ဘဝအတ္ထုပ္ပတ္တိ
ကျွန်တော် မပြတ်တမ်း သင်ယူခဲ့
“မဟာသွန်သင်ရှင်” ယေဟောဝါကို ကျွန်တော် သိပ်ကျေးဇူးတင်တယ်။ (ဟေရှာ. ၃၀:၂၀) ယေဟောဝါက ကျမ်းစာ၊ ဖန်ဆင်းခြင်း၊ အဖွဲ့အစည်းကတစ်ဆင့် ကျေးကျွန်တွေကို သွန်သင်ပေးတယ်။ ညီအစ်ကို/မတွေကို သုံးပြီးတော့လည်း သွန်သင်ပေးတယ်။ ကျွန်တော် အသက် ၁၀၀ ပြည့်တော့မယ်။ နည်းအမျိုးမျိုးနဲ့ ယေဟောဝါ သွန်သင်ပေးနေတာကို ဆက်ခံယူနေတုန်းပဲ။ ဒီအကြောင်း ပြောပြပါရစေ။
၁၉၂၇ ခုနှစ်၊ အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်ပြည်နယ်၊ ချီကာဂိုမြို့နားက မြို့ငယ်လေးမှာ ကျွန်တော် မွေးလာတယ်။ မွေးချင်း ၄ ယောက် ရှိတယ်။ အစ်မ ဂျက်သာ၊ အစ်ကို ဒေါန်၊ ညီလေး ကားလ်နဲ့ ညီမလေး ဂျွိုင်းပါ။ ကျွန်တော်တို့အားလုံး စိတ်နှလုံးအကြွင်းမဲ့ ဘုရားအမှုဆောင်ဖို့ ဆုံးဖြတ်ထားကြတယ်။ အစ်မ ဂျက်သာက ၁၉၄၃ ခုနှစ်မှာ ဒုတိယအကြိမ်မြောက် ဂိလဒ်သင်တန်း တက်ရတယ်။ အစ်ကို ဒေါန်က ၁၉၄၄ မှာ၊ ညီလေး ကားလ်က ၁၉၄၇ မှာ၊ ညီမလေး ဂျွိုင်းက ၁၉၅၁ မှာ နယူးယောက်ပြည်နယ်၊ ဘရွတ်ကလင် ဗေသလကို ဖိတ်ခေါ်ခံရတယ်။ မောင်နှမတွေနဲ့ မိဘတွေရဲ့ စံနမူနာက ဘုရားအမှုတော်မှာ ပိုပါဝင်ဖို့ ကျွန်တော့်အတွက် တွန်းအားပါပဲ။
မိသားစုလိုက် အမှန်တရား သင်ယူခဲ့ရ
ကျွန်တော့်မိဘတွေက ဘုရားကို ချစ်တယ်။ ဘုရားကို သားသမီးတွေ ချစ်တတ်လာဖို့လည်း သွန်သင်ပေးတယ်။ ဒါပေမဲ့ ပထမကမ္ဘာစစ်အတွင်း ဥရောပမှာ အဖေ စစ်မှုထမ်းပြီးနောက် ချာ့ချ်တွေအပေါ် အကြည်အညိုပျက်သွားတယ်။ အမေကတော့ စစ်ပွဲကနေ အဖေ အသက်ရှင်လျက် ပြန်လာနိုင်လို့ ဘုရားကို ကျေးဇူးတင်မဆုံးဘူး။ ဒါနဲ့ အမေက အဖေ့ကို “ကားလ်၊ အရင်လိုပဲ ချာ့ချ်သွားရအောင်လေ” လို့ ခေါ်တယ်။ အဖေက “လိုက်ပို့ပေးမယ်။ အထဲတော့ မဝင်ဘူး” တဲ့။ “ဘာလို့လဲ” လို့ အမေ မေးတော့ အဖေက “စစ်ပွဲမှာ နှစ်ဖက်စလုံးက စစ်သားတွေက ဘာသာတူကြတယ်။ ဒါပေမဲ့ ဓမ္မဆရာတွေ ဘာလုပ်ကြသလဲ သိသလား။ ကိုယ့်စစ်သားတွေ အနိုင်ရဖို့ ဆုတောင်းပေးကြတယ်။ နှစ်ဖက်စလုံး ဒီလိုဆုတောင်းကြတော့ ဘုရားက ဘယ်ဘက်မှာ နေရမလဲ” လို့ ပြောတယ်။
