လေ့လာရန် ဆောင်းပါး ၁၂
ဇာခရိ မြင်တာကို သင် မြင်သလား
“‘ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ။”—ဇာ. ၄:၆။
သီချင်း ၇၃ ရဲစွမ်းသတ္တိ ပေးပါ
အကြိုသုံးသပ်ချက် *
၁။ ဂျူးသုံ့ပန်းတွေအတွက် စိတ်လှုပ်ရှားစရာ ဘယ်အလားအလာ စောင့်ကြိုနေသလဲ။
ဂျူးလူမျိုးတွေ စိတ်လှုပ်ရှားနေကြတယ်။ နှစ်ပေါင်းများစွာ ဗာဗုလုန် သုံ့ပန်း ဖြစ်ခဲ့တဲ့ အစ္စရေးတွေကို လွှတ်ပေးဖို့ ‘ပါးရှားဘုရင် ဆိုင်းရပ်ရဲ့ စိတ်ကို ယေဟောဝါ လှုံ့ဆော်တယ်။’ မွေးရပ်မြေကို ပြန်ပြီး “အစ္စရေးတို့ရဲ့ ဘုရား ယေဟောဝါရဲ့ အိမ်တော်ကို ပြန်တည်ဆောက်” ဖို့ ဘုရင် ကြေညာတယ်။ (ဧဇ. ၁:၁၊ ၃) စိတ်လှုပ်ရှားစရာပါပဲ။ လူမျိုးတော်ကို ဘုရား ပေးထားတဲ့ ပြည်မှာ စစ်မှန်တဲ့ ဝတ်ပြုရေးကို ပြန်တည်ဆောက်နိုင်တော့မယ်။
၂။ ဂျူးသုံ့ပန်းတွေ ဂျေရုဆလင်ကို ပြန်လာပြီးနောက် မကြာခင် ဘာလုပ်ကြသလဲ။
၂ တောင်ပိုင်း ယုဒနိုင်ငံရဲ့ မြို့တော် ဖြစ်ခဲ့တဲ့ ဂျေရုဆလင်ကို ဘီစီ ၅၃၇ မှာ သုံ့ပန်းတွေ ပြန်ရောက်လာတယ်။ မကြာခင်မှာပဲ ဗိမာန်တော် တည်ဆောက်ရေးလုပ်ငန်း စပြီး ဘီစီ ၅၃၆ မှာ အုတ်မြစ်ချနိုင်ခဲ့ကြတယ်။
၃။ ဂျူးတွေ ဘယ်ဆန့်ကျင်မှု ကြုံရသလဲ။
၃ ဗိမာန်တော်ကို စဆောက်တာနဲ့ ပြင်းထန်တဲ့ ဆန့်ကျင်မှုတွေ ကြုံရတယ်။ “ပတ်ဝန်းကျင် လူမျိုးတွေက ယုဒလူတွေ စိတ်ဓာတ်ကျသွားအောင်၊ အိမ်တော် မတည်ဆောက်တော့ဘဲ စိတ်ပျက်အားလျော့သွားအောင် ဆက်တိုက် နှောင့်ယှက်ကြတယ်။” (ဧဇ. ၄:၄) အခြေအနေ ပိုဆိုးလာတယ်။ ဘီစီ ၅၂၂ မှာ ပါးရှားဘုရင်သစ် အာတဇေရဇ် နန်းတက်လာတယ်။ * ဒါဟာ ဆောက်လုပ်ရေးလုပ်ငန်း အပြီးအပိုင် ရပ်တန့်သွားစေဖို့ အခွင့်ကောင်းပဲလို့ ဆန့်ကျင်သူတွေ ယူဆကြတယ်။ “ဥပဒေကို အသုံးချပြီး ဒုက္ခပေးဖို့ ကြံစည်” ကြတယ်။ (ဆာ. ၉၄:၂၀) ဘုရင် အာတဇေရဇ်ဆီ စာပို့ပြီး ဂျူးတွေ ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ တိုင်ကြတယ်။ (ဧဇ. ၄:၁၁-၁၆) သူတို့ရဲ့ အလိမ်အညာကို ဘုရင် ယုံသွားပြီး ဗိမာန်တော် ဆောက်လုပ်ရေး ကို ပိတ်ပင်လိုက်တယ်။ (ဧဇ. ၄:၁၇-၂၃) ဒါကြောင့် ဂျူးတွေ ဆက်မဆောက်နိုင်ကြတော့ဘူး။—ဧဇ. ၄:၂၄။
၄။ ဗိမာန်တော် ဆောက်လုပ်ရေး ပိတ်ပင်ခံရတဲ့အခါ ယေဟောဝါ ဘာလုပ်သလဲ။ (ဟေရှာယ ၅၅:၁၁)
