လေ့လာရန် ဆောင်းပါး ၆
ကျွန်တော်တို့ကို အဖ ယေဟောဝါ အလွန်ချစ်
‘ဒီနည်းအတိုင်း ခင်ဗျားတို့ ဆုတောင်းရမယ်– “ကျွန်တော်တို့ရဲ့အဖ။”’—မ. ၆:၉။
သီချင်း ၁၃၅ ယေဟောဝါရဲ့ မေတ္တာရပ်ခံချက်– ‘ငါ့သား၊ ပညာရှိပါ’
အကြိုသုံးသပ်ချက် *
၁။ ပါးရှားဘုရင်ကို ဝင်မတွေ့ခင် အရင်ဘာလုပ်ရမလဲ။
ပါးရှားပြည်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လောက်က အသက်ရှင်နေတယ်လို့ မြင်ယောင်ကြည့်ပါ။ ဘုရင်ကို လျှောက်တင်စရာရှိလို့ ရှုရှန်မြို့တော်ဆီ သင် ရောက်လာတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရဘဲ ဘုရင်ကို ဝင်တွေ့ဖို့ စဉ်းစားမှာ မဟုတ်ဘူး။ အဲဒီလို ဝင်တွေ့ရင် အသတ်ခံရနိုင်တယ်။—ဧသ. ၄:၁၁။
၂။ ယေဟောဝါက မိမိဆီ ချဉ်းကပ်တာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ဘယ်လို သဘောထားစေချင်သလဲ။
၂ ယေဟောဝါဟာ အဲဒီပါးရှားဘုရင်လို မဟုတ်တဲ့အတွက် ကျေးဇူးတင်စရာပါပဲ။ လူ့အုပ်စိုးရှင်အားလုံးထက် အဆပေါင်းများစွာ သာလွန်ကြီးမြတ်ပေမဲ့ မိမိဆီ အချိန်မရွေး ချဉ်းကပ်ခွင့် ပြုထားတယ်။ လွတ်လွတ်လပ်လပ် ချဉ်းကပ်စေချင်တယ်။ ဥပမာ၊ မဟာဖန်ဆင်းရှင်၊ အနန္တတန်ခိုးရှင်၊ အချုပ်အခြာ အာဏာပိုင်ရှင်ဆိုတဲ့ ဘွဲ့နာမတွေ ပိုင်ဆိုင်ထားပေမဲ့ “အဖ” လို့ ရင်းရင်းနှီးနှီး ခေါ်ဖို့ ဖိတ်ခေါ်ထားတယ်။ (မ. ၆:၉) ယေဟောဝါက ကျွန်တော်တို့ကို မိမိနဲ့ ရင်းနှီးစေချင်မှန်း သိရလို့ ဝမ်းသာစရာပါပဲ။
၃။ ယေဟောဝါကို “အဖ” လို့ ဘာကြောင့် ခေါ်နိုင်သလဲ။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အသက်ပေးရှင် ဖြစ်တဲ့အတွက် “အဖ” လို့ အခေါ်ခံထိုက်တယ်။ (ဆာ. ၃၆:၉) ဖခင် ဖြစ်လို့ ဘုရားကို နာခံဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဘုရားရဲ့ တောင်းဆိုချက်တွေကို လိုက်နာတဲ့အခါ ကောင်းချီးတွေ ခံစားရမယ်။ (ဟီ. ၁၂:၉) အဲဒီထဲမှာ ကောင်းကင်မှာ ဖြစ်စေ၊ မြေကြီးမှာ ဖြစ်စေ ထာဝရအသက် ရရှိခြင်း ပါဝင်တယ်။ လောလောဆယ်လည်း အကျိုးရနေတယ်။ မေတ္တာရှင်ဖခင်ဖြစ်ကြောင်း ယေဟောဝါ ဘယ်လို ဖော်ပြသလဲ၊ အနာဂတ်မှာ ကျွန်တော်တို့ကို ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဦးဆုံး၊ ကျွန်တော်တို့ကို ကောင်းကင်ဖခင် သိပ်ချစ်ကြောင်း၊ ဂရုစိုက်ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲဆိုတာ ဆွေးနွေးကြစို့။
မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ ဖခင် ယေဟောဝါ
၄။ ယေဟောဝါကို ဖခင်အဖြစ် ရှုမြင်ဖို့ တချို့ ဘာကြောင့် ခက်သလဲ။
၄ ဘုရားကို ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နေသလား။ တချို့က ယေဟောဝါနဲ့ ယှဉ်ရင် သေးသိမ်တယ်လို့ ခံစားရပြီး သိမ်ငယ်သွားကြတယ်။ ကိုယ့်ကို အနန္တတန်ခိုးရှင် ဘုရားသခင် ဂရုစိုက်ရဲ့လားလို့ သံသယ ဖြစ်ကြတယ်။ ဒါပေမဲ့ မေတ္တာရှင်ဖခင်က အဲဒီလို မခံစားစေချင်ဘူး။ ကျွန်တော်တို့ကို အသက်ပေးထားပြီး မိမိနဲ့ ရင်းရင်းနှီးနှီး ရှိစေချင်တယ်။ ယေဟောဝါဟာ “ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ အေသင်မြို့သားတွေကို တမန်တော် ပေါလု ပြောခဲ့တယ်။ (တ. ၁၇:၂၄-၂၉) မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ မိဘဆီ ချဉ်းကပ်တဲ့ ကလေးတစ်ယောက်လို မိမိဆီ ချဉ်းကပ်စေချင်တယ်။
၅။ ခရစ်ယာန်ညီအစ်မတစ်ယောက်ရဲ့ အတွေ့အကြုံကနေ ဘာသိရသလဲ။
၅ တချို့က ဖခင်မေတ္တာ မရခဲ့တဲ့အတွက် ယေဟောဝါကို ဖခင်အဖြစ် ရှုမြင်ဖို့ ခက်နိုင်တယ်။ “ကျွန်မရဲ့ အဖေက စရိုက်ကြမ်းတယ်။ ဒါကြောင့် ကျွန်မ ကျမ်းစာ စလေ့လာတော့ ဘုရားကို ဖခင်အဖြစ် သဘောထားဖို့ သိပ်ခက်တယ်။ ယေဟောဝါအကြောင်း သိလာပြီးနောက်မှာတော့ သဘောထား ပြောင်းသွားတယ်” လို့ ခရစ်ယာန် ညီအစ်မတစ်ယောက် ပြောတယ်။ သင်ကော အဲဒီလို ခံစားနေရသလား။ ဒါဆိုရင် စိတ်ဓာတ်မကျပါနဲ့။ ယေဟောဝါကို အကောင်းဆုံး ဖခင်အဖြစ် တဖြည်းဖြည်း ရှုမြင်လာနိုင်မှာပါ။
၆။ မဿဲ ၁၁:၂၇ အရ မိမိကို မေတ္တာရှိတဲ့ ဖခင်အဖြစ် ရှုမြင်နိုင်အောင် ယေဟောဝါ ကူညီပေးတဲ့ နည်းတစ်နည်းက ဘာလဲ။
