လေ့လာရန် ဆောင်းပါး ၃၁
ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ
“ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ။”—ဆာ. ၁၄၁:၂။
သီချင်း ၄၇ ယေဟောဝါဆီ နေ့စဉ် ဆုတောင်းပါ
အကြိုသုံးသပ်ချက် a
၁။ ယေဟောဝါဆီ ဆုတောင်းခွင့်ကို ဘယ်လို ရှုမြင်သင့်သလဲ။
ကောင်းကင်မြေကြီး ဖန်ဆင်းရှင်ဆီ ဆုတောင်းချဉ်းကပ်ခွင့် ကျွန်တော်တို့ ရထားတယ်။ စဉ်းစားကြည့်ပါ– ကြိုတင် ချိန်းဆိုထားစရာ မလိုဘဲ ဘယ်ဘာသာစကားနဲ့မဆို ယေဟောဝါဆီ အချိန်မရွေး ရင်ဖွင့်လို့ ရတယ်။ ဆေးရုံခုတင်ပေါ်ကဖြစ်ဖြစ်၊ ထောင်ထဲကနေဖြစ်ဖြစ် ကျွန်တော်တို့ ဆုတောင်းချက်ကို မေတ္တာရှင် အဖ နားထောင်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး ဆုတောင်းနိုင်တယ်။ ဒီအခွင့်ထူးကို ကျွန်တော်တို့ သိပ်တန်ဖိုးထားတယ်။
၂။ ဆုတောင်းခွင့်ကို တန်ဖိုးထားကြောင်း ဘုရင် ဒါဝိဒ် ဘယ်လို ပြသလဲ။
၂ ဆုတောင်းခွင့်ကို ဘုရင် ဒါဝိဒ် တန်ဖိုးထားတယ်။ “ကျွန်တော့်ရဲ့ ဆုတောင်းချက်ဟာ ရှေ့တော်မှာ ပြင်ဆင်ထားတဲ့ နံ့သာပေါင်းလို ဖြစ်ပါစေ” လို့ စပ်ဆိုခဲ့တယ်။ (ဆာ. ၁၄၁:၁၊ ၂) ဒါဝိဒ်ခေတ်မှာ စစ်မှန်တဲ့ ဝတ်ပြုရေးအတွက် ပုရောဟိတ်တွေ သုံးတဲ့ နံ့သာပေါင်းကို သေသေချာချာ ပြင်ဆင်ရတယ်။ (ထွ. ၃၀:၃၄၊ ၃၅) နံ့သာပေါင်းကို ဂရုတစိုက် ပြင်ဆင်ရသလိုပဲ ဒါဝိဒ်ဟာ ကောင်းကင်ဘုံစံ အဖကို ဘာတွေ ပြောမယ်ဆိုတာ သေသေချာချာ စဉ်းစားပြင်ဆင်တယ်။ ကျွန်တော်တို့လည်း ယေဟောဝါ နှစ်သက်တဲ့ နည်းနဲ့ ဆုတောင်းချင်ကြတယ်။
၃။ ဘယ်လို သဘောထားနဲ့ ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်သင့်သလဲ။ ဘာကြောင့်လဲ။
၃ ယေဟောဝါဆီ ဆုတောင်းတဲ့အခါ ပေါ့ပျက်ပျက် မဖြစ်သင့်ဘူး။ အလွန် ရိုသေလေးမြတ်သင့်တယ်။ ဟေရှာယ၊ ယေဇကျေလ၊ ဒံယေလ၊ ယောဟန်တို့ရဲ့ စိတ်အာရုံတွေကို စဉ်းစားကြည့်ပါ။ သူတို့ရဲ့ စိတ်အာရုံတွေမှာ ဆင်တူချက်တချို့ ရှိတယ်။ သူတို့အားလုံး ယေဟောဝါကို မြင့်မြတ်တဲ့ ဘုရင်အဖြစ် ပုံဖော်ကြတယ်။ ဟေရှာယ က ‘မြင့်မားလှတဲ့ ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ ယေဟောဝါကို မြင်တယ်။’ (ဟေရှာ. ၆:၁-၃) ပတ်လည်မှာ “သက်တံနဲ့တူ” တဲ့ ရောင်ခြည် “ဖြာထွက်နေတဲ့” ကောင်းကင်ရထားပေါ် ယေဟောဝါ ထိုင်နေတာ ယေဇကျေလ မြင်တယ်။ (ယေဇ. ၁:၂၆-၂၈) ဝတ်ရုံဖြူ ဝတ်ဆင်ထားတဲ့ “အသက်အကြီးဆုံးအရှင်” ရဲ့ ရာဇပလ္လင်ကနေ မီးလျှံတွေ ထွက်နေတာ ဒံယေလ မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) မြစိမ်းရောင် သက်တံ ဝန်းရံနေတဲ့ ရာဇပလ္လင်ပေါ် ယေဟောဝါ ထိုင်နေတာ ယောဟန် မြင်တယ်။ (ဗျာ. ၄:၂-၄) ယေဟောဝါရဲ့ ဘုန်းအသရေအကြောင်း တွေးတဲ့အခါ ဘုရားဆီ ဆုတောင်းချဉ်းကပ်ရတာ အခွင့်ထူး ဖြစ်ကြောင်း၊ ရိုသေလေးမြတ်မှု ရှိဖို့ ဘယ်လောက် အရေးကြီးကြောင်း စဉ်းစားမိစေတယ်။ ဒီတော့ ဘယ်လို ဆုတောင်းသင့်သလဲ။
“ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်”
၄။ မဿဲ ၆:၉၊ ၁၀ ပါ စံပြ ဆုတောင်းချက်ရဲ့ အဖွင့်စကားတွေကနေ ဘာသင်ယူရသလဲ။
၄ မဿဲ ၆:၉၊ ၁၀ ကို ဖတ်ပါ။ ဘုရား နှစ်သက်တဲ့ နည်းအတိုင်း ဆုတောင်းနိုင်ပုံကို တောင်ပေါ် တရားတော်မှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ “ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်” လို့ ပြောပြီးနောက် ယေဟောဝါရဲ့ အလိုတော်နဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့ အရေးကြီး ကိစ္စတွေကို အရင်ဆုံး ဖော်ပြတယ်။ နာမတော် သန့်ရှင်းမြင့်မြတ်စေဖို့၊ ပုန်ကန်သူအားလုံးကို ဖျက်ဆီးပစ်မယ့် နိုင်ငံတော် လာဖို့၊ ကမ္ဘာမြေနဲ့ လူသားတွေအတွက် ရည်ရွယ်ထားတဲ့ အနာဂတ် ကောင်းချီးတွေ ရဖို့ ဖြစ်တယ်။ အဲဒီအချက်တွေ ထည့်ဆုတောင်းခြင်းအားဖြင့် ကျွန်တော်တို့အတွက် ဘုရားအလိုတော် အရေးပါတယ်ဆိုတာ ဖော်ပြကြတယ်။
၅။ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ဆုတောင်းတာ သင့်တော်သလား။
၅ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် ဆုတောင်းတာ သင့်တော်ကြောင်း ယေရှု ဆက်ဖော်ပြတယ်။ တစ်ရက်စာ အစားအစာ ပေးသနားဖို့၊ အပြစ်ကြွေးတွေ ခွင့်လွှတ်ပေးဖို့၊ သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပေးဖို့၊ ဆိုးညစ်သူရဲ့ လက်ကနေ ကယ်တင်ပေးဖို့ ယေဟောဝါဆီ ဆုတောင်းနိုင်တယ်။ (မ. ၆:၁၁-၁၃) အဲဒီလို ဆုတောင်းတာက ဘုရားကို မှီခိုဖို့ လိုအပ်ကြောင်း အသိအမှတ်ပြုရာ ရောက်တယ်။ ဘုရားမျက်နှာသာ ရချင်ကြောင်း ဖော်ပြရာ ရောက်တယ်။
၆။ စံပြ ဆုတောင်းချက်မှာ ပါတဲ့ ကိစ္စတွေအတွက်ပဲ ဆုတောင်းရမလား။ ရှင်းပြပါ။