၄ ယေဟောဝါကို ဝတ်မပြုတဲ့ အိမ်နီးချင်းတွေနဲ့ ပါးရှားအစိုးရ အဖွဲ့ဝင် တချို့က ဗိမာန်တော် ဆောက်လုပ်ရေးကို တားဆီးဖို့ စိတ်ပိုင်းဖြတ်ထားကြတယ်။ ဒါပေမဲ့ ယေဟောဝါကတော့ ဆက်ဆောက်စေချင်တယ်။ ဘုရားရည်ရွယ်ချက် အမြဲ ပြည့်စုံပါလိမ့်မယ်။ (ဟေရှာယ ၅၅:၁၁ ကို ဖတ်ပါ။) ဇာခရိကို ပရောဖက်အဖြစ် ဘုရား ရွေးချယ်ပြီး စိတ်လှုပ်ရှားစရာ စိတ်အာရုံ ရှစ်ခု မြင်တွေ့စေတယ်။ ဂျူးတွေ စိတ်အားတက်စေဖို့ အဲဒါတွေကို ဇာခရိ ပြန်ပြောပြရမယ်။ ဆန့်ကျင်သူတွေကို ကြောက်ဖို့ မလိုကြောင်း သိစေဖို့၊ ယေဟောဝါ လုပ်စေချင်တဲ့ အလုပ်ကို ဆက်လုပ်နိုင်ဖို့ အဲဒီစိတ်အာရုံတွေက ကူညီပေးပါလိမ့်မယ်။ ငါးခုမြောက် စိတ်အာရုံမှာ ဆီမီးတိုင်နဲ့ သံလွင်ပင် နှစ်ပင်ကို ဇာခရိ မြင်တယ်။
၅။ ဒီဆောင်းပါးမှာ ဘာအကြောင်း လေ့လာကြမလဲ။
၅ ကျွန်တော်တို့အားလုံး စိတ်ဓာတ်ကျတဲ့အခါတွေ ရှိတယ်။ ဇာခရိ မြင်တွေ့တဲ့ ငါးခုမြောက် စိတ်အာရုံကတစ်ဆင့် အစ္စရေးတွေကို ယေဟောဝါ အားပေးတယ်။ အဲဒီစိတ်အာရုံကို လေ့လာခြင်းကနေ ကျွန်တော်တို့ အကျိုးရနိုင်တယ်။ ဆန့်ကျင်မှု ကြုံရတဲ့အခါ၊ အခြေအနေ အပြောင်းအလဲ ကြုံရတဲ့အခါ၊ ကိုယ်နားမလည်တဲ့ လမ်းညွှန်ချက် ရတဲ့အခါ ယေဟောဝါကို သစ္စာရှိရှိ ဆက်ဝတ်ပြုဖို့ ဒီစိတ်အာရုံက ကူညီပေးနိုင်တယ်။
ဆန့်ကျင်မှု ကြုံရတဲ့အခါ
၆။ ဇာခရိ ၄:၁-၃ မှာ ပါတဲ့ ဆီမီးတိုင်နဲ့ သံလွင်ပင် စိတ်အာရုံက ဂျူးတွေကို ဘယ်လို သတ္တိရှိစေသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၆ ဇာခရိ ၄:၁-၃ ကို ဖတ်ပါ။ ဆီမီးတိုင်နဲ့ သံလွင်ပင် နှစ်ပင် စိတ်အာရုံက ဆန့်ကျင်မှုတွေကြား ဆက်လုပ်ဆောင်ဖို့ ဂျူးတွေကို သတ္တိရှိစေတယ်။ ဘယ်လိုနည်းနဲ့လဲ။ ဆီမီးတိုင်အတွက် ဆီမပြတ် ရနေတာ သတိထားမိသလား။ ဆီဟာ သံလွင်ပင် နှစ်ပင်ကနေ ဖလားထဲ စီးလာတယ်။ ဖလားထဲကနေ ဆီမီးတိုင် ထိပ်မှာ ရှိတဲ့ မီးခွက် ခုနစ်လုံးထဲ စီးတယ်။ ဆီကြောင့် မီး အဆက်မပြတ် တောက်တယ်။ “သခင်၊ ဒါတွေက ဘာကို ဆိုလိုတာလဲ” လို့ ဇာခရိ မေးတော့ “‘ဒါတွေအားလုံးဟာ စစ်အင်အားကြောင့် မဟုတ်ဘူး။ တန်ခိုးအာဏာကြောင့်လည်း မဟုတ်ဘူး။ ငါ့စွမ်းအားတော်ကြောင့်သာ ဖြစ်လာလိမ့်မယ်။’ ဒါဟာ ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါ ပြောတဲ့ စကားပဲ” လို့ ကောင်းကင်တမန် ဖြေတယ်။ (ဇာ. ၄:၄၊ ၆) သံလွင်ပင်က ရတဲ့ ဆီဟာ မကုန်မခမ်းနိုင်တဲ့ ယေဟောဝါရဲ့ သန့်ရှင်းသော စွမ်းအားတော်ကို ဆိုလိုတယ်။ ပါးရှားအင်ပါယာရဲ့ စစ်အင်အားဟာ ဘုရားစွမ်းအားတော်နဲ့ ယှဉ်ရင် ဘာမှ မပြောပလောက်ဘူး။ ဗိမာန်တော် ဆောက်လုပ်သူတွေဘက်မှာသာ ယေဟောဝါ ရှိရင် ဘယ်ဆန့်ကျင်မှုကိုမဆို တွန်းလှန်နိုင်ပြီး လုပ်ငန်း ပြီးမြောက်နိုင်ပါလိမ့်မယ်။ တကယ့်ကို အားရှိစရာပါပဲ။ ဂျူးတွေ လုပ်ရမှာက ယေဟောဝါကို ယုံကြည်ကိုးစားပြီး လုပ်ငန်း ပြန်စဖို့ပဲ။ ပိတ်ပင်မှု ကြားမှာတောင် သူတို့ အဲဒီအတိုင်း လုပ်ဆောင်ခဲ့ကြတယ်။
၇။ ဘယ်အပြောင်းအလဲက ဗိမာန်တော် ဆောက်လုပ်သူတွေကို အတော်အတန် သက်သာရာ ရစေသလဲ။
၇ အပြောင်းအလဲတစ်ခုကြောင့် ဗိမာန်တော် ဆောက်လုပ်သူတွေ အတော်အတန် သက်သာရာ ရကြတယ်။ ဘာအပြောင်းအလဲလဲ။ ဘီစီ ၅၂၀ မှာ ပထမမြောက် ဒါရိဟာ ပါးရှားဘုရင်အဖြစ် နန်းတက်လာတယ်။ ဗိမာန်တော် ဆောက်လုပ်ရေးကို ပိတ်ပင်ထားတာ တရားမဝင်ကြောင်း နန်းစံ ဒုတိယနှစ်မှာ ဒါရိ သိလာတယ်။ ဒါနဲ့ လုပ်ငန်းပြီးအောင် ဆက်လုပ်ဖို့ ခွင့်ပြုလိုက်တယ်။ (ဧဇ. ၆:၁-၃) ဘုရင့်ဆုံးဖြတ်ချက်ကို ကြားတဲ့အခါ ယောက်တိုင်း အံ့ဩသွားကြတယ်။ ဒါတင်မက ပြန်တည်ဆောက်ခြင်းလုပ်ငန်းကို မနှောင့်ယှက်ဖို့၊ ကုန်ကျစရိတ်နဲ့ ရိက္ခာ ထောက်ပံ့ဖို့တောင် ပတ်ဝန်းကျင်က လူတွေကို ဘုရင် အမိန့်ပေးလိုက်တယ်။ (ဧဇ. ၆:၇-၁၂) ရလဒ်အနေနဲ့ လေးနှစ်ကျော်လောက် ကြာပြီးနောက် ဘီစီ ၅၁၅ မှာ ဗိမာန်တော်ကို ဂျူးတွေ လက်စသတ်နိုင်ခဲ့ကြတယ်။—ဧဇ. ၆:၁၅။
၈။ ဆန့်ကျင်မှု ကြုံရတဲ့အခါ ဘာကြောင့် သတ္တိရှိနိုင်သလဲ။
၈ ဒီနေ့ခေတ်မှာလည်း ယေဟောဝါကို ဝတ်ပြုသူများစွာဟာ ဆန့်ကျင်မှု ကြုံနေရတယ်။ ဥပမာ၊ တချို့က ဟောပြောခြင်းလုပ်ငန်းကို ကန့်သတ်ထားတဲ့ တိုင်းပြည်မှာ နေထိုင်ကြလို့ အဖမ်းခံရနိုင်တယ်။ သက်သေခံခွင့် ရအောင် “ဘုရင်ခံတွေ၊ ဘုရင်တွေရှေ့ ပို့ဆောင်” ခံရနိုင်တယ်။ (မ. ၁၀:၁၇၊ ၁၈) တစ်ခါတလေ အုပ်ချုပ်ရေးပိုင်း အပြောင်းအလဲကြောင့် သက်သာရာ ရနိုင်တယ်။ ဘက်မလိုက်တဲ့ တရားသူကြီးရဲ့ စီရင်ချက်တစ်ခုကြောင့် ပိုလွတ်လွတ်လပ်လပ် ဝတ်ပြုခွင့် ရနိုင်တယ်။ သက်သေခံတချို့ကတော့ ဆန့်ကျင်မှု နောက်တစ်မျိုး ရင်ဆိုင်ရတယ်။ ယေဟောဝါကို