၆ မိမိကို မေတ္တာရှိတဲ့ ဖခင်အဖြစ် ရှုမြင်နိုင်အောင် ယေဟောဝါ ကူညီပေးတဲ့ နည်းတစ်နည်းကတော့ ကျမ်းစာမှာ ယေရှုရဲ့ စကားနဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်စေခြင်းပါပဲ။ (မဿဲ ၁၁:၂၇ ကိုဖတ်ပါ။) ဖခင်ရဲ့ အရည်အသွေးတွေကို အပြည့်အဝ အတုယူတဲ့အတွက် “ကျွန်တော့်ကိုမြင်တာဟာ အဖဘုရားကို မြင်တာပဲ” လို့ ယေရှု ပြောနိုင်ခဲ့တယ်။ (ယော. ၁၄:၉) ယေဟောဝါကို ဖခင်အဖြစ် ယေရှု မကြာခဏ ရည်ညွှန်းတယ်။ ခရစ်ဝင်ကျမ်း လေးကျမ်းမှာတင် ယေဟောဝါကို “အဖ” ဆိုပြီး ၁၆၅ ကြိမ်လောက် ယေရှု ခေါ်ခဲ့တယ်။ ယေဟောဝါအကြောင်း ယေရှု ဘာကြောင့် ဒီလောက် ပြောခဲ့သလဲ။ ယေဟောဝါဟာ မေတ္တာရှိတဲ့ ဖခင်ဖြစ်မှန်း လူတွေကို စိတ်ချစေချင်လို့ပဲ။—ယော. ၁၇:၂၅၊ ၂၆။
၇။ သားတော်ကို ဆက်ဆံပုံကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
၇ သားတော် ယေရှုကို ဆက်ဆံပုံကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။ ယေဟောဝါက ယေရှုရဲ့ ဆုတောင်းချက်တွေကို အမြဲ နားထောင်ပေးတယ်။ နားထောင်ရုံသာမက အဖြေလည်း ပေးတယ်။ (ယော. ၁၁:၄၁၊ ၄၂) ဘယ်လို အခက်အခဲပဲ ကြုံရပါစေ ဖခင်ရဲ့ မေတ္တာနဲ့ ကူညီထောက်မမှုကို ယေရှု အမြဲ ရတယ်။—လု. ၂၂:၄၂၊ ၄၃။
၈။ ယေရှုကို ဘယ်နည်းတွေနဲ့ ယေဟောဝါ ထောက်မခဲ့သလဲ။
၈ ဖခင်ဟာ မိမိကို အသက်ပေးထားပြီး အသက်ဆက်ရှင်နိုင်ဖို့ ထောက်မပေးနေတယ်ဆိုတာ သိလို့ “အဖဘုရားကြောင့် ကျွန်တော် အသက်ရှင်နေတယ်” လို့ ယေရှု ပြောတယ်။ (ယော. ၆:၅၇) ဖခင်ကို ယေရှု အကြွင်းမဲ့ ယုံကြည်ကိုးစားတယ်။ ယေဟောဝါကလည်း ယေရှုရဲ့ ရုပ်ပိုင်းလိုအပ်ချက်တွေ၊ အထူးသဖြင့် ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မပေးတယ်။—မ. ၄:၄။
၉။ ယေဟောဝါဟာ မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ ဖခင်ဖြစ်ကြောင်း ယေရှုကို ဘယ်လို ဖော်ပြသလဲ။
မ. ၂၆:၅၃။ ယော. ၈:၁၆) အခက်အခဲ မှန်သမျှကနေ မကာကွယ်ပေးပေမဲ့ ခံနိုင်ရည်ရှိဖို့ ကူညီပေးတယ်။ ကြုံရမယ့် အခက်အခဲတွေဟာ ခဏပဲဆိုတာ ယေရှု သိတယ်။ (ဟီ. ၁၂:၂) ယေဟောဝါက ဆုတောင်းချက်တွေကို နားထောင်ပေးခြင်း၊ ထောက်မပေးခြင်း၊ လေ့ကျင့်ပေးခြင်း၊ ကူညီပေးခြင်းအားဖြင့် ယေရှုကို ချစ်ကြောင်း ပြတယ်။ (ယော. ၅:၂၀။ ၈:၂၈) ကျွန်တော်တို့ကိုလည်း အဲဒီလိုနည်းတွေနဲ့ ကောင်းကင်ဖခင် ဂရုစိုက်နေတယ်။
