လေ့လာရန် ဆောင်းပါး ၄၉
တခြားသူတွေကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး ဝတ်ပြုရာကျမ်းထဲက သင်ခန်းစာများ
“လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။”—ဝတ်. ၁၉:၁၈။
သီချင်း ၁၀၉ နှစ်နှစ်ကာကာ ချစ်ကြပါ
အကြိုသုံးသပ်ချက် *
၁-၂။ ရှေ့ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးခဲ့သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
ဝတ်ပြုရာ အခန်းကြီး ၁၉ ထဲက လက်တွေ့ကျ အကြံဉာဏ်တချို့ကို ရှေ့ဆောင်းပါးမှာ ဆွေးနွေးခဲ့ကြတယ်။ ဥပမာ၊ အခန်းငယ် ၃ မှာ မိဘကို ရိုသေဖို့ အစ္စရေးတွေကို ယေဟောဝါ မိန့်မှာတယ်။ မိဘတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်ချက်တွေကို ဂရုစိုက်ပေးခြင်းအားဖြင့် အဲဒီအကြံဉာဏ်ကို ဘယ်လို လိုက်လျှောက်နိုင်ကြောင်း ဆွေးနွေးခဲ့ကြတယ်။ အခန်းငယ် ၃ မှာပဲ ဥပုသ်နေ့ကို စောင့်ထိန်းဖို့ အစ္စရေးတွေကို ဘုရား မှာတယ်။ ဒီနေ့ခေတ် ကျွန်တော်တို့ဟာ ဥပုသ်ပညတ်အောက်မှာ မရှိတော့ပေမဲ့ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ ကိစ္စတွေအတွက် ပုံမှန် အချိန် ဖယ်ထားခြင်းအားဖြင့် အဲဒီမူကို လိုက်နာနိုင်တယ်။ ဒီနည်းအားဖြင့် ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ပြောထားတဲ့အတိုင်း သန့်ရှင်းဖို့ ကြိုးစားနေကြောင်း ဖော်ပြရာရောက်ပါလိမ့်မယ်။
၂ ဝတ်ပြုရာ အခန်းကြီး ၁၉ ထဲက တခြား အခန်းငယ်တွေကို ဒီဆောင်းပါးမှာ ဆက်ဆွေးနွေးကြပါမယ်။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို စာနာမှု ပြခြင်း၊ စီးပွားရေး လုပ်တဲ့အခါ ရိုးသားခြင်း၊ အချင်းချင်း မေတ္တာပြခြင်းနဲ့ပတ်သက်ပြီး ဒီအခန်းကြီးက ဘာတွေ သင်ပေးနိုင်သလဲ။ ဘုရားသခင် သန့်ရှင်းတဲ့အတွက် ကျွန်တော်တို့လည်း သန့်ရှင်းချင်ကြတယ်။ ဘာတွေ သင်ယူနိုင်ကြောင်း ကြည့်ကြစို့။
ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာမှု ပြပါ
၃-၄။ ဝတ်ပြုရာ ၁၉:၁၄ အရ နားမကြားသူ၊ မျက်စိ မမြင်သူတွေကို ဘယ်လို ဆက်ဆံရမလဲ။
