မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မိမိလူမျိုးကို အသက်လမ်းထဲ ယေဟောဝါ လမ်းညွှန်

မိမိလူမျိုးကို အသက်လမ်းထဲ ယေဟောဝါ လမ်းညွှန်

“ဤမည်သောလမ်းသည် မှန်၏။ ဤလမ်း၌ သွားလော့။”—ဟေရှာ. ၃၀:၂၁

သီချင်း– ၆၅၊ ၄၈

၁၊ ၂။ (က) ဘယ်သတိပေးချက်ကြောင့် အသက်ပေါင်းများစွာ ဘေးကင်းခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကိုကြည့်ပါ။) (ခ) ဘုရားသခင့်လူမျိုးဟာ အသက်ကယ်နိုင်တဲ့ ဘယ်လမ်းညွှန်ချက်တွေရရှိထားသလဲ။

“ရပ်၊ ကြည့်၊ သွား။” ရထားလမ်းတွေ၊ လမ်းဆုံတွေမှာ ဒီစာသားပါတဲ့ သတိပေးဆိုင်းဘုတ်တွေကို တွေ့ရတတ်တယ်။ ရထားတွေ၊ ကားတွေ မတိုက်မိအောင် သတိပေးဖို့ ဖြစ်တယ်။ အဲဒီသတိပေးချက်တွေကို လိုက်နာတဲ့အတွက် အသက်ပေါင်းများစွာ ဘေးကင်းခဲ့တယ်။

ယေဟောဝါက သတိပေးချက်တွေ ပေးရုံထက်မက ပိုလုပ်ဆောင်တယ်။ မိမိလူမျိုး ထာဝရအသက်ရဖို့၊ အန္တရာယ်တွေ ရှောင်ရှားနိုင်ဖို့ လမ်းညွှန်ပေးတယ်။ ယေဟောဝါဟာ သိုးအုပ်ကို အန္တရာယ်မကျရောက်အောင် သတိပေးလမ်းညွှန်တဲ့ မေတ္တာရှိသိုးထိန်းနဲ့တူတယ်။ဟေရှာယ ၃၀:၂၁ ကိုဖတ်ပါ။

မိမိလူမျိုးကို ယေဟောဝါ အမြဲ လမ်းညွှန်

၃။ လူသားအားလုံး သေခြင်းလမ်းပေါ် ဘယ်လို ရောက်ခဲ့ရသလဲ။

လူ့သမိုင်းအစကတည်းက တိကျတဲ့ ညွှန်ကြားချက်တွေ၊ လမ်းညွှန်ချက်တွေကို ယေဟောဝါ ပေးခဲ့တယ်။ ဥပမာ၊ ထာဝရအသက်နဲ့ ထာဝရပျော်ရွှင်မှုရရှိအောင် လမ်းညွှန်ပေးနိုင်တဲ့ ရှင်းလင်းတဲ့ညွှန်ကြားချက်တွေကို ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ပေးခဲ့တယ်။ (က. ၂:၁၅-၁၇) ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို အာဒံနဲ့ ဧဝ မနာခံခဲ့ဘူး။ အဲဒီအစား နိမ့်ကျတဲ့မြွေတိရစ္ဆာန်ဆီက လာပုံရတဲ့ စကားကို ဧဝ နားထောင်ခဲ့တယ်။ အာဒံလည်း လူလူချင်းဖြစ်တဲ့ ဇနီးရဲ့ စကားကို နားထောင်ခဲ့တယ်။ ဘာရလဒ် ရရှိခဲ့သလဲ။ နှစ်ယောက်စလုံး ဒုက္ခရောက်ပြီး မျှော်လင့်ချက်မရှိဘဲ သေဆုံးခဲ့ရတယ်။ သူတို့ရဲ့မနာခံမှုကြောင့် လူသားအားလုံး သေခြင်းလမ်းပေါ် ရောက်ခဲ့ရတယ်။

