွာ ယုံကြည်ရခက်ကြတယ်။ ကျွန်တော်တို့ကတော့ အဲဒီအချက်ကို အကြွင်းမဲ့ယုံကြည်လက်ခံတယ်။

ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခဲ့တဲ့ လူသားတွေအကြောင်း ကျမ်းစာကနေ သိရတယ်။ သူတို့ရဲ့စံနမူနာကနေ ကျွန်တော်တို့ သင်ယူသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်နဲ့ မိတ်ဆွေဖြစ်ခြင်းဟာ ဘဝမှာ ထားရှိနိုင်တဲ့ အရေးကြီးဆုံးပန်းတိုင်ဖြစ်လို့ပဲ။ ဒါကြောင့် အာဗြဟံရဲ့စံနမူနာကို သုံးသပ်ကြည့်ကြစို့။ (ယာကုပ် ၂:၂၃ ကိုဖတ်ပါ။) အာဗြဟံဟာ ဘယ်လိုနည်းနဲ့ ဘုရားသခင့်မိတ်ဆွေဖြစ်လာသလဲ။ အဲဒီရင်းနှီးမှုနှောင်ကြိုးဟာ ယုံကြည်ခြင်းအပေါ် အခြေခံတယ်။ တကယ်တော့ ကျမ်းစာမှာ အာဗြဟံကို “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ခေါ်ထားတယ်။ (ရော. ၄:၁၁) အာဗြဟံရဲ့စံနမူနာကို သုံးသပ်ရင်း ‘သူ့ယုံကြည်ခြင်းကို ငါ ဘယ်လို တုပနိုင်သလဲ။ ယေဟောဝါနဲ့ ဆက်ဆံရေး ပိုခိုင်မြဲအောင် ငါ ဘယ်လို လုပ်ဆောင်နိုင်သလဲ’ လို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။

အာဗြဟံဟာ ဘယ်လိုနည်းနဲ့ ဘုရားသခင့်မိတ်ဆွေဖြစ်လာသလဲ

၃၊ ၄။ (က) အာဗြဟံအတွက် အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှုက ဘာဖြစ်နိုင်သလဲ။ (ခ) အာဗြဟံဟာ ဣဇာက်ကို ပူဇော်ဖို့ ဘာကြောင့် လိုလိုလားလား ရှိခဲ့သလဲ။

တောင်ပေါ်ကို တစ်လှမ်းချင်းတက်နေတဲ့ အာဗြဟံကို မြင်ယောင်ကြည့်ပါ။ [၁] သူ့အသက် ၁၂၅ နှစ်လောက် ရှိနေပြီ။ သူ့နောက်မှာတော့ အသက် ၂၅ နှစ်အရွယ် သားဣဇာက်ဟာ ထင်းစည်းထမ်းရင်း လိုက်လာတယ်။ အာဗြဟံက မီးမွှေးဖို့ လိုအပ်တဲ့ပစ္စည်းတွေနဲ့ ဓားတစ်ချောင်း ကိုင်ထားတယ်။ ဒီခရီးဟာ အာဗြဟံရဲ့ တစ်သက်တာမှာ အခက်ခဲဆုံးခရီးဖြစ်နိုင်တယ်။ အသက်အရွယ်ကြီးနေလို့ မဟုတ်ပါဘူး။ သူ့မှာ တော်တော်အားရှိသေးတယ်။ ခက်ခဲရတဲ့အကြောင်းရင်းကတော့ သားဣဇာက်ကို ပူဇော်ဖို့ ယေဟောဝါ တောင်းဆိုထားလို့ပဲ။—က. ၂၂:၁-၈