၉ မေတ္တာရှင်ဖခင်ရဲ့ ထောက်မမှု ရနေမှန်း ယေရှုကို ယေဟောဝါ သိစေတယ်။ (ကျွန်တော်တို့ကို မေတ္တာရှင် ဖခင် ဂရုစိုက်စောင့်ရှောက်ပုံ
၁၀။ ဆာလံ ၆၆:၁၉၊ ၂၀ အရ ကျွန်တော်တို့ကို ချစ်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။
၁၀ ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးတယ်။ (ဆာလံ ၆၆:၁၉၊ ၂၀ ကိုဖတ်ပါ။) ကျွန်တော်တို့ရဲ့ ဆုတောင်းချက်တွေကို မကန့်သတ်ထားဘူး။ မကြာခဏ ဆုတောင်းဖို့ တိုက်တွန်းတယ်။ (၁ သက်. ၅:၁၇) ဆုတောင်းချက်တွေကို နားထောင်ဖို့ မအားဘူးဆိုတာ မရှိဘူး။ အမြဲအာရုံစိုက် နားထောင်ပေးတယ်။ ဒါကြောင့် အချိန်မရွေး၊ နေရာမရွေး ဆုတောင်းနိုင်တယ်။ ဆုတောင်းချက်တွေကို နားထောင်ပေးမှန်း သိလာတဲ့အခါ ယေဟောဝါကို ကျွန်တော်တို့ ပိုချစ်လာတယ်။ “ယေဟောဝါကို ငါချစ်မြတ်နိုးတယ်၊ ငါအသနားခံတာကို ဘုရား နားထောင်ပေးလို့ပဲ” လို့ ဆာလံဆရာ ပြောတယ်။—ဆာ. ၁၁၆:၁။
၁၁။ ဆုတောင်းချက်တွေကို ယေဟောဝါ ဘယ်လို ဖြေပေးသလဲ။
၁၁ အဖဘုရားက ဆုတောင်းချက်တွေကို နားထောင်ရုံသာမက အဖြေလည်း ပေးတယ်။ “အလိုတော်နဲ့အညီ ဆုတောင်းမယ်ဆိုရင် ဘုရား နားထောင်မယ်” လို့ တမန်တော် ယောဟန် ပြောတယ်။ (၁ ယော. ၅:၁၄၊ ၁၅) ယေဟောဝါက ဆုတောင်းချက်တွေကို ကျွန်တော်တို့ မျှော်လင့်တဲ့နည်းအတိုင်း ဖြေချင်မှဖြေမယ်။ ကျွန်တော်တို့အတွက် အကောင်းဆုံးက ဘာလဲဆိုတာ သိလို့ တစ်ခါတလေ မပေးတာ၊ စောင့်ခိုင်းတာ ဖြစ်နိုင်တယ်။—၂ ကော. ၁၂:၇-၉။
၁၂-၁၃။ ကောင်းကင်ဖခင်က ကျွန်တော်တို့ကို ဘယ်နည်းတွေနဲ့ ထောက်မ သလဲ။
၁၂ ကျွန်တော်တို့ကို ယေဟောဝါ ထောက်မတယ်။ ယေဟောဝါက ဖခင်တွေဆီက တောင်းဆိုထားတာတွေအတိုင်း ကိုယ်တိုင်လည်း လုပ်တယ်။ (၁ တိ. ၅:၈) သားသမီးတွေရဲ့ ရုပ်ပိုင်းလိုအပ်ချက်တွေကို ထောက်မပေးတယ်။ စားဝတ်နေရေးအတွက် မစိုးရိမ်စေချင်ဘူး။ (မ. ၆:၃၂၊ ၃၃။ ၇:၁၁) မေတ္တာရှိတဲ့ ဖခင်ယေဟောဝါက အနာဂတ်မှာ ကျွန်တော်တို့ လိုအပ်မယ့်အရာတွေကို ဖြည့်ဆည်းပေးဖို့တောင် စီစဉ်ထားတယ်။
