လေ့လာရန် ဆောင်းပါး ၂
သင်ဟာ ‘အားပေးထောက်မသူ’ ဖြစ်နိုင်
“ဘုရားသခင့် နိုင်ငံတော်အတွက် ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆိုလို့ သူတို့ပဲ ရှိတာ။ ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ။” —ကော. ၄:၁၁။
သီချင်း ၉၀ အချင်းချင်း အားပေးကြ
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါရဲ့ သစ္စာရှိကျေးကျွန်များစွာ ဘာတွေ ကြုံနေရသလဲ။
ကမ္ဘာတစ်ဝန်းက ယေဟောဝါရဲ့ ကျေးကျွန်များစွာဟာ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို ကြုံတွေ့နေရတယ်။ သင့်အသင်းတော်မှာကော အဲဒီလို ကြုံနေရတဲ့သူတွေကို သတိထားမိသလား။ တချို့က အသည်းအသန် ဖျားနာနေကြတယ်။ ချစ်ရသူ သေဆုံးလို့ ကြေကွဲနေကြတယ်။ တချို့က မိသားစုဝင် ဒါမှမဟုတ် မိတ်ဆွေတွေ အမှန်တရားကို စွန့်သွားလို့ ဝမ်းနည်းနေကြတယ်။ သဘာဝဘေး ကြုံနေရသူတွေလည်း ရှိတယ်။ သူတို့အားလုံး အားပေးထောက်မမှု လိုနေတယ်။ သူတို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။
၂။ တမန်တော် ပေါလုဟာ တစ်ခါတလေ အားပေးထောက်မမှု ဘာကြောင့် လိုခဲ့သလဲ။
၂ တမန်တော် ပေါလုဟာ အသက်အန္တရာယ် တစ်မျိုးပြီးတစ်မျိုး ကြုံခဲ့ရတယ်။ (၂ ကော. ၁၁:၂၃-၂၈) ကျန်းမာရေး ပြဿနာ ဖြစ်နိုင်တဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” ကိုလည်း ခံခဲ့ရတယ်။ (၂ ကော. ၁၂:၇) တစ်ချိန်က လုပ်ဖော်ဆောင်ဖက် ဒေမဟာ “လက်ရှိ လောကစနစ်ကို စွဲလမ်း” ပြီး မိမိကို ထားခဲ့တဲ့အတွက် ပေါလု စိတ်ဓာတ်ကျခဲ့တယ်။ (၂ တိ. ၄:၁၀) ပေါလုဟာ တခြားသူတွေကို သတ္တိရှိရှိ ကိုယ်ကျိုးစွန့် ကူညီပေးတဲ့ ဘိသိက်ခံဖြစ်ပေမဲ့ ကိုယ်တိုင် စိတ်ဓာတ်ကျတဲ့ အချိန်တွေ ရှိတယ်။—ရော. ၉:၁၊ ၂။
၃။ ပေါလုကို ယေဟောဝါ ဘယ်လို အားပေးထောက်မခဲ့သလဲ။