အာဗြဟံဟာ ဘုရားသခင်ကို ခံစားချက်မပါဘဲ မျက်စိစုံမှိတ် နာခံနေတာ မဟုတ်ပါဘူး

အာဗြဟံအတွက် အကြီးမားဆုံး ယုံကြည်ခြင်းစမ်းသပ်မှု ဖြစ်နိုင်တယ်။ သားကို ပူဇော်ဖို့ ဘုရားတောင်းဆိုတာဟာ ရက်စက်ရာကျတယ်လို့ လူတချို့ပြောကြတယ်။ တချို့ကလည်း သားကို မချစ်လို့ အာဗြဟံ နာခံတာပါလို့ ပြောကြတယ်။ ဒါပေမဲ့ လူတွေ အဲဒီလိုပြောရတဲ့အကြောင်းရင်းက သူတို့မှာ ယုံကြည်ခြင်းမရှိလို့၊ ယုံကြည်ခြင်းအကြောင်း နားမလည်ကြလို့ပဲ။ (၁ ကော. ၂:၁၄-၁၆) အာဗြဟံဟာ ဘုရားသခင်ကို ခံစားချက်မပါဘဲ မျက်စိစုံမှိတ် နာခံနေတာ မဟုတ်ပါဘူး။ သူ့မှာ စစ်မှန်တဲ့ယုံကြည်ခြင်းရှိလို့ နာခံနေတာဖြစ်တယ်။ သူ့ကို ထာဝစဉ်ထိခိုက်နာကျင်စေမယ့် ဘယ်အရာကိုမှ ယေဟောဝါ လုပ်ခိုင်းမှာမဟုတ်ဘူးဆိုတာ အာဗြဟံ နားလည်တယ်။ ယေဟောဝါကို နာခံရင် သူ့ကိုရော၊ သားကိုပါ ကောင်းချီးပေးမယ်ဆိုတာ အာဗြဟံ သိတယ်။ အဲဒီလောက်ခိုင်မာတဲ့ယုံကြည်ခြင်းက ဘယ်အပေါ် အခြေခံသလဲ။ အသိပညာနဲ့ အတွေ့အကြုံအပေါ်ဖြစ်တယ်။

၅။ ယေဟောဝါအကြောင်း အာဗြဟံ ဘယ်လို သိလာတာလဲ။ အဲဒီအသိပညာကြောင့် သူ့မှာ ဘယ်လိုခံစားချက်ရှိလာသလဲ။

အသိပညာ။ ဥရလို့ခေါ်တဲ့ ခါလဒဲမြို့မှာ အာဗြဟံ ကြီးပြင်းလာတယ်။ မြို့သားတွေဟာ မှားယွင်းတဲ့ဘုရားတွေကို ကိုးကွယ်ကြပြီး အဲဒီထဲမှာ သူ့အဖေလည်း ပါတယ်။ (ယောရှု ၂၄:၂) ဒါဆို ယေဟောဝါအကြောင်း အာဗြဟံ ဘယ်လို သိလာတာလဲ။ ကျမ်းစာမှာ အတိအကျ မဖော်ပြထားပေမဲ့ အာဗြဟံဟာ နောဧရဲ့သား ရှေမနဲ့ ဆွေမျိုးတော်တယ်လို့ ပြောထားတယ်။ အာဗြဟံ အသက် ၁၅၀ လောက်အထိ ရှေမ အသက်ရှင်ခဲ့တယ်။ ရှေမဟာ ယုံကြည်ခြင်းခိုင်မာသူဖြစ်ပြီး ဆွေမျိုးတွေကို ယေဟောဝါအကြောင်း ပြောပြခဲ့မှာပဲ။ ဒီနည်းနဲ့ ယေဟောဝါအကြောင်း အာဗြဟံ သိလာတာဖြစ်နိုင်တယ်။ သိလာတဲ့အချက်တွေကြောင့် ယေဟောဝါကို ချစ်လာတယ်။ အဲဒီအသိပညာက ယုံကြည်ခြင်းရှိလာအောင် အာဗြဟံကို ကူညီပေးခဲ့တယ်။