၆ စံပြ ဆုတောင်းချက်အတိုင်း နောက်လိုက်တွေ တစ်ထပ်တည်း ဆုတောင်းဖို့ ယေရှု မမျှော်လင့်ဘူး။ အခြေအနေအလိုက် အရေးကြီးတဲ့ ကိစ္စ အမျိုးမျိုးအတွက် ယေရှု ဆုတောင်းခဲ့တယ်။ (မ. ၂၆:၃၉၊ ၄၂။ ယော. ၁၇:၁-၂၆) ကျွန်တော်တို့လည်း ကိုယ်စိုးရိမ်တာ ဘာမဆိုအတွက် ဆုတောင်းနိုင်တယ်။ ဆုံးဖြတ်ချက် မချခင် ဉာဏ်ပညာ၊ သိနားလည်နိုင်စွမ်း ပေးဖို့ ဆုတောင်းနိုင်တယ်။ (ဆာ. ၁၁၉:၃၃၊ ၃၄) ခက်ခဲတဲ့ တာဝန် ထမ်းဆောင်ရတဲ့အခါ အသိပညာ၊ ပိုင်းခြားသိမြင်နိုင်စွမ်း ပေးဖို့ ဆုတောင်းနိုင်တယ်။ (ပညာ. ၂:၆) မိဘတွေက သားသမီးတွေအတွက်၊ သားသမီးတွေက မိဘတွေအတွက် ဆုတောင်းနိုင်တယ်။ ကျမ်းစာသင်သားတွေ၊ ကိုယ်ဟောပြောတဲ့သူတွေအတွက် ကျွန်တော်တို့ ဆုတောင်းပေးနိုင်တယ်။ တောင်းလည်း တောင်းပေးသင့်တယ်။ ဒါပေမဲ့ တောင်းဖို့ချည်းသက်သက်တော့ မဖြစ်သင့်ဘူး။
၇။ ယေဟောဝါကို ဘာကြောင့် ဆုတောင်းချီးမွမ်းသင့်သလဲ။
၇ ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းဖို့လည်း သတိရသင့်တယ်။ ကျွန်တော်တို့ရဲ့ ချီးမွမ်းမှုကို ဘုရားလောက် ဘယ်သူမှ မရထိုက်ဘူး။ ယေဟောဝါဟာ “ကောင်းမြတ်တယ်၊ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်။” ‘ကရုဏာရှိပြီး သနားစာနာတတ်တဲ့ ဘုရားသခင်၊ အမျက်ထွက်နှေးပြီး ခိုင်မြဲတဲ့ မေတ္တာနဲ့ သစ္စာတရား ကြီးမားတဲ့ ဘုရား’ ဖြစ်တယ်။ (ဆာ. ၈၆:၅၊ ၁၅) ယေဟောဝါကို ချီးမွမ်းဖို့ အကြောင်းကောင်းတွေ ရှိတယ်။
၈။ ဘယ်အရာတွေအတွက် ယေဟောဝါကို ကျေးဇူးတင်နိုင်သလဲ။ (ဆာလံ ၁၀၄:၁၂-၁၅၊ ၂၄)
၈ ဆုတောင်းတဲ့အခါ ယေဟောဝါကို ချီးမွမ်းတဲ့အပြင် အံ့ဖွယ် ပြင်ဆင်ပေးချက်တွေအတွက်လည်း ကျေးဇူးတင်ကြတယ်။ ဥပမာ၊ အရောင်အသွေး စုံလင်တဲ့ ပန်းတွေ၊ အရသာ စုံလင်တဲ့ အစားအသောက်တွေ၊ ရင်းနှီးတဲ့ မိတ်ဆွေတွေအတွက် ကျေးဇူးတင်နိုင်တယ်။ ကျွန်တော်တို့ ပျော်ရွှင်ဖို့ မေတ္တာရှင် အဖက အဲဒီအရာတွေနဲ့ တခြားအရာတွေ ပေးထားတယ်။ (ဆာလံ ၁၀၄:၁၂-၁၅၊ ၂၄ ကို ဖတ်ပါ။) ပိုအရေးကြီးတာက ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ အလျှံပယ် ပြင်ဆင်ပေးချက်တွေနဲ့ အံ့ချီးဖွယ် အနာဂတ် မျှော်လင့်ချက်အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။
၉။ ယေဟောဝါကို ကျေးဇူးတင်ဖို့ သတိရအောင် ဘာက ကူညီပေးမလဲ။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈)