၃ ဝတ်ပြုရာ ၁၉:၁၄ ကို ဖတ်ပါ။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာဖို့ ယေဟောဝါ တောင်းဆိုထားတယ်။ ဥပမာ၊ အစ္စရေးတွေ ဟာ နားမကြားသူကို မကျိန်ဆဲရဘူး။ အဲဒီထဲမှာ ခြိမ်းခြောက်တာ၊ မကောင်းပြောတာ ပါဝင်တယ်။ တကယ် ဆိုးရွားတဲ့ လုပ်ရပ်ပဲ။ ကိုယ်ပြောတာ မကြားလို့ နားမကြားသူခမျာ ဘာမှ မတုံ့ပြန်နိုင်ဘူး။
၄ “မျက်မမြင်ရှေ့မှာ ခလုတ်တိုက်စရာ မချထားနဲ့” လို့ အခန်းငယ် ၁၄ မှာ ဆက်ပြောတယ်။ “ရှေးခေတ် အရှေ့အလယ်ပိုင်းဒေသမှာ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေဟာ မမျှမတ၊ ရက်ရက်စက်စက် ဆက်ဆံခံရလေ့ ရှိတယ်” လို့ စာအုပ်တစ်အုပ်က ဆိုတယ်။ ထောက်ထားစာနာမှု မရှိသူတချို့ဟာ မျက်စိ မမြင်သူ တကယ် ထိခိုက်အောင် ဒါမှမဟုတ် ဟာသသဘောနဲ့ ခလုတ်တိုက်စရာ တစ်ခုခု ချထားတာ ဖြစ်နိုင်တယ်။ တကယ့်ကို ကြင်နာမှုမဲ့တဲ့ လုပ်ရပ်ပါပဲ။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာဖို့ ဒီပညတ်ကတစ်ဆင့် မိမိလူမျိုးကို ယေဟောဝါ ကူညီပေးတယ်။
၅။ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာမှု ဘယ်လိုပြနိုင်သလဲ။
၅ ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ယေရှု ထောက်ထားစာနာတယ်။ “မျက်မမြင်တွေ ပြန်မြင်လာပြီ။ ခြေမသန်သူတွေ လမ်းလျှောက်နိုင်ပြီ။ အနာကြီး ရောဂါသည်တွေ ပြန်ကောင်းလာပြီ။ နားမကြားသူတွေ ကြားရပြီ။ သေလွန်သူတွေ အသက်ပြန်ရှင်လာပြီ” လို့ နှစ်ခြင်းပေးသူ ယောဟန်ကို သတင်းပါးလိုက်တာ သတိရပါ။ ယေရှု လုပ်တဲ့ အံ့ဖွယ်အမှုတွေကို မြင်ပြီး “လူအားလုံးက ဘုရားသခင်ကို ချီးမွမ်းကြတယ်။” (လု. ၇:၂၀-၂၂။ ၁၈:၄၃) ခန္ဓာပိုင်း ချို့ယွင်းချက် ရှိသူတွေကို ထောက်ထားစာနာတဲ့ ယေရှုရဲ့ သဘောထားကို ခရစ်ယာန်တွေ တုပကြတယ်။ သူတို့အပေါ် ကြင်နာ၊ ထောက်ထားစာနာပြီး စိတ်ရှည်ကြတယ်။ အံ့ဖွယ်အမှုတွေ လုပ်ဖို့ ကျွန်တော်တို့ကို ယေဟောဝါ တန်ခိုး မပေးထားဘူး။ ဒါပေမဲ့ ပကတိဖြစ်စေ၊ ပုံဆောင်သဘောအရဖြစ်စေ မျက်စိ မမြင်သူတွေကို သတင်းကောင်း ဟောပြောခွင့် ရထားကြတယ်။ မကြာခင် ကမ္ဘာသစ်မှာ လူတိုင်း ပြည့်ဝစုံလင်လာပြီး ပုံဆောင်သဘောအရ မျက်စိ မမြင်သူတွေလည်း မျက်စိ ပြန်မြင်လာမယ်၊ တစ်နည်းအားဖြင့် ဘုရားနဲ့ ဆက်ဆံရေး ပြန်ကောင်းလာမယ်ဆိုတဲ့ သတင်းကောင်းပါပဲ။ (လု. ၄:၁၈) ဒီသတင်းကောင်းကြောင့် ဘုရားကို လူများစွာ ချီးမွမ်းနေကြတယ်။