၆၊ ၇။ အာဗြဟံရဲ့ အတွေ့အကြုံတွေက သူ့ယုံကြည်ခြင်းကို ဘယ်လို ပိုခိုင်မာစေခဲ့သလဲ။

အတွေ့အကြုံ။ ယေဟောဝါအပေါ် ယုံကြည်ခြင်းခိုင်မာစေတဲ့ အတွေ့အကြုံကို အာဗြဟံ ဘယ်လို ရရှိခဲ့သလဲ။ စဉ်းစားတွေးတောတဲ့အခါ ခံစားချက်ရှိလာပြီး ခံစားချက်ရှိလာတဲ့အခါ လုပ်ရပ် လိုက်ပါလာတယ်ဆိုတဲ့ အဆိုအမိန့်ရှိတယ်။ အာဗြဟံဟာ ဘုရားအကြောင်း သိလာတဲ့အခါ နှလုံးထိမိပြီး ‘မိုးမြေကို ဖန်ဆင်းတဲ့အရှင်၊ အမြင့်ဆုံးဘုရားသခင် ယေဟောဝါ’ ကို နှစ်နှစ်ကာကာ ရိုသေလေးစားလာတယ်။ (က. ၁၄:၂၂ကဘ) အဲဒီလိုရိုသေလေးစားမှုကို ကျမ်းစာမှာ “ဘုရားသခင်ကို ကြောက်ရွံ့သောသဘော” လို့ ခေါ်ထားတယ်။ (ဟေဗြဲ ၅:၇) ဘုရားသခင်နဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်ဖို့ဆိုရင် ဘုရားသခင်ကို ကြောက်ရွံ့တဲ့သဘောရှိဖို့ လိုအပ်တယ်။ (ဆာ. ၂၅:၁၄) အဲဒီကြောက်ရွံ့မှုက ယေဟောဝါကို နာခံဖို့ အာဗြဟံကို တွန်းအားပေးခဲ့တယ်။

ဥရမြို့ကအိမ်ကို ထားခဲ့ပြီး တိုင်းတစ်ပါးကို ပြောင်းရွှေ့ဖို့ အာဗြဟံနဲ့ စာရာကို ဘုရားသခင်ပြောတယ်။ သူတို့ခမျာ ငယ်ငယ်ရွယ်ရွယ်လည်း မဟုတ်တော့ဘူး။ ကျန်တစ်သက်တာလုံးလည်း တဲထိုးနေရမယ်။ အန္တရာယ်များမယ်ဆိုတာ သိပေမဲ့ ယေဟောဝါကိုနာခံဖို့ အာဗြဟံ ဆုံးဖြတ်ခဲ့တယ်။ သူ့ရဲ့နာခံမှုကြောင့် ဘုရားသခင့်ကောင်းချီးနဲ့ ကာကွယ်မှုကို ရရှိခဲ့တယ်။ ဥပမာ၊ ဇနီးချောစာရာ သိမ်းပိုက်ခံရပြီး ကိုယ်တိုင်လည်း အသတ်ခံရမယ့်ကိန်း ဆိုက်နေချိန်မှာ ယေဟောဝါဟာ သူတို့နှစ်ယောက်ကို တစ်ကြိမ်ထက်မက အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးခဲ့တယ်။ (က. ၁၂:၁၀-၂၀; ၂၀:၂-၇၊ ၁၀-၁၂၊ ၁၇၊ ၁၈) အဲဒီအတွေ့အကြုံတွေက အာဗြဟံရဲ့ယုံကြည်ခြင်းကို ပိုခိုင်မာစေခဲ့တယ်။

၈။ ယေဟောဝါနဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲစေမယ့် အသိပညာနဲ့ အတွေ့အကြုံကို ဘယ်လို ရရှိနိုင်သလဲ။