၃ ပေါလုဟာ လိုအပ်တဲ့ အားပေးထောက်မမှု ရခဲ့တယ်။ ဘယ်နည်းနဲ့လဲ။ ယေဟောဝါက သန့်ရှင်းသော စွမ်းအားတော် သုံးပြီး ပေါလုကို အားပေးတယ်။ (၂ ကော. ၄:၇။ ဖိ. ၄:၁၃) ခရစ်ယာန်ချင်းတွေကတစ်ဆင့်လည်း အားပေး ထောက်မတယ်။ လုပ်ဖော်ဆောင်ဖက်တချို့ဟာ မိမိကို “တကယ် အားပေးထောက်မ” ခဲ့တယ်လို့ ပေါလု ပြောတယ်။ (ကော. ၄:၁၁) အာရိတ္တာခု၊ တုခိတ်၊ မာကုတို့ကို နာမည်နဲ့တကွ ပေါလု ဖော်ပြတယ်။ ပေါလု ခံရပ်နိုင်ဖို့ သူတို့ အားပေးခဲ့ကြတယ်။ ထိထိရောက်ရောက် အားပေးထောက်မနိုင်ဖို့ သူတို့သုံးယောက်ကို ဘယ်အရည်အသွေးတွေက ကူညီပေးသလဲ။ အချင်းချင်း အားပေးထောက်မရာမှာ သူတို့ရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။
အာရိတ္တာခုလို သစ္စာရှိပါ
၄။ အာရိတ္တာခုဟာ ပေါလုအတွက် ဘယ်လိုနည်းနဲ့ သစ္စာရှိ မိတ်ဆွေဖြစ်သလဲ။
၄ မက်ဆီဒိုးနီးယားပြည်၊ သက်သာလောနိတ်မြို့သား အာရိတ္တာခုဟာ ပေါလုအတွက် သစ္စာရှိ မိတ်ဆွေဖြစ်ခဲ့တယ်။ တတိယ သာသနာပြု ခရီးစဉ်အတွင်း ဧဖက်မြို့ကို ပေါလု လည်ပတ်ချိန်မှာ အာရိတ္တာခုအကြောင်း ကျွန်တော်တို့ ဦးဆုံးအကြိမ် ဖတ်ရတယ်။ လူအုပ် ဖမ်းဆီးတာကို ပေါလုနဲ့အတူ အာရိတ္တာခု ခံခဲ့ရတယ်။ (တ. ၁၉:၂၉) ပြန်လွတ်လာတဲ့အခါ ဘေးလွတ်ရာကို ထွက်သွားမယ့်အစား ပေါလုအနားမှာ သစ္စာရှိရှိ ဆက်နေတယ်။ လအနည်းငယ်ကြာပြီးနောက် ဂရိမှာ ပေါလု အသက်အန္တရာယ် ကြုံရတော့လည်း အနားမှာ အာရိတ္တာခု ရှိနေတုန်းပဲ။ (တ. ၂၀:၂-၄) အေဒီ ၅၈ လောက်မှာ အကျဉ်းသားအဖြစ် ရောမမြို့ကို ပေါလု အပို့ခံရတဲ့အခါ ခရီးစဉ်တစ်လျှောက် အာရိတ္တာခု လိုက်သွားတယ်။ လမ်းမှာ သူတို့နှစ်ယောက် သင်္ဘောပျက်ဘေးကို ကြုံခဲ့ရတယ်။ (တ. ၂၇:၁၊ ၂၊ ၄၁) ရောမကို ရောက်တဲ့အခါ ပေါလုနဲ့အတူ အတန်ကြာ ထောင်ကျခဲ့ပုံရတယ်။ (ကော. ၄:၁၀) ဒီလိုသစ္စာရှိ မိတ်ဆွေကြောင့် ပေါလု နှစ်သိမ့်မှုနဲ့ ခွန်အား ရရှိမှာ သေချာတယ်။
၅။ ပညာအလိမ္မာ ၁၇:၁၇ အရ ဘယ်လိုနည်းနဲ့ သစ္စာရှိ မိတ်ဆွေ ဖြစ်နိုင်သလဲ။