စီးပွားရေး လုပ်တဲ့အခါ ရိုးသားပါ
၆။ ပညတ်တော် ဆယ်ပါးကို ပိုနားလည်အောင် ဝတ်ပြုရာ အခန်းကြီး ၁၉ က ဘယ်လို ကူညီပေးသလဲ။
၆ ဝတ်ပြုရာ အခန်းကြီး ၁၉ ရဲ့ အခန်းငယ် တချို့ဟာ ပညတ်တော် ဆယ်ပါးထဲက အချက်တွေကို အကျယ်တဝင့် ပြန်ရှင်းပြတယ်။ ဥပမာ၊ ရှစ်ပါးမြောက် ပညတ်မှာ “မခိုးနဲ့” လို့ ရိုးရိုးလေး ပြောထားတယ်။ (ထွ. ၂၀:၁၅) တခြားသူ ပိုင်ဆိုင်ရာ ဘာတစ်ခုကိုမှ မယူသရွေ့ ဒီပညတ်ကို လိုက်နာနေတာပဲလို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ တခြားနည်းတွေနဲ့လည်း ခိုးမှု ကျူးလွန်နိုင်တယ်။
၇။ ခိုးတာနဲ့ပတ်သက်တဲ့ ရှစ်ပါးမြောက် ပညတ်ကို ကုန်သည်တစ်ယောက် ဘယ်လို ချိုးဖောက်မိနိုင်သလဲ။
၇ ကုန်သည်တစ်ယောက်ဟာ တခြားသူ ပိုင်ဆိုင်တာ တစ်ခုမှ မယူဖူးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိနိုင်တယ်။ ဒါပေမဲ့ အရောင်းအဝယ် လုပ်တဲ့အခါ အမြဲ ရိုးသားရဲ့လား။ “တိုင်းထွာတဲ့အခါ၊ ချိန်တွယ်တဲ့အခါ၊ ခြင်တွယ်တဲ့အခါ မရိုးမသား မလုပ်နဲ့။ တိကျတဲ့ ချိန်ခွင်၊ တိကျတဲ့ အလေး၊ တိကျတဲ့ ကုန်ခြောက်အခြင်အတွယ်၊ တိကျတဲ့ အရည်အခြင်အတွယ်ကို သုံးရမယ်” လို့ ဝတ်ပြုရာ ၁၉:၃၅၊ ၃၆ မှာ ယေဟောဝါ မိန့်မှာတယ်။ ဝယ်သူကို လိမ်ပြီး မတိကျတဲ့ ချိန်ခွင်၊ အခြင်အတွယ်တွေ သုံးတာဟာ ခိုးတာပဲ။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါတဲ့ တခြားအခန်းငယ်တွေကလည်း အဲဒီအချက်ကို ပိုရှင်းရှင်းလင်းလင်း နားလည်စေတယ်။
၈။ ရှစ်ပါးမြောက် ပညတ်ရဲ့ နောက်ကွယ်က မူကို ကျင့်သုံးဖို့ ဝတ်ပြုရာ ၁၉:၁၁-၁၃ က ဂျူးတွေကို ဘယ်လို ကူညီပေးသလဲ။ ကျွန်တော်တို့ ဘယ်လို အကျိုးရနိုင်သလဲ။
၈ ဝတ်ပြုရာ ၁၉:၁၁-၁၃ ကို ဖတ်ပါ။ အခန်းငယ် ၁၁ အစမှာ “သူတစ်ပါးပစ္စည်း မခိုးနဲ့” လို့ ပြောထားတယ်။ အခန်းငယ် ၁၃ မှာ “သူတစ်ပါးကို ဖြတ်စားလျှပ်စား မလုပ်နဲ့” လို့ ပြောပြီး ခိုးတာနဲ့ မရိုးမသား စီးပွားရေး လုပ်တာကို ဆက်စပ်ထားတယ်။ ကလိမ်ကကျစ်နည်းနဲ့ စီးပွားရေး လုပ်တာဟာ ခိုးတာနဲ့ ဆက်နွှယ်တယ်။ ရှစ်ပါးမြောက် ပညတ်က