ကျွန်တော်တို့လည်း ယေဟောဝါနဲ့ ရင်းနှီးတဲ့မိတ်ဆွေဖြစ်နိုင်သလား။ ဖြစ်နိုင်ပါတယ်။ အာဗြဟံလိုပဲ ယေဟောဝါအကြောင်း သင်ယူဖို့ လိုတယ်။ ကျွန်တော်တို့လိုအပ်တဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို ရရှိနိုင်ပါတယ်။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ရရှိထားရာတွေဟာ အာဗြဟံရရှိခဲ့တာထက် အဆများစွာ သာလွန်တယ်။ (ဒံ. ၁၂:၄; ရော. ၁၁:၃၃) ကျမ်းစာမှာ ‘မိုးမြေကို ဖန်ဆင်းတဲ့အရှင်’ နဲ့ပတ်သက်တဲ့အသိပညာ အပြည့်ပါရှိတယ်။ သိလာတဲ့အချက်တွေက ယေဟောဝါကို ချစ်လာဖို့၊ နှစ်နှစ်ကာကာ ရိုသေလေးစားလာဖို့ ကူညီပေးတယ်။ အဲဒီမေတ္တာနဲ့ ရိုသေလေးစားမှုက ယေဟောဝါကို နာခံဖို့ တွန်းအားပေးတယ်။ ယေဟောဝါကို နာခံတဲ့အခါ ကျွန်တော်တို့ကို ကိုယ်တော် ဘယ်လို ကာကွယ်ပြီး ကောင်းချီးပေးမှန်း သိလာတယ်။ အဲဒါက ယုံကြည်ခြင်းခိုင်မာစေတဲ့ အတွေ့အကြုံပဲ။ ယေဟောဝါကို ပိုအပြည့်အဝ အမှုဆောင်လေ ကျေနပ်မှု၊ ငြိမ်သက်မှုနဲ့ ပျော်ရွှင်မှုကို ပိုတွေ့ကြုံခံစားရပါလိမ့်မယ်။ (ဆာ. ၃၄:၈; သု. ၁၀:၂၂) အသိပညာနဲ့ အတွေ့အကြုံ ပိုရလာလေ ကိုယ်တော်နဲ့ ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာလေ ဖြစ်ပါလိမ့်မယ်။

ဘုရားသခင်နဲ့ မိတ်ဆွေဆက်ဖြစ်နေအောင် အာဗြဟံ လုပ်ဆောင်ပုံ

၉၊ ၁၀။ (က) မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲအောင် ဘာလိုအပ်သလဲ။ (ခ) အာဗြဟံဟာ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတာကို မြတ်နိုးပြီး မိတ်ဆွေဆက်ဖြစ်နေအောင် လုပ်ဆောင်ခဲ့မှန်း ဘယ်အချက်က ဖော်ပြသလဲ။

မိတ်ဆွေနှောင်ကြိုးဆိုတာ အဖိုးတန်ရတနာနဲ့ တူတယ်။ မပျောက်ပျက်အောင် “အခါခပ်သိမ်း” ထိန်းသိမ်းထားဖို့ လိုအပ်တယ်။ (သုတ္တံ ၁၇:၁၇ ကိုဖတ်ပါ။) ဒါပေမဲ့ အလှဆင်ရာမှာပဲ အသုံးပြုတဲ့ တန်ဖိုးကြီးပန်းအိုးနဲ့တော့ မတူဘူး။ ရှင်သန်ကြီးထွားလာအောင် ရေနဲ့ ဂရုစိုက်မှု လိုအပ်တဲ့ ပန်းပင်နဲ့ ပိုတူတယ်။ အာဗြဟံဟာ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတာကို မြတ်နိုးပြီး မိတ်ဆွေဆက်ဖြစ်နေအောင် လုပ်ဆောင်ခဲ့တယ်။ ဘယ်နည်းအားဖြင့်လဲ။

မိတ်ဆွေနှောင်ကြိုးဟာ ရှင်သန်ကြီးထွားလာအောင် ရေနဲ့ ဂရုစိုက်မှု လိုအပ်တဲ့ ပန်းပင်နဲ့ တူတယ်