၅ အာရိတ္တာခုလိုပဲ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေ အဆင်ပြေတဲ့အချိန်မှာ သာမက “ဒုက္ခရောက်ချိန်” မှာလည်း အတူရှိနေခြင်းအားဖြင့် သစ္စာရှိမိတ်ဆွေ ဖြစ်နိုင်တယ်။ (ပညာအလိမ္မာ ၁၇:၁၇ ကိုဖတ်ပါ။) အခက်အခဲတွေ ပြေလည်သွားပြီးနောက်မှာတောင် သူတို့ အားပေးထောက်မမှု လိုနေတုန်းပဲ။ ကင်ဆာရောဂါကြောင့် မိဘနှစ်ယောက်စလုံးကို သုံးလအတွင်း ဆုံးရှုံးလိုက်ရတဲ့ ညီအစ်မ ဖရန်စစ် * ဒီလိုပြောတယ်– “ပြဿနာတွေက အချိန်အတော်ကြာအောင် ဂယက်ရိုက်နေတုန်းပဲ။ မိဘတွေ ဆုံးပါးသွားတာ အတော်ကြာပြီးနောက်မှာတောင် ဝမ်းနည်းကြေကွဲနေတုန်းပဲဆိုတာ နားလည်ပေးကြတဲ့ သစ္စာရှိ မိတ်ဆွေတွေကို သိပ်ကျေးဇူးတင်တယ်။”
၆။ သစ္စာရှိခြင်းက ဘာလုပ်ဖို့ လှုံ့ဆော်ပေးမလဲ။
၆ သစ္စာရှိ မိတ်ဆွေတွေဟာ ညီအစ်ကို/မတွေကို ထောက်မဖို့ စွန့်လွှတ်အနစ်နာခံကြတယ်။ ဥပမာ၊ ညီအစ်ကို ပီတာဟာ ဆိုးရွားတဲ့ နာတာရှည်ရောဂါ ရှိနေတယ်။ “အသင်းတော်က မောင်နှံတစ်စုံဟာ ပီတာကို ဆေးခန်းလိုက်ပို့တယ်။ အဲဒီနေ့မှာပဲ ပီတာရဲ့ ရောဂါအကြောင်း သိလိုက်ရတယ်။ ဒါနဲ့ ဒီအခြေအနေဆိုးကို ကျွန်မတို့ချည်းပဲ ရင်ဆိုင်စေမယ့်အစား ဘေးနားမှာ အမြဲရှိနေပေးဖို့ သူတို့ ချက်ချင်း ဆုံးဖြတ်လိုက်တယ်” လို့ ဇနီးဖြစ်သူ ကက်သရင်း ပြောတယ်။ အခက်အခဲတွေကို ခံရပ်ဖို့ ကူညီပေးနိုင်တဲ့ မိတ်ဆွေစစ်တွေ ရှိတာ အားရှိစရာပါပဲ။
တုခိတ်လို ယုံကြည်စိတ်ချထိုက်သူ ဖြစ်ပါ
၇-၈။ ကောလောသဲ ၄:၇-၉ အရ တုခိတ်ဟာ ဘယ်လိုနည်းနဲ့ ယုံကြည်စိတ်ချထိုက်သူ ဖြစ်သလဲ။
၇ ရောမလက်အောက်ခံ အာရှနယ်သား တုခိတ်ဟာ ပေါလုအတွက် သစ္စာရှိမိတ်ဆွေ ဖြစ်တယ်။ (တ. ၂၀:၄) အေဒီ ၅၅ လောက်မှာ ယုဒပြည်က ခရစ်ယာန်တွေအတွက် ကယ်ဆယ်ရေး ရန်ပုံငွေ ကောက်ဖို့ ပေါလု စီစဉ်တယ်။ ဒီကိစ္စကို ကူညီပေးဖို့ တုခိတ်ကို တာဝန်ပေးခဲ့ပုံရတယ်။ (၂ ကော. ၈:၁၈-၂၀) နောက်ပိုင်း ရောမမှာ ပေါလု ပထမအကြိမ် အကျဉ်းကျတဲ့အခါ ပေါလုရဲ့ အားပေးစကားတွေ၊ စာတွေကို အာရှနယ်က အသင်းတော်တွေဆီ တုခိတ် ပို့ပေးခဲ့တယ်။—ကော. ၄:၇-၉။