လွတ်လပ်စွာ ဝတ်ပြုနိုင်ပေမဲ့ ဒါကို မကြိုက်တဲ့ မိသားစုဝင်တွေရဲ့ ဆန့်ကျင်မှု ကြုံရကြတယ်။ (မ. ၁၀:၃၂-၃၆) အများအားဖြင့်တော့ ဆန့်ကျင်သူတွေဟာ မိမိတို့ ဘယ်လောက်ပဲ ဆန့်ကျင်ပါစေ ယေဟောဝါကို ဆက်ဝတ်မပြုအောင် တားဆီးလို့ မရမှန်း သိသွားတဲ့အခါ ဆက်မဆန့်ကျင်ကြတော့ဘူး။ ကိုယ်ထိလက်ရောက် ဆန့်ကျင်ခဲ့သူတချို့ဆိုရင် နောက်ပိုင်းမှာ ဇွဲထက်သန်တဲ့ သက်သေခံ ဖြစ်လာတာတောင် ရှိတယ်။ ဒါကြောင့် ဆန့်ကျင်မှု ကြုံရတဲ့အခါ လက်မလျှော့ပါနဲ့။ သတ္တိရှိပါ။ သင့်ဘက်မှာ ယေဟောဝါနဲ့ သန့်ရှင်းသော စွမ်းအားတော် ရှိတဲ့အတွက် ကြောက်စရာ ဘာအကြောင်းမှ မရှိဘူး။
အခြေအနေ အပြောင်းအလဲ ကြုံရတဲ့အခါ
၉။ ဗိမာန်တော်သစ်ကို အုတ်မြစ်ချပြီးတဲ့အခါ ဂျူးတချို့ ဘာကြောင့် စိတ်ပျက်ကြသလဲ။
၉ ဗိမာန်တော်သစ်ကို အုတ်မြစ်ချပြီးတဲ့အခါ အသက်ကြီးပိုင်း ဂျူးတချို့ ငိုကြွေးကြတယ်။ (ဧဇ. ၃:၁၂) ရှောလမုန် ဆောက်ခဲ့တဲ့ ဘုန်းအသရေနဲ့ ပြည့်စုံတဲ့ ဗိမာန်တော်ကို မြင်ဖူးကြလို့ အခု ဆောက်တဲ့ ဗိမာန်တော်သစ်နဲ့ “တခြားစီပဲ” လို့ ထင်နေကြတယ်။ (ဟဂ္ဂဲ ၂:၂၊ ၃) အဟောင်းနဲ့ အသစ်ကို နှိုင်းယှဉ်ပြီး တော်တော် စိတ်ပျက်နေကြတယ်။ စိတ်ပျက်မှုကို ကျော်လွှားဖို့ ဇာခရိရဲ့ စိတ်အာရုံက ကူညီပေးပါလိမ့်မယ်။ ဘယ်လိုနည်းနဲ့လဲ။
၁၀။ ဇာခရိ ၄:၈-၁၀ မှာ ပါတဲ့ ကောင်းကင်တမန်ရဲ့ စကားက စိတ်ပျက်မှုကို ကျော်လွှားဖို့ ဂျူးတွေကို ဘယ်လို ကူညီပေးသလဲ။
၁၀ ဇာခရိ ၄:၈-၁၀ ကို ဖတ်ပါ။ ဂျူးတွေက “[ဂျူးဘုရင်ခံ] ဇေရုဗဗေလရဲ့ လက်ထဲမှာ ချိန်သီးကို မြင်ပြီး ဝမ်းမြောက်လိမ့်မယ်” လို့ ကောင်းကင်တမန် ပြောတာ ဘာကို ဆိုလိုသလဲ။ ချိန်သီးဟာ တစ်ဖြောင့်တည်း ဖြစ်မဖြစ် တိုင်းတာတဲ့ ကိရိယာ ဖြစ်တယ်။ အခု ဗိမာန်တော်ဟာ အရင် ဗိမာန်တော်လောက် မခမ်းနားဘူးလို့ ထင်ရရင်တောင် ယေဟောဝါရဲ့ စံချိန်စံညွှန်းအတိုင်း ပြီးမြောက်မယ်ဆိုတာကို ကောင်းကင်တမန် အာမခံနေတာ ဖြစ်တယ်။ ဘုရားတောင် နှစ်သက်ကျေနပ်မှတော့ ဂျူးတွေလည်း အဲဒီလိုပဲ ဖြစ်သင့်တယ်။ ယေဟောဝါအတွက် အရေးကြီးဆုံးက ဗိမာန်တော်သစ်မှာ ဘုရားတောင်းဆိုချက်တွေနဲ့အညီ ဆက်ဝတ်ပြုနိုင်ဖို့ပဲ။ ဘုရား နှစ်သက်တဲ့ နည်းနဲ့ ဝတ်ပြုဖို့၊ ဘုရားမျက်နှာသာ ရဖို့ ဂျူးတွေ အာရုံစိုက်မယ်ဆိုရင် ပျော်ရွှင်လာပါလိမ့်မယ်။
