လေ့လာရန် ဆောင်းပါး ၄၈
‘မင်းတို့ သန့်ရှင်းရမယ်’
“ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။”—၁ ပေ. ၁:၁၅။
သီချင်း ၃၄ သမာဓိရှိရှိ လျှောက်လှမ်းခြင်း
အကြိုသုံးသပ်ချက် *
၁။ ယုံကြည်သူချင်းတွေကို တမန်တော် ပေတရု ဘယ်လို အကြံပေးသလဲ။ အဲဒီအကြံဉာဏ်ကို လိုက်လျှောက်ဖို့ မဖြစ်နိုင်ဘူးလို့ ဘာကြောင့် ထင်ရသလဲ။
ကောင်းကင် မျှော်လင့်ချက် ရှိသူဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူဖြစ်စေ ပထမရာစု ဘိသိက်ခံ ခရစ်ယာန်တွေကို တမန်တော် ပေတရု ပေးခဲ့တဲ့ အကြံဉာဏ်ကနေ အကျိုးရနိုင်ပါတယ်။ “ခင်ဗျားတို့ကို ခေါ်ယူတဲ့ အရှင်ဟာ သန့်ရှင်းတဲ့အတွက် ခင်ဗျားတို့လည်း ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ။ ‘ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်’ ဆိုပြီး ကျမ်းစာမှာ ရေးထားတယ်” လို့ ပေတရု ပြောတယ်။ (၁ ပေ. ၁:၁၅၊ ၁၆) သန့်ရှင်းခြင်းနဲ့ပတ်သက်ရင် အကောင်းဆုံး စံနမူနာရှင် ဖြစ်တဲ့ ယေဟောဝါကို တုပနိုင်ကြောင်း အဲဒီစကားတွေကနေ သိရတယ်။ ကျွန်တော်တို့ ပြုမူကျင့်ကြံပုံ သန့်ရှင်းနိုင်တယ်၊ သန့်ရှင်းရမယ်။ ဒါဟာ မစုံလင်တဲ့ လူသားတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ ပေတရုကိုယ်တိုင် အမှား အများကြီး လုပ်ခဲ့တယ်။ ဒါပေမဲ့ သူ့ပုံသက်သေက ကျွန်တော်တို့ “သန့်ရှင်း” နိုင်ကြောင်း ဖော်ပြတယ်။
၂။ ဒီဆောင်းပါးမှာ ဘယ်မေးခွန်းတွေ ဆွေးနွေးကြမလဲ။
၂ ဒီဆောင်းပါးမှာ အောက်ပါမေးခွန်းတွေ ဆွေးနွေးပါမယ်– သန့်ရှင်းမှုဆိုတာ ဘာလဲ။ ယေဟောဝါရဲ့ သန့်ရှင်းမှုအကြောင်း ကျမ်းစာ ဘာသွန်သင်ပေးသလဲ။ ပြုမူကျင့်ကြံသမျှမှာ ဘယ်လို သန့်ရှင်းနိုင်သလဲ။ ကျွန်တော်တို့နဲ့ ယေဟောဝါကြားက ဆက်ဆံရေးနဲ့ သန့်ရှင်းခြင်း ဘယ်လို ဆက်စပ်သလဲ။
သန့်ရှင်းမှုဆိုတာ ဘာလဲ
၃။ သန့်ရှင်းသူလို့ ပြောရင် ဘယ်လိုလူကို မြင်တတ်ကြသလဲ။ သန့်ရှင်းခြင်းက ဘာကို ဆိုလိုကြောင်း ဘယ်ကနေ သိနိုင်မလဲ။
၃ သန့်ရှင်းသူလို့ ပြောလိုက်ရင် လူအများစုက ဘာသာရေး ဝတ်စုံ ဝတ်ထားသူ၊ မျက်နှာထား ခပ်တည်တည်နဲ့ အပြုံးအရယ် မရှိသူကို မြင်တတ်ကြတယ်။ ဒါပေမဲ့ သန့်ရှင်းသူဆိုတာ အဲဒီလို မဟုတ်ဘူး။ သန့်ရှင်းတဲ့ ဘုရား ယေဟောဝါကို “ပျော်ရွှင်တဲ့ ဘုရား” လို့ ဖော်ပြထားတယ်။ (၁ တိ. ၁:၁၁) ဘုရားကို ဝတ်ပြုသူတွေ ကိုလည်း “ပျော်ရွှင်ချမ်းမြေ့” သူတွေလို့ ပြောထားတယ်။ (ဆာ. ၁၄၄:၁၅) ဘာသာရေး ဝတ်စုံတွေ ဝတ်ပြီး ဖြောင့်မတ်တဲ့ လုပ်ရပ်တွေကို လူမြင်ကောင်းအောင် လူရှေ့သူရှေ့ လုပ်ပြသူတွေကို ယေရှု ပြစ်တင်ရှုတ်ချတယ်။ (မ. ၆:၁။ မာ. ၁၂:၃၈) ခရစ်ယာန်စစ်တွေကတော့ ကျမ်းစာသွန်သင်ချက်တွေကို သိထားလို့ သန့်ရှင်းခြင်းက ဘာကို ဆိုလိုကြောင်း နားလည်ကြတယ်။ သန့်ရှင်းပြီး မေတ္တာရှိတဲ့ ဘုရားသခင်ဟာ ကျွန်တော်တို့ မလိုက်လျှောက်နိုင်တဲ့ ပညတ်ကို ဘယ်တော့မှ ပေးမှာ မဟုတ်ဘူးဆိုတာ ယုံကြည်စိတ်ချကြတယ်။ ဒါကြောင့် ‘မင်းတို့ သန့်ရှင်းရမယ်’ ဆိုတဲ့ ယေဟောဝါရဲ့ ပညတ်ကို လိုက်နာနိုင်တာ သေချာပါတယ်။ အရင်ဆုံး၊ သန့်ရှင်းမှုဆိုတာ ဘာကို ဆိုလိုကြောင်း နားလည်အောင် ဆွေးနွေးကြည့်ကြစို့။
၄။ “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံးက ဘာကို ဆိုလိုသလဲ။
၄ သန့်ရှင်းမှုဆိုတာ ဘာလဲ။ ကျမ်းစာမှာ “သန့်ရှင်းမှု” ဆိုတဲ့ စကားလုံးဟာ အခြေခံအားဖြင့် ကိုယ်ကျင့်တရားနဲ့ ဘာသာရေးပိုင်း သန့်ရှင်းမြင့်မြတ်တာကို ဆိုလိုတယ်။ ဘုရားအတွက် သီးသန့် ဖြစ်နေတာကိုလည်း ဆိုလိုတယ်။ တစ်နည်းပြောရရင် ကျွန်တော်တို့ ကိုယ်ကျင့်တရား သန့်ရှင်းမယ်၊ ယေဟောဝါ နှစ်သက်လက်ခံနိုင်တဲ့နည်းနဲ့ ဝတ်ပြုမယ်၊ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိမယ်ဆိုရင် သန့်ရှင်းတဲ့သူအဖြစ် ယူမှတ်ခံရပါလိမ့်မယ်။ ကျွန်တော်တို့ မစုံလင်ပေမဲ့ သန့်ရှင်းတဲ့ ဘုရား ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရနိုင်တယ် ဆိုတဲ့အချက်က တကယ့်ကို အံ့သြမှင်တက်စရာပါပဲ။
“ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်”
၅။ သစ္စာရှိ ကောင်းကင်တမန်တွေဆီကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
၅ ယေဟောဝါဟာ အပြည့်ဝဆုံးသဘောနဲ့ သန့်ရှင်းမြင့်မြတ်တယ်။ ယေဟောဝါရဲ့ ပလ္လင်နားမှာ အမှုဆောင်တဲ့ ကောင်းကင်တမန် သရပ်တွေရဲ့ စကားကနေ အဲဒီအချက်ကို သိနိုင်တယ်။ “ဗိုလ်ခြေတို့ရဲ့အရှင် ယေဟောဝါဟာ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်၊ သန့်ရှင်းတယ်” လို့ သရပ်တချို့ ကြွေးကြော်နေကြတယ်။ (ဟေရှာ. ၆:၃) သန့်ရှင်းတဲ့ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ အဲဒီကောင်းကင်တမန်တွေ သန့်ရှင်းရမယ်။ တကယ်လည်း သန့်ရှင်းကြပါတယ်။ ဒါကြောင့် မြေကြီးပေါ် ယေဟောဝါရဲ့ ကောင်းကင်တမန်တွေ သတင်းစကား လာကြေညာတဲ့အခါ သူတို့ ရှိတဲ့နေရာ သန့်ရှင်းသွားတာ ဖြစ်တယ်။ မီးလောင်နေတဲ့ ချုံပုတ်နား မောရှေ ရှိနေတုန်း အဲဒီလို ဖြစ်ခဲ့တယ်။—ထွ. ၃:၂-၅။ ယောရှု ၅:၁၅။