၁၃ အထူးသဖြင့် ဘုရားရေးရာ လိုအပ်ချက်တွေကို ထောက်မပေးတယ်။ ကျမ်းစာကတစ်ဆင့် မိမိနဲ့ပတ်သက်တဲ့ အမှန်တရား၊ ရည်ရွယ်ချက်၊ ဘဝအဓိပ္ပာယ်၊ အနာဂတ်အကြောင်း ဖော်ပြတယ်။ မိဘ ဒါမှမဟုတ် ကျမ်းစာသင်ပေးသူ တစ်ယောက်ကို သုံးပြီး မိမိအကြောင်း သင်ပေးတယ်။ အသင်းတော် အကြီးအကဲတွေ၊ တခြား ရင့်ကျက်တဲ့ ညီအစ်ကို/မတွေကတစ်ဆင့်လည်း မေတ္တာပါပါ ကူညီပေးတယ်။ အသင်းတော် အစည်းအဝေးတွေကတစ်ဆင့် ကျွန်တော်တို့ကို သွန်သင်ပေးတယ်။ ဒီနည်းတွေအပြင် တခြားနည်းတွေနဲ့လည်း ဖခင်မေတ္တာ ပြတယ်။—ဆာ. ၃၂:၈။
၁၄။ ကျွန်တော်တို့ကို ယေဟောဝါ ဘာကြောင့် လေ့ကျင့်ပေးသလဲ။ ဘယ်လို လေ့ကျင့်ပေးသလဲ။
၁၄ ကျွန်တော်တို့ကို ယေဟောဝါ လေ့ကျင့်ပေးတယ်။ ကျွန်တော်တို့က ယေရှုလို စုံလင်သူ မဟုတ်ဘူး။ ဒါကြောင့် မေတ္တာရှင် ဖခင်က ကျွန်တော်တို့ကို လေ့ကျင့်တဲ့အခါ လိုအပ်သလိုလည်း ဆုံးမတယ်။ ‘ယေဟောဝါက ချစ်ရသူတွေကို ဆုံးမတယ်’ လို့ ကျမ်းစာမှာ သတိပေးထားတယ်။ (ဟီ. ၁၂:၆၊ ၇) နည်းလမ်းများစွာနဲ့ ဘုရား ဆုံးမတယ်။ ကျမ်းစာမှာ ဖတ်လိုက်ရတဲ့၊ အစည်းအဝေးမှာ ကြားလိုက်ရတဲ့ အရာတစ်ခုခုအားဖြင့် ဒါမှမဟုတ် အကြီးအကဲတွေကတစ်ဆင့် ကျွန်တော်တို့ကို တည့်မတ်ပေးတယ်။ ဆုံးမမှုက ဘယ်လိုပုံစံနဲ့ပဲ လာပါစေ ကျွန်တော်တို့ကို ယေဟောဝါ ချစ်လို့ ဆုံးမတာပါ။—ယေ. ၃၀:၁၁။
၁၅။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်နည်းတွေနဲ့ ကာကွယ်ပေးသလဲ။
၁၅ အခက်အခဲတွေ ကြုံတဲ့အခါ ယေဟောဝါ ကူညီပေးတယ်။ ဂရုစိုက်တတ်တဲ့ ဖခင်က သားသမီးတွေ ဒုက္ခရောက်ချိန်မှာ ကူညီပေးသလို ကောင်းကင်ဖခင်ကလည်း ကျွန်တော်တို့ ဒုက္ခရောက်ချိန်မှာ ကူညီပေးတယ်။ သန့်ရှင်းသော စွမ်းအားတော်ကို သုံးပြီး မိမိနဲ့ ဆက်ဆံရေး မထိခိုက်အောင် ကာကွယ်ပေးတယ်။ (လု. ၁၁:၁၃) စိတ်ပိုင်းဆိုင်ရာကိုလည်း ကာကွယ်ပေးတယ်။ ဥပမာ၊ အံ့ဖွယ်မျှော်လင့်ချက် ပေးထားတယ်။ အဲဒီမျှော်လင့်ချက်က အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ကူညီပေးတယ်။ ဘယ်လိုဒုက္ခပဲ ကြုံရပါစေ မေတ္တာရှင် ဖခင်က ပြန်ကုစားပေးမယ်။ ဒုက္ခတွေဟာ ခဏပဲ။ ယေဟောဝါ ပေးတဲ့ ကောင်းချီးတွေကတော့ ထာဝစဉ်တည်တယ်။—၂ ကော. ၄:၁၆-၁၈။
ကျွန်တော်တို့ကို အဖဘုရား ဘယ်တော့မှ မစွန့်
