လေ့လာရန် ဆောင်းပါး ၅၀
“လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ”
“သေမင်း၊ မင်းရဲ့ အောင်ပွဲ ဘယ်မှာလဲ။ သေမင်း၊ မင်းရဲ့ အဆိပ်ဆူး ဘယ်မှာလဲ။”—၁ ကော. ၁၅:၅၅။
သီချင်း ၁၄၁ အံ့ဖွယ်အသက်
အကြိုသုံးသပ်ချက် *
၁-၂။ ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းအကြောင်း ခရစ်ယာန်အားလုံး ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။
ယေဟောဝါကို ဝတ်ပြုနေသူ အများစုဟာ မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေ ဖြစ်တယ်။ ဒါပေမဲ့ ဘိသိက်ခံ ခရစ်ယာန် အကြွင်းအကျန်ကတော့ ကောင်းကင်ကို ထမြောက်ဖို့ မျှော်လင့်ချက် ရှိကြတယ်။ အဲဒီဘိသိက်ခံတွေဟာ ကောင်းကင်မှာ ဘယ်လို အသက်တာမျိုး ရမယ်ဆိုတာ သိပ်စိတ်ဝင်စားကြတယ်။ အဲဒီအကြောင်း မြေကြီး မျှော်လင့်ချက် ရှိသူတွေလည်း ဘာကြောင့် စိတ်ဝင်စားသင့်သလဲ။ ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းက မြေကြီးပေါ် ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိသူတွေအတွက်လည်း ကောင်းချီး ရစေမယ်ဆိုတာ ကျွန်တော်တို့ သိလာရပါမယ်။ ဒါကြောင့် ကောင်းကင် မျှော်လင့်ချက် ရှိသူ ဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူ ဖြစ်စေ ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းအကြောင်း စိတ်ဝင်စားသင့်တယ်။
၂ ကောင်းကင် မျှော်လင့်ချက်အကြောင်း ရေးဖို့ ယေရှုရဲ့ ပထမရာစု တပည့်တချို့ကို ဘုရား လမ်းညွှန်ပေးတယ်။ “ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ သားသမီးတွေ ဖြစ်နေကြပေမဲ့ အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ ဘုရားသခင် မဖော်ပြသေးဘူး။ ဖော်ပြတဲ့အခါကျရင်တော့ ဘုရားသခင်လို ဖြစ်လာလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိတယ်” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၃:၂) ဒါကြောင့် နာမ်ဝိညာဉ်ခန္ဓာနဲ့ ကောင်းကင်ကို ထမြောက်တဲ့အခါ ဘယ်လို ဖြစ်မယ်ဆိုတာ ဘိသိက်ခံ ခရစ်ယာန်တွေ မသိကြဘူး။ ယေဟောဝါကို တကယ် မြင်ကြရမယ်ဆိုတာတော့ သိတယ်။ ကျမ်းစာမှာ ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းအကြောင်း အသေးစိတ် မဖော်ပြထားပေမဲ့ အချက်အလက်တချို့ ကိုတော့ တမန်တော် ပေါလု