၁၀ အာဗြဟံဟာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့သဘောနဲ့ နာခံမှု ဆက်တင်ပြခဲ့တယ်။ ဥပမာ၊ ခါနာန်ပြည်ကို ခရီးသွားနေတုန်း ဆုံးဖြတ်ချက် ကြီးငယ်မှန်သမျှ ချတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုကို အမြဲရှာဖွေတယ်။ အာဗြဟံ အသက် ၉၉ နှစ်အရွယ်၊ ဣဇာက်မမွေးခင် တစ်နှစ်မှာ ယေဟောဝါက တစ်အိမ်လုံးမှာရှိတဲ့ ယောက်ျားမှန်သမျှကို အရေဖျားဖြတ်ခိုင်းတယ်။ ယေဟောဝါကို အာဗြဟံ သံသယဖြစ်သလား ဒါမှမဟုတ် ဆင်ခြေပေးသလား။ အဲဒီလိုမလုပ်ခဲ့ပါဘူး။ အာဗြဟံဟာ ယေဟောဝါကို ယုံကြည်ပြီး ‘အဲဒီနေ့မှာပဲ’ ခိုင်းတဲ့အတိုင်း နာခံခဲ့တယ်။—က. ၁၇:၁၀-၁၄၊ ၂၃ကဘ။

၁၁။ သောဒုံနဲ့ ဂေါမောရမြို့အတွက် အာဗြဟံ ဘာကြောင့် စိုးရိမ်သလဲ။ သူ့ကို ယေဟောဝါ ဘယ်လို ကူညီပေးသလဲ။

၁၁ အာဗြဟံဟာကိစ္စသေးသေးလေးတွေမှာတောင် ယေဟောဝါကို အမြဲနာခံတဲ့အတွက် မိတ်ဆွေနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ ဘယ်ကိစ္စမဆို ယေဟောဝါကို ရင်ဖွင့်ပြောပြနိုင်တယ်၊ မတင်မကျဖြစ်နေတဲ့ကိစ္စတွေကိုတောင် မေးမြန်းနိုင်တယ်လို့ သူခံစားခဲ့ရတယ်။ ဥပမာ၊ သောဒုံနဲ့ ဂေါမောရမြို့ကို ဖျက်ဆီးတော့မယ်လို့ ယေဟောဝါပြောတဲ့အခါ လူဆိုးတွေနဲ့အတူ လူကောင်းတွေ သေသွားမှာကို စိုးရိမ်မိတယ်။ သောဒုံမြို့မှာနေထိုင်တဲ့ တူလောတနဲ့ မိသားစုအတွက် သူ စိုးရိမ်ပုံရတယ်။ ‘မြေကြီးလုံးကိုစီရင်တဲ့သခင်’ ယေဟောဝါကို သူ ယုံကြည်တယ်။ ဒါကြောင့် သူ့စိုးရိမ်မှုတွေကို နှိမ့်နှိမ့်ချချ မေးမြန်းခဲ့တယ်။ ယေဟောဝါကလည်း မိမိဟာ သနားတတ်တဲ့ဘုရားဖြစ်မှန်း၊ စီရင်ချက်အတိုင်း လုပ်ဆောင်ချိန်မှာတောင် လူကောင်းတွေကို ရှာဖွေကယ်တင်မှန်း အာဗြဟံကို စိတ်ရှည်ရှည်ရှင်းပြခဲ့တယ်။—က. ၁၈:၂၂-၃၃

၁၂၊ ၁၃။ (က) အာဗြဟံရဲ့ အသိအပညာနဲ့ အတွေ့အကြုံက နောက်ပိုင်းမှာ ဘယ်လို ကူညီပေးခဲ့သလဲ။ (ခ) ယေဟောဝါကို အာဗြဟံ ယုံကြည်စိတ်ချမှန်း ဘယ်အချက်က ဖော်ပြသလဲ။