၄။ (က) ရေလွှမ်းမိုးဘေးပြီးနောက် ထပ်ဆင့်လမ်းညွှန်ချက်တွေ ဘာကြောင့် လိုအပ်လာသလဲ။ (ခ) အခြေအနေသစ်တွေက ဘုရားသခင့် ရှုမြင်ပုံကို ဘယ်လို ဖော်ပြသလဲ။

နောဧခေတ်မှာ ရေလွှမ်းမိုးဘေးကနေ လွတ်မြောက်စေတဲ့ လမ်းညွှန်ချက်တွေကို ဘုရားသခင် ပေးခဲ့တယ်။ ရေလွှမ်းမိုးဘေးပြီးနောက်မှာလည်း ယေဟောဝါက သွေးကို မစား၊ မသောက်ဖို့ အတိအကျ ညွှန်ကြားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ လူတွေကို တိရစ္ဆာန်အသား စားခွင့်ပေးတော့မှာ ဖြစ်လို့ပဲ။ ဒီလိုအခြေအနေ အပြောင်းအလဲကြောင့် လမ်းညွှန်ချက်အသစ်တွေပေးဖို့ လိုအပ်လာတယ်။ “အသက်တည်းဟူသောအသွေးနှင့်တကွ အသားကိုမစားရ” လို့ ယေဟောဝါ မိန့်မှာတယ်။ (က. ၉:၁-၄) အဲဒီမိန့်မှာချက်က အသက်ကို ဘုရားသခင် ဘယ်လို ရှုမြင်မှန်း ရှင်းရှင်းလင်းလင်း ဖော်ပြတယ်။ ဘုရားသခင်ဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင် ဖြစ်တဲ့အတွက် အသက်ကို ပိုင်တယ်။ အသက်နဲ့ပတ်သက်ပြီး စည်းမျဉ်းထုတ်ပိုင်ခွင့်ရှိတယ်။ ဥပမာ၊ လူ့အသက် မသတ်ရဘူးလို့ ဘုရားသခင် မိန့်မှာတယ်။ အသက်နဲ့ သွေးကို မြင့်မြတ်ရာအဖြစ် ဘုရားသခင် ရှုမြင်တယ်။ အဲဒါတွေနဲ့ပတ်သက်တဲ့ ဘုရားပညတ်ချိုးဖောက်သူတိုင်းကို ကိုယ်တော် အပြစ်ပေးပါလိမ့်မယ်။—က. ၉:၅၊ ၆

၅။ ဘယ်အကြောင်း လေ့လာကြမလဲ။ ဘာကြောင့်လဲ။

နောဧခေတ်ပြီးနောက် မိမိလူမျိုးကို ဘုရားသခင် ဘယ်လို ဆက်လမ်းညွှန်တယ်ဆိုတဲ့ နမူနာတချို့ကို ဒီဆောင်းပါးမှာ လေ့လာကြပါမယ်။ ဒါက ကမ္ဘာသစ်ထဲ ပို့ဆောင်ပေးတဲ့ ယေဟောဝါရဲ့ လမ်းညွှန်မှုကို လိုက်လျှောက်မယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဖြတ်ချက်ကို ပိုခိုင်မာစေပါလိမ့်မယ်။

လူမျိုးသစ်၊ လမ်းညွှန်ချက်အသစ်

၆။ မောရှေကတစ်ဆင့်ပေးတဲ့ ပညတ်တွေကို အစ္စရေးတွေ နာခံဖို့ ဘာကြောင့် လိုအပ်သလဲ။ သူတို့မှာ ဘယ်သဘောထားရှိဖို့ လိုအပ်သလဲ။