ပြောတယ်။ “အစိုးရရှိသမျှ၊ အခွင့်အာဏာနဲ့ တန်ခိုးရှိသမျှ” နဲ့ “နောက်ဆုံးရန်သူ ဖြစ်တဲ့ သေခြင်း” ကို ခရစ်တော် “ဖျက်ဆီး” ချိန်မှာ ဘိသိက်ခံတွေဟာ ခရစ်တော်နဲ့အတူ ရှိနေကြလိမ့်မယ်။ နောက်ဆုံး၊ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေဟာ အရာခပ်သိမ်းကို ယေဟောဝါဆီ ပြန်အပ်ကြမယ်။ ကိုယ်တိုင်လည်း ဘုရားကို လက်အောက်ခံကြမယ်။ (၁ ကော. ၁၅:၂၄-၂၈) တကယ့်ကို စိတ်လှုပ်ရှားစရာ အချိန် ဖြစ်ပါလိမ့်မယ်။ *
၃။ ၁ ကောရိန္သု ၁၅:၃၀-၃၂ အရ ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်က ပေါလုကို ဘယ်လို ကူညီပေးသလဲ။
၃ ပေါလုဟာ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်တဲ့အတွက် စမ်းသပ်မှု အမျိုးမျိုးကို ခံရပ်နိုင်ခဲ့တယ်။ (၁ ကောရိန္သု ၁၅:၃၀-၃၂ ကိုဖတ်ပါ။) “သေဘေးနဲ့ နေ့စဉ် ကြုံနေရတယ်” လို့ ကောရိန္သုမြို့က ခရစ်ယာန်တွေကို ပေါလု ပြောတယ်။ “ဧဖက်မြို့မှာ သားရဲတိရစ္ဆာန်တွေနဲ့ တိုက်ခိုက်ခဲ့ရတာ” လို့လည်း ဆက်ပြောတယ်။ ဧဖက်မြို့ အားကစားရုံမှာ တကယ့်သားရဲတွေနဲ့ တိုက်ခိုက်ခဲ့တာကို ပြောနေတာ ဖြစ်နိုင်တယ်။ (၂ ကော. ၁:၈။ ၄:၁၀။ ၁၁:၂၃) ရန်လိုတဲ့ ဂျူးတွေနဲ့ တခြားသူတွေကို “သားရဲတိရစ္ဆာန်တွေ” နဲ့ ခိုင်းနှိုင်းတာလည်း ဖြစ်နိုင်တယ်။ (တ. ၁၉:၂၆-၃၄။ ၁ ကော. ၁၆:၉) ဘာပဲဖြစ်ဖြစ် ကြီးမားတဲ့ အသက်အန္တရာယ်တွေ ကြုံခဲ့ရတယ်။ ဒါပေမဲ့ ပေါလုရဲ့ အနာဂတ် မျှော်လင့်ချက် မှေးမှိန်မသွားဘူး။—၂ ကော. ၄:၁၆-၁၈။
၄။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ဒီနေ့ခေတ် ခရစ်ယာန်တွေကို ဘယ်လို အားရှိစေသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၄ ကျွန်တော်တို့လည်း အန္တရာယ်ရှိတဲ့အချိန်မှာ အသက်ရှင်နေရတယ်။ ညီအစ်ကို/မတချို့ဟာ အကြမ်းဖက် တိုက်ခိုက်ခံနေရတယ်။ တချို့က ဘေးကင်းလုံခြုံမှု မရှိတဲ့ စစ်ဘေးသင့်ဒေသတွေ၊ ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်၊ ပိတ်ပင်ထားတဲ့ ဒေသတွေမှာ နေထိုင်ရတယ်။ အသက် အန္တရာယ်၊ ထောင်ကျနိုင်တဲ့ အန္တရာယ်တွေကြား ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုနေကြတယ်။ ကျွန်တော်တို့အတွက် ပုံသက်သေကောင်းပါပဲ။ လောလောဆယ် သေဆုံးသွားရင်တောင် အနာဂတ်မှာ ပိုကောင်းတဲ့ဘဝ ရမယ်ဆိုတဲ့ ယေဟောဝါရဲ့ ကတိကို သိထားလို့ သူတို့ မကြောက်ကြဘူး။