၁၆။ မေတ္တာရှင် ဖခင်ကို အာဒံ မနာခံတဲ့အတွက် ဘာဖြစ်ခဲ့သလဲ။
၁၆ လူ့မိသားစုမှာ ဦးဆုံးပေါ်လာတဲ့ ပြဿနာကို ယေဟောဝါ ဖြေရှင်းပုံကနေ ဘုရားမေတ္တာကို တွေ့နိုင်တယ်။ ကောင်းကင်ဖခင် ယေဟောဝါကို အာဒံ မနာခံတဲ့အတွက် ကိုယ်တိုင်နဲ့ သားစဉ်မြေးဆက်တွေ ဘုရားမိသားစုဝင် ဖြစ်ခွင့် ဆုံးရှုံးသွားတယ်။ (ရော. ၅:၁၂။ ၇:၁၄) ဒါပေမဲ့ အာဒံရဲ့ သားစဉ်မြေးဆက်တွေကို ယေဟောဝါ ပစ်မထားပါဘူး။
၁၇။ အာဒံ ပုန်ကန်ပြီးနောက် ယေဟောဝါ ချက်ချင်း ဘာလုပ်သလဲ။
၁၇ အာဒံကို ယေဟောဝါ ပြစ်ဒဏ်ပေးပေမဲ့ အာဒံရဲ့ မမွေးသေးတဲ့ သားစဉ်မြေးဆက်တွေကို မျှော်လင့်ချက် ပေးတယ်။ နာခံတဲ့ လူသားတွေကို မိမိရဲ့ မိသားစုဝင် ပြန်ဖြစ်ခွင့်ပေးမယ်လို့ ဘုရားသခင် ချက်ချင်း ကတိပေးတယ်။ (က. ၃:၁၅။ ရော. ၈:၂၀၊ ၂၁) ချစ်သားယေရှုရဲ့ ရွေးဖိုးပူဇော်သက္ကာကို အခြေခံပြီး အဲဒီလို လုပ်ပေးတယ်။ သားတော်ကို ပေးခြင်းက ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လောက် ချစ်ကြောင်း ဖော်ပြတယ်။—ယော. ၃:၁၆။
၁၈။ လမ်းလွဲသွားရင်တောင် ဘယ်အချက်ကို စိတ်ချနိုင်သလဲ။
၁၈ ကျွန်တော်တို့ မစုံလင်ပေမဲ့ ယေဟောဝါက မိမိရဲ့ မိသားစုဝင် ဖြစ်စေချင်တယ်။ ကျွန်တော်တို့ကို ဝန်ထုပ်ဝန်ပိုးအဖြစ် ဘယ်တော့မှ မယူမှတ်ဘူး။ မိမိကို စိတ်ပျက်အောင် လုပ်ပြီး လမ်းလွဲသွားရင်တောင် ဘယ်တော့မှ လက်မလျှော့ဘူး။ ပျောက်တဲ့သား ပုံဥပမာမှာ ယေဟောဝါရဲ့ ဖခင်မေတ္တာ ဘယ်လောက် ကြီးမားကြောင်း ယေရှု ဖော်ပြတယ်။ (လု. ၁၅:၁၁-၃၂) ပုံဥပမာမှာ ဖခင်က သားပြန်လာမယ်ဆိုပြီး အမြဲ မျှော်လင့်နေတယ်။ သား ပြန်လာတဲ့အခါ ဝမ်းသာအားရ ကြိုဆိုတယ်။ ကျွန်တော်တို့လည်း လမ်းလွဲသွားပေမဲ့ နောင်တရမယ်ဆိုရင် ယေဟောဝါ ကြိုဆိုဖို့ အသင့်ရှိတယ်။
၁၉။ အာဒံကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ယေဟောဝါ ဘယ်လို ပြုပြင်ပေးမလဲ။