ခိုးတာကို တားမြစ်ထားပေမဲ့ ဝတ်ပြုရာကျမ်းမှာ ပါတဲ့ အသေးစိတ် အချက်တွေက အဲဒီပညတ်နောက်ကွယ်က မူကို ဘယ်လို ကျင့်သုံးနိုင်ကြောင်း နားလည်ဖို့ ဂျူးတွေကို ကူညီပေးတယ်။ မရိုးသားတာ၊ ခိုးတာနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ အမြင်ကို စဉ်းစားခြင်းကနေ ကျွန်တော်တို့ အကျိုးရနိုင်တယ်။ ‘ဝတ်ပြုရာ ၁၉:၁၁-၁၃ ကို ဖတ်ပြီးနောက် ငါ့ဘဝမှာ ပြုပြင်ပြောင်းလဲဖို့ လိုတာတွေ၊ အထူးသဖြင့် စီးပွားရေး လုပ်တာနဲ့ပတ်သက်ပြီး ပြုပြင်ဖို့ လိုတာတွေ ရှိသလား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်နိုင်တယ်။
၉။ ဝတ်ပြုရာ ၁၉:၁၃ မှာ ပါတဲ့ ပညတ်က အလုပ်သမားတွေကို ဘယ်လို ကာကွယ်ပေးသလဲ။
၉ စီးပွားရေး လုပ်တဲ့အခါ ခရစ်ယာန်တစ်ယောက် ထည့်စဉ်းစားသင့်တဲ့ နောက်ကဏ္ဍတစ်ခု ရှိသေးတယ်။ “စာရင်းငှားကို လုပ်အားခ နေ့ချင်း ရှင်းပေးလိုက်ပါ။ နောက်နေ့မနက်အထိ မဆိုင်းထားနဲ့” လို့ ဝတ်ပြုရာ ၁၉:၁၃ မှာ ဆက်ပြောတယ်။ စိုက်ပျိုးရေးကို အဓိကထားတဲ့ အစ္စရေးမှာ စာရင်းငှားတွေကို တစ်နေ့တာ ကုန်တဲ့အခါ လုပ်အားခ နေ့ချင်း ရှင်းပေးရတယ်။ အဲဒီလို မရှင်းပေးရင် အဲဒီနေ့အတွက် သူ့မိသားစု စားစရာ ခက်သွားနိုင်တယ်။ ‘သူက ဆင်းရဲပြီး အဲဒီလုပ်အားခနဲ့ အသက်ဆက်နေရတယ်’ လို့ ယေဟောဝါ ပြောတယ်။—တရား. ၂၄:၁၄၊ ၁၅။ မ. ၂၀:၈။
၁၀။ ဝတ်ပြုရာ ၁၉:၁၃ ကနေ ဘာသင်ယူရသလဲ။
၁၀ ဒီနေ့ခေတ်မှာ အလုပ်သမားတွေဟာ နေ့တိုင်း မဟုတ်ဘဲ တစ်လ တစ်ခါ ဒါမှမဟုတ် နှစ်ခါ လုပ်ခ ရတယ်။ ဒါပေမဲ့ ဝတ်ပြုရာ ၁၉:၁၃ မှာ ပါတဲ့ မူက သက်ဆိုင်နေတုန်းပဲ။ အလုပ်ရှင်တချို့ဟာ အလုပ်သမားတွေ ရထိုက်တာထက် အဆများစွာ ဈေးနှိမ်ပြီး လုပ်ခ ပေးကြတယ်။ ရွေးချယ်စရာ မရှိလို့ ဘယ်လောက် လုပ်ခနည်းနည်း လုပ်မှာပဲဆိုတာ အလုပ်ရှင်တွေ သိတယ်။ တကယ်တော့ အဲဒါဟာ ‘စာရင်းငှားရဲ့ လုပ်အားခကို ဆိုင်းထား’ တာပဲ။ စီးပွားရေး လုပ်နေတဲ့ ခရစ်ယာန်တွေဟာ အလုပ်သမားတွေအပေါ် ခေါင်းပုံ မဖြတ်ရဘူး။ ဝတ်ပြုရာ အခန်းကြီး ၁၉ ကနေ ဘာထပ်သင်ယူနိုင်ကြောင်း ကြည့်ကြစို့။
လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ
၁၁-၁၂။ ဝတ်ပြုရာ ၁၉:၁၇၊ ၁၈ ကို ကိုးကားပြီး ဘယ်အချက်ကို ယေရှု အလေးပေးပြောသလဲ။