၅။ အန္တရာယ်ရှိတဲ့ ဘယ်သဘောထားက ရှင်ပြန်ထမြောက်ခြင်း ယုံကြည်ချက်ကို အားနည်းသွားစေနိုင်သလဲ။
၅ “လူသေတွေ အသက်ပြန်မရှင်ဘူးဆိုရင် ‘စားကြ၊ သောက်ကြစို့။ မနက်ဖြန် သေရမှာပဲ’” ဆိုတဲ့ အန္တရာယ်ရှိတဲ့ သဘောထားနဲ့ပတ်သက်ပြီး ညီအစ်ကိုတွေကို ပေါလု သတိပေးတယ်။ တကယ်တော့ ပေါလုခေတ် မတိုင်ခင်ကတည်းက လူတချို့မှာ အဲဒီလို သဘောထား ရှိနေတာ။ ဟေရှာယ ၂၂:၁၃ ကို ပေါလု ကိုးကားနေတာ ဖြစ်နိုင်တယ်။ အစ္စရေးတွေဟာ ဘုရားသခင်နဲ့ ရင်းနှီးအောင် လုပ်မယ့်အစား အပျော်အပါးကိုပဲ လိုက်စားနေကြတယ်။ “မနက်ဖြန်ဆိုတာ မသေချာလို့ ဒီနေ့အတွက်ပဲ အသက်ရှင်ပါ” ဆိုတဲ့ အစ္စရေးတွေရဲ့ သဘောထားမျိုး ဒီနေ့ခေတ်မှာလည်း ရှိနေတယ်။ ဒါပေမဲ့ အဲဒီလို မှားယွင်းတဲ့ သဘောထားကြောင့် အစ္စရေးတွေ ဆိုးကျိုး ကြုံခဲ့ရတာကို ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။—၂ ရာ. ၃၆:၁၅-၂၀။
၆။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က အပေါင်းအသင်း ရွေးချယ်မှုအပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။
၆ သေဆုံးသူတွေကို ယေဟောဝါ ထမြောက်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်ကို ကျွန်တော်တို့ မြတ်နိုးတယ်။ ဒါက အပေါင်းအသင်း ရွေးချယ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိသင့်တယ်။ ကောရိန္သုမြို့မှာ ရှိတဲ့ ညီအစ်ကိုတွေဟာ ထမြောက်ခြင်းကို မယုံသူတွေနဲ့ မပေါင်းဖို့ သတိထားခဲ့ရတယ်။ ဘာသင်ခန်းစာ ရသလဲ။ လက်ရှိအတွက်ပဲ အသက်ရှင်နေသူတွေနဲ့ ပုံမှန် ပေါင်းသင်းခြင်းက ဘာအကျိုးမှ မရှိဘူး။ အဲဒီလို လူတွေနဲ့ ပုံမှန် ပေါင်းသင်းနေရင် ခရစ်ယာန်စစ်တစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ သဘောထားနဲ့ အကျင့်ကောင်းတွေ ပျက်စီးသွားနိုင်တယ်။ ဘုရားမုန်းတာတွေကိုတောင် လုပ်မိနိုင်တယ်။ ဒါကြောင့် “အသိတရား ၁ ကော. ၁၅:၃၃၊ ၃၄။
ရပြီး ဖြောင့်မတ်တဲ့အရာကို လုပ်ကြပါ။ အပြစ် မလုပ်ပါနဲ့တော့” လို့ ပေါလု ပြင်းပြင်းထန်ထန် သတိပေးတယ်။—ဘယ်လို ခန္ဓာမျိုးလဲ
၇။ ၁ ကောရိန္သု ၁၅:၃၅-၃၈ မှာ ပြောထားတဲ့အတိုင်း ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး လူတချို့ ဘယ်လို မေးနိုင်သလဲ။
၇ ၁ ကောရိန္သု ၁၅:၃၅-၃၈ ကိုဖတ်ပါ။ ရှင်ပြန်ထမြောက်ခြင်းကို သံသယဝင်စေဖို့ လူတချို့က “လူသေတွေ ဘယ်လို အသက်ပြန်ရှင်လာမှာလဲ” လို့ မေးနိုင်တယ်။ ဒီနေ့ခေတ် လူများစွာမှာ တမလွန်ဘဝနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်ခံယူချက်တွေ ရှိတဲ့အတွက် ပေါလုရဲ့ အဖြေကို ကျွန်တော်တို့ သုံးသပ်သင့်တယ်။ ကျမ်းစာမှာ ဘာပြောထားသလဲ။
၈။ ကောင်းကင်ဆိုင်ရာ ထမြောက်ခြင်းအကြောင်း နားလည်ဖို့ ဘယ်ဥပမာက ကူညီပေးနိုင်သလဲ။
၈ လူတစ်ယောက် သေဆုံးတဲ့အခါ ခန္ဓာကိုယ် ပျက်စီးသွားတယ်။ ဒါပေမဲ့ ဘာမှ မရှိတဲ့ အခြေအနေကနေ စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းထားတဲ့ အရှင်ဟာ အဲဒီလူကို သင့်တော်တဲ့ ခန္ဓာကိုယ်နဲ့ ပြန်ထမြောက်ပေးနိုင်တယ်။ (က. ၁:၁။ ၂:၇) ကောင်းကင်ကို ထမြောက်တဲ့အခါ နဂို ခန္ဓာကိုယ်အဟောင်းအတိုင်း ဖြစ်မှာ မဟုတ်ကြောင်း ဖော်ပြဖို့ ပေါလု ဥပမာတစ်ခု သုံးတယ်။ “မျိုးစေ့” အကြောင်း စဉ်းစားကြည့်ပါ။ မျိုးစေ့ကို မြေကြီးထဲ စိုက်တဲ့အခါ အညှောက်ထွက်ပြီး အပင်သစ် ပေါက်လာတယ်။ အဲဒီအပင်သစ်ဟာ နဂိုမူလ မျိုးစေ့နဲ့ အတော်ကွာခြားတယ်။ ဖန်ဆင်းရှင်က “အလိုရှိတဲ့အတိုင်း” ခန္ဓာပေးနိုင်ကြောင်း အဲဒီဥပမာကို သုံးပြီး ပေါလု ရှင်းပြတယ်။
၉။ ခန္ဓာ ကွာခြားမှုတွေအကြောင်း ၁ ကောရိန္သု ၁၅:၃၉-၄၁ မှာ ဘာပြောထားသလဲ။
၉ ၁ ကောရိန္သု ၁၅:၃၉-၄၁ ကိုဖတ်ပါ။ ဖန်ဆင်းရာ အမျိုးမျိုးအကြောင်း ပေါလု ပြောတယ်။ ဥပမာ၊ မြေကြီးပေါ်မှာ နွား၊ ငှက်၊ ငါး စသဖြင့် ခန္ဓာအမျိုးမျိုး ရှိတယ်။ ကောင်းကင်မှာလည်း နေနဲ့ လ ကွာခြားကြောင်း၊ “ကြယ်တစ်လုံးနဲ့ တစ်လုံး အလှကျက်သရေ မတူ” ကြောင်း ပြောတယ်။ ကျွန်တော်တို့ရဲ့ ပကတိမျက်စိနဲ့ မမြင်နိုင်ပေမဲ့ ကြယ် အကြီး၊ အသေး၊ အနီ၊ အဖြူ၊ နေလိုမျိုး အဝါရောင်ကြယ် တွေ ရှိကြောင်း သိပ္ပံပညာရှင်တွေ ပြောကြတယ်။ “ကောင်းကင်ပေါ်ကအရာတွေဟာ မြေကြီးပေါ်ကအရာတွေနဲ့ ခန္ဓာချင်း မတူကြဘူး” လို့လည်း ပေါလု ပြောတယ်။ ဘယ်လို မတူတာလဲ။ မြေကြီးပေါ်မှာ ကျွန်တော်တို့ဟာ သွေးသားခန္ဓာ ရှိတယ်။ ကောင်းကင်မှာတော့ ကောင်းကင်တမန်တွေရဲ့ ခန္ဓာလိုမျိုး နာမ်ဝိညာဉ်ခန္ဓာတွေ ရှိတယ်။
၁၀။ ကောင်းကင်ကို ထမြောက်မယ့်သူတွေ ဘယ်လို ခန္ဓာမျိုး ရမလဲ။