မောရှေခေတ်မှာ ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းနဲ့ပတ်သက်ပြီး ရှင်းလင်းတဲ့ လမ်းညွှန်ချက်တွေကို ယေဟောဝါ ပေးခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေ ပြောင်းလဲလာပြန်လို့ပဲ။ အစ္စရေးတွေဟာ အီဂျစ်ပြည်မှာ နှစ်ပေါင်းနှစ်ရာကျော် နေထိုင်ခဲ့ရတယ်။ အဲဒီပြည်သားတွေက လူသေတွေ၊ ရုပ်တုတွေ ကိုးကွယ်ပြီး ဘုရားကိုရှုတ်ချတဲ့ တခြားအကျင့်တွေ ပြုကျင့်ကြတယ်။ အီဂျစ်လက်အောက်ကနေ ဘုရားသခင့်လူမျိုး လွတ်မြောက်လာပြီဆိုတော့ လမ်းညွှန်ချက်အသစ်တွေ လိုအပ်လာတယ်။ ယေဟောဝါရဲ့ ပညတ်တွေကိုပဲ နာခံတဲ့ လူမျိုးအဖြစ် သူတို့ အသက်ရှင်ရတော့မယ်။ “ပညတ်” ဆိုတဲ့ ဟီဘရူးစကားလုံးဟာ “လမ်းညွှန်၊ လမ်းပြ၊ ညွှန်ကြား” လို့ အဓိပ္ပာယ်ရှိတဲ့ စကားလုံးကနေ ဆင်းသက်လာတယ်လို့ အကိုးအကားစာအုပ်တချို့ ပြောတယ်။ ပညတ်တရားဟာ ပတ်ဝန်းကျင်လူမျိုးတွေရဲ့ အကျင့်ပျက်မှုနဲ့ မှားယွင်းတဲ့ ဘာသာရေးလုပ်ရပ်တွေကနေ အစ္စရေးတွေကို ကာကွယ်ပေးတယ်။ ဘုရားသခင့်စကားကို အစ္စရေးတွေ နားထောင်တဲ့အခါ ကောင်းချီးရရှိခဲ့တယ်။ နားမထောင်တဲ့အခါမှာတော့ ဒုက္ခလှလှရောက်ခဲ့တယ်။တရားဟောရာ ၂၈:၁၊ ၂၊ ၁၅ ကိုဖတ်ပါ။

၇။ (က) မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်ချက်တွေပေးရတဲ့ အကြောင်းရင်းကို ရှင်းပြပါ။ (ခ) ပညတ်တရားဟာ အစ္စရေးတွေအတွက် ဘယ်နည်းအားဖြင့် အထိန်းဖြစ်သလဲ။

လမ်းညွှန်ချက်အသစ်တွေ လိုအပ်ရတဲ့ နောက်အကြောင်းရင်းတစ်ခု ရှိတယ်။ ပညတ်တရားဟာ အစ္စရေးတွေကို ဘုရားသခင့်ရည်ရွယ်ချက်ရဲ့ အရေးကြီး ဖြစ်ရပ်တစ်ခုအတွက် အသင့်ပြင်ပေးတယ်။ မေရှိယဖြစ်တဲ့ ယေရှုခရစ် ကြွလာခြင်းဖြစ်ရပ်ပဲ။ အစ္စရေးတွေဟာ မစုံလင်သူတွေဖြစ်မှန်း ပညတ်တရားက အမြဲသတိပေးတယ်။ အပြစ်တွေကို အပြီးအပိုင် ဖယ်ရှားပေးမယ့် စုံလင်တဲ့ပူဇော်သက္ကာဖြစ်တဲ့ ရွေးနုတ်ဖိုးလိုအပ်မှန်း နားလည်အောင်လည်း ကူညီပေးတယ်။ (ဂလ. ၃:၁၉; ဟေဗြဲ ၁၀:၁-၁၀) မေရှိယဆင်းသက်လာမယ့် မျိုးရိုးကို ကာကွယ်ပေးတယ်။ မေရှိယ ပေါ်လာတဲ့အခါ ခွဲခြားသိရှိနိုင်အောင်လည်း ကူညီပေးတယ်။ မှန်ပါတယ်။ ပညတ်တရားဟာ ခရစ်တော်ဆီ ပို့ဆောင်ပေးတဲ့ ယာယီလမ်းပြ ဒါမှမဟုတ် “အထိန်း” နဲ့တူတယ်။—ဂလ. ၃:၂၃၊ ၂၄