တစ်ခေါက် အမေ ချာ့ချ်သွားနေတုန်း အိမ်ကို ယေဟောဝါသက်သေနှစ်ယောက် ရောက်လာတယ်။ ဗျာဒိတ်ကျမ်းအကြောင်း ရှင်းပြထားတဲ့ အလင်း ဆိုတဲ့ စာအုပ် အတွဲ ၁ နဲ့ ၂ ကို ဖတ်ချင်သလားလို့ အဖေ့ကို မေးကြတယ်။ အဖေလည်း စိတ်ဝင်စားတာနဲ့ စာအုပ်တွေ ယူထားလိုက်တယ်။ စာအုပ်တွေ တွေ့တာနဲ့ အမေ စဖတ်တော့တာပဲ။ တစ်ရက်တော့ အလင်း လို့ ခေါ်တဲ့ စာအုပ်နဲ့ ကျမ်းစာလေ့လာချင်သူတွေကို ဖိတ်ခေါ်ထားတာ သတင်းစာမှာ အမေ တွေ့လိုက်တယ်။ ဒါနဲ့ သတင်းစာမှာ ပါတဲ့ လိပ်စာအတိုင်း သွားရှာတော့ သက်ကြီးအမျိုးသမီးတစ်ယောက် တံခါးလာဖွင့်တယ်။ “ဒီစာအုပ်နဲ့ ကျမ်းစာလေ့လာတယ်ဆိုတာ ဒီနေရာလား” လို့ စာအုပ် ထောင်ပြပြီး အမေ မေးလိုက်တယ်။ “ဟုတ်တယ်၊ သမီး။ အထဲဝင်ခဲ့” ဆိုပြီး သက်ကြီးအမျိုးသမီး ပြောတယ်။ နောက်အပတ်က စပြီး ကျွန်တော်တို့မောင်နှမတွေကိုပါ အမေ ခေါ်ပြီး အပတ်တိုင်း သွားတယ်။
တစ်ခေါက်တော့ အစည်းအဝေးမှာ သင်တန်းကိုင်တဲ့ ညီအစ်ကိုက ကျွန်တော့်ကို ဆာလံ ၁၄၄:၁၅ ဖတ်ခိုင်းတယ်။ ယေဟောဝါကို ကိုးကွယ်သူတွေ ပျော်ရွှင်တယ်ဆိုပြီး အဲဒီမှာ ပြောထားတယ်။ အဲဒီကျမ်းပိုဒ်ကို ကျွန်တော် ကြိုက်သွားတယ်။ ကျွန်တော် ကြိုက်တဲ့ ကျမ်းပိုဒ်နှစ်ပိုဒ် ရှိသေးတယ်။ ယေဟောဝါဟာ “ပျော်ရွှင်တဲ့ ဘုရားသခင်” ဆိုပြီး ဖော်ပြထားတဲ့ ၁ တိမောသေ ၁:၁၁ နဲ့ “ဘုရားသခင်ကို အတုယူကြပါ” ဆိုတဲ့ ဧဖက် ၅:၁ ပါ။ ဖန်ဆင်းရှင်ကို ဝတ်ပြုခွင့်ရလို့ ပျော်ရွှင်သင့်တယ်၊ ကျေးဇူးတင်သင့်တယ်ဆိုတာ ကျွန်တော် သဘောပေါက်သွားတယ်။ တကယ်လည်း ပျော်ရွှင်နေဖို့၊ ကျေးဇူးတင်တတ်ဖို့ ဘဝတစ်လျှောက်လုံး ကြိုးစားခဲ့ပါတယ်။
ကျွန်တော်တို့နဲ့ အနီးဆုံး အသင်းတော်က ချီကာဂိုမြို့မှာပါ။ မိုင် ၂၀ (၃၂ ကီလိုမီတာ) ဝေးတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အစည်းအဝေးတွေ သွားတက်တယ်။ တဖြည်းဖြည်း ကျွန်တော် ကျမ်းစာအသိပညာ တိုးလာတယ်။ တစ်ခေါက် အစည်းအဝေးမှာ အစ်မ ဂျက်သာ မှတ်ချက်ပေးတာ မှတ်မိသေးတယ်။ အစ်မရဲ့ မှတ်ချက်ကို နားထောင်ပြီး ‘ငါလည်း အဲဒီအဖြေ သိသားပဲ။ လက်ထောင်လိုက်ရင် ကောင်းသား’ လို့ တွေးမိတယ်။ ဒါနဲ့ အဲဒီအချိန်ကစပြီး အစည်းအဝေးတွေအတွက် ကြိုတင်ပြင်ဆင်တယ်၊ ကိုယ်ပိုင်စကားနဲ့ မှတ်ချက်ပေးတယ်။ ကျွန်တော်တို့မောင်နှမအားလုံး ဘုရားရေးရာမှာ တိုးတက်လာတယ်။ ၁၉၄၁ ခုနှစ်မှာ ကျွန်တော် နှစ်ခြင်းခံတယ်။