၁၀ “လူသေတွေ ရှင်ပြန်ထမြောက်တာလည်း အဲဒီလိုပဲ။ သေဆုံးတဲ့ ခန္ဓာကိုယ်ဟာ ပုပ်ပျက်သွားတယ်။ အသက်ပြန်ရှင်လာတဲ့ ခန္ဓာကိုယ်ဟာ မပုပ်ပျက်နိုင်ဘူး” လို့ ပေါလု ဆက်ပြောတယ်။ လူတစ်ယောက် သေဆုံးတဲ့အခါ ခန္ဓာကိုယ် ပျက်စီးပြီး မြေမှုန့် ပြန်ဖြစ်သွားတယ်။ (က. ၃:၁၉) ဒါဆိုရင် “အသက်ပြန်ရှင်လာတဲ့ ခန္ဓာကိုယ်ဟာ မပုပ်ပျက်နိုင်ဘူး” လို့ ဘာကြောင့် ပြောတာလဲ။ ဧလိယ၊ ဧလိရှဲနဲ့ ယေရှု ထမြောက်ပေးခဲ့သူတွေအကြောင်း ပေါလု ပြောနေတာ မဟုတ်ဘူး။ “ဝိညာဉ်ခန္ဓာ” နဲ့ ကောင်းကင်ကို ရှင်ပြန်ထမြောက်သူတွေအကြောင်း ပြောနေတာ။—၁ ကော. ၁၅:၄၂-၄၄။
၁၁-၁၂။ ယေရှု ထမြောက်ချိန်မှာ ဘယ်အပြောင်းအလဲ ဖြစ်ခဲ့သလဲ။ အဲဒီလို အပြောင်းအလဲကို ဘိသိက်ခံတွေ ဘယ်လို ကြုံတွေ့ရမလဲ။
၁၁ ယေရှု မြေကြီးပေါ် ရှိတုန်းက သွေးသားခန္ဓာ ရှိခဲ့တယ်။ ဒါပေမဲ့ ထမြောက်တဲ့အခါ “အသက်ရှင်စေတဲ့ ဝိညာဉ်ပုဂ္ဂိုလ်” ဖြစ်လာပြီး ကောင်းကင်ကို ပြန်တက်သွားတယ်။ အဲဒီလိုပဲ၊ ဘိသိက်ခံ ခရစ်ယာန်တွေလည်း နာမ်ဝိညာဉ်ခန္ဓာနဲ့ ထမြောက်ပါလိမ့်မယ်။ “ကျွန်တော်တို့ဟာ မြေမှုန့်နဲ့ ဖန်ဆင်းခံရတဲ့သူနဲ့ တူသလို ကောင်းကင်က လာတဲ့သူနဲ့လည်း တူလိမ့်မယ်” လို့ ပေါလု ရှင်းပြတယ်။—၁ ကော. ၁၅:၄၅-၄၉။
၁၂ ရှင်ပြန်ထမြောက်ခြင်းအကြောင်း ပေါလု ဆွေးနွေးတာ အထွတ်အထိပ်ကို ရောက်လာပါပြီ။ ယေရှု လူ့ခန္ဓာကိုယ်နဲ့ ထမြောက်တာ မဟုတ်ဘူး။ “အသွေးအသားရှိတဲ့ ရုပ်ခန္ဓာဟာ” ကောင်းကင်မှာ ရှိတဲ့ “ဘုရားသခင်ရဲ့ နိုင်ငံတော်ကို အမွေမခံနိုင်ဘူး” လို့ ပေါလု ပြောတယ်။ (၁ ကော. ၁၅:၅၀) တမန်တော်တွေနဲ့ တခြား ဘိသိက်ခံတွေလည်း ပုပ်ပျက်တတ်တဲ့ အသွေးအသား ခန္ဓာနဲ့ ကောင်းကင်ကို ထမြောက်မှာ မဟုတ်ဘူး။ သူတို့ ဘယ်အချိန်မှာ ထမြောက်ကြမလဲ။ သေပြီးပြီးချင်းမှာ မဟုတ်ဘဲ အနာဂတ်မှာ ဖြစ်မယ့် ထမြောက်ခြင်း ဖြစ်တယ်လို့ ပေါလု အလေးပေးတယ်။ ကောရိန္သု ပထမစောင်ကို ပေါလု ရေးတုန်းက တပည့်တချို့ဟာ “သေခြင်းမှာ အိပ်ပျော်နေပြီ။” ဥပမာ၊ တမန်တော် ယာကုပ် ဖြစ်တယ်။ (တ. ၁၂:၁၊ ၂) တခြား တမန်တော်တွေနဲ့ ဘိသိက်ခံတွေကတော့ အသက်ရှင်နေတုန်းပဲ။—၁ ကော. ၁၅:၆။
သေခြင်းကို အောင်ပွဲခံ
၁၃။ ယေရှု ရောက်ရှိနေချိန်အတွင်း ဘာတွေ ဖြစ်မလဲ။