၈။ ပညတ်တရားမှာပါတဲ့ အခြေခံမူတွေရဲ့ လမ်းပြမှုကို ဘာကြောင့် ခံယူသင့်သလဲ။

ပညတ်တရားမှာပါတဲ့ လမ်းညွှန်ချက်တွေကနေ ကျွန်တော်တို့ ခရစ်ယာန်တွေလည်း အကျိုးရရှိနိုင်တယ်။ ဘယ်နည်းအားဖြင့်လဲ။ ပညတ်တရားရဲ့ အခြေခံမူတွေကို ကျွန်တော်တို့ တွေးတောနိုင်တယ်။ ပညတ်တရားအောက်မှာ မရှိတော့ပေမဲ့ အဲဒီပညတ်အများစုဟာ နေ့စဉ်အသက်တာနဲ့ ဝတ်ပြုရေးမှာ ကျွန်တော်တို့ကို လမ်းပြပေးနိုင်တုန်းပဲ။ ပညတ်တရားကနေ သင်ယူနိုင်ဖို့၊ အခြေခံမူတွေရဲ့ လမ်းပြမှု ခံယူနိုင်ဖို့၊ ပညတ်တရားထက် ပိုမြင့်မားတဲ့ စံနှုန်းတွေကို ယေရှု သင်ပေးတဲ့အခါ သဘောပေါက်နိုင်ဖို့ ကျမ်းစာထဲမှာ ပညတ်တရားကို ယေဟောဝါ ထည့်သွင်းထားတာဖြစ်တယ်။ “‘အိမ်ထောင်ရေး မဖောက်ပြန်ရ’ ဟူသောစကားကို သင်တို့ကြားဖူးကြပြီ။ သို့ရာတွင် ငါဆိုသည်ကား မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ” လို့ ယေရှု ပြောတယ်။ ဒါကြောင့် အိမ်ထောင်ရေးဖောက်ပြန်မှုကိုသာမက အကျင့်ပျက်အတွေးနဲ့ ဆန္ဒတွေကိုပါ ကျွန်တော်တို့ ရှောင်ကြဉ်ဖို့ လိုတယ်။—မ. ၅:၂၇၊ ၂၈

၉။ ဘယ်အခြေအနေသစ်တွေကြောင့် ဘုရားသခင်ဆီက လမ်းညွှန်ချက်အသစ်တွေ လိုအပ်လာသလဲ။

မေရှိယအဖြစ် ယေရှု ကြွလာပြီးနောက် ယေဟောဝါဟာ လမ်းညွှန်ချက်အသစ်တွေ ထပ်ပေးပြီး မိမိရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ နောက်ထပ် အသေးစိတ်အချက်အလက်တွေကို ဖော်ပြခဲ့တယ်။ အဲဒီလိုလုပ်ဖို့ ဘာကြောင့် လိုအပ်ခဲ့သလဲ။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေ ပြောင်းလဲလာပြန်လို့ပဲ။ အေဒီ ၃၃ မှာ အစ္စရေးလူမျိုးကို ယေဟောဝါ ငြင်းပယ်လိုက်ပြီး မိမိလူမျိုးအဖြစ် ခရစ်ယာန်အသင်းတော်ကို ရွေးချယ်လိုက်တယ်။

ပုံဆောင်အစ္စရေးလူမျိုးအတွက် လမ်းညွှန်ချက်

၁၀။ ခရစ်ယာန်အသင်းတော်ကို ဘာကြောင့် ပညတ်သစ်တွေ ပေးခဲ့သလဲ။ အစ္စရေးတွေကိုပေးခဲ့တဲ့ ပညတ်နဲ့ ဘယ်လို ကွာခြားသလဲ။