၉ ယေဟောဝါ လုပ်ဆောင်ပေးသမျှအတွက် ကျေးဇူးတင်ဖို့ အလွယ်တကူ မေ့သွားနိုင်တယ်။ သတိရဖို့ ဘာက ကူညီပေးမလဲ။ ကိုယ်သတ်သတ်မှတ်မှတ် တောင်းဆိုတာတွေကို စာရင်းလုပ်ပါ။ ယေဟောဝါ ဘယ်လို အဖြေပေးသလဲဆိုတာ မကြာမကြာ ပြန်ဆန်းစစ်ပြီး အကူအညီအတွက် ကျေးဇူးတော် ချီးမွမ်းပါ။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈ ကို ဖတ်ပါ။) စဉ်းစားကြည့်ပါ– တစ်ယောက်ယောက်က ကိုယ့်ကို ကျေးဇူးတင်ကြောင်း ပြတဲ့အခါ ဝမ်းသာရတယ်။ ကျေးဇူးသိတတ်တယ်လို့ ခံစားရတယ်။ အဲဒီလိုပဲ ဆုတောင်းချက်တွေ အဖြေပေးတဲ့အတွက် ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြောင်း ပြတဲ့အခါ ဘုရား ဝမ်းသာတယ်။ (ကော. ၃:၁၅) ဘုရားကို ကျေးဇူးတင်သင့်တဲ့ နောက်ထပ် အကြောင်းရင်းတွေ ရှိသေးတယ်။
ချစ်သားအတွက် ယေဟောဝါကို ကျေးဇူးတင်ပါ
၁၀။ ၁ ပေတရု ၂:၂၁ အရ မြေကြီးပေါ် ယေရှုကို စေလွှတ်ပေးတဲ့အတွက် ယေဟောဝါကို ဘာကြောင့် ကျေးဇူးတင်သင့်သလဲ။
၁၀ ၁ ပေတရု ၂:၂၁ ကို ဖတ်ပါ။ ကျွန်တော်တို့ကို သွန်သင်ဖို့ ချစ်သားကို စေလွှတ်ပေးတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်သင့်တယ်။ ယေရှုအကြောင်း လေ့လာတဲ့အခါ ယေဟောဝါဘုရားအကြောင်း၊ ဘုရားစိတ်တော်နဲ့ တွေ့နိုင်ပုံအကြောင်း အများကြီး သိလာရတယ်။ ခရစ်တော်ရဲ့ ပူဇော်သက္ကာကို ယုံကြည်သက်ဝင်ကြောင်း ပြမယ်ဆိုရင် ယေဟောဝါဘုရားနဲ့ နွေးထွေး၊ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်။—ရော. ၅:၁။
၁၁။ ယေရှုနာမည်ကို အမှီပြုပြီး ဘာကြောင့် ဆုတောင်းကြသလဲ။
၁၁ သားတော်ကတစ်ဆင့် ယေဟောဝါဆီ ဆုတောင်းနိုင်လို့လည်း ကျေးဇူးတင်သင့်တယ်။ ဆုတောင်းချက်တွေကို ယေရှုကတစ်ဆင့် ယေဟောဝါ နားထောင်၊ အဖြေပေးတယ်။ ယေရှုနာမည်ကို အမှီပြုပြီး တောင်းရမယ်။ “ကျွန်တော့်နာမည်ကို အမှီပြုပြီး ခင်ဗျားတို့ ဆုတောင်းရင် တောင်းသမျှကို ကျွန်တော် လုပ်ပေးမယ်။ ဒါဆိုရင် အဖဘုရားက သားတော်ကြောင့် ဘုန်းထင်ရှားလိမ့်မယ်” လို့ ယေရှု ပြောတယ်။—ယော. ၁၄:၁၃၊ ၁၄။
၁၂။ သားတော်အတွက် ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ နောက်ထပ် အကြောင်းရင်းက ဘာလဲ။
၁၂ ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာကို အခြေခံပြီး ကျွန်တော်တို့ရဲ့ အပြစ်တွေ ယေဟောဝါ ခွင့်လွှတ်ပေးတယ်။ ‘ကောင်းကင်ပေါ်က ဘုန်းတန်ခိုးကြီးတဲ့အရှင်ရဲ့ ပလ္လင်တော် ညာဘက်မှာ ထိုင်နေ’ တဲ့ “ပုရောဟိတ်မင်း” အဖြစ် ယေရှုကို ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟီ. ၈:၁) ယေရှုဟာ “အဖဘုရားနဲ့အတူ ရှိနေတဲ့” “ကူညီပေးမယ့်သူ” ဖြစ်တယ်။ (၁ ယော. ၂:၁) ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့၊ ‘ကျွန်တော်တို့အတွက် အသနားခံပေးနေတဲ့’ ပုရောဟိတ်မင်း ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။ (ရော. ၈:၃၄။ ဟီ. ၄:၁၅) မစုံလင်တဲ့ လူသားတွေ ဖြစ်တဲ့ ကျွန်တော်တို့ဟာ ယေရှုရဲ့ ပူဇော်သက္ကာသာ မရှိရင် ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်နိုင်မှာ မဟုတ်ဘူး။ ချစ်သားကို ပေးထားလို့ ယေဟောဝါကို ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။
ညီအစ်ကို/မတွေအတွက် ဆုတောင်းပါ
၁၃။ တပည့်တွေကို ချစ်ကြောင်း မသေဆုံးခင်ညမှာ ယေရှု ဘယ်လို ပြသလဲ။
၁၃ တပည့်တွေကို “ဆိုးညစ်သူရဲ့ရန်ကနေ ကာကွယ်စောင့်ရှောက်ပေးဖို့” ယေရှု မသေဆုံးခင်ညမှာ အကြာကြီး ဆုတောင်းခဲ့တယ်။ (ယော. ၁၇:၁၅) တကယ့်ကို မေတ္တာပါတဲ့ လုပ်ရပ်ပဲ။ မကြာခင် ခက်ခဲတဲ့ စမ်းသပ်မှုတွေ ကြုံရတော့မယ်။ ဒါတောင် တမန်တော်တွေရဲ့ ရှေ့ရေးအတွက် စိတ်ပူပေးခဲ့တယ်။
၁၄။ ညီအစ်ကို/မတွေကို ချစ်ကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၄ ယေရှုကို အတုယူတဲ့အနေနဲ့ ကျွန်တော်တို့ ကိုယ့်အရေးကိုပဲ အာရုံမစိုက်ကြဘူး။ ညီအစ်ကို/မတွေအတွက် မှန်မှန် ဆုတောင်းပေးကြတယ်။ အဲဒီလိုဆုတောင်းတာက အချင်းချင်း ချစ်ပါဆိုတဲ့ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာရာ ရောက်တယ်။ ယုံကြည်သူချင်းတွေကို ဘယ်လောက် ချစ်ကြောင်း ယေဟောဝါကို သက်သေပြရာ ရောက်တယ်။ (ယော. ၁၃:၃၄) ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးတာ အလဟဿ မဖြစ်ပါဘူး။ “ဖြောင့်မတ်သူရဲ့ တိုးလျှိုးအသနားခံချက်ဟာ အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—ယာ. ၅:၁၆။
၁၅။ ကျွန်တော်တို့ ဆုတောင်းပေးတာကို ညီအစ်ကို/မတွေ ဘာကြောင့် လိုအပ်ကြသလဲ။
၁၅ ညီအစ်ကို/မတွေဟာ စမ်းသပ်မှု အမျိုးမျိုး ကြုံကြရလို့ ကျွန်တော်တို့ ဆုတောင်းပေးဖို့ လိုအပ်တယ်။ ဖျားနာမှု၊ သဘာဝဘေး၊ စစ်၊ နှိပ်စက်ညှဉ်းပန်းမှု၊ တခြားအခက်အခဲတွေကို သူတို့ ခံရပ်နိုင်အောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးနိုင်တယ်။ လိုအပ်နေသူတွေအတွက် ကယ်ဆယ်ရေး လုပ်ငန်းမှာ ကိုယ်ကျိုးစွန့် ပါဝင်နေတဲ့ ညီအစ်ကို/မတွေအတွက်လည်း ဆုတောင်းပေးနိုင်တယ်။ အခက်အခဲ ကြုံနေရသူတချို့ကို ကိုယ်တိုင်ကိုယ်ကျ သိရင် နာမည်တပ်ပြီး ဆုတောင်းပေးနိုင်တယ်။ ခံရပ်နိုင်အောင် ကူညီပေးဖို့ ဆုတောင်းပေးခြင်းအားဖြင့် စစ်မှန်တဲ့ ညီရင်းအစ်ကို မေတ္တာ ပြကြတယ်။