၈ တုခိတ်ဟာ ပေါလုအတွက် ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဖြစ်တယ်။ (တိ. ၃:၁၂) အဲဒီတုန်းက ခရစ်ယာန်တွေထဲမှာ တုခိတ်လို အားထားရတဲ့သူ ရှားတယ်။ အေဒီ ၆၅ လောက်မှာ ပေါလု ဒုတိယအကြိမ် အကျဉ်းကျတဲ့အခါ အာရှနယ်က ခရစ်ယာန် အမျိုးသားများစွာဟာ ဆန့်ကျင်သူတွေကို ကြောက်လို့ ပေါလုနဲ့ မပေါင်းကြတော့ဘူး။ (၂ တိ. ၁:၁၅) ဒါပေမဲ့ တုခိတ်ကိုတော့ ပေါလု အားထားရတဲ့အတွက် တာဝန် နောက်တစ်ခု ပေးခဲ့တယ်။ (၂ တိ. ၄:၁၂) တုခိတ်လို မိတ်ဆွေကောင်းကို ပေါလု တန်ဖိုးထားလေးမြတ်မှာ သေချာတယ်။
၉။ တုခိတ်ကို ကျွန်တော်တို့ ဘယ်လို တုပနိုင်သလဲ။
၉ ကျွန်တော်တို့လည်း ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဖြစ်ခြင်းအားဖြင့် တုခိတ်ကို တုပနိုင်ပါတယ်။ ဥပမာ၊ လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို ကူညီပေးမယ်လို့ ကတိပေးရုံသာမက လက်တွေ့ကျကျ ကူညီပေးကြတယ်။ (မ. ၅:၃၇။ လု. ၁၆:၁၀) အကူအညီ လိုအပ်သူတွေက ကျွန်တော်တို့ကို အားထားလို့ ရမှန်း သိတဲ့အခါ အကြီးအကျယ် နှစ်သိမ့်မှု ရကြတယ်။ “ကူညီမယ်လို့ ကတိပေးထားတဲ့သူ အချိန်မီ ရောက်ပါ့မလားလို့ စိတ်ပူနေစရာ မလိုဘူး” ဆိုပြီး ညီအစ်မတစ်ယောက် ပြောတယ်။
၁၀။ ပညာအလိမ္မာ ၁၈:၂၄ အရ ဘယ်သူတွေဆီက နှစ်သိမ့်မှု ရနိုင်သလဲ။
၁၀ အခက်အခဲတွေ၊ စိတ်ဓာတ်ကျတာတွေကို ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဆီ ရင်ဖွင့်ပြောပြခြင်းဖြင့် နှစ်သိမ့်မှု ရနိုင်တယ်။ (ပညာအလိမ္မာ ၁၈:၂၄ ကိုဖတ်ပါ။) သားဖြစ်သူ နှင်ထုတ်ခံရလို့ စိတ်ဓာတ်ကျနေတဲ့ ညီအစ်ကိုဗီဂျေးက “ကျွန်တော့်ရဲ့ ခံစားချက်တွေကို ယုံကြည်ရတဲ့သူ တစ်ယောက်ယောက်ဆီ ဖွင့်ပြောခဲ့ရတယ်” လို့ပြောတယ်။ အမှားတစ်ခုကြောင့် အသင်းတော် အခွင့်အရေး ဆုံးရှုံးသွားတဲ့ ညီအစ်ကို ကားလို့စ်က “ပြစ်တင်ခံရမှာ စိုးရိမ်မနေဘဲ ကိုယ့်ရဲ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ် ပြောလို့ရတဲ့သူ လိုတယ်” လို့ ပြောတယ်။ အကြီးအကဲတွေကို လွတ်လွတ်လပ်လပ် ပြောလို့ရမှန်း ကားလို့စ် သိလာတယ်။ အကြီးအကဲတွေက သူ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကူညီပေးခဲ့ကြတယ်။ သူပြောတဲ့ အတွင်းရေးတွေကို အကြီးအကဲတွေ လျှို့ဝှက်ထားပေးမယ်ဆိုတာ သိရလို့ နှစ်သိမ့်မှုရခဲ့တယ်။