၁၃ ယေရှုနဲ့ ပေါလု နှစ်ယောက်စလုံး အလွန်အရေးကြီးတဲ့ အချိန်အကြောင်း ကြိုဟောတယ်။ အဲဒါကတော့ ခရစ်တော် ရောက်ရှိနေချိန်ပါပဲ။ ခရစ်တော် ရောက်ရှိနေချိန်အတွင်း စစ်ပွဲ၊ မြေငလျင်၊ ကပ်ရောဂါနဲ့ တခြား ဆိုးသွမ်းမှုတွေ ကမ္ဘာတစ်ဝန်းမှာ ဖြစ်လိမ့်မယ်။ ၁၉၁၄ ကတည်းက အဲဒီကျမ်းစာ ကြိုဟောချက် ပြည့်စုံနေတယ်။ ခရစ်တော် ရောက်ရှိနေချိန်အတွင်း အရေးကြီးတာ နောက်တစ်ခု ဖြစ်ဦးမယ်။ ဘုရားသခင့် နိုင်ငံတော် သတင်းကောင်းကို “လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံး ရောက်လာလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၂၄:၃၊ ၇-၁၄) “သေခြင်းမှာ အိပ်ပျော်” သွားတဲ့ ဘိသိက်ခံ ခရစ်ယာန်တွေဟာ “သခင် ရောက်ရှိနေချိန်” အတွင်း ထမြောက်လိမ့်မယ်လို့ ပေါလု ပြောတယ်။—၁ သက်. ၄:၁၄-၁၆။ ၁ ကော. ၁၅:၂၃။
၁၄။ ခရစ်တော် ရောက်ရှိနေချိန်အတွင်း သေဆုံးသွားတဲ့ ဘိသိက်ခံတွေဟာ ဘာဖြစ်ကြမလဲ။
၁၄ ဒီနေ့ခေတ် ဘိသိက်ခံတွေ သေဆုံးတဲ့အခါ ကောင်းကင်အသက်တာကို ချက်ချင်း ထမြောက်ကြတယ်။ အဲဒီအချက်ကို ၁ ကောရိန္သု ၁၅:၅၁၊ ၅၂ မှာ ပေါလု ပြောတဲ့စကားတွေက ထောက်ခံတယ်။ “ကျွန်တော်တို့အားလုံး ပြောင်းလဲသွားကြမှာ။ နောက်ဆုံးခရာမှုတ်ချိန် အတောအတွင်းမှာ တစ်ခဏချင်း မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားမှာ။” ပေါလုရဲ့ စကားတွေ အခု ပြည့်စုံနေတယ်။ ခရစ်တော် ရဲ့ ညီတွေဟာ ထမြောက်တဲ့အခါ “သခင်နဲ့အတူ အမြဲ ရှိနေ” မှာ ဖြစ်လို့ အလွန် ဝမ်းသာကြလိမ့်မယ်။—၁ သက်. ၄:၁၇။
၁၅။ “မျက်စိတစ်မှိတ်အတွင်း” ပြောင်းလဲသွားသူတွေအတွက် ဘယ်အလုပ် စောင့်ကြိုနေသလဲ။
၁၅ “မျက်စိတစ်မှိတ်အတွင်း” ပြောင်းလဲသွားသူတွေ ကောင်းကင်မှာ ဘာလုပ်ကြမလဲဆိုတာ ကျမ်းစာမှာ ပြောတယ်။ “ငါ့လမ်းစဉ်အတိုင်း အဆုံးအထိ လျှောက်လှမ်းပြီး အောင်မြင်သူကို လူမျိုးတွေအပေါ် အုပ်ချုပ်နိုင်တဲ့ အခွင့်အာဏာ ငါပေးမယ်။ အဖဘုရားဆီက အခွင့်အာဏာကို ငါရရှိသလိုမျိုးပေါ့။ သူက လူတွေကို သံလှံတံနဲ့ အုပ်ချုပ်လိမ့်မယ်။ လူတွေဟာ မြေအိုးတွေလို အစိတ်စိတ်အမြွှာမြွှာ ကွဲသွားလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (ဗျာ. ၂:၂၆၊ ၂၇) ခေါင်းဆောင် ယေရှုနဲ့အတူ လူမျိုးတွေကို သံလှံတံနဲ့ အုပ်ချုပ်ကြလိမ့်မယ်။—ဗျာ. ၁၉:၁၁-၁၅။
၁၆။ လူများစွာဟာ သေခြင်းကို ဘယ်လို သဘောမျိုးနဲ့ အောင်မြင်ကြမလဲ။