၁၆။ ဦးဆောင်နေသူတွေအတွက် ဘာကြောင့် ဆုတောင်းပေးသင့်သလဲ။
၁၆ အသင်းတော်မှာ ဦးဆောင်နေသူတွေဟာ မိမိတို့အတွက် တခြားသူတွေ ဆုတောင်းပေးတဲ့အခါ သိပ်ကျေးဇူးတင်ပြီး အဲဒီကနေ အကျိုးရကြတယ်။ တမန်တော် ပေါလုက “သတင်းကောင်းနဲ့ဆိုင်တဲ့ မြင့်မြတ်တဲ့ လျှို့ဝှက်ချက်အကြောင်း ဟောပြောတဲ့အခါ ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ နှုတ်သတ္တိ ရှိဖို့ ကျွန်တော့်အတွက်လည်း ဆုတောင်းပေးကြပါ” လို့ ပြောတယ်။ (ဧ. ၆:၁၉) ဒီနေ့လည်း အလုပ်ကြိုးစားတဲ့၊ ဦးဆောင်နေတဲ့ ညီအစ်ကို များစွာ ရှိတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုကို ကောင်းချီးပေးဖို့ ယေဟောဝါဆီ ဆုတောင်းပေးခြင်းအားဖြင့် သူတို့ကို ချစ်ကြောင်း ပြနိုင်တယ်။
တခြားသူတွေအတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အခါ
၁၇-၁၈။ ဘယ်အခြေအနေတွေမှာ တခြားသူတွေအတွက် ကိုယ်စားပြု ဆုတောင်းပေးရနိုင်သလဲ။ ဘာကို သတိရသင့်သလဲ။
၁၇ တခြားသူတွေအတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အချိန်တွေ ရှိတတ်တယ်။ ဥပမာ၊ ကျမ်းစာသင်အံမှု ကျင်းပတဲ့ ညီအစ်မက အဖော်လိုက်လာတဲ့ ညီအစ်မကို ဆုတောင်းခိုင်းနိုင်တယ်။ သင်သားအကြောင်း ကောင်းကောင်း မသိတဲ့အတွက် သင်အံမှု အပြီးမှပဲ ဆုတောင်းတာ ပိုသင့်တော်နိုင်တယ်။ အဲဒါမှ သင်သားအတွက် ဘာဆုတောင်းပေးရင် ကောင်းမလဲဆိုတာ ကောင်းကောင်း သိနိုင်မယ်။
၁၈ လယ်ကွင်းစုဆုံမှု၊ အသင်းတော် အစည်းအဝေးတွေအတွက် ညီအစ်ကိုတစ်ယောက် ဆုတောင်းပေးရနိုင်တယ်။ အဲဒီအခါ အစည်းအဝေးရဲ့ ရည်ရွယ်ချက်ကို သတိရသင့်တယ်။ ဆုတောင်းချက်ကို ခုတုံးလုပ်ပြီး သွန်သင်ချက် ပေးတာ၊ တစ်ခုခု ကြေညာတာမျိုး မလုပ်သင့်ဘူး။ အသင်းတော် အစည်းအဝေးအများစုမှာ သီချင်းဆို၊ ဆုတောင်းဖို့ စုစုပေါင်း အချိန် ငါးမိနစ်ပဲ ရတဲ့အတွက် တာဝန်ကျ ညီအစ်ကိုဟာ အထူးသဖြင့်၊ အစည်းအဝေး အစမှာ “အရှည်ကြီး” ဆုမတောင်းသင့်ဘူး။—မ. ၆:၇။
ဆုတောင်းခြင်းကို ဘဝမှာ အဓိကထားပါ
၁၉။ ယေဟောဝါရဲ့ တရားစီရင်ရာနေ့အတွက် အသင့်ဖြစ်နေဖို့ ဘာက ကူညီပေးမလဲ။