၁၁။ ဒီနေ့ခေတ်မှာ ယေဟောဝါရဲ့ ကျေးကျွန်တချို့ ဘယ်လို အပြောင်းအလဲတွေ ကြုံရသလဲ။
၁၁ လူများစွာအတွက် အပြောင်းအလဲ လုပ်ရတာ မလွယ်ပါဘူး။ အထူးအချိန်ပြည့်လုပ်ငန်း တစ်မျိုးမျိုးမှာ နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့သူတချို့ တာဝန် အပြောင်းအလဲ ကြုံရကြတယ်။ တချို့က အသက်အရွယ်ကြောင့် ကိုယ်မြတ်နိုးတဲ့ အခွင့်ထူးကို စွန့်ကြရတယ်။ အဲဒီလို အပြောင်းအလဲ ကြုံရချိန်မှာ စိတ်ပျက်တာ သဘာဝပါပဲ။ အစပိုင်းမှာ ဆုံးဖြတ်ချက်ကို အပြည့်အဝ နားလည်ချင်မှ နားလည်မယ်။ သဘောတူချင်မှ တူမယ်။ အရင်က အခြေအနေတွေကို ပြန်တမ်းတမိနိုင်တယ်။ အခြေအနေသစ်မှာ ယေဟောဝါအတွက် ဘာမှ သိပ်မလုပ်နိုင်တော့ဘူးလို့ ထင်ပြီး စိတ်ဓာတ်ကျနိုင်တယ်။ (ပညာ. ၂၄:၁၀) ဘုရားကို အကောင်းဆုံး ဆက်ပေးနေဖို့ ဇာခရိရဲ့ စိတ်အာရုံက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂။ အခြေအနေ ပြောင်းလဲသွားတဲ့အခါ ဆက်ပျော်ရွှင်နေဖို့ ဇာခရိရဲ့ စိတ်အာရုံက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂ အခြေအနေကို ယေဟောဝါ ရှုမြင်သလို ရှုမြင်မယ်ဆိုရင် နေရာသစ်မှာ နေသားကျဖို့ ပိုလွယ်မယ်။ ဒီနေ့ခေတ်မှာ ကြီးမားတဲ့ အလုပ်တွေ ပြီးမြောက်အောင် ယေဟောဝါ လုပ်ဆောင်နေတယ်။ ဘုရားရဲ့ လုပ်ဖော်ဆောင်ဖက် ဖြစ်ရတာ တကယ့် အခွင့်ထူးပါပဲ။ (၁ ကော. ၃:၉) တာဝန် ပြောင်းလဲသွားနိုင်ပေမဲ့ ကျွန်တော်တို့အပေါ် ထားတဲ့ ယေဟောဝါရဲ့ မေတ္တာကတော့ မပြောင်းလဲပါဘူး။ အဖွဲ့အစည်းရဲ့ အပြောင်းအလဲက ကိုယ့်ကို တိုက်ရိုက် ထိခိုက်လာပြီဆိုရင် ဘာကြောင့်လဲဆိုတာ စဉ်းစားရင်းနဲ့ပဲ အချိန် မကုန်ပါနဲ့။ “အရင်ခေတ်” ကို တမ်းတနေမယ့်အစား ဒီအပြောင်းအလဲကနေ ရမယ့် ကောင်းကျိုးတွေကို မြင်လာအောင် ကူညီပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဒေ. ၇:၁၀) မလုပ်နိုင်တော့တာကို တွေးနေမယ့်အစား လုပ်နိုင်တာတွေကို စဉ်းစားပါ။ ဇာခရိရဲ့ စိတ်အာရုံကနေ သိရသလို အပြုသဘောထား ရှိဖို့ အရေးကြီးတယ်။ ဒါဆိုရင် အခြေအနေ ပြောင်းလဲသွားရင်တောင် ဆက်ပျော်ရွှင်ပြီး သစ္စာရှိနေနိုင်ပါလိမ့်မယ်။
လမ်းညွှန်ချက်အတိုင်း လိုက်ဖို့ ခက်နေတဲ့အခါ