၁၂ အာဗြဟံရရှိခဲ့တဲ့ အသိပညာနဲ့ အတွေ့အကြုံအားလုံးက ယေဟောဝါနဲ့ ဆက်ဆံရေးခိုင်မြဲအောင် ကူညီပေးမှန်း ထင်ရှားတယ်။ ဒါကြောင့် နောက်ပိုင်းမှာ သားကိုပူဇော်ဖို့ ယေဟောဝါ တောင်းဆိုတဲ့အခါ ယေဟောဝါဟာ ဘယ်လိုဘုရားမျိုးဖြစ်မှန်း အာဗြဟံ စဉ်းစားနိုင်ခဲ့တယ်။ ရုတ်တရက်ကြီး ယေဟောဝါ စိတ်ပြောင်းပြီး ရက်စက်ကြမ်းတမ်းသွားမှာ မဟုတ်မှန်း အာဗြဟံ အကြွင်းမဲ့ယုံကြည်စိတ်ချတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲ။

၁၃ အတူလိုက်လာတဲ့ကျွန်တွေကို အာဗြဟံ အခုလိုပြောတယ်– “သင်တို့သည် ဤအရပ်၌ မြည်းနှင့်အတူ နေရစ်ကြလော့။ ငါသည် သားနှင့်အတူ ထိုအရပ်သို့သွား၍ ကိုးကွယ်ခြင်းကို ပြုအံ့။ ထိုအမှုပြီးမှ သင်တို့ဆီသို့ ပြန်လာဦးမည်။” (က. ၂၂:၅) အာဗြဟံ ဘာပြောချင်တာလဲ။ သားကို ပူဇော်မယ်မှန်း သိသိကြီးနဲ့ သားနဲ့အတူ ပြန်လာမယ်လို့ လိမ်ပြောနေတာလား။ မဟုတ်ပါဘူး။ ဣဇာက်ကို သေခြင်းကနေ ယေဟောဝါ ထမြောက်ပေးနိုင်မှန်း အာဗြဟံသိတယ်လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၁၁:၁၉ ကိုဖတ်ပါ။) အရွယ်လွန်နေပြီဖြစ်တဲ့ သူနဲ့ စာရာကို သားတစ်ယောက်မွေးဖွားနိုင်စွမ်း ယေဟောဝါ ပေးခဲ့တယ်ဆိုတာ အာဗြဟံသိတယ်။ (ဟေဗြဲ ၁၁:၁၁၊ ၁၂၊ ၁၈) ယေဟောဝါအတွက် မဖြစ်နိုင်တဲ့အရာ မရှိမှန်း အာဗြဟံ နားလည်တယ်။ အဲဒီနေ့မှာ ဘာဖြစ်လာမယ်ဆိုတာ အာဗြဟံ မသိပေမဲ့ ဘုရားသခင့်ကတိအားလုံး ပြည့်စုံနိုင်ဖို့အတွက် လိုအပ်ရင် သားဣဇာက်ကို ယေဟောဝါ ထမြောက်ပေးမယ်ဆိုတာ အာဗြဟံ ယုံကြည်တယ်။ ဒါကြောင့်လည်း “ယုံကြည်သူအပေါင်းတို့၏အဖ” လို့ အာဗြဟံကို ကျမ်းစာမှာ ခေါ်ထားတာပေါ့။

ဘုရားသခင့်ကတိအားလုံး ပြည့်စုံနိုင်ဖို့အတွက် လိုအပ်ရင် သားဣဇာက်ကို ယေဟောဝါ ထမြောက် ပေးမယ်ဆိုတာ အာဗြဟံ ယုံကြည်တယ်

၁၄။ ယေဟောဝါကို ဝတ်ပြုတဲ့အခါ ဘယ်အခက်အခဲတွေကို သင် ကြုံတွေ့ရသလဲ။ အာဗြဟံရဲ့ စံနမူနာက သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။