၆-၇။ (က) ထွက်မြောက်ရာ ၁၅:၁၊ ၁၁ အရ ဘုရားရဲ့ သန့်ရှင်းမှုကို မောရှေ ဘယ်လို အလေးပေး ဖော်ပြသလဲ။ (ခ) ဘုရားရဲ့ သန့်ရှင်းမှုကို အစ္စရေးအားလုံး ဘယ်လိုနည်းနဲ့ အမှတ်ရကြသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၆ ယေဟောဝါဟာ သန့်ရှင်းတဲ့ ဘုရား ဖြစ်တယ် ဆိုတဲ့အချက်ကို ပင်လယ်နီကနေ အစ္စရေးတွေ လွတ်မြောက်လာပြီးနောက် မောရှေ အလေးပေး ဖော်ပြခဲ့တယ်။ (ထွက်မြောက်ရာ ၁၅:၁၊ ၁၁ ကို ဖတ်ပါ။) အီဂျစ် နတ်ဘုရား ကိုးကွယ်သူတွေရဲ့ အကျင့်အကြံတွေဟာ လုံးဝ မသန့်ရှင်းဘူး။ ခါနန် နတ်ဘုရား ကိုးကွယ်သူတွေလည်း အဲဒီလိုပဲ။ သူတို့ရဲ့ ဝတ်ပြုမှုထဲမှာ ကလေး ယဇ်ပူဇော်တာတွေ၊ ညစ်ညမ်းတဲ့ လိင်အကျင့်တွေ ပါဝင်တယ်။ (ဝတ်. ၁၈:၃၊ ၄၊ ၂၁-၂၄။ တရား. ၁၈:၉၊ ၁၀) ယေဟောဝါကတော့ ညစ်ညမ်းတဲ့အရာတွေ လုပ်ဖို့ ဝတ်ပြုသူတွေဆီကနေ ဘယ်တော့မှ မတောင်းဆိုဘူး။ အပြည့်ဝဆုံး သဘောနဲ့ သန့်ရှင်းမြင့်မြတ်သူ ဖြစ်တယ်။ ဒါကို ပုရောဟိတ်မင်း ခေါင်းပေါင်းပေါ်က ရွှေပြားပေါ် ရေးထွင်းထားတဲ့ စာသားတွေမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ “ယေဟောဝါဟာ သန့်ရှင်းမြင့်မြတ်တယ်” ဆိုပြီး ရေးထွင်းထားတယ်။—ထွ. ၂၈:၃၆-၃၈။
၇ ရွှေပြားပေါ်က စာကို မြင်သူတိုင်း ယေဟောဝါဟာ အမှန်တကယ် သန့်ရှင်းကြောင်း သတိရကြမယ်။ ပုရောဟိတ်မင်း အနား မရောက်နိုင်လို့ ရွှေပြားကို မမြင်နိုင်တဲ့ အစ္စရေးတွေကော။ ယေဟောဝါ သန့်ရှင်းတယ် ဆိုတဲ့အချက်ကို တရား. ၃၁:၉-၁၂) သင်သာ အဲဒီမှာ ရှိနေမယ်ဆိုရင် “ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ။ ငါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း . . . သန့်ရှင်းနေရမယ်။” “ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းနေရမယ်” ဆိုတဲ့ စကားတွေကို ကြားရမှာပဲ။—ဝတ်. ၁၁:၄၄၊ ၄၅။ ၂၀:၇၊ ၂၆။
သတိမရဘဲ နေမလား။ မနေပါဘူး။ ယောက်ျား၊ မိန်းမ၊ ကလေးတွေရှေ့ ပညတ်တရား ဖတ်ပြချိန်မှာ အစ္စရေးအားလုံး အဲဒီအချက်ကို ကြားရလို့ပဲ။ (၈။ ဝတ်ပြုရာ ၁၉:၂ နဲ့ ၁ ပေတရု ၁:၁၄-၁၆ အရ ဘာသိရသလဲ။
၈ ဝတ်ပြုရာ ၁၉:၂ မှာ ပါတဲ့ အချက်ကို အာရုံစိုက်ပါ။ “အစ္စရေးတစ်မျိုးလုံးကို ပြောလိုက်ပါ– ‘မင်းတို့ရဲ့ ဘုရား ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်’” လို့ မောရှေကို ယေဟောဝါ ပြောတယ်။ “သန့်ရှင်းကြပါ” လို့ ခရစ်ယာန်တွေကို ပေတရု တိုက်တွန်းချိန်မှာ အဲဒီစကားတွေကို ကိုးကားနေပုံ ရတယ်။ (၁ ပေတရု ၁:၁၄-၁၆ ကို ဖတ်ပါ။) ပညတ်တရားအောက်မှာ ကျွန်တော်တို့ မရှိတော့ပေမဲ့ ဝတ်ပြုရာ ၁၉:၂ မှာ ပါတဲ့ အချက်ကို ပေတရုရဲ့ စကားတွေက အတည်ပြုပေးတယ်။ ယေဟောဝါဟာ သန့်ရှင်းတယ်၊ ဘုရားကို ချစ်တဲ့သူတွေဟာ သန့်ရှင်းဖို့ ကြိုးစားရမယ်။ ကောင်းကင် မျှော်လင့်ချက် ရှိသူဖြစ်စေ၊ မြေကြီး မျှော်လင့်ချက် ရှိသူဖြစ်စေ အဲဒီလို ကြိုးစားရမယ်။—၁ ပေ. ၁:၄။ ၂ ပေ. ၃:၁၃။
“ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်းကြပါ”
၉။ ဝတ်ပြုရာ အခန်းကြီး ၁၉ ကို သုံးသပ်ခြင်းကနေ ဘယ်လို အကျိုးရမလဲ။
၉ ဘုရား နှစ်သက်မှု ရချင်တဲ့အတွက် သန့်ရှင်းအောင် ဘယ်လို နေထိုင်ရမယ်ဆိုတာ ကျွန်တော်တို့ သိချင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး လက်တွေ့ကျ အကြံဉာဏ်တွေကို ယေဟောဝါ ပေးထားတယ်။ အကောင်းဆုံး အကြံဉာဏ်ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ တွေ့ရတယ်။ ဟီဘရူး ကျမ်းပညာရှင် မားကပ် ကာလစ်က “ဒီအခန်းကြီးဟာ အပြည့်စုံဆုံး၊ ကဏ္ဍ အစုံလင်ဆုံး ဖြစ်တယ်။ ဝတ်ပြုရာကျမ်းထဲမှာကော ပထမကျမ်းငါးစောင်ထဲမှာပါ အရေးကြီးဆုံး အခန်းကြီးလည်း ဖြစ်တယ်” လို့ ပြောတယ်။ နေ့စဉ် ဘဝကဏ္ဍတွေနဲ့ပတ်သက်ပြီး အဖိုးတန် သင်ခန်းစာတွေ ပါတဲ့ ဒီအခန်းကြီးထဲက အခန်းငယ်တချို့ကို လေ့လာကြည့်ကြစို့။ ‘မင်းတို့ သန့်ရှင်းရမယ်’ ဆိုတဲ့ စကားတွေနဲ့ ဝတ်ပြုရာ အခန်းကြီး ၁၉ ကို အစပြုထားကြောင်း သတိရပါ။
၁၀-၁၁။ ဝတ်ပြုရာ ၁၉:၃ မှာ ဘာလုပ်ဖို့ ပြောထားသလဲ။ အဲဒါ ဘာကြောင့် အရေးကြီးသလဲ။
၁၀ အစ္စရေးတွေ သန့်ရှင်းရမယ်လို့ ယေဟောဝါ ပြောပြီးဝတ်. ၁၉:၂၊ ၃။
နောက် “မိဘကို ရိုသေပါ။ . . . ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ” လို့ ဆက်ပြောတယ်။—၁၁ မိဘကို ရိုသေပါဆိုတဲ့ ဘုရား ညွှန်ကြားချက်ကို နာခံဖို့ အရေးကြီးတယ်။ “ထာဝရအသက် ရဖို့ ကျွန်တော် ဘာကောင်းမှု လုပ်ရမလဲ” လို့ ယေရှုကို လူတစ်ယောက် မေးတဲ့အခါ ယေရှုရဲ့ အဖြေထဲမှာ မိဘကို ရိုသေပါဆိုတဲ့ အချက်လည်း ပါတယ်။ (မ. ၁၉:၁၆-၁၉) မိဘကို ကြည့်ရှုပြုစုရမယ့် တာဝန်ကို နည်းအမျိုးမျိုးနဲ့ ရှောင်လွှဲလို့ ဖာရိရှဲတွေနဲ့ ကျမ်းတတ်တွေကို ယေရှု အပြစ်တင်တယ်။ အဲဒီလို ရှောင်လွှဲတာဟာ “ဘုရားသခင်ရဲ့ တရားစကား” ကို ဘေးချိတ်တာပဲ။ (မ. ၁၅:၃-၆) အဲဒီ “ဘုရားသခင်ရဲ့ တရားစကား” ထဲမှာ ဝတ်ပြုရာ ၁၉:၃ မှာ ဖတ်ရတဲ့ ငါးခုမြောက် ပညတ်လည်း ပါတယ်။ (ထွ. ၂၀:၁၂) “မင်းတို့ရဲ့ ဘုရား ငါယေဟောဝါဟာ သန့်ရှင်းတဲ့အတွက် မင်းတို့လည်း သန့်ရှင်းရမယ်” ဆိုတဲ့စကား ပြောပြီးပြီးချင်း မိဘကို ရိုသေပါလို့ ပြောတာ သတိပြုပါ။