၁၀ ပညတ်တရားကို ပကတိအစ္စရေးလူမျိုး တစ်မျိုးတည်းအတွက် ပေးခဲ့တာဖြစ်တယ်။ ပထမရာစုမှာတော့ ဘုရားသခင့်လူမျိုးဖြစ်တဲ့ ပုံဆောင်အစ္စရေးလူမျိုးဟာ လူမျိုးတစ်မျိုးတည်း မဟုတ်တော့ဘူး။ လူမျိုး၊ နောက်ခံ များစွာနဲ့ ဖွဲ့စည်းထားတယ်။ သူတို့ဟာ ခရစ်ယာန်အစီအစဉ်အောက်၊ ပဋိညာဉ်သစ်အောက် ရောက်ရှိလာတယ်။ ဒါကြောင့် ယေဟောဝါက သူတို့ကို ကိုယ်ကျင့်တရားပိုင်း၊ ဝတ်ပြုရေးပိုင်းနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်အသစ်တွေ၊ ထပ်ဆင့်လမ်းညွှန်ချက်တွေ ပေးခဲ့တယ်။ မှန်ပါတယ်။ ‘ဘုရားသခင်သည် မျက်နှာလိုက်တော်မမူ။ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။’ (တ. ၁၀:၃၄၊ ၃၅) ပုံဆောင်အစ္စရေးလူမျိုးဟာ မူတွေပေါ် အဓိကအခြေခံတဲ့ “ခရစ်တော်၏တရား” ကို လိုက်လျှောက်ကြတယ်။ အဲဒီတရားဟာ ပညတ်တရားလို ကျောက်သားပေါ် မဟုတ်ဘဲ နှလုံးသားပေါ် ရေးထွင်းထားတာဖြစ်တယ်။ နေရာတိုင်းမှာရှိတဲ့ ခရစ်ယာန်တွေကို လမ်းညွှန်ပြီး အကျိုးပြုပါလိမ့်မယ်။—ဂလ. ၆:၂

၁၁။ ခရစ်ယာန်အသက်တာရဲ့ ဘယ်ကဏ္ဍနှစ်ခုမှာ “ခရစ်တော်၏တရား” အကျိုးသက်ရောက်မှုရှိသလဲ။

၁၁ ပုံဆောင်အစ္စရေးလူမျိုးဟာ ယေရှုကတစ်ဆင့်လာတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကနေ အကြီးအကျယ် အကျိုးရရှိနေတယ်။ ပဋိညာဉ်သစ် အစမပြုခင် အရေးကြီးပညတ်နှစ်ခုကို ယေရှု ပေးခဲ့တယ်။ တစ်ခုက ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်တယ်။ နောက်တစ်ခုက အချင်းချင်း ပြုမူဆက်ဆံရာမှာ လိုက်နာသင့်တဲ့ ခရစ်ယာန်လမ်းစဉ်နဲ့ပတ်သက်တယ်။ အဲဒီညွှန်ကြားချက်တွေဟာ ခရစ်ယာန်အားလုံးအတွက် ဖြစ်တယ်။ ဒါကြောင့် ကောင်းကင်မျှော်လင့်ချက်ရှိသူဖြစ်စေ၊ မြေကြီးမျှော်လင့်ချက်ရှိသူဖြစ်စေ၊ ဒီနေ့ခေတ်မှာရှိတဲ့ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်တယ်။