၁၁ အချင်းချင်း ထိခိုက်အောင် မလုပ်ရုံနဲ့ လုံလောက်ပြီလို့ ဘုရား မယူဆဘူး။ အဲဒါကို ဝတ်ပြုရာ ၁၉:၁၇၊ ၁၈ မှာ တွေ့နိုင်တယ်။ (ဖတ်ပါ။) “လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ပါ” လို့ ဘုရား ရှင်းရှင်းလင်းလင်း မှာတယ်။ ဘုရားမျက်နှာသာ ရချင်တဲ့ ခရစ်ယာန်တွေ အဲဒီအတိုင်း လုပ်ဆောင်ရမယ်။
၁၂ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ ပညတ် အလွန် အရေးကြီးကြောင်း ယေရှု အလေးပေးပြောတယ်။ “ပညတ်ကျမ်းမှာ ဘယ်ပညတ်ဟာ အရေးကြီးဆုံးလဲ” လို့ ဖာရိရှဲတစ်ယောက် မေးတဲ့အခါ ယေဟောဝါကို စိတ်စွမ်း၊ ကိုယ်စွမ်း၊ ဉာဏ်စွမ်း ရှိသမျှနဲ့ ချစ်တာဟာ “ပထမဆုံး၊ အရေးကြီးဆုံး ပညတ်” ဖြစ်တယ်လို့ ယေရှု ဖြေတယ်။ ပြီးနောက် ဝတ်ပြုရာ ၁၉:၁၈ ကို ကိုးကားပြီး “‘လူလူချင်းကို ကိုယ်နဲ့ ထပ်တူ ချစ်ပါ’ ဆိုတဲ့ ဒုတိယပညတ်ဟာ ပထမပညတ်နဲ့ ဆင်တူတယ်” လို့ ပြောတယ်။ (မ. ၂၂:၃၅-၄၀) လူလူချင်း ချစ်ကြောင်း ပြနိုင်တဲ့ နည်းများစွာ ရှိတယ်။ နည်းတချို့ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ တွေ့နိုင်တယ်။
၁၃။ ယောသပ်ရဲ့ လုပ်ရပ်ဟာ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ အကြံဉာဏ်နဲ့ ဘယ်လို ကိုက်ညီသလဲ။
၁၃ လူလူချင်း ချစ်ကြောင်း ပြနိုင်တဲ့ တစ်နည်းကတော့ ဝတ်ပြုရာ ၁၉:၁၈ ပါ အကြံဉာဏ်ကို လိုက်လျှောက်ခြင်းပါပဲ။ “အချင်းချင်း လက်စားမချေနဲ့၊ အငြိုးမထားနဲ့” လို့ ပြောထားတယ်။ တချို့က အလုပ်ဖော်၊ အတန်းဖော်၊ မိသားစုဝင် တစ်ယောက်ကို နှစ်ပေါင်းများစွာ အငြိုးထားကြတယ်။ ယောသပ်ကို အစ်ကို ဆယ်ယောက် အငြိုးထားပြီး နောက်ဆုံးမှာ မုန်းတီးစိတ်ကြောင့် ရောင်းစားလိုက်တာ သတိရပါ။ (က. ၃၇:၂-၈၊ ၂၅-၂၈) ယောသပ်ကတော့ သူတို့လို မဟုတ်ဘူး။ အာဏာရှိလာချိန်မှာ လက်စားချေလို့ ရပေမဲ့ ကရုဏာ ပြခဲ့တယ်။ အငြိုးမထားဘူး။ နောက်ပိုင်း၊ ဝတ်ပြုရာ ၁၉:၁၈ မှာ အဲဒီလိုပဲ အကြံပေးထားတယ်။—က. ၅၀:၁၉-၂၁။
၁၄။ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ မူတွေ ဒီနေ့အထိ သက်ဆိုင်နေဆဲ ဖြစ်ကြောင်း ဘာက ဖော်ပြသလဲ။