၁၂။ ဝတ်ပြုရာ ၁၉:၃ မှာ ပါတဲ့ မိန့်မှာချက်ကို ဘယ်လို လိုက်နာနိုင်သလဲ။
၁၂ ယေဟောဝါရဲ့ မိန့်မှာချက်အတိုင်း ‘ငါ မိဘကို ရိုသေနေရဲ့လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နိုင်တယ်။ အရင်က ရိုရိုသေသေ မဆက်ဆံခဲ့ဘူးလို့ ခံစားရရင် အခုချိန်ဟာ ပြောင်းလဲရမယ့် အချိန်ပဲ။ အတိတ်ကို ပြောင်းလို့ မရပေမဲ့ အခုကစပြီး မိဘတွေကို အချိန် ပိုပေးဖို့၊ ပိုကူညီပေးဖို့ စိတ်ပိုင်းဖြတ်နိုင်တယ်။ သူတို့ရဲ့ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း၊ စိတ်ပိုင်းကို ပိုထောက်မပေးနိုင်တယ်။ ဒီလိုလုပ်တာဟာ ဝတ်ပြုရာ ၁၉:၃ မှာ ပါတဲ့ အချက်ကို လိုက်နာရာရောက်တယ်။
၁၃။ (က) ဝတ်ပြုရာ ၁၉:၃ မှာ နောက်ထပ် ဘယ်ညွှန်ကြားချက် ပါသေးသလဲ။ (ခ) လုကာ ၄:၁၆-၁၈ မှာ ပါတဲ့ ယေရှုရဲ့ ပုံသက်သေကို ဘယ်လို တုပနိုင်သလဲ။
၁၃ ဝတ်ပြုရာ ၁၉:၃ က သန့်ရှင်းတာနဲ့ပတ်သက်ပြီး နောက်တစ်ချက်ကိုလည်း သင်ပေးတယ်။ ဥပုသ်စောင့်ခြင်းအကြောင်း ပြောထားတယ်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ ပညတ်တရားအောက် မရှိတော့လို့ အပတ်စဉ် ဥပုသ် မစောင့်ကြဘူး။ ဒါပေမဲ့ အစ္စရေးတွေ ဥပုသ်စောင့်ပုံ၊ အကျိုးရပုံကနေ ကျွန်တော်တို့ များစွာ သင်ယူနိုင်တယ်။ ဥပုသ်နေ့မှာ ပုံမှန်အလုပ်တွေကနေ နားပြီး ဝတ်ပြုရေးကိစ္စတွေကို အာရုံစိုက်ကြရတယ်။ * ဒါကြောင့် အဲဒီနေ့မှာ ယေရှုဟာ ဇာတိမြို့ တရားဇရပ်ကို သွားပြီး ကျမ်းစာ ဖတ်တယ်။ (ထွ. ၃၁:၁၂-၁၅။ လုကာ ၄:၁၆-၁၈ ကို ဖတ်ပါ။) “ဥပုသ်နေ့တွေကို စောင့်ထိန်းပါ” ဆိုတဲ့ ဝတ်ပြုရာ ၁၉:၃ ပါ မိန့်မှာချက်က ဒီနေ့အချိန်မှာလည်း ဝတ်ပြုရေးကိစ္စတွေကို ပိုအာရုံစိုက်နိုင်အောင် နေ့စဉ် လုပ်ငန်းဆောင်တာတွေကနေ အချိန်ဝယ်ယူဖို့ လှုံ့ဆော်ပေးသင့်တယ်။ ဒီကဏ္ဍမှာ ပြုပြင်ပြောင်းလဲမှုတချို့ လုပ်ဖို့ လိုတယ်လို့ ခံစားရသလား။ ဝတ်ပြုရေးအတွက် ပုံမှန် အချိန်ဖယ်ထားမယ်ဆိုရင် ယေဟောဝါနဲ့ ပိုရင်းနှီးလာမယ်။ ယေဟောဝါနဲ့ ရင်းနှီးမှ ကျွန်တော်တို့ သန့်ရှင်းနိုင်မယ်။
ယေဟောဝါနဲ့ ဆက်ဆံရေး ပိုကောင်းအောင် ကြိုးစားပါ
၁၄။ ဝတ်ပြုရာ အခန်းကြီး ၁၉ တစ်ခန်းလုံးမှာ ဘယ်အခြေခံ အမှန်တရားကို ဖော်ပြထားသလဲ။