၁၂။ ဟောပြောခြင်းလုပ်ငန်းနဲ့ပတ်သက်ပြီး ဘယ်အပြောင်းအလဲ ဖြစ်လာသလဲ။

၁၂ တပည့်တွေကို ယေရှုမိန့်မှာခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းအကြောင်း စဉ်းစားကြည့်ပါ။ ဟောပြောခြင်းနည်းလမ်းနဲ့ နယ်မြေအကျယ်အဝန်း ပြောင်းလဲလာတယ်။ ရှေးခေတ်တုန်းက လူမျိုးခြားတွေဟာ ယေဟောဝါကို ဝတ်ပြုဖို့ အစ္စရေးပြည်ကို လာရတယ်။ (၃ ရာ. ၈:၄၁-၄၃) ဒါပေမဲ့ ယေရှုကတော့ ကျွန်တော်တို့ကို မဿဲ ၂၈:၁၉၊ ၂၀ (ဖတ်ပါ။) မှာ ပါတဲ့အတိုင်း မိန့်မှာတယ်။ လူအားလုံးဆီ “သွား” ပါလို့ ယေရှု ပြောတယ်။ ယေဟောဝါရဲ့နည်းလမ်း ပြောင်းလဲလာပြီ၊ တစ်ကမ္ဘာလုံးမှာ သတင်းကောင်းဟောစေချင်ပြီဆိုတာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ထင်ရှားလာတယ်။ အဲဒီနေ့မှာ အသင်းတော်သစ်ရဲ့ အဖွဲ့ဝင် ၁၂၀ ဟာ သန့်ရှင်းသောစွမ်းအားတော်ရရှိပြီး ဂျူးလူမျိုးနဲ့ ဘာသာပြောင်းဝင်လာသူတွေကို ဘာသာစကားအမျိုးမျိုးနဲ့ ဟောပြောခဲ့တယ်။ (တ. ၂:၄-၁၁) နောက်ပိုင်း၊ ဟောပြောရမယ့်ရပ်ကွက်ဟာ ရှမာရိလူတွေအထိ ကျယ်ပြန့်လာတယ်။ အေဒီ ၃၆ ရောက်တဲ့အခါ ဟောပြောရမယ့်ရပ်ကွက်ဟာ အရေပြားမဖြတ်ထားတဲ့ လူမျိုးခြားတွေအထိ ကျယ်ပြန့်လာတယ်။ ဒါကြောင့် ခရစ်ယာန်တွေဟာ ကမ္ဘာတစ်ဝန်းမှာရှိသူတွေကို သွားဟောပြောရတော့မယ်။

၁၃၊ ၁၄။ (က) ယေရှုပေးခဲ့တဲ့ “ပညတ်သစ်” မှာ ဘာပါဝင်သလဲ။ (ခ) ယေရှုရဲ့ ပုံသက်သေကနေ ဘာသင်ယူရသလဲ။

၁၃ ယုံကြည်သူချင်းတွေကို ဘယ်လိုပြုမူဆက်ဆံရမယ် ဆိုတာနဲ့ပတ်သက်ပြီး “ပညတ်သစ်” ကို ယေရှု ပေးခဲ့တယ်။ (ယောဟန် ၁၃:၃၄၊ ၃၅ ကိုဖတ်ပါ။) နေ့တိုင်း သာမန်ကိစ္စတွေမှာ အချင်းချင်းကို မေတ္တာပြရုံသာမက အသက်ကိုတောင် ပေးဖို့ အသင့်ရှိရမယ်။ ဒါဟာ ပညတ်တရားမှာ မတောင်းဆိုထားတဲ့အရာ ဖြစ်တယ်။—မ. ၂၂:၃၉; ၁ ယော. ၃:၁၆

၁၄ ဒီကိစ္စမှာ ယေရှုဟာ အကောင်းဆုံး ပုံသက်သေ ချမှတ်ခဲ့တယ်။ တပည့်တွေအတွက် အသေခံတဲ့အထိ ကိုယ်ကျိုးစွန့်မေတ္တာပြခဲ့တယ်။ တပည့်တွေကိုလည်း အဲဒီအတိုင်း လုပ်စေချင်တယ်။ ဒါကြောင့် ညီအစ်ကိုညီအစ်မတွေအတွက် ဒုက္ခခံဖို့၊ အသေခံဖို့တောင် ကျွန်တော်တို့ လိုလိုလားလား ရှိသင့်တယ်။—၁ သက်. ၂:၈

ဒီနေ့ခေတ်နဲ့ အနာဂတ်အတွက် လမ်းညွှန်ချက်တွေ

၁၅၊ ၁၆။ ကျွန်တော်တို့ရဲ့ အခြေအနေ ဘယ်လို ပြောင်းလဲလာသလဲ။ ကျွန်တော်တို့ကို ဘုရားသခင် ဘယ်လို လမ်းညွှန်နေသလဲ။