၁၁။ ဘယ်လိုနည်းနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေ ဖြစ်နိုင်သလဲ။
၁၁ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေဖြစ်နိုင်ဖို့ စိတ်ရှည်ရမယ်။ ခင်ပွန်း စွန့်ပစ်တာခံရတဲ့ ညီအစ်မဇန်နာဟာ မိတ်ဆွေတွေဆီ ရင်ဖွင့်ပြောပြလို့ နှစ်သိမ့်မှု ရခဲ့တယ်။ “အကြောင်းအရာ တစ်ခုတည်းကို အပ်ကြောင်းထပ်အောင် ကျွန်မ ပြောနေတာတောင် သူတို့ စိတ်ရှည်ရှည် နားထောင်ပေးကြတယ်” လို့ ပြောတယ်။ သင်လည်း ကောင်းကောင်း နားထောင်ပေးခြင်းအားဖြင့် မိတ်ဆွေကောင်း ဖြစ်နိုင်တယ်။
မာကုလို သူတစ်ပါးအကျိုး လိုလိုလားလား သယ်ပိုးပါ
၁၂။ မာကု ဘယ်သူလဲ။ သူတစ်ပါးအကျိုးကို သယ်ပိုးလိုကြောင်း ဘယ်လို ဖော်ပြခဲ့သလဲ။
၁၂ မာကုဟာ ဂျေရုဆလင်မြို့က ဂျူးခရစ်ယာန် ဖြစ်တယ်။ လူသိများတဲ့ သာသနာပြု ဗာနဗရဲ့ ဝမ်းကွဲညီ ဖြစ်တယ်။ (ကော. ၄:၁၀) မာကုဟာ ငွေကြေး ချမ်းသာပုံရတဲ့ မိသားစုက ဖြစ်ပေမဲ့ ပစ္စည်းဥစ္စာကို အဓိကမထားဘူး။ ဘဝတစ်လျှောက်လုံး သူတစ်ပါးအကျိုး လိုလိုလားလား သယ်ပိုးခဲ့တယ်။ ဥပမာ၊ တမန်တော် ပေါလု၊ တမန်တော် ပေတရုတို့နဲ့အတူ အမှုဆောင်ပြီး လိုအပ်ရာတွေကို လုပ်ဆောင်ပေးခဲ့တယ်။ (တ. ၁၃:၂-၅။ ၁ ပေ. ၅:၁၃) ‘တကယ် အားပေးထောက်မတဲ့သူ၊’ ‘ဘုရားသခင့် နိုင်ငံတော်အတွက် လုပ်ဖော်ဆောင်ဖက်’ လို့ မာကုကို ပေါလု ပြောတယ်။—ကော. ၄:၁၀၊ ၁၁။
၁၃။ မာကု သစ္စာရှိရှိ အမှုဆောင်တာကို ပေါလု လေးမြတ်ကြောင်း ၂ တိမောသေ ၄:၁၁ က ဘယ်လို ဖော်ပြသလဲ။
၁၃ မာကုဟာ ပေါလုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေ ဖြစ်လာတယ်။ ဥပမာ၊ အေဒီ ၆၅ တုန်းက ရောမမှာ ပေါလု နောက်ဆုံးအကြိမ် ထောင်ကျတယ်။ တိမောသေဆီ ဒုတိယအကြိမ် စာရေးပြီး ရောမကို လာဖို့၊ မာကုကိုပါ ခေါ်လာဖို့ ပေါလု မှာတယ်။ (၂ တိ. ၄:၁၁) မာကု သစ္စာရှိရှိ အမှုဆောင်ခဲ့တာကို ပေါလု လေးမြတ်တဲ့အတွက် ဒီနောက်ဆုံးအချိန်မှာ မာကုကို ရှိစေချင်တာဖြစ်မယ်။ မာကုက ပေါလုကို လက်တွေ့ကျကျ ကူညီပေးခဲ့တယ်။ အစားအစာတွေ၊ စာရေးကိရိယာတွေ ဝယ်ပေးတာ ဖြစ်နိုင်တယ်။ အဲဒီအားပေးထောက်မမှုက အသတ်ခံရတော့မယ့် နောက်ဆုံးနေ့ရက်တွေမှာ ပေါလုကို ခံနိုင်ရည် ရှိစေခဲ့မှာပဲ။
၁၄-၁၅။ တခြားသူတွေကို လက်တွေ့ကျကျ ကူညီပေးတာနဲ့ပတ်သက်ပြီး မဿဲ ၇:၁၂ က ဘာသင်ပေးသလဲ။
၁၄ မဿဲ ၇:၁၂ ကိုဖတ်ပါ။ ကျွန်တော်တို့ အခက်အခဲ ကြုံရချိန်မှာ လက်တွေ့ကျကျ ကူညီပေးသူတွေကို ကျေးဇူးတင်လေးမြတ်ကြတယ်။ မတော်တဆမှုကြောင့် မမျှော်လင့်ဘဲ ဖခင်ကို ဆုံးရှုံးလိုက်ရတဲ့ ဘရိုင်ယန်က “ဝမ်းနည်းနေတဲ့အချိန်မှာ နေ့တိုင်းလုပ်နေကျ ကိစ္စတွေကိုတောင် မလုပ်နိုင်တော့ဘူး။ အသေးအမွှားလေး ဆိုရင်တောင် လက်တွေ့ကျကျ ကူညီပေးတာက အများကြီး တာသွားတယ်” လို့ပြောတယ်။
၁၅ မျက်စိရှင်ရှင် ထားခြင်းအားဖြင့် တခြားသူတွေကို လက်တွေ့ကျကျ ကူညီနိုင်တဲ့နည်းတွေ တွေ့လာပါလိမ့်မယ်။ ဥပမာ၊ အစောပိုင်းမှာ ပြောခဲ့တဲ့ ဇနီးမောင်နှံက ပီတာနဲ့ ကက်သရင်းကို ရက်ချိန်းတိုင်း ဆေးခန်းသွားနိုင်ဖို့ ကူညီပေးတယ်။ ပီတာကော ကက်သရင်းပါ ကားမမောင်းနိုင်တော့တဲ့အတွက် အသင်းတော်က အလှည့်ကျ ပို့ပေးနိုင်အောင် ဇနီးဖြစ်သူက အစီအစဉ်ဆွဲပေးတယ်။ ဒီအစီအစဉ်က အထောက်အကူ ဖြစ်ရဲ့လား။ “ပခုံးပေါ်က ဝန်ထုပ်ကြီး ကျသွားသလိုပဲ” လို့ ကက်သရင်း ပြောတယ်။ သေးငယ်ပေမဲ့ လက်တွေ့ကျတဲ့ လုပ်ရပ်လေးက ဘယ်လောက်ထိ နှစ်သိမ့်ပေးနိုင်ကြောင်း လျှော့မတွက်ပါနဲ့။
၁၆။ မာကုရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်သလဲ။
၁၆ မာကုဟာ အလုပ်များတဲ့သူ ဖြစ်တယ်။ မိမိနာမည်တပ်ထားတဲ့ ခရစ်ဝင်ကျမ်း ရေးခြင်း အပါအဝင် ဘုရားရေးရာ တာဝန်ကြီးတွေ ရထားတယ်။ ဒါပေမဲ့ ပေါလုကို အားပေးထောက်မဖို့ အချိန်ယူခဲ့တယ်။ မာကု လိုလိုလားလား ရှိမှန်းသိတော့ ပေါလုလည်း အကူအညီတောင်းဖို့ မစိုးရွံ့ဘူး။ မိသားစုဝင်တစ်ယောက် အသတ်ခံရလို့ ဝမ်းနည်းနေချိန်မှာ ကူညီနှစ်သိမ့်ပေးခဲ့သူတွေကို အန်ဂျလာ ကျေးဇူးတင်တယ်။ “မိတ်ဆွေတွေက လိုလိုလားလား ကူညီပေးတဲ့အခါ ကိုယ့်ဘက်က အကူအညီတောင်းဖို့ မတွန့်ဆုတ်တော့ဘူး” လို့ သူပြောတယ်။ ဒါကြောင့် ‘ယုံကြည်သူချင်းတွေကို လက်တွေ့ကျကျ ကူညီလိုစိတ် ရှိသူလို့ ငါ့ကို သိထားကြသလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။
တခြားသူတွေကို နှစ်သိမ့်ဖို့ စိတ်ပိုင်းဖြတ်ထားပါ
၁၇။ ၂ ကောရိန္သု ၁:၃၊ ၄ ကို တွေးတောခြင်းက နှစ်သိမ့်ပေးဖို့ ဘယ်လို လှုံ့ဆော်ပေးသလဲ။
၁၇ နှစ်သိမ့်မှု လိုအပ်နေတဲ့ ညီအစ်ကို/မတွေကို အဝေးကြီးမှာ လိုက်ရှာနေစရာ မလိုပါဘူ။ တခြားသူတွေ ကျွန်တော်တို့ကို နှစ်သိမ့်ပေးခဲ့တဲ့ နည်းတွေနဲ့ ပြန်နှစ်သိမ့်ပေးနိုင်ပါတယ်။ “ကျွန်မတို့သာ ခွင့်ပြုမယ်ဆိုရင် ယေဟောဝါက ကျွန်မတို့ကို သုံးပြီး တခြားသူတွေကို နှစ်သိမ့်ပေးနိုင်တယ်” ဆိုပြီး အဘွား ဆုံးသွားလို့ ဝမ်းနည်းခဲ့ရတဲ့ ညီအစ်မနီနို ပြောတယ်။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ဖရန်စစ်က “၂ ကောရိန္သု ၁:၄ က တကယ်မှန်တယ်။ ကျွန်မတို့ရတဲ့ နှစ်သိမ့်မှုကို သုံးပြီး တခြားသူတွေကို ပြန်နှစ်သိမ့်ပေးနိုင်တယ်” လို့ ပြောတယ်။
၁၈။ (က) နှစ်သိမ့်ပေးဖို့ တချို့ ဘာကြောင့် စိုးရိမ်မိနိုင်သလဲ။ (ခ) တခြားသူတွေကို ဘယ်လို ထိထိရောက်ရောက် နှစ်သိမ့်ပေးနိုင်သလဲ။ ဥပမာပေးပါ။
၁၈ စိုးရိမ်မှုတွေ ရှိနေရင်တောင် ကိုယ့်ဘက်က အစပြုသင့်တယ်။ ဥပမာ၊ စိတ်ဓာတ်ကျနေသူတစ်ယောက်ကို ဘာပြောရမယ်၊ ဘာလုပ်ပေးရမယ် မသိလို့ စိုးရိမ်မိနိုင်တယ်။ ဖခင်သေဆုံးပြီးနောက် မိမိကို နှစ်သိမ့်ပေးခဲ့သူ တချို့အကြောင်း အကြီးအကဲ ပေါလ် ဒီလိုပြောတယ်– “ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ သူတို့အတွက် မလွယ်မှန်း သိပါတယ်။ ပြောဖို့ စကားလုံးရှာမရ ဖြစ်နေကြတာ။ ဒါပေမဲ့ နှစ်သိမ့်ပေးချင်စိတ်ရှိတာကို ကျေးဇူးတင်လေးမြတ်ပါတယ်” လို့ပြောတယ်။ ငလျင်ဘေး