၁၃။ ဗိမာန်တော် ပြန်ဆောက်ဖို့ ဆုံးဖြတ်တာကို ဂျူးတချို့ ဘာကြောင့် မထောက်ခံကြသလဲ။
၁၃ ဗိမာန်တော် ပြန်တည်ဆောက်ရေးလုပ်ငန်း ပိတ်ပင်ခံလိုက်ရပေမဲ့ လူမျိုးတော်ကို ဦးဆောင်ဖို့ ခန့်အပ်ခံရတဲ့ ပုရောဟိတ်မင်း ယေရွှာ (ယောရှု) နဲ့ ဘုရင်ခံ ဇေရုဗဗေလက “ဘုရားသခင့်အိမ်တော် တည်ဆောက်တဲ့ အလုပ်ကို ပြန်စ ကြတယ်။” (ဧဇ. ၅:၁၊ ၂) အဲဒီဆုံးဖြတ်ချက်ကို ဂျူးတချို့ မထောက်ခံကြဘူး။ ဗိမာန်တော်ကို ရန်သူတွေ မမြင်အောင် ပုန်းလျှိုးကွယ်လျှိုး ဆောက်လို့ မရတဲ့အတွက် ရန်သူတွေ မရမက ပိတ်ပင်ဖို့ ကြိုးစားမယ်ဆိုတာ သူတို့ သိတယ်။ တာဝန်ရှိသူ နှစ်ယောက် ဖြစ်တဲ့ ဇေရုဗဗေလနဲ့ ယောရှုဟာ ယေဟောဝါရဲ့ ထောက်မမှု ရရှိထားတယ်ဆိုတဲ့ အာမခံချက် လိုအပ်တယ်။ အဲဒီအာမခံချက်ကို သူတို့ ရရှိခဲ့တယ်။ ဘယ်လိုနည်းနဲ့လဲ။
၁၄။ ဇာခရိ ၄:၁၂၊ ၁၄ အရ ပုရောဟိတ်မင်း ယောရှုနဲ့ ဘုရင်ခံ ဇေရုဗဗေလ ဘယ်အာမခံချက် ရရှိသလဲ။
၁၄ ဇာခရိ ၄:၁၂၊ ၁၄ ကို ဖတ်ပါ။ စိတ်အာရုံထဲက သံလွင်ပင် နှစ်ပင်ဟာ “ဘိသိက်ခံရသူ နှစ်ယောက်” ဖြစ်တဲ့ ယောရှုနဲ့ ဇေရုဗဗေလကို ဆိုလိုတယ်လို့ ဇာခရိကို ကောင်းကင်တမန် ပြောတယ်။ သူတို့နှစ်ယောက်ဟာ “မြေတစ်ပြင်လုံးကို ပိုင်စိုးတဲ့ သခင်” ယေဟောဝါ “အနားမှာ” ပုံဆောင်သဘောအရ “ရပ်နေ” ကြတယ်။ တကယ့် အခွင့်ထူးပါပဲ။ သူတို့ကို ယေဟောဝါ ယုံကြည်စိတ်ချပြီး အသုံးပြုနေတာ ဖြစ်လို့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အစ္စရေးတွေ ယုံကြည်စိတ်ချသင့်တယ်။
၁၅။ ကျမ်းစာမှာ ပါတဲ့ ယေဟောဝါရဲ့ လမ်းညွှန်ချက်ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။
၁၅ ဒီနေ့ခေတ် မိမိလူမျိုးကို ယေဟောဝါ လမ်းညွှန်တဲ့ နည်းတစ်နည်းကတော့ နှုတ်မြွက်တော် ကျမ်းစာအားဖြင့်ပါပဲ။ ဘုရား နှစ်သက်တဲ့ နည်းနဲ့ ဘယ်လို ဝတ်ပြုရမယ်ဆိုတာ ကျမ်းစာမှာ ဖော်ပြထားတယ်။ ကျမ်းစာကတစ်ဆင့် ရတဲ့ လမ်းညွှန်ချက်တွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ အချိန်ယူ ဖတ်ရှုလေ့လာပြီး နားလည်ဖို့ ကြိုးစားခြင်းအားဖြင့်ပါပဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ကျမ်းစာနဲ့ ကျမ်းစာအခြေပြုစာပေတွေ ဖတ်တဲ့အခါ ခဏရပ်ပြီး တွေးတောဆင်ခြင်သလား။ “နားလည်ရခက်တဲ့” ကျမ်းစာအမှန်တရားတွေကို နားလည်ဖို့ ရှာဖွေလေ့လာသလား။ ဒါမှမဟုတ် အပေါ်ယံပဲ အမြန် ဖတ်လိုက်သလား။’ (၂ ပေ. ၃:၁၆) ယေဟောဝါ သွန်သင်ပေးတာတွေကို အချိန်ယူ တွေးတောဆင်ခြင်မယ်ဆိုရင် ဘုရားလမ်းညွှန်ချက်အတိုင်း လိုက်နာနိုင်မှာ ဖြစ်ပြီး ဟောပြောခြင်းလုပ်ငန်း ပြီးမြောက်ပါလိမ့်မယ်။—၁ တိ. ၄:၁၅၊ ၁၆။