၁၅ ယေရှုက နောက်လိုက်တွေကို “အချိန်တန်အစာ ဝေပေး” ဖို့ ‘သစ္စာနဲ့ သတိပညာရှိကျွန်’ ကို ခန့်အပ်ခဲ့တယ်။ (မ. ၂၄:၄၅-၄၇) အဲဒီအချိန်တန်အစာထဲမှာ အခြေအနေ အပြောင်းအလဲတွေနဲ့ပတ်သက်တဲ့ အရေးကြီး လမ်းညွှန်ချက်တွေ ပါဝင်တယ်။ ကျွန်တော်တို့ရဲ့ အခြေအနေ ဘယ်လို ပြောင်းလဲလာသလဲ။

၁၆ “နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ တစ်ခါမှမဖြစ်ဖူးတဲ့ ဒုက္ခကို သိပ်မကြာခင် ရင်ဆိုင်ရတော့မယ်။ (၂ တိ. ၃:၁; မာ. ၁၃:၁၉) ကောင်းကင်ကနေ မြေကြီးပေါ်ကို ပစ်ချခံရတဲ့ စာတန်နဲ့ နတ်ဆိုးတွေဟာ လူသားတွေကို အကြီးအကျယ် ဒုက္ခပေးနေတယ်။ (ဗျာ. ၁၂:၉၊ ၁၂) အဲဒီအပြင်၊ ယေရှုရဲ့ မိန့်မှာချက်ကို နာခံတဲ့အနေနဲ့ တစ်ကမ္ဘာလုံးမှာ ပိုများတဲ့လူတွေကို ပိုများတဲ့ဘာသာစကားတွေနဲ့ ကျွန်တော်တို့ ဟောပြောနေတယ်။

၁၇၊ ၁၈။ လမ်းညွှန်ချက်တွေ ရရှိတဲ့အခါ ဘယ်လို တုံ့ပြန်သင့်သလဲ။

၁၇ ဘုရားသခင့်အဖွဲ့အစည်းက ဟောပြောခြင်းလုပ်ငန်းမှာ အထောက်အကူပြုဖို့ ကိရိယာများစွာ ပြင်ဆင်ပေးထားတယ်။ အဲဒါတွေကို သင် အသုံးပြုနေသလား။ အဲဒီကိရိယာတွေကို ဘယ်လို ထိထိရောက်ရောက် အသုံးပြုရမယ်ဆိုတဲ့ လမ်းညွှန်ချက်တွေကို အစည်းအဝေးတွေမှာ ရရှိတယ်။ အဲဒါတွေကို ယေဟောဝါဆီကလာတဲ့ လမ်းညွှန်ချက်တွေအဖြစ် သင် ယူမှတ်သလား။

၁၈ ဘုရားသခင့်ကောင်းချီး ရရှိဖို့ဆိုရင် ခရစ်ယာန်အသင်းတော်ကလာတဲ့ လမ်းညွှန်ချက်အားလုံးကို နာခံဖို့ လိုအပ်တယ်။ လမ်းညွှန်ချက်တွေကို အခုကတည်းက နာခံမယ်ဆိုရင် စာတန့်စနစ်ဆိုးတစ်ခုလုံး ဖျက်ဆီးခံရမယ့် “ကြီးစွာသောဒုက္ခ” အတွင်းမှာ နာခံဖို့ ပိုလွယ်ကူပါလိမ့်မယ်။ (မ. ၂၄:၂၁) အဲဒီနောက် စာတန့်သြဇာ လုံးဝ မရှိတော့မယ့် ဖြောင့်မတ်တဲ့ကမ္ဘာသစ်မှာလည်း လမ်းညွှန်ချက်အသစ်တွေကို ကျွန်တော်တို့ လိုအပ်ပါလိမ့်မယ်။