၁၄ ဒီနေ့ခေတ်မှာကော။ သားသမီးတွေကို ပူဇော်ဖို့ ယေဟောဝါ မတောင်းဆိုတော့ပေမဲ့ ပညတ်တွေကို နာခံဖို့တော့ တောင်းဆိုတယ်။ တစ်ခါတလေ အဲဒီပညတ်တွေ ချမှတ်ရတဲ့ အကြောင်းရင်းကို မသိတာ ဒါမှမဟုတ် လိုက်နာဖို့ ခက်တာ ဖြစ်နိုင်တယ်။ သင် အဲဒီလို ခံစားဖူးသလား။ တချို့အတွက် ဟောပြောခြင်းလုပ်ငန်းက သိပ်ခက်တယ်။ ရှက်လို့၊ သူစိမ်းတွေကို စကားမပြောရဲလို့ ဖြစ်နိုင်တယ်။ တချို့ကျတော့ အလုပ်မှာ၊ ကျောင်းမှာ လူထူးလူဆန်းဖြစ်နေမှာကို ကြောက်ကြတယ်။ (ထွ. ၂၃:၂; ၁ သက်. ၂:၂) သိပ်ခက်တာတစ်ခု လုပ်ဖို့ တောင်းဆိုခံရတဲ့အခါ အာဗြဟံရဲ့ ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ရဲစွမ်းသတ္တိ စံနမူနာအကြောင်း စဉ်းစားလိုက်ပါ။ ယုံကြည်ခြင်းရှိတဲ့ အမျိုးသားအမျိုးသမီးတွေအကြောင်း စဉ်းစားတွေးတောခြင်းက သူတို့ကို တုပဖို့၊ ကျွန်တော်တို့ရဲ့မိတ်ဆွေ ယေဟောဝါနဲ့ ပိုရင်းနှီးလာဖို့ တွန်းအားပေးနိုင်တယ်။—ဟေဗြဲ ၁၂:၁၊ ၂

ကောင်းချီးတွေရရှိစေတဲ့ မိတ်ဆွေနှောင်ကြိုး

၁၅။ ယေဟောဝါကို သစ္စာရှိရှိ နာခံခဲ့တာကို အာဗြဟံ လုံးဝ နောင်တမရဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။

၁၅ ယေဟောဝါရဲ့ပညတ်တွေကိုနာခံခဲ့လို့ အာဗြဟံ နောင်တရမိသလား။ အာဗြဟံဟာ ‘ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည်နေပြီးနောက် သေဆုံးသွားတယ်’ လို့ ကျမ်းစာပြောတယ်။ (က. ၂၅:၈ကဘ) အသက် ၁၇၅ နှစ်အရွယ်မှာ ကျေနပ်စရာကောင်းတဲ့ဘဝအကြောင်း ပြန်တွေးနိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရခြင်းဟာ သူ့ဘဝမှာ အရေးကြီးဆုံးအရာဖြစ်လို့ပဲ။ ဒါပေမဲ့ ‘ကျေနပ်စရာကောင်းတဲ့ဘဝနဲ့ အသက်ရှည်ရှည်နေ’ တယ်လို့ပြောလို့ လက်ရှိဘဝကို ကျေနပ်သွားပြီး အနာဂတ်မှာ ပြန်အသက်မရှင်ချင်တော့ဘူးလို့ မဆိုလိုပါဘူး။