၁၄ အငြိုးမထား၊ လက်စားမချေဘဲ ခွင့်လွှတ်တဲ့ ယောသပ်ရဲ့ လုပ်ရပ်ဟာ ဘုရားနှစ်သက်မှု ရချင်တဲ့ ခရစ်ယာန်တွေအတွက် ပုံသက်သေကောင်းပါပဲ။ ယေရှု သင်ပေးတဲ့ စံပြမ. ၆:၉၊ ၁၂) တမန်တော် ပေါလုလည်း “ချစ်ရသူတို့၊ လက်စားမချေပါနဲ့” ဆိုပြီး ခရစ်ယာန်တွေကို တိုက်တွန်းထားတယ်။ (ရော. ၁၂:၁၉) “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ” လို့လည်း အားပေးတယ်။ (ကော. ၃:၁၃) ယေဟောဝါရဲ့ မူတွေ မပြောင်းလဲပါဘူး။ ဝတ်ပြုရာ ၁၉:၁၈ မှာ ပါတဲ့ ပညတ်နောက်ကွယ်က မူတွေ ဒီနေ့အထိ သက်ဆိုင်နေဆဲပါပဲ။
ဆုတောင်းချက်နဲ့လည်း ကိုက်ညီတယ်။ ကိုယ့်ကို ပြစ်မှားသူတွေကို ခွင့်လွှတ်ဖို့ ယေရှု ပြောတယ်။ (၁၅။ ခွင့်လွှတ်ပြီး မေ့ပစ်သင့်ကြောင်း နားလည်အောင် ဘယ်ဥပမာက ကူညီပေးသလဲ။
၁၅ ဥပမာတစ်ခု စဉ်းစားကြည့်ပါ။ နာကြည်းနေတဲ့ ခံစားချက်ကို ပကတိ ဒဏ်ရာနဲ့ နှိုင်းယှဉ်နိုင်တယ်။ ဒဏ်ရာတချို့က သေးတယ်။ တချို့ကတော့ ကြီးတယ်။ ဥပမာ၊ ကြက်သွန် လှီးရင်း လက်ရှသွားတယ်။ နာပေမဲ့ ခဏလေးနဲ့ ပျောက်သွားတယ်။ နောက်တစ်ရက် နှစ်ရက်လောက်ဆို ဘယ်နား လက်ရှမှန်းတောင် မသိတော့ဘူး။ အဲဒီလိုပဲ စိတ်ဒဏ်ရာတချို့က သိပ်မကြီးကျယ်ဘူး။ ဥပမာ၊ သူငယ်ချင်းတစ်ယောက် မစဉ်းစားဘဲ ပြောလိုက်၊ လုပ်လိုက်တာ တစ်ခုခုကြောင့် စိတ်ထိခိုက်မိနိုင်ပေမဲ့ ခဏလေးနဲ့ ခွင့်လွှတ်လိုက်နိုင်တယ်။ ဒဏ်ရာတချို့ကတော့ ပြင်းတယ်။ ဆရာဝန် ချုပ်ပေးဖို့၊ ပတ်တီးစည်းပေးဖို့ လိုနိုင်တယ်။ ဒါပေမဲ့ ဒဏ်ရာကို ဆွနေရင်တော့ တော်တော်နဲ့ ကျက်မှာ မဟုတ်ဘဲ ပိုဆိုးဖို့ပဲ ရှိမယ်။ အဲဒီလိုပဲ တစ်ယောက်ယောက်ကြောင့် အကြီးအကျယ် စိတ်ဒဏ်ရာ ရတဲ့အခါ အဲဒီအကြောင်း တနုံ့နုံ့ တွေးနေပြီး အငြိုး သိုထားမယ်ဆိုရင် ပိုဆိုးလာမယ်။ ဝတ်ပြုရာ ၁၉:၁၈ ပါ အကြံဉာဏ်ကို နာခံတာ အကောင်းဆုံးပါပဲ။
၁၆။ ဝတ်ပြုရာ ၁၉:၃၃၊ ၃၄ အရ တိုင်းတစ်ပါးသားတွေကို အစ္စရေးတွေ ဘယ်လို ဆက်ဆံရမလဲ။ အဲဒီကနေ ဘာသင်ယူနိုင်သလဲ။