၁၄ ကျွန်တော်တို့ သန့်ရှင်းအောင် ကူညီပေးမယ့် အခြေခံ အမှန်တရားတစ်ခုကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ အကြိမ်ကြိမ် ဖော်ပြထားတယ်။ “ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ” လို့ အခန်းငယ် ၄ ကို နိဂုံးချုပ်ထားတယ်။ အဲဒီလို စကားစုမျိုး ဒီအခန်းကြီးမှာ ၁၆ ကြိမ် ပါတယ်။ ဒါက “ငါဟာ . . . ယေဟောဝါပဲ။ ငါကလွဲလို့ တခြားဘုရားတွေကို မကိုးကွယ်နဲ့” ဆိုတဲ့ ပထမမြောက် ပညတ်ကို သတိရစေတယ်။ (ထွ. ၂၀:၂၊ ၃) သန့်ရှင်းမှု ရှိချင်တဲ့ ခရစ်ယာန်တိုင်းဟာ ဘုရားနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့် ဘယ်အရာကိုမှ၊ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ဘူး။ ယေဟောဝါသက်သေဆိုတဲ့ နာမည် ခံယူထားတဲ့အတွက် ဘုရားရဲ့ သန့်ရှင်းတဲ့ နာမည် ရှုတ်ချစရာ ဖြစ်စေမယ့် ဘယ်လုပ်ရပ်ကိုမဆို ရှောင်ဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။—ဝတ်. ၁၉:၁၂။ ဟေရှာ. ၅၇:၁၅။
၁၅။ ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ပါတဲ့ တိရစ္ဆာန် ပူဇော်သက္ကာနဲ့ပတ်သက်တဲ့ အခန်းငယ်တွေက ဘာလုပ်ဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်သလဲ။
၁၅ ယေဟောဝါကို ဘုရားအဖြစ် အသိအမှတ်ပြုကြောင်း ပြဖို့ အစ္စရေးတွေဟာ ဘုရားပညတ်တွေကို နာခံရတယ်။ “ငါ့တရားစီရင်ချက်တွေကို လိုက်နာပါ။ ငါ့ဥပဒေတွေကို စောင့်ထိန်းပါ။ ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ” လို့ ဝတ်ပြုရာ ၁၈:၄ မှာ ပြောတယ်။ အဲဒီ “ဥပဒေ” တချို့ကို ဝတ်ပြုရာ အခန်းကြီး ၁၉ မှာ ဖော်ပြထားတယ်။ ဥပမာ၊ အခန်းငယ် ၅-၈၊ ၂၁၊ ၂၂ မှာ တိရစ္ဆာန် ပူဇော်သက္ကာတွေအကြောင်း ပြောထားတယ်။ “ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာကို မထီလေးစား” မဖြစ်စေမယ့် နည်းနဲ့ ပူဇော်ကြရမယ်။ အဲဒီအခန်းငယ်တွေက ဟီဘရူး ၁၃:၁၅ မှာ တိုက်တွန်းတဲ့အတိုင်း ယေဟောဝါရဲ့ နှစ်သက်မှု ရအောင် လုပ်ဖို့၊ လက်ခံဖွယ် ချီးမွမ်းခြင်း ပူဇော်သက္ကာတွေ ဆက်သဖို့ ကျွန်တော်တို့ကို လှုံ့ဆော်ပေးသင့်တယ်။
၁၆။ ဘုရားကို ဝတ်ပြုသူနဲ့ ဝတ်မပြုသူကြား ကွာခြားမှုကို ဘာက အမှတ်ရစေနိုင်သလဲ။
၁၆ ကျွန်တော်တို့ သန့်ရှင်းဖို့ဆိုရင် ဘုရားကို ဝတ်မပြုသူတွေနဲ့ မတူဘဲ ကွဲပြားနေရမယ်။ အဲဒီလိုဖြစ်ဖို့ ခက်နိုင်တယ်။ တစ်ခါတလေ အတန်းဖော်၊ အလုပ်ဖော်၊ မယုံကြည်သူ ဆွေမျိုးတွေနဲ့ တခြားသူတွေက ဝတ်ပြုရေးကို အနှောင့်အယှက် ဖြစ်စေတဲ့ လုပ်ဆောင်မှုတွေမှာ ပါဝင်ဖို့ ဖိအားပေးနိုင်တယ်။ အဲဒီအခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရတော့မယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ဘာက