၁၉၊ ၂၀။ ဘယ်စာလိပ်တွေ ဖွင့်ထားမလဲ။

၁၉ မောရှေခေတ်မှာ လမ်းညွှန်ချက်အသစ်တွေကို အစ္စရေးတွေ လိုအပ်လာတဲ့အခါ ပညတ်တရားကို ဘုရားသခင် ပေးခဲ့တယ်။ နောက်ပိုင်း၊ ခရစ်ယာန်အသင်းတော်ဟာ “ခရစ်တော်၏တရား” ကို လိုက်လျှောက်ခဲ့တယ်။ အဲဒီလိုပဲ ကမ္ဘာသစ်မှာလည်း လမ်းညွှန်ချက်အသစ်တွေပါတဲ့ စာလိပ်တွေကို ကျွန်တော်တို့ ရရှိမယ်လို့ ကျမ်းစာ ပြောတယ်။ (ဗျာဒိတ် ၂၀:၁၂ ကိုဖတ်ပါ။) ဖြစ်နိုင်တာက ကမ္ဘာသစ်မှာအသက်ရှင်မယ့် လူသားတွေအတွက် ယေဟောဝါရဲ့ တောင်းဆိုချက်တွေကို အဲဒီစာလိပ်တွေမှာ ဖော်ပြထားပါလိမ့်မယ်။ ထမြောက်လာသူတွေ အပါအဝင် လူသားအားလုံးဟာ အဲဒီစာလိပ်တွေကို လေ့လာခြင်းအားဖြင့် ဘုရားသခင့် အလိုတော်ကို သိရှိနိုင်ပါလိမ့်မယ်။ ယေဟောဝါရဲ့စဉ်းစားတွေးခေါ်ပုံကို ပိုသိရှိလာနိုင်ဖို့ အဲဒီစာလိပ်တွေက ကူညီပေးပါလိမ့်မယ်။ ကျမ်းစာကိုရော စာလိပ်သစ်တွေကိုပါ ပိုနားလည်လာမှာဖြစ်လို့ ပရဒိသုမှာ ကျွန်တော်တို့ဟာ အချင်းချင်းကို မေတ္တာနဲ့ လေးလေးစားစား ဆက်ဆံပြီး ဂုဏ်တင်ကြပါလိမ့်မယ်။ (ဟေရှာ. ၂၆:၉) ဘုရင်ယေရှုခရစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ရရှိမယ့် သိပ်ကောင်းတဲ့ ပညာရေးအစီအစဉ်ပါပဲ။

ကမ္ဘာသစ်မှာ ပရဒိသုအသက်တာအတွက် လမ်းညွှန်ချက်အသစ်တွေပါတဲ့ စာလိပ်တွေ ရရှိပါလိမ့်မယ် (အပိုဒ် ၁၉၊ ၂၀ ကိုကြည့်ပါ)

၂၀ ‘စာလိပ်တွေမှာ ရေးထား’ တဲ့ လမ်းညွှန်ချက်တွေကို လိုက်နာမယ်၊ နောက်ဆုံးစမ်းသပ်မှုအတွင်း ယေဟောဝါအပေါ် ဆက်သစ္စာရှိနေမယ်ဆိုရင် ကျွန်တော်တို့ရဲ့ နာမည်တွေကို “အသက်စာလိပ်” မှာ ဘုရားသခင် ထာဝစဉ် ရေးမှတ်ပါလိမ့်မယ်။ ကျွန်တော်တို့ ထာဝရအသက် ရရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ရပ်– ကျမ်းစာကို သေချာလေ့လာပါ။ ကြည့်– အဓိပ္ပာယ် နားလည်အောင် ကြိုးစားပါ။ သွား– ဘုရားသခင့်လမ်းညွှန်ချက်တွေကို အခုကတည်းက နာခံပါ။ ဒါဆိုရင် ကြီးစွာသောဒုက္ခကနေ လွတ်မြောက်ပြီး မေတ္တာရှင်၊ ဉာဏ်ကြီးရှင် ယေဟောဝါအကြောင်း ထာဝစဉ် လေ့လာသင်ယူခွင့် ရရှိပါလိမ့်မယ်။—ဒေ. ၃:၁၁; ရော. ၁၁:၃၃