၁၆ လူလူချင်း ချစ်ပါဆိုတဲ့ ပညတ်ဟာ ကိုယ်နဲ့ လူမျိုးတူသူတွေကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ အစ္စရေးတွေဟာ တိုင်းတစ်ပါးသားတွေကိုလည်း ချစ်ရမယ်။ ဝတ်ပြုရာ ၁၉:၃၃၊ ၃၄ မှာ အဲဒီလိုပဲ ရှင်းရှင်းလင်းလင်း ပြောထားတယ်။ (ဖတ်ပါ။) တိုင်းတစ်ပါးသားကို “ကိုယ့်ပြည်သားလိုပဲ” ဆက်ဆံရမယ်။ ကိုယ်နဲ့ ထပ်တူ “ချစ်ရမယ်။” ဥပမာ၊ တိုင်းတစ်ပါးသားတွေကိုရော ဆင်းရဲသားတွေကိုပါ ကိုယ့်လယ်မှာ ကောက်သင်းကောက်ခွင့် ပေးရမယ်။ (ဝတ်. ၁၉:၉၊ ၁၀) တိုင်းတစ်ပါးသားတွေကို ချစ်တာနဲ့ပတ်သက်တဲ့ မူဟာ ဒီနေ့ခေတ် ခရစ်ယာန်တွေနဲ့လည်း သက်ဆိုင်တယ်။ (လု. ၁၀:၃၀-၃၇) ဘယ်လိုနည်းနဲ့လဲ။ ကမ္ဘာတစ်ဝန်းမှာ ပြောင်းရွှေ့နေထိုင်သူ သန်းပေါင်းများစွာ ရှိလာတယ်။ သင့်အနီးဝန်းကျင် ကို ပြောင်းရွှေ့လာသူတချို့တောင် ရှိနိုင်တယ်။ အဲဒီလို ပြောင်းရွှေ့လာတဲ့ အမျိုးသား၊ အမျိုးသမီး၊ ကလေးတွေကို သိက္ခာရှိရှိ၊ လေးလေးစားစား ဆက်ဆံဖို့ အရေးကြီးတယ်။
ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ မဖော်ပြထားတဲ့ အရေးကြီးလုပ်ငန်း
၁၇-၁၈။ (က) ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ကျွန်တော်တို့ကို ဘာအားပေးထားသလဲ။ (ခ) ဘယ်အရေးကြီး လုပ်ငန်းမှာ ပါဝင်ဖို့ တမန်တော် ပေတရု တိုက်တွန်းသလဲ။
၁၇ ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၅ မှာ ဘုရားလူမျိုးကို သန့်ရှင်းဖို့ တိုက်တွန်းထားတယ်။ ယေဟောဝါရဲ့ မျက်နှာသာ ရဖို့ ဘာလုပ်နိုင်ကြောင်း နားလည်အောင် ဝတ်ပြုရာ အခန်းကြီး ၁၉ ပါ အခန်းငယ်များစွာက ကူညီပေးတယ်။ ဆောင်သင့်၊ ရှောင်သင့်တာ တချို့ကို ဖော်ပြထားတဲ့ အခန်းငယ်တွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပြီ။ * အဲဒီမူတွေကိုပဲ ခရစ်ယာန် ဂရိကျမ်းစောင်တွေမှာလည်း ထပ်ဖော်ပြထားတယ်။ ဒါပေမဲ့ တမန်တော် ပေတရု ထပ်ဖြည့်စွက်ထားတာ တစ်ခု ရှိသေးတယ်။
၁၈ ကျွန်တော်တို့ဟာ ဝတ်ပြုရေးနဲ့ဆိုင်တဲ့ လုပ်ဆောင်မှုတွေ၊ တခြား ကောင်းတာတွေ အများကြီး လုပ်နေမှာပဲ။ ဒါပေမဲ့ ခရစ်ယာန်တွေ လုပ်ရမယ့် အရေးကြီးတာဝန် တစ်ခုကို ပေတရု အလေးပေးဖော်ပြတယ်။ ပြုမူကျင့်ကြံသမျှမှာ သန့်ရှင်းဖို့ မပြောခင် “အားသွန်ခွန်စိုက် လုပ်ဆောင်ဖို့ စိတ်ကို အသင့်ပြင်ထားကြပါ” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၁:၁၃၊ ၁၅) အဲဒီလုပ်ဆောင်မှုထဲမှာ ဘာပါဝင်သလဲ။ ခရစ်တော်ရဲ့ ဘိသိက်ခံ ညီတွေဟာ မိမိတို့ကို “ခေါ်ထုတ်တဲ့ အရှင်ရဲ့ ‘မွန်မြတ်တဲ့ ဂုဏ်ရည်တော်တွေကို နေရာအနှံ့ ဟောပြော’” ကြမယ်လို့ ပေတရု ပြောတယ်။ (၁ ပေ. ၂:၉) ဒီအရေးကြီးဆုံးလုပ်ငန်းမှာ ခရစ်ယာန်အားလုံး ပါဝင်ခွင့် ရထားကြတယ်။ တခြားသူတွေအတွက် လုပ်ပေးနိုင်သမျှမှာ အကောင်းဆုံး လုပ်ဆောင်မှုပါပဲ။ သန့်ရှင်းတဲ့ လူမျိုးအဖြစ် ဟောပြောခြင်းနဲ့ သွန်သင်ခြင်းမှာ ပုံမှန် ထက်သန်စွာ ပါဝင်ဖို့ ကျွန်တော်တို့ အခွင့်ထူး ရထားကြတယ်။ (မာ. ၁၃:၁၀) ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါတဲ့ မူတွေကို အတတ်နိုင်ဆုံး လိုက်နာတာဟာ ဘုရားနဲ့ လူလူချင်းကို ချစ်ကြောင်း ဖော်ပြရာရောက်တယ်။ အဲဒီအပြင် ပြုမူကျင့်ကြံသမျှမှာ “သန့်ရှင်း” ချင်ကြောင်း ဖော်ပြရာလည်းရောက်ပါတယ်။
သီချင်း ၁၁၁ တို့ဝမ်းမြောက်ရတဲ့ အကြောင်းများ
^ အပိုဒ်၊ 5 ခရစ်ယာန်တွေဟာ မောရှေပညတ်အောက်မှာ မရှိတော့ပေမဲ့ ကျွန်တော်တို့ ဆောင်သင့်၊ ရှောင်သင့်တာ များစွာကို မောရှေပညတ်မှာ ဖော်ပြထားတယ်။ အဲဒါတွေကို သိထားခြင်းက တခြားသူတွေကို မေတ္တာပြဖို့၊ ဘုရားမျက်နှာသာ ရအောင် လုပ်ဖို့ ကူညီပေးနိုင်တယ်။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါတဲ့ သင်ခန်းစာတချို့ကနေ ဘယ်လို အကျိုးရနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 17 ဒီဆောင်းပါးနဲ့ ရှေ့ဆောင်းပါးမှာ မဆွေးနွေးထားတဲ့ အခန်းငယ်တွေက မျက်နှာလိုက်တာ၊ တခြားသူတွေအကြောင်း သွားပုပ်လေလွင့် ပြောတာ၊ သွေးစားတာ၊ နတ်ဆိုးပညာ လိုက်စားတာ၊ ဗေဒင် မေးတာ၊ လိင်အကျင့်ပျက်တာတွေနဲ့ သက်ဆိုင်တယ်။—ဝတ်. ၁၉:၁၅၊ ၁၆၊ ၂၆-၂၉၊ ၃၁။—ဒီစာစောင်ထဲက “စာရှုသူများထံမှ မေးခွန်းလွှာ” ကို ကြည့်ပါ။
^ အပိုဒ်၊ 52 ပုံအညွှန်း– ဆရာဝန်နဲ့ ပြောဆိုဆက်သွယ်နိုင်ဖို့ နားမကြား ညီအစ်ကိုကို ညီအစ်ကိုတစ်ယောက် ကူညီပေးနေ။
^ အပိုဒ်၊ 54 ပုံအညွှန်း– ဆေးသုတ်လုပ်ငန်း လုပ်တဲ့ ညီအစ်ကိုဟာ အလုပ်သမားကို လုပ်ခ ပေးနေ။
^ အပိုဒ်၊ 56 ပုံအညွှန်း– လက်ရှတဲ့ ဒဏ်ရာသေးသေးလေးကို ညီအစ်မတစ်ယောက် လွယ်လွယ်နဲ့ မေ့သွားပေမဲ့ ပိုကြီးတဲ့ ဒဏ်ရာကိုကော အဲဒီလိုပဲ မေ့ပစ်မလား။