စာရှုသူများထံမှ မေးခွန်းလွှာ
ဒေသနာ ၅:၈ က လူ့အစိုးရကိုပဲ ဆိုလိုသလား၊ ယေဟောဝါကိုလည်း ဆိုလိုသလား။
“ကိုယ့်ဒေသမှာ ဆင်းရဲသားကို ဖိနှိပ်နေတာ၊ တရားမျှတမှုနဲ့ ဖြောင့်မတ်မှုကို ချိုးဖောက်နေတာကို တွေ့တဲ့အခါ မအံ့ဩပါနဲ့။ အဲဒီလိုလုပ်တဲ့ မင်းအရာရှိကို သူ့ထက် ကြီးမြတ်တဲ့သူက စောင့်ကြည့်နေတယ်။ သူတို့ထက် ကြီးမြတ်တဲ့သူတွေလည်း ရှိသေးတယ်” လို့ အဲဒီအခန်းငယ်မှာ ပြောတယ်။—ဒေ. ၅:၈။
လူ့ရှုထောင့်က ကြည့်ရင် အဲဒီကျမ်းချက်ဟာ အစိုးရအရာရှိတွေကို ရည်ညွှန်းတယ်။ ဒါပေမဲ့ အသေအချာ စဉ်းစားလိုက်ရင် ကျွန်တော်တို့ကို နှစ်သိမ့်မှု ဖြစ်စေနိုင်တဲ့ ယေဟောဝါနဲ့ပတ်သက်တဲ့ အမှန်တရားကိုလည်း ဖော်ပြထားတယ်။
ဆင်းရဲသားကို ဖိနှိပ်ပြီး တရားမျှတမှု မရှိတဲ့ အုပ်စိုးရှင်အကြောင်း ဒေသနာ ၅:၈ မှာ ဖော်ပြတယ်။ အဲဒီအုပ်စိုးရှင်က သူ့ထက် ပိုကြီးမြတ်တဲ့သူတစ်ယောက်၊ အခွင့်အာဏာ ပိုရှိသူတစ်ယောက် သူ့ကို ကြည့်နေတယ်ဆိုတာ သတိရသင့်တယ်။ သူတို့ထက် ပိုကြီးမြတ်သူတွေလည်း ရှိနိုင်သေးတယ်။ ဒါပေမဲ့ လူ့အစိုးရတွေဟာ အကျင့်ပျက် ခြစားတယ်။ သူတို့ရဲ့ အကျင့်ပျက် ခြစားမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်ကြရတယ်။
အခြေအနေတွေ ဘယ်လောက်ပဲ ဆိုးနေပါစေ အခွင့်အာဏာ ပိုရှိတယ်ဆိုတဲ့ မင်းအရာရှိတွေထက် ကြီးမြတ်တဲ့ ယေဟောဝါ စောင့်ကြည့်နေတယ်ဆိုတာ သိရခြင်းက အားရှိစရာပါပဲ။ ဘုရားဆီ ကျွန်တော်တို့ အကူအညီ တောင်းနိုင်ပြီး ထမ်းထားရတဲ့ဝန်ကို ပုံအပ်နိုင်တယ်။ (ဆာ. ၅၅:၂၂။ ဖိ. ၄:၆၊ ၇) “ယေဟောဝါဘုရားက စိတ်နှလုံးအကြွင်းမဲ့ ဝတ်ပြုသူတွေရဲ့ အကျိုးအတွက် အစွမ်းတန်ခိုး ပြဖို့ မြေတစ်ပြင်လုံးကို ဂရုတစိုက် ကြည့်နေ” မှန်း ကျွန်တော်တို့ သိတယ်။—၂ ရာ. ၁၆:၉။
ဒေသနာ ၅:၈ က လူ့အစိုးရမှာ ပိုကြီးမြတ်တဲ့သူတစ်ယောက် အမြဲရှိနေတယ်ဆိုတဲ့ အခြေအနေမှန်ကို အမှတ်ရစေတယ်။ ယေဟောဝါဟာ အကြီးမြတ်ဆုံးအရှင်၊ တန်ခိုးအကြီးမားဆုံးအရှင် ဖြစ်တယ်ဆိုတဲ့အချက်ကိုလည်း အဲဒီကျမ်းချက်က သိစေတယ်။ အခုဆိုရင် ယေဟောဝါဟာ နိုင်ငံတော်ဘုရင် သားတော် ယေရှုခရစ်အားဖြင့် အုပ်ချုပ်နေတယ်။ အရာခပ်သိမ်းကို စောင့်ကြည့်နေတဲ့ အနန္တတန်ခိုးရှင်ရော ဘုရားရဲ့ သားတော်ပါ အပြည့်ဝဆုံးသဘောနဲ့ တရားမျှတကြောင်း ကျွန်တော်တို့ စိတ်ချနိုင်ပါတယ်။