၁၉ အာဒံကြောင့် ဖြစ်လာတဲ့ ထိခိုက်ပျက်စီးမှုတွေကို ကောင်းကင်ဖခင် ပြန်ပြုပြင်ပေးမယ်။ အာဒံ ပုန်ကန်ပြီးနောက် ယေဟောဝါက ကောင်းကင်မှာ သားတော်နဲ့အတူ ဘုရင်နဲ့ ပုရောဟိတ်အဖြစ် အမှုဆောင်ဖို့ လူတွေထဲကနေ ၁၄၄,၀၀၀ ကို မွေးစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကမ္ဘာသစ်မှာ ယေရှုနဲ့ တွဲဖက်အုပ်ချုပ်သူတွေက နာခံမှုရှိတဲ့လူတွေ စုံလင်လာအောင် ကူညီပေးပါလိမ့်မယ်။ နောက်ဆုံးစမ်းသပ်မှုကို သူတို့ အောင်မြင်ပြီးနောက် ဘုရားသခင် ထာဝရအသက် ပေးမယ်။ ကမ္ဘာတစ်ခုလုံး စုံလင်တဲ့ သားသမီးတွေ ပြည့်နေတာကို ကြည့်ပြီး ကောင်းကင်ဖခင် ကျေနပ်နေပါလိမ့်မယ်။ တကယ့်ကို ကြည်နူးစရာ အချိန်ပါပဲ။
၂၀။ ကျွန်တော်တို့ကို အလွန်ချစ်ကြောင်း ယေဟောဝါ ဘယ်နည်းတွေနဲ့ ဖော်ပြသလဲ။ နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၂၀ ကျွန်တော်တို့ကို အလွန်ချစ်ကြောင်း ယေဟောဝါ ဖော်ပြတယ်။ အကောင်းဆုံးဖခင်ပါပဲ။ ဆုတောင်းချက်တွေကို နားထောင်ပေးတယ်။ ရုပ်ပိုင်း၊ ဘုရားရေးရာပိုင်း လိုအပ်တာတွေကို ထောက်မပေးတယ်။ လေ့ကျင့်ပေးတယ်။ ကူညီပေးတယ်။ အနာဂတ်မှာလည်း ကောင်းချီးတွေ ပေးဦးမယ်။ ကျွန်တော်တို့ကို ကောင်းကင်ဖခင် အလွန်ချစ်ပြီး ဂရုစိုက်မှန်း သိရလို့ ဝမ်းသာစရာပါပဲ။ နောက်ဆောင်းပါးမှာ ဘုရားသားသမီးတွေအနေနဲ့ ဘုရားမေတ္တာကို ဘယ်လို တုံ့ပြန်နိုင်သလဲဆိုတာ ဆွေးနွေးပါမယ်။
သီချင်း ၁၀၈ ဘုရားရဲ့ ခိုင်မြဲတဲ့မေတ္တာ
^ အပိုဒ်၊ 5 ယေဟောဝါကို ဖန်ဆင်းရှင်၊ အချုပ်အခြာ အာဏာပိုင်ရှင်အဖြစ် ကျွန်တော်တို့ ရှုမြင်ကြတယ်။ ဒါပေမဲ့ မေတ္တာရှိပြီး ဂရုစိုက်တတ်တဲ့ ဖခင်အဖြစ်လည်း ရှုမြင်သင့်တဲ့ အကြောင်းရင်းများစွာ ရှိတယ်။ အဲဒီအကြောင်းရင်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ကြောင်း ဘာကြောင့် စိတ်ချနိုင်သလဲဆိုတာကိုလည်း ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 59 ပုံအညွှန်း– ပုံလေးခုစလုံးက ဖခင်နဲ့ ကလေးကို သရုပ်ဖော်ထားတယ်။ ၁။ အဖေက သားပြောတာကို အာရုံစိုက်နားထောင်နေ။ ၂။ အဖေက သမီး လိုအပ်တာကို ထောက်မပေးနေ။ ၃။ အဖေက သားကို လေ့ကျင့်ပေးနေ။ ၄။ အဖေက သားကို နှစ်သိမ့်ပေးနေ။ နောက်ခံပုံမှာ ဖော်ပြထားတဲ့ ယေဟောဝါရဲ့ လက်တော်က ကျွန်တော်တို့ကိုလည်း အလားတူနည်းတွေနဲ့ ဘုရား ဂရုစိုက်မယ်ဆိုတာ အမှတ်ရစေ။