၁၆။ ပရဒိသုမှာ ဘယ်ပျော်ရွှင်မှုတွေကို အာဗြဟံ ခံစားရမလဲ။

၁၆ အာဗြဟံဟာ ‘စစ်မှန်သည့်အုတ်မြစ်များရှိသော၊ ဘုရားသခင်တည်ထောင်ပြုစုသောမြို့ကို စောင့်မျှော်လျက်နေ၏’ လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၁၁:၁၀) တစ်နေ့ကျရင် အဲဒီမြို့ကို မြင်ရမယ်ဆိုတာ အာဗြဟံ ယုံကြည်တယ်။ အဲဒီမြို့ဟာ ကမ္ဘာကိုအုပ်စိုးမယ့် ဘုရားသခင့်နိုင်ငံတော်ဖြစ်တယ်။ တကယ်လည်း မြင်ရပါလိမ့်မယ်။ ပရဒိသုမြေကြီးပေါ် အသက်ရှင်ခွင့်ရလို့၊ ဘုရားနဲ့ မိတ်ဆွေနှောင်ကြိုး ခိုင်မြဲအောင် ဆက်လုပ်ဆောင်ခွင့်ရလို့ အာဗြဟံ ဘယ်လောက် ပျော်ရွှင်နေမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ သူ့ရဲ့ ယုံကြည်ခြင်းစံနမူနာက ဘုရားသခင့်ကျေးကျွန်တွေကို နှစ်ပေါင်းများစွာ ထောက်ကူပေးခဲ့မှန်း သိရလို့လည်း ပျော်ရွှင်ပါလိမ့်မယ်။ မောရိတောင်ပေါ်က ပူဇော်သကာဟာ ပိုကြီးမြတ်တဲ့အရာတစ်ခုကို “ပုံဆောင်” မှန်းလည်း ပရဒိသုမှာ အာဗြဟံ သိလာပါလိမ့်မယ်။ (ဟေဗြဲ ၁၁:၁၉) ဣဇာက်ကို ပူဇော်ဖို့ ပြင်ဆင်ချိန်မှာ သူခံစားရတဲ့ နာကျင်မှုဝေဒနာဟာ ရွေးနုတ်ဖိုးအဖြစ် သားတော်ယေရှုခရစ်ကို ပေးချိန်မှာ ယေဟောဝါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို နားလည်လာဖို့ သစ္စာရှိသူသန်းပေါင်းများစွာကို ကူညီပေးတယ်ဆိုတာလည်း အာဗြဟံ သိလာပါလိမ့်မယ်။ (ယော. ၃:၁၆) အကြီးမားဆုံးမေတ္တာလုပ်ရပ်ဖြစ်တဲ့ ရွေးနုတ်ဖိုးကို ပိုကျေးဇူးတင်လေးမြတ်လာအောင် အာဗြဟံရဲ့စံနမူနာက ကူညီပေးပါတယ်။

၁၇။ သင် ဘယ်လို စိတ်ပိုင်းဖြတ်ထားသလဲ။

၁၇ အာဗြဟံရဲ့ ယုံကြည်ခြင်းကို တုပဖို့ စိတ်ပိုင်းဖြတ်ထားကြပါစို့။ အာဗြဟံလိုပဲ ကျွန်တော်တို့မှာ အသိပညာနဲ့ အတွေ့အကြုံ လိုအပ်တယ်။ ယေဟောဝါအကြောင်း ဆက်သင်ယူပြီး ဆက်နာခံတဲ့အခါ ကိုယ်တော် ဘယ်လို ကောင်းချီးပေးပြီး ကာကွယ်ပေးတယ်ဆိုတာ သိမြင်လာပါလိမ့်မယ်။ (ဟေဗြဲ ၆:၁၀–၁၂ ကိုဖတ်ပါ။) ယေဟောဝါကို ကျွန်တော်တို့ရဲ့ ထာဝရမိတ်ဆွေ ဖြစ်စေကြပါစို့။ ဘုရားသခင့်မိတ်ဆွေ ဖြစ်ခဲ့တဲ့ ယုံကြည်ခြင်းရှိသူသုံးယောက်ရဲ့ စံနမူနာတွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။

^ [၁] (အပိုဒ် ၃) အာဗြဟံနဲ့ စာရာရဲ့ နာမည်ရင်းဟာ အာဗြံနဲ့ စာရဲ ဖြစ်တယ်။ ဒီဆောင်းပါးမှာတော့ နောက်ပိုင်းမှာ သူတို့ကို ယေဟောဝါပေးတဲ့နာမည်တွေကိုပဲ အသုံးပြုပါမယ်။