အစည်းအဝေးကြီးတွေမှာ ယေဟောဝါအကြောင်း သင်ယူခဲ့ရ
၁၉၄၂ ခုနှစ်၊ အိုဟိုင်အိုပြည်နယ်၊ ကလိဖ်လန်းမြို့မှာ ကျင်းပတဲ့ အစည်းအဝေးကြီးကို မှတ်မိနေတုန်းပဲ။ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိတဲ့ နေရာဒေသ ၅၀ ကျော်က ညီအစ်ကို/မတွေလည်း အစည်းအဝေးကြီးကို ဖုန်းနဲ့ ချိတ်ဆက်နားထောင်ကြတယ်။ အစည်းအဝေးကြီး ကျင်းပတဲ့ နေရာနားက ဝင်းတစ်ဝင်းမှာ ညီအစ်ကို/မတွေ တဲထိုးပြီး တည်းကြတယ်။ ဒုတိယကမ္ဘာစစ် အရှိန်ကောင်းလာတာနဲ့အမျှ ယေဟောဝါသက်သေတွေ ပိုပိုပြီး နှိပ်စက်ခံလာရချိန်ပေါ့ဗျာ။ ဒါကြောင့် ညနေစောင်းလာပြီဆိုရင် ညီအစ်ကိုတွေက ဝင်းအပြင်ဘက်ကို မျက်နှာမူပြီး ကားတွေ ရပ်လိုက်တယ်။ ကားတစ်စီးမှာ ညီအစ်ကိုတစ်ယောက်စီ နေပြီး ညလုံးပေါက် ကင်းစောင့်တယ်။ အန္တရာယ်ရှိတဲ့ အရိပ်အယောင် တွေ့ရင် ညီအစ်ကိုတွေက တိုက်ခိုက်သူတွေ မျက်စိကျိန်းသွားအောင် ကားမီးထိုးမယ်၊ ဟွန်းတီးမယ်၊ အဲဒီအချိန်မှာ တခြားညီအစ်ကို/မတွေ ပြေးလာပြီး ကူညီပေးမယ်ဆိုပြီး စီစဉ်ထားတယ်။ အစည်းအဝေးကြီးအတွင်း တိုက်ခိုက်ခံရတာမျိုးတော့ မရှိခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် ‘ယေဟောဝါရဲ့ လူမျိုးက ဘယ်ကိစ္စအတွက်မဆို ကြိုတင်ပြင်ဆင်ထားတာပဲ’ ဆိုပြီး တွေးမိတယ်။ အဲဒီအတွေးကြောင့် ကျွန်တော် စိတ်အေးလက်အေး အိပ်ပျော်ခဲ့တယ်။
နှစ်တွေကြာပြီးနောက် အဲဒီအစည်းအဝေးကြီးအကြောင်း ပြန်စဉ်းစားကြည့်တော့ အမေ အပူအပင်၊ အကြောက်အလန့် မရှိခဲ့ပါလားဆိုတာ မြင်လာရတယ်။ ဘုရားနဲ့ ဘုရားအဖွဲ့အစည်းကို အမေ အပြည့်အဝ ယုံကြည်စိတ်ချခဲ့တာကိုး။ အမေ့စံနမူနာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။