၁၆ ဘိသိက်ခံတွေ သေခြင်းကို အောင်မြင်ကြမှာ သေချာတယ်။ (၁ ကော. ၁၅:၅၄-၅၇) သူတို့ ကောင်းကင်ကို ထမြောက်သွားတဲ့အတွက် လာမယ့် အာမဂေဒုန်စစ်ပွဲအတွင်း ဆိုးသွမ်းမှု မှန်သမျှကို ကမ္ဘာပေါ်ကနေ ဖယ်ရှားရာမှာ ကူညီခွင့် ရကြလိမ့်မယ်။ တခြားသစ္စာရှိ ခရစ်ယာန် အမျိုးသား/သမီး သန်းပေါင်းများစွာကတော့ “ကြီးစွာသောဒုက္ခကနေ” လွတ်မြောက်ပြီး ကမ္ဘာသစ်ထဲ ဝင်ကြလိမ့်မယ်။ (ဗျာ. ၇:၁၄) သေခြင်းအပေါ် နောက်ထပ် အောင်ပွဲခံတာကို မြင်တွေ့ခွင့် ရကြလိမ့်မယ်။ အဲဒါကတော့ သေဆုံးသူ သန်းထောင်ပေါင်းများစွာ ရှင်ပြန်ထမြောက်လာခြင်းပါပဲ။ ဘယ်လောက် ရွှင်လန်းစရာ အချိန် ဖြစ်မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ (တ. ၂၄:၁၅) ယေဟောဝါကို အပြည့်အဝ သစ္စာစောင့်သိသူအားလုံးဟာ အမွေရထားတဲ့ သေခြင်းကို အောင်မြင်ပြီး ထာဝစဉ် အသက်ရှင်နိုင်ကြပါလိမ့်မယ်။
၁၇။ ၁ ကောရိန္သု ၁၅:၅၈ အရ အခု ဘာလုပ်သင့်သလဲ။
၁၇ ရှင်ပြန်ထမြောက်ခြင်းနဲ့ပတ်သက်ပြီး ကောရိန္သုမြို့သားတွေဆီ ပေါလု ရေးခဲ့တဲ့ စာအတွက် ခရစ်ယာန် ယောက်တိုင်း ကျေးဇူးတင်သင့်တယ်။ “သခင့်အလုပ်မှာ” အလုပ်များနေပါဆိုတဲ့ ပေါလုရဲ့ တိုက်တွန်းချက်ကို လိုက်နာသင့်တယ်။ (၁ ကောရိန္သု ၁၅:၅၈ ကိုဖတ်ပါ။) အဲဒီလုပ်ငန်းမှာ သစ္စာရှိရှိ တက်တက်ကြွကြွ ပါဝင်မယ်ဆိုရင် ရွှင်လန်းစရာ အနာဂတ်ကို ရရှိခံစားနိုင်ပါလိမ့်မယ်။ အဲဒီအနာဂတ်ဟာ ကိုယ်စိတ်ကူးနိုင်တာထက် များစွာ သာလွန်ပါလိမ့်မယ်။ သခင့်အတွက် ကြိုးစားအားထုတ်နေတာတွေ အချည်းနှီး မဖြစ်မှာ သေချာပါတယ်။
သီချင်း ၁၄၀ အဆုံးမဲ့ အသက်တာ ရောက်လာပြီ
^ အပိုဒ်၊ 5 ကောရိန္သု ပထမစောင် အခန်းကြီး ၁၅ ရဲ့ ဒုတိယပိုင်းမှာ အထူးသဖြင့် ဘိသိက်ခံ ခရစ်ယာန်တွေရဲ့ ရှင်ပြန်ထမြောက်ခြင်းအကြောင်း အသေးစိတ် ဖော်ပြတယ်။ ဒါပေမဲ့ ပေါလု ရေးခဲ့တဲ့ စကားတွေက တခြားသိုးတွေအတွက်လည်း အရေးပါတယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က လောလောဆယ် ကျွန်တော်တို့ရဲ့ ဘဝကို ဘယ်လို အကျိုးသက်ရောက်သင့်ကြောင်း၊ အနာဂတ်ကို စောင့်မျှော်ဖို့ ဘယ်လို ကူညီပေးကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 2 ၁ ကောရိန္သု ၁၅:၂၉ မှာပါတဲ့ ပေါလုရဲ့ စကားတွေကို ဒီစာစောင်ထဲက “စာရှုသူများထံမှ မေးခွန်းလွှာ” မှာ ဆွေးနွေးထားတယ်။