၁၆။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ရဲ့ လမ်းညွှန်ချက်ကို အပြည့်အဝ နားမလည်တဲ့အခါမှာတောင် လိုက်နာဖို့ ဘာက ကူညီပေးမလဲ။
၁၆ ယေဟောဝါ လမ်းညွှန်တဲ့ နောက်တစ်နည်းကတော့ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” အားဖြင့်ပါပဲ။ (မ. ၂၄:၄၅) တစ်ခါတလေ သစ္စာရှိကျွန်ဆီက ရတဲ့ လမ်းညွှန်ချက်ကို ကျွန်တော်တို့ အပြည့်အဝ နားလည်မှာ မဟုတ်ဘူး။ ဥပမာ၊ ကိုယ့်ဒေသမှာ ဖြစ်မှာ မဟုတ်ဘူးလို့ ထင်ရတဲ့ သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့ လမ်းညွှန်ချက် တိတိကျကျ ရလာနိုင်တယ်။ ဒါမှမဟုတ် ကပ်ရောဂါနဲ့ပတ်သက်ပြီး သစ္စာရှိကျွန် အစိုးရိမ်လွန်တယ်လို့ ခံစားမိနိုင်တယ်။ လမ်းညွှန်ချက်တွေ လက်တွေ့မကျဘူးလို့ ထင်တဲ့အခါ ဘာလုပ်သင့်သလဲ။ ယောရှုနဲ့ ဇေရုဗဗေလရဲ့ လမ်းညွှန်ချက်ကို လိုက်နာလို့ အစ္စရေးတွေ ဘယ်လို အကျိုးရတယ်ဆိုတာ စဉ်းစားနိုင်တယ်။ တခြား ကျမ်းစာမှတ်တမ်းတွေကိုလည်း စဉ်းစားနိုင်တယ်။ လူ့ရှုထောင့်က ကြည့်ရင် လက်တွေ့မကျပုံ ရပေမဲ့ အသက်ကယ်တဲ့ လမ်းညွှန်ချက်တွေကို တစ်ခါတလေ ဘုရားလူမျိုး ရရှိတယ်။—သူကြီး. ၇:၇။ ၈:၁၀။
ဇာခရိ မြင်တာကို မြင်အောင် ကြည့်ပါ
၁၇။ ဆီမီးတိုင်နဲ့ သံလွင်ပင် စိတ်အာရုံက ဂျူးတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိသလဲ။
၁၇ ဇာခရိရဲ့ ငါးခုမြောက် စိတ်အာရုံဟာ တိုတိုလေး ဖြစ်ပေမဲ့ မိမိတို့လုပ်ငန်းနဲ့ ဝတ်ပြုရေးအပေါ် အပြုသဘောထား ဆက်ရှိဖို့ ဂျူးတွေကို ကူညီပေးတယ်။ ဇာခရိရဲ့ စိတ်အာရုံကနေ သိလာတာတွေကို လိုက်နာတဲ့အခါ ယေဟောဝါရဲ့ မေတ္တာပါ ထောက်မမှုနဲ့ လမ်းညွှန်မှုကို သူတို့ ရရှိကြတယ်။ လုပ်ငန်း ဆက်လုပ်ဖို့၊ ပျော်ရွှင်မှု ပြန်ရဖို့ သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ယေဟောဝါ ကူညီပေးတယ်။—ဧဇ. ၆:၁၆။
၁၈။ ဇာခရိရဲ့ စိတ်အာရုံက သင့်ဘဝအပေါ် ဘယ်လို အကျိုးသက်ရောက်နိုင်သလဲ။