အဲဒီအစည်းအဝေးကြီး မတိုင်ခင်လေးမှာပဲ အမေ မှန်မှန်ရှေ့ဆောင် စလုပ်တာ။ ဒါကြောင့် အစည်းအဝေးကြီးမှာ အချိန်ပြည့်လုပ်ငန်းအကြောင်း ဟောပြောချက်တွေဆိုရင် အမေ ပိုအာရုံစိုက်တယ်။ အိမ်အပြန်လမ်းမှာ အမေက “ရှေ့ဆောင် ဆက်လုပ်ချင်တယ်။ ဒါပေမဲ့ အိမ်အလုပ်တစ်ဖက်နဲ့ဆိုရင် မလုပ်နိုင်လောက်ဘူး” လို့ ပြောတယ်။ ဝိုင်းကူညီပေးချင်သလားလို့ ကျွန်တော်တို့ကို မေးတယ်။ ကူညီပေးဖို့ ကျွန်တော်တို့ သဘောတူလိုက်တယ်။ ဒါနဲ့ မနက်စာ မစားခင်တိုင်း အခန်းတွေ သန့်ရှင်းရေး လုပ်ဖို့ ကျွန်တော်တို့ကို တာဝန်ပေးတယ်။ ကျွန်တော်တို့ ကျောင်းသွားပြီဆိုရင် အခန်းတွေ သန့်ရှင်းနေမနေ အမေ လိုက်စစ်တယ်။ ပြီးမှ အမှုဆောင်သွားတယ်။ အလုပ်များပေမဲ့ သားသမီးတွေကို တစ်ခါမှ ပစ်မထားဘူး။ ကျွန်တော်တို့ နေ့လယ်စာ အိမ်ပြန်စားတဲ့အချိန်ဖြစ်ဖြစ်၊ ကျောင်းဆင်းတဲ့အချိန်ဖြစ်ဖြစ် အိမ်မှာ အမေ အမြဲ ရှိတယ်။ တချို့ရက်တွေမှာ ကျောင်းဆင်းပြီဆိုရင် အမေနဲ့ အမှုဆောင်လိုက်သွားတယ်။ ဒီလိုနဲ့ ရှေ့ဆောင်ဘဝဆိုတာ ဘယ်လိုမျိုးလဲ သဘောပေါက်လာတယ်။
ရှေ့ဆောင်ဘဝမှာ သင်ယူခဲ့ရ
ကျွန်တော် အသက် ၁၆ နှစ်မှာ ရှေ့ဆောင် စလုပ်တယ်။ အဲဒီအချိန်မှာ အဖေက သက်သေခံ မဖြစ်သေးပေမဲ့ ကျွန်တော့်ရဲ့ အမှုဆောင်
လုပ်ငန်းကို စိတ်ဝင်တစားရှိတယ်။ တစ်ညနေတော့ ကျွန်တော် ကျမ်းစာသင်အံမှု ရဖို့ ဒီလောက်ကြိုးစားနေတာတောင် သင်အံမှု မရသေးတဲ့အကြောင်း အဖေ့ကို ပြောပြတယ်။ ပြီးတော့ “ကျွန်တော်နဲ့ ကျမ်းစာမလေ့လာချင်ဘူးလား” လို့ မေးလိုက်တယ်။ အဖေက ခဏ စဉ်းစားပြီး “မလေ့လာချင်စရာအကြောင်းမှ မရှိတာ သားရယ်” ဆိုပြီး ပြန်ပြောတယ်။ ဒီလိုနဲ့ အဖေဟာ ကျွန်တော့်ရဲ့ ဦးဆုံး ကျမ်းစာသင်သား ဖြစ်လာတယ်။ အဖေ့ကို ကျမ်းစာသင်ပေးရတာ ကျွန်တော့်အတွက်တော့ အခွင့်ထူးပါပဲ။“အမှန်တရားသည် သင်တို့ကို လွှတ်လိမ့်မည်” ဆိုတဲ့ စာအုပ်နဲ့ ကျွန်တော်တို့ လေ့လာကြတယ်။ ကျွန်တော် ကျမ်းစာ ထိထိရောက်ရောက် လေ့လာတတ်အောင်၊ သင်ပေးတတ်အောင် အဖေ ကူညီပေးနေမှန်း တော်တော်ကြာမှ သဘောပေါက်လာတယ်။ တစ်ညနေမှာ ကျွန်တော်တို့ ကျမ်းစာလေ့လာနေတုန်း စာပိုဒ်တစ်ပိုဒ် ဖတ်ပြီးသွားတော့ အဖေက “စာအုပ်ထဲမှာ ဒီလိုပြောထားတာတော့ ဟုတ်ပါပြီ။ စာအုပ်ထဲမှာ ပြောထားတာ မှန်မမှန် သား ဘယ်လိုလုပ် သိသလဲ” ဆိုပြီး မေးတယ်။ ကျွန်တော် ဖြေစရာမရှိ ဖြစ်သွားတယ်။ “ချက်ချင်းကြီးဆိုတော့ မဖြေတတ်ဘူး။ နောက်တစ်ခေါက် ကျမ်းစာလေ့လာတဲ့အခါ အဖြေပေးမယ်” ဆိုပြီး ပြောလိုက်တယ်။ တကယ်လည်း အဖြေပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆွေးနွေးနေတဲ့ အကြောင်းအရာကို ထောက်ခံတဲ့ ကျမ်းပိုဒ်တွေ ရှာတွေ့ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ကျမ်းစာသင်အံမှုအတွက် ကြိုတင်ပြင်ဆင်တဲ့အခါ ကျွန်တော် ကောင်းကောင်း ရှာဖွေလေ့လာတတ်လာတယ်။ ဒီလိုနဲ့ ကျွန်တော်ကော အဖေပါ ဘုရားရေးရာမှာ တိုးတက်လာကြတယ်။ သင်ယူသိရှိလာတာတွေကို အဖေ လက်တွေ့ကျင့်သုံးပြီး ၁၉၅၂ ခုနှစ်မှာ နှစ်ခြင်းခံလိုက်တယ်။
ဗေသလမှာ သင်ယူခဲ့ရ
ကျွန်တော် အသက် ၁၇ နှစ်မှာ အိမ်နဲ့ ခွဲနေတယ်။ အဲဒီအချိန်မှာ အစ်မ ဂျက်သာ a က သာသနာပြု ဖြစ်နေပြီ။ အစ်ကို ဒေါန်က ဗေသလမှာ အမှုဆောင်နေပြီ။ နှစ်ယောက်စလုံး သူတို့တာဝန်သူတို့ မြတ်နိုးတာကို ကြည့်ပြီး ကျွန်တော် အားကျမိတယ်။ ဒါကြောင့် ဗေသလလျှောက်လွှာကော ဂိလဒ်သင်တန်းလျှောက်လွှာပါ ဖြည့်ပြီး ယေဟောဝါရဲ့ အဖြေကို စောင့်နေလိုက်တယ်။ ဒါနဲ့ ၁၉၄၆ ခုနှစ်မှာ ဗေသလကို ဖိတ်ခေါ်ခံရတယ်။
ဗေသလမှာ အမှုဆောင်တာ ၇၅ နှစ် ရှိပြီ။ နှစ်တွေတစ်လျှောက် တာဝန်အမျိုးမျိုး ရခဲ့လို့ အမျိုးမျိုး သင်ယူခဲ့ရတယ်။ စာအုပ် ပုံနှိပ်တတ်ဖို့၊ စာရင်းကိုင်တတ်ဖို့ သင်ယူခဲ့ရတယ်။ ဗေသလအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ဝယ်ခြမ်းတတ်ဖို့၊ ပစ္စည်းတွေ ထုပ်ပို့တတ်ဖို့ သင်ယူခဲ့ရတယ်။ ဗေသလ နံနက်ဝတ်ပြုမှု၊ ဗေသလ ပို့ချချက်တွေကတစ်ဆင့် ကျမ်းစာအသိပညာ သင်ယူရတာကိုတော့ အနှစ်သက်ဆုံးပါပဲ။
၁၉၄၇ ခုနှစ်မှာ ဗေသလ ရောက်လာတဲ့ ညီလေး ကားလ်ဆီကနေလည်း သင်ယူခဲ့ရတယ်။ ကားလ်က ကျမ်းစာလေ့လာတဲ့နေရာမှာကော သင်ပေးတဲ့နေရာမှာပါ တော်တယ်။ တစ်ခေါက် ကျွန်တော် ဟောပြောချက်တာဝန်ကျတော့ သူ့ဆီ အကြံတောင်းတယ်။ ‘အချက်အလက် အများကြီး ရှာထားတယ်။ ဒါပေမဲ့ ဟောပြောချက်မှာ ဘယ်လို ထည့်သုံးရမလဲ မသိဘူး ဖြစ်နေတယ်’ လို့ ကားလ်ကို ပြောပြတော့