၁၉ ယေဟောဝါရဲ့ တရားစီရင်ရာနေ့ နီးလာတာနဲ့အမျှ ဆုတောင်းခြင်းကို ပိုအလေးအနက် ထားဖို့ လိုအပ်တယ်။ ‘နိုးကြားနေပါ။ အမြဲ တိုးလျှိုးအသနားခံပါ။ ဒါမှ ဒါတွေ ဖြစ်ပျက်လာတဲ့အခါ ခင်ဗျားတို့ လွတ်မြောက်နိုင်လိမ့်မယ်’ လို့ ယေရှု ပြောတယ်။ (လု. ၂၁:၃၆) မပြတ် ဆုတောင်းခြင်းက ယုံကြည်ခြင်း ခိုင်ခံ့စေဖို့၊ ဘုရားရဲ့ တရားစီရင်ရာနေ့အတွက် အသင့်ဖြစ်နေဖို့ ကူညီပေးပါလိမ့်မယ်။
၂၀။ ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေဟာ ဘယ်လိုနည်းနဲ့ မွှေးကြိုင်တဲ့ နံ့သာပေါင်းနဲ့ တူနိုင်သလဲ။
၂၀ ဘာတွေ သိခဲ့ရပြီလဲ။ ဆုတောင်းခွင့်ကို ကျွန်တော်တို့ သိပ်တန်ဖိုးထားကြတယ်။ ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ တိုက်ရိုက် ဆက်စပ်နေတဲ့ အရေးကိစ္စတွေအတွက် အလေးပေး ဆုတောင်းသင့်တယ်။ ဘုရားသားတော်အတွက်၊ နိုင်ငံတော် အုပ်ချုပ်မှုအတွက် ကျေးဇူးတင်ချီးမွမ်းသင့်တယ်။ ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးသင့်တယ်။ ကိုယ့်ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ရာတွေအတွက်လည်း ဆုတောင်းနိုင်တယ်။ ဘာတွေ ထည့်ဆုတောင်းမယ်ဆိုတာ ဂရုတစိုက် စဉ်းစားတာဟာ ဆုတောင်းခွင့်ကို တန်ဖိုးထားကြောင်း ပြတာပဲ။ ဒါဆိုရင် ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေဟာ မွှေးကြိုင်တဲ့ နံ့သာပေါင်းလို ဖြစ်ပြီး ယေဟောဝါ “နှစ်သက်” ပါလိမ့်မယ်။—ပညာ. ၁၅:၈။
သီချင်း ၄၅ ကျွန်တော့်နှလုံးအကြံအစည်
a ယေဟောဝါဆီ ဆုတောင်းချဉ်းကပ်ခွင့်ကို ကျွန်တော်တို့ အလွန် တန်ဖိုးထားကြတယ်။ ဆုတောင်းချက်တွေကို ဘုရား နှစ်သက်တဲ့၊ မွှေးကြိုင်တဲ့ နံ့သာပေါင်းလို ဖြစ်စေချင်ကြတယ်။ ဘာတွေအတွက် ဆုတောင်းနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွားပါမယ်။ တခြားသူတွေအတွက် ကိုယ်စားပြု ဆုတောင်းပေးရတဲ့အခါ သတိရသင့်တဲ့ အချက်တချို့ကိုလည်း ဆွေးနွေးသွားပါမယ်။
b ပုံအညွှန်း– ကျောင်းမှာ သမီး ဘေးကင်းရေး၊ သက်ကြီးဖခင်ရဲ့ ကျန်းမာရေးနဲ့ ကျမ်းစာသင်သားရဲ့တိုးတက်မှုအတွက် ဇနီးနဲ့အတူ ခင်ပွန်း ဆုတောင်းနေ။
c ပုံအညွှန်း– ယေရှုရဲ့ ရွေးဖိုး ပူဇော်သက္ကာ၊ လှပတဲ့ ကမ္ဘာမြေ စံအိမ်၊ အာဟာရ ရှိတဲ့ အစားအစာတွေအတွက် လူငယ်ညီအစ်ကို ယေဟောဝါကို ကျေးဇူးတင်ချီးမွမ်းနေ။
d ပုံအညွှန်း– အုပ်ချုပ်ရေး အဖွဲ့ကို စွမ်းအားတော် ပေးဖို့၊ သဘာဝဘေး၊ နှိပ်စက်ညှဉ်းပန်းမှု ကြုံနေရသူတွေကို ကူညီပေးဖို့ ယေဟောဝါဆီ ညီအစ်မ ဆုတောင်းနေ။