ကြုံခဲ့ရတဲ့ ညီအစ်ကို တာဂျွန်ကလည်း “ငလျင်လှုပ်ပြီးနောက် ပို့တဲ့ မက်ဆေ့ခ်ျတိုင်းကိုတော့ ကျွန်တော် မမှတ်မိပေမဲ့ သူတို့ ဂရုတစိုက် မေးကြတာကို မှတ်မိနေတုန်းပဲ” လို့ ပြောတယ်။ ကျွန်တော်တို့လည်း ဂရုစိုက်တတ်သူတွေ ဖြစ်မယ်ဆိုရင် ထိထိရောက်ရောက် နှစ်သိမ့်ပေးနိုင်ပါတယ်။
၁၉။ “တကယ် အားပေးထောက်မသူ” ဖြစ်ဖို့ သင် ဘာကြောင့် စိတ်ပိုင်းဖြတ်ထားသလဲ။
၁၉ ဒီအစီအစဉ်စနစ် အဆုံး နီးလာတာနဲ့အမျှ ကမ္ဘာ့အခြေအနေတွေ ပိုဆိုးပြီး ဘဝက ပိုခက်ခဲလာမယ်။ (၂ တိ. ၃:၁၃) အမွေရထားတဲ့ အပြစ်နဲ့ မစုံလင်မှုကြောင့် ပြဿနာတွေ ကြုံနေရမှာဖြစ်လို့ အားပေးထောက်မမှု ဆက်လိုနေဦးမှာပဲ။ တမန်တော် ပေါလု အဆုံးအထိ သစ္စာရှိရှိ ခံရပ်နိုင်ခဲ့တာဟာ ခရစ်ယာန်ချင်းတွေဆီက ရခဲ့တဲ့ အားပေးထောက်မမှုကြောင့်ပဲ။ ဒါကြောင့် ကျွန်တော်တို့လည်း အာရိတ္တာခုလို သစ္စာရှိကြပါစို့။ တုခိတ်လို ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြပါစို့။ မာကုလို သူတစ်ပါးအကျိုး လိုလိုလားလား သယ်ပိုးကြပါစို့။ ဒီနည်းအားဖြင့် ယုံကြည်ခြင်း ခိုင်ခံ့နေအောင် ညီအစ်ကို/မတွေကို ကူညီပေးနိုင်ပါတယ်။—၁ သက်. ၃:၂၊ ၃။
^ အပိုဒ်၊ 5 တမန်တော် ပေါလုရဲ့ ဘဝမှာ အခက်အခဲများစွာ ကြုံခဲ့ရတယ်။ ခက်ခဲချိန်တွေမှာ ယုံကြည်သူချင်းတချို့က သူ့ကို အားပေးထောက်မခဲ့တယ်။ သူတို့ရဲ့ ပုံသက်သေကို တုပပြီး တခြားသူတွေကို ဘယ်လို လက်တွေ့ကျနည်းတွေနဲ့ ကူညီနိုင်ကြောင်း၊ အားပေးထောက်မရာမှာ ထိရောက်စေတဲ့ အရည်အသွေး သုံးခုအကြောင်း ဆွေးနွေးသွားပါမယ်။
^ အပိုဒ်၊ 5 အမည်လွှဲများ။
သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့ အကြောင်းများ
^ အပိုဒ်၊ 56 ပုံအညွှန်း– အာရိတ္တာခုနဲ့ ပေါလု သင်္ဘောပျက်ဘေး ကြုံခဲ့ရ။
^ အပိုဒ်၊ 58 ပုံအညွှန်း– ပေါလုရဲ့ စာတွေကို အသင်းတော်တွေဆီ ပို့ပေးဖို့ တုခိတ် တာဝန်ရ။
^ အပိုဒ်၊ 60 ပုံအညွှန်း– ပေါလုကို လက်တွေ့ကျ နည်းများစွာနဲ့ မာကု ကူညီထောက်မခဲ့။