ကျွန်တော့်ကို သူ တစ်ခွန်းပဲ မေးတယ်။ “အစ်ကို့ရဲ့ ဟောပြောချက် အဓိကအကြောင်းအရာက ဘာလဲ” တဲ့။ သူ ပြောချင်တာ ကျွန်တော် သဘောပေါက်လိုက်တယ်။ အဓိကအကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေပဲ သုံးပြီး ကျန်တဲ့ အချက်အလက်တွေ ဖယ်လိုက်တယ်။ အဲဒီသင်ခန်းစာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ဗေသလမှာ ပျော်ချင်ရင် အမှုဆောင်မှာ အပြည့်အဝ ပါဝင်ဖို့ လိုတယ်။ ဒါမှလည်း အားရှိစရာ အတွေ့အကြုံတွေ ရလာမှာ။ နယူးယောက်မြို့၊ ဘရွန့်ဇ်မှာ အမှုဆောင်တဲ့ တစ်ညနေကို မှတ်မိသေးတယ်။ တွဲဖက်ညီအစ်ကိုနဲ့ ကျွန်တော် အမျိုးသမီးတစ်ယောက်နဲ့ ဆုံတယ်။ အဲဒီအမျိုးသမီးက ကင်းမျှော်စင်၊ နိုးလော့! မဂ္ဂဇင်းတွေ ရဖူးတယ်။ “ကျမ်းစာထဲက အားရှိစရာ အကြောင်းအရာတွေ ပြောပြဖို့ ကျွန်တော်တို့ ရောက်လာတာပါ” ဆိုပြီး မိတ်ဆက်တော့ “ကျမ်းစာအကြောင်း ပြောမယ်ဆိုရင် ဝင်လာခဲ့” တဲ့။ ဘုရားနိုင်ငံတော်အကြောင်း၊ ကမ္ဘာသစ်အကြောင်း ကျမ်းပိုဒ်အများကြီး ဖတ်ပြီး ဆွေးနွေးဖြစ်တယ်။ အဲဒီအမျိုးသမီး သဘောကျသွားပြီး နောက်တစ်ပတ် ကျွန်တော်တို့ သွားတဲ့အချိန် မိတ်ဆွေတော်တော်များများကိုပါ ခေါ်ထားတယ်။ အခုဆိုရင် အဲဒီအမျိုးသမီးနဲ့ ခင်ပွန်းဟာ ယေဟောဝါသက်သေ ဖြစ်နေပြီ။
အိမ်ထောင်ဖက်ဆီက သင်ယူခဲ့ရ
အိမ်ထောင်ပြုဖို့ ဆုံးဖြတ်လိုက်ချိန်က စပြီး ‘အိမ်ထောင်ပြုပြီးရင် အိမ်ထောင်ဖက်နဲ့အတူ ဘာလုပ်ချင်သလဲ’ ဆိုတာ ဆုတောင်းသုံးသပ်တယ်။ ဒီလိုနဲ့ ၁၀ နှစ်လောက်အကြာမှာ ကျွန်တော့်ချစ်ဇနီးနဲ့ ဆုံတွေ့ခဲ့တယ်။
၁၉၅၃ ခုနှစ် ရန်ကီးအားကစားကွင်းမှာ ကျင်းပတဲ့ အစည်းအဝေးကြီးမှာ မေရီ အန်ယော့လ်လို့ ခေါ်တဲ့ ညီအစ်မနဲ့ ဆုံတယ်။ သူက အစ်မ ဂျက်သာနဲ့ ဒုတိယအကြိမ်မြောက် ဂိလဒ်သင်တန်း အတူတက်ခဲ့တာ။ ပြီးတော့ အစ်မရဲ့ သာသနာပြုတွဲဖက်လည်း ဟုတ်တယ်။ ကရစ်ဘီယံကျွန်းစုက သာသနာပြုဘဝအကြောင်း၊ ကျမ်းစာသင်အံမှုတွေအကြောင်း မေရီ အားတက်သရော ပြောပြတတ်တယ်။ ရင်းနှီးလာတာနဲ့အမျှ ကျွန်တော်တို့နှစ်ယောက် ပန်းတိုင်တူမှန်း သတိထားမိလာတယ်။ ကျွန်တော်တို့ ချစ်ကျွမ်းဝင်ပြီး ၁၉၅၅၊ ဧပြီလမှာ လက်ထပ်လိုက်ကြတယ်။ ဘယ်ရှုထောင့်ကနေပဲ ကြည့်ကြည့် မေရီဟာ ယေဟောဝါဆီက လက်ဆောင်၊ ကျွန်တော့်အတွက် အတုယူစရာ စံနမူနာရှင်ပါပဲ။ မေရီက ဘယ်တာဝန်ရရ ပျော်ပျော်ရွှင်ရွှင် လုပ်တတ်တယ်၊ အလုပ်ကြိုးစားတယ်၊ တခြားသူတွေကို ဂရုစိုက်ပေးတတ်တယ်။ ဘုရားသခင့်နိုင်ငံတော်ကို အမြဲ ဦးစားထားတယ်။ (မ. ၆:၃၃) တိုက်နယ်လုပ်ငန်းမှာ ကျွန်တော်တို့ သုံးနှစ် ပါဝင်ပြီးနောက် ၁၉၅၈ ခုနှစ်မှာ ဗေသလကို ဖိတ်ခေါ်ခံရတယ်။
မေရီ့ဆီကနေ အများကြီး သင်ယူခဲ့ရတယ်။ ဥပမာ၊ ကြင်စဦးဘဝမှာ ကျမ်းစာအတူတူဖတ်တဲ့အခါ တစ်ခေါက်ကို ကျမ်းပိုဒ် ၁၅ ပိုဒ်လောက်ပဲ ဖတ်ကြတယ်။ အပိုင်းတစ်ပိုင်း ဖတ်ပြီးရင် ဆွေးနွေးကြတယ်၊ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ စဉ်းစားကြတယ်။ ဂိလဒ်သင်တန်းမှာ၊ သာသနာပြုဘဝမှာ သင်ယူခဲ့ရတာတွေကို မေရီ ပြောပြတတ်တယ်။ သူ ဝေမျှပြောပြတဲ့ အကြောင်းအရာတွေက ကျွန်တော် ဟောပြောချက်တွေ ပြင်ဆင်တဲ့အခါ၊ ညီအစ်မတွေကို အားပေးတဲ့အခါ သိပ်အထောက်အကူဖြစ်တယ်။—ပညာ. ၂၅:၁၁။
၂၀၁၃ ခုနှစ်မှာ မေရီ ဆုံးသွားတယ်။ သူနဲ့ ကမ္ဘာသစ်မှာ ပြန်ဆုံချင်လှပြီ။ သူနဲ့ ပြန်ဆုံဖို့ စောင့်နေရင်း ဒီအတောအတွင်းမှာ ယေဟောဝါဆီက ဆက်သင်ယူဖို့၊ ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ ဆက်ယုံကြည်ကိုးစားဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်။ (ပညာ. ၃:၅၊ ၆) ကမ္ဘာသစ်အသက်တာအကြောင်း စဉ်းစားလိုက်တိုင်း နှစ်သိမ့်မှု ရတယ်၊ ပီတိဖြစ်ရတယ်။ ကမ္ဘာသစ်မှာလည်း မဟာသွန်သင်ရှင်အကြောင်း မဟာသွန်သင်ရှင်ဆီကနေ ဆက်သင်ယူကြရမှာ။ ယေဟောဝါ သွန်သင်ပေးခဲ့သမျှအတွက်၊ မဟာကရုဏာတော်ကို နည်းမျိုးစုံနဲ့ ပြခဲ့သမျှအတွက် ကျေးဇူးတင်မဆုံးပါဘူး။
a ၂၀၀၃၊ မတ် ၁ ကင်းမျှော်စင် စာ. ၂၃-၂၉ မှာ ဂျက်သာ စူနာလ်ရဲ့ ဘဝအတ္ထုပ္ပတ္တိ ပါတယ်။