၁၈ ဇာခရိရဲ့ ဆီမီးတိုင်နဲ့ သံလွင်ပင် စိတ်အာရုံဟာ ကျွန်တော်တို့ရဲ့ ဘဝအပေါ်လည်း အကြီးအကျယ် အကျိုးသက်ရောက်နိုင်တယ်။ လေ့လာခဲ့တဲ့အတိုင်း ဒီစိတ်အာရုံက ဆန့်ကျင်မှု ကြုံရချိန်မှာ သတ္တိရှိဖို့၊ အခြေအနေ အပြောင်းအလဲ ကြုံရချိန်မှာ ဆက်ပျော်ရွှင်ဖို့၊ ကိုယ်နားမလည်တဲ့ လမ်းညွှန်ချက် ရရှိချိန်မှာ ဆက်နာခံနိုင်အောင် ယုံကြည်စိတ်ချဖို့ ကူညီပေးနိုင်တယ်။ ဘဝမှာ အပြောင်းအလဲတွေ ကြုံရတဲ့အခါ ဘာလုပ်သင့်သလဲ။ ဦးဆုံး၊ လူမျိုးတော်ကို ယေဟောဝါ ဂရုစိုက်စောင့်ရှောက်နေတယ်ဆိုတဲ့ အထောက်အထားကို ဇာခရိ မြင်သလို မြင်ဖို့ ကြိုးစားပါ။ ပြီးနောက် ယေဟောဝါကို ယုံကြည်ကိုးစားခြင်း၊ စိတ်နှလုံး အကြွင်းမဲ့ ဆက်ဝတ်ပြုခြင်းအားဖြင့် ကိုယ်မြင်တဲ့အတိုင်း လုပ်ဆောင်ပါ။ (မ. ၂၂:၃၇) ဒါဆိုရင် ပျော်ရွှင်စွာ ထာဝစဉ် ဝတ်ပြုနိုင်အောင် ယေဟောဝါ ကူညီပေးပါလိမ့်မယ်။—ကော. ၁:၁၀၊ ၁၁။
သီချင်း ၇ ယေဟောဝါ၊ တို့ခွန်အား
^ အပိုဒ်၊ 5 ယေဟောဝါက ပရောဖက် ဇာခရိကို စိတ်အာရုံ အတော်များများ မြင်တွေ့စေတယ်။ ဇာခရိ မြင်ရတဲ့အရာက ဇာခရိကိုရော ယေဟောဝါရဲ့ လူမျိုးကိုပါ စစ်မှန်တဲ့ ဝတ်ပြုရေး ပြန်တည်ဆောက်ဖို့ ကြိုးစားချိန်မှာ ကြုံရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ခွန်အား ရှိစေတယ်။ အဲဒီစိတ်အာရုံတွေက အခက်အခဲတွေကြား ယေဟောဝါကို သစ္စာရှိရှိ ဝတ်ပြုဖို့ ကျွန်တော်တို့ကိုလည်း ကူညီပေးနိုင်တယ်။ ဇာခရိ မြင်ရတဲ့ စိတ်အာရုံတွေထဲက တစ်ခု ဖြစ်တဲ့ ဆီမီးတိုင်နဲ့ သံလွင်ပင် စိတ်အာရုံကနေ သင်ယူနိုင်တဲ့ အဖိုးတန် သင်ခန်းစာတွေအကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 3 နှစ်တွေကြာပြီးနောက် ဘုရင်ခံ နေဟမိခေတ်မှာ အာတဇေရဇ်လို့ ခေါ်တဲ့ ဘုရင်နောက်တစ်ပါး နန်းတက်လာတယ်။ သူက ဂျူးတွေကို မျက်နှာသာပေးတယ်။
^ အပိုဒ်၊ 60 ပုံအညွှန်း– အသက်အရွယ်နဲ့ ကျန်းမာရေးကြောင့် ပြောင်းလဲသွားတဲ့ အခြေအနေမှာ နေသားကျအောင် ကြိုးစားဖို့ လိုကြောင်း ညီအစ်ကိုတစ်ယောက် သတိပြုမိ။
^ အပိုဒ်၊ 62 ပုံအညွှန်း– ယောရှုနဲ့ ဇေရုဗဗေလကို ယေဟောဝါ ထောက်မသလို “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကို ယေဟောဝါ ထောက်မနေတယ်ဆိုတာ ညီအစ်မတစ်ယောက် စဉ်းစားနေ။