ကူညီပေးမလဲ။ ဝတ်ပြုရာ ၁၉:၁၉ မှာ ပါတဲ့ မူကို သုံးသပ်ခြင်းပါပဲ။ “ချည်နှစ်မျိုး ရောပြီး ရက်လုပ်ထားတဲ့ အဝတ်ကို မဝတ်နဲ့” လို့ အဲဒီပညတ်က ဆိုတယ်။ ဒီပညတ်က အစ္စရေးတွေကို ပတ်ဝန်းကျင် လူမျိုးတွေနဲ့ ကွဲပြားစေတယ်။ ဒီနေ့ခေတ်မှာတော့ ပညတ်တရားအောက် ကျွန်တော်တို့ မရှိတော့တဲ့အတွက် ချည်၊ စီလွန်၊ သိုးမွေး စတာတွေ ရောထားတဲ့ အဝတ်တွေ ဝတ်တာ မမှားပါဘူး။ ဒါပေမဲ့ အတန်းဖော်၊ အလုပ်ဖော်၊ ဆွေမျိုးတွေ ဖြစ်နေရင်တောင် ဘုရားကို မယုံတဲ့သူတွေ လုပ်သလို ကျွန်တော်တို့ လိုက်မလုပ်ကြဘူး။ ဆွေမျိုးတွေ၊ တခြားသူတွေကို သံယောဇဉ် ရှိပေမဲ့ ဘဝရဲ့ အရေးကြီး ကဏ္ဍတွေနဲ့ပတ်သက်လာရင် ယေဟောဝါရဲ့ လူမျိုးအဖြစ် ကျွန်တော်တို့ သီးခြား ရပ်တည်ချင်ကြတယ်။ သန့်ရှင်းဖို့ဆိုရင် ဘုရားအတွက် သီးသီးသန့်သန့် ဖြစ်နေဖို့ အရေးကြီးတယ်။—၂ ကော. ၆:၁၄-၁၆။ ၁ ပေ. ၄:၃၊ ၄။
၁၇-၁၈။ ဝတ်ပြုရာ ၁၉:၂၃-၂၅ အရ ဘယ်အဖိုးတန် သင်ခန်းစာ ရသလဲ။
၁၇ “ငါဟာ မင်းတို့ရဲ့ ဘုရား ယေဟောဝါပဲ” ဆိုတဲ့ စကားစုက ယေဟောဝါနဲ့ ဆက်ဆံရေးကို ဦးစားထားဖို့ အစ္စရေးတွေကို ကူညီပေးတယ်။ ဘယ်လိုနည်းနဲ့လဲ။ တစ်နည်းကို ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာ ဖော်ပြထားတယ်။ (ဖတ်ပါ။) ကတိထားရာပြည်ထဲ ဝင်ပြီးနောက် အဲဒီစကားတွေက အစ္စရေးတွေအတွက် ဘာဆိုလိုကြောင်း စဉ်းစားကြည့်ပါ။ လူတစ်ယောက်ဟာ သီးပင်စားပင်တွေ စိုက်ပျိုးပြီး သုံးနှစ်လုံး မစားရဘူး။ လေးနှစ်မြောက်မှာ သီးနှံတွေကို တဲတော်အတွက် ဆက်သရမယ်။ ငါးနှစ်မြောက်ကျမှ စိုက်ပျိုးသူ စားရမယ်။ ဒီပညတ်က ကိုယ့်အကျိုးကို ဦးစားမထားရဘူးဆိုတာ နားလည်အောင် ကူညီပေးတယ်။ မိမိတို့ကို ထောက်မပေးသူအဖြစ် ယေဟောဝါကို ယုံကြည်ကိုးစားရမယ်။ ဝတ်ပြုရေးကို ဦးစားထားရမယ်။ ဝတ်ပြုရေးရဲ့ အဓိကနေရာ ဖြစ်တဲ့ တဲတော်အတွက် ရက်ရက်ရောရော လှူဒါန်းရမယ်။ ဒါဆိုရင် သူတို့ ဖူဖူလုံလုံ စားနိုင်အောင် ဘုရား စီစဉ်ပေးမှာ သေချာတယ်။
၁၈ ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာ ပါတဲ့ ပညတ်က တောင်ပေါ်တရားတော်မှာ ပါတဲ့ ယေရှုရဲ့ စကားတွေကို အမှတ်ရစေတယ်။ “ဘာစားရမလဲ၊ ဘာသောက်ရမလဲ ဆိုပြီး မစိုးရိမ်ကြနဲ့တော့။ . . . ဒါတွေအားလုံး ခင်ဗျားတို့ လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ” လို့ ယေရှု ပြောတယ်။ ငှက်တွေကို ဂရုစိုက်စောင့်ရှောက်သလို ကျွန်တော်တို့ကိုလည်း ဘုရား ဂရုစိုက်ပါလိမ့်မယ်။ (မ. ၆:၂၅၊ ၂၆၊ ၃၂) မိမိတို့ကို ထောက်မပေးသူအဖြစ် ယေဟောဝါကို ယုံကြည်ကိုးစားရမယ်။ လိုအပ်သူတွေကို သိုသိုသိပ်သိပ် “ပေးကမ်းစွန့်ကြဲ” ရမယ်။ အသင်းတော် ကုန်ကျစရိတ်တွေအတွက်လည်း အလှူငွေ ထည့်ရမယ်။ အဲဒီလို ရက်ရောတဲ့ လုပ်ရပ်တွေကို ယေဟောဝါ သတိပြုမိပြီး ကောင်းချီးပေးပါလိမ့်မယ်။ (မ. ၆:၂-၄) ဒီလို လုပ်တာက ဝတ်ပြုရာ ၁၉:၂၃-၂၅ မှာပါတဲ့ သင်ခန်းစာတွေကို နားလည်ကြောင်း ဖော်ပြရာ ရောက်တယ်။
၁၉။ ဝတ်ပြုရာကျမ်းရဲ့ အခန်းငယ် တချို့ကို လေ့လာခြင်းကနေ သင် ဘယ်လို အကျိုးရသလဲ။
၁၉ ဝတ်ပြုရာ အခန်းကြီး ၁၉ ရဲ့ အခန်းငယ် တချို့ကို ကျွန်တော်တို့ လေ့လာခဲ့ကြပြီ။ သန့်ရှင်းတဲ့ ဘုရားကို ဘယ်လို တုပနိုင်ကြောင်း သိခဲ့ရပြီ။ ဘုရားကို တုပခြင်းအားဖြင့် “ပြုမူကျင့်ကြံလေသမျှမှာ သန့်ရှင်း” ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၁ ပေ. ၁:၁၅) ယေဟောဝါကို ဝတ်မပြုသူတွေဟာ ကျွန်တော်တို့ရဲ့ ကောင်းမွန်တဲ့ အကျင့်ကို မြင်ပြီး ဘုရားကို ဂုဏ်တင်ချီးမွမ်းကြလိမ့်မယ်။ (၁ ပေ. ၂:၁၂) ဝတ်ပြုရာ အခန်းကြီး ၁၉ ကနေ သင်ယူစရာ များစွာ ရှိသေးတယ်။ တခြား အခန်းငယ်တွေကို နောက်ဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒါက တမန်တော် ပေတရု တိုက်တွန်းသလို “သန့်ရှင်း” ဖို့ လိုတဲ့ ဘဝကဏ္ဍတချို့ကို သိမြင်စေပါလိမ့်မယ်။
သီချင်း ၈၀ ‘ယေဟောဝါ ကောင်းမြတ်ကြောင်း မြည်းစမ်းကြည့်ပါ’
^ အပိုဒ်၊ 5 ယေဟောဝါကို ကျွန်တော်တို့ သိပ်ချစ်ကြတယ်။ ဘုရား နှစ်သက်မှု ရချင်တယ်။ ယေဟောဝါဟာ သန့်ရှင်းပြီး ဝတ်ပြုသူတွေကိုလည်း သန့်ရှင်းစေချင်တယ်။ မစုံလင်တဲ့ လူသားတွေအတွက် အဲဒီလို သန့်ရှင်းဖို့ ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်ပါတယ်။ ရှေးအစ္စရေးတွေကို ယေဟောဝါ ပေးတဲ့ ညွှန်ကြားချက်တွေနဲ့ တမန်တော် ပေတရုရဲ့ အကြံဉာဏ်ကို စဉ်းစားသုံးသပ်ခြင်းက ပြုမူကျင့်ကြံသမျှမှာ သန့်ရှင်းဖို့ ကူညီပေးပါလိမ့်မယ်။
^ အပိုဒ်၊ 13 ဥပုသ်နေ့အကြောင်း၊ သင်ယူနိုင်တဲ့ သင်ခန်းစာတွေအကြောင်း အသေးစိတ် ဆွေးနွေးမှုကို ၂၀၁၉၊ ဒီဇင်ဘာ ကင်းမျှော်စင် “အလုပ်လုပ်ရမယ့်အချိန်၊ အနားယူရမယ့်အချိန် ရှိတယ်” ဆောင်းပါးမှာ ကြည့်ပါ။
^ အပိုဒ်၊ 57 ပုံအညွှန်း– သားဖြစ်သူ မိဘတွေနဲ့ အချိန်ပေး ပေါင်းသင်းနေ။ ဇနီးနဲ့ ကလေးကို ခေါ်ပြီး အလည်လာ။ မိဘတွေနဲ့ ပုံမှန် ဆက်သွယ်။
^ အပိုဒ်၊ 59 ပုံအညွှန်း– ကိုယ့်ခြံထဲက အသီးတွေကို အစ္စရေး လယ်သမား စစ်ဆေးနေ။