လေ့လာရန် ဆောင်းပါး ၄၃
ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ပါ
‘ယေဟောဝါဟာ မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆိုတဲ့ ဘုရားသခင်ပဲ။’—နာ. ၁:၂။
သီချင်း ၅၁ ဘုရားဆီ တို့ဆက်ကပ်ထား
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ဘာကြောင့် ရထိုက်သလဲ။
ယေဟောဝါဟာ ဖန်ဆင်းရှင်၊ အသက်ပေးရှင်ဖြစ်လို့ ကျွန်တော်တို့ရဲ့ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်မှုကို ရထိုက်တယ်။ (ဗျာ. ၄:၁၁) ဒါပေမဲ့ စိန်ခေါ်ချက်တစ်ခု ရှိတယ်။ ကျွန်တော်တို့ဟာ ယေဟောဝါကို ချစ်ပြီး လေးစားပေမဲ့ တခြားအရာတွေကြောင့် ယေဟောဝါကို အကြွင်းမဲ့ မဆည်းကပ်တော့တာမျိုး ဖြစ်သွားနိုင်တယ်။ ဘယ်လိုနည်းနဲ့ အဲဒီလို ဖြစ်သွားနိုင်တယ်ဆိုတာ သိထားရမယ်။ ဦးဆုံး၊ ယေဟောဝါ တစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်ခြင်းမှာ ပါဝင်တဲ့ ကဏ္ဍတချို့ကို သုံးသပ်ကြည့်ကြစို့။
၂။ ထွက်မြောက်ရာ ၃၄:၁၄ အရ ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်တယ်ဆိုရင် ကျွန်တော်တို့ ဘာလုပ်မလဲ။
၂ ကျမ်းစာမှာ ဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းဆိုတာ ဘုရားကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးခြင်း ဖြစ်တယ်။ ယေဟောဝါကို အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ခြင်းဆိုတာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဝတ်ပြုခြင်း၊ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်နေရာကို တခြား ဘယ်အရာ၊ ဘယ်သူနဲ့မှ အစားမထိုးခြင်း ဖြစ်တယ်။—ထွက်မြောက်ရာ ၃၄:၁၄ ကိုဖတ်ပါ။
၃။ ယေဟောဝါကို ကျွန်တော်တို့ ဘုမသိဘမသိ ကိုးကွယ်ဆည်းကပ်တာ မဟုတ်ဘူးလို့ ဘာကြောင့် ပြောနိုင်သလဲ။
၃ ကျွန်တော်တို့ဟာ ယေဟောဝါကို ဘုမသိဘမသိ ကိုးကွယ်ဆည်းကပ်တာ မဟုတ်ဘူး။ ဘာကြောင့်လဲ။ ကျွန်တော်တို့က ဘုရားအကြောင်း အသေအချာ ဆာ. ၂၅:၁၄) ဘုရားနဲ့ပတ်သက်ပြီး သိလာတဲ့ အသေးစိတ်အချက်တွေက ဘုရားနဲ့ ပိုရင်းနှီးစေတယ်။—ယာ. ၄:၈။
ဆန်းစစ်လေ့လာပြီးမှ ကိုးကွယ်ဆည်းကပ်တာ ဖြစ်တယ်။ ဘုရားရဲ့ အရည်အသွေးကောင်းတွေကို လေးမြတ်လာတယ်။ ဘုရား နှစ်သက်ရာ၊ မနှစ်သက်ရာတွေကို သိပြီး အဲဒီအတိုင်း ခံစားလာရတယ်။ လူတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို နားလည်ပြီး ထောက်ခံတယ်။ ဘုရားရဲ့ မိတ်ဆွေ ဖြစ်ခွင့်ရထားလို့ ဂုဏ်ယူကြတယ်။ (၄။ (က) ယေဟောဝါ တစ်ပါးတည်းကို ကျွန်တော်တို့ မကိုးကွယ်အောင် မာရ်နတ် ဘယ်လို ကြိုးစားနေသလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၄ ဒီလောကစနစ်ကို မာရ်နတ် ထိန်းချုပ်ထားတယ်။ လူတွေရဲ့ သဘာဝဆန္ဒနဲ့ သွေးသားအားနည်းမှုကို သူ အသုံးချနေတယ်။ (ဧ. ၂:၁-၃။ ၁ ယော. ၅:၁၉) သူ့ပန်းတိုင်က ယေဟောဝါ တစ်ပါးတည်းကို မဟုတ်ဘဲ တခြားအရာတွေကိုလည်း ချစ်လာစေဖို့ ဖြစ်တယ်။ သူ အောင်မြင်နေတဲ့ နည်းနှစ်နည်းကို သုံးသပ်ကြည့်ကြစို့။ ပထမ၊ စည်းစိမ်ဥစ္စာနောက် လိုက်ဖို့ သူသွေးဆောင်တယ်။ ဒုတိယ၊ မကောင်းတဲ့ ဖျော်ဖြေမှုတွေ ရွေးချယ်အောင် သွေးဆောင်တယ်။
ငွေတပ်မက်စိတ်ကို တွန်းလှန်ပါ
၅။ ငွေတပ်မက်တဲ့စိတ်ကို ဘာကြောင့် တွန်းလှန်ရမလဲ။
၅ ကျွန်တော်တို့အားလုံး စားဝတ်နေရေး ပြေလည်ချင်ကြတယ်။ ဒါပေမဲ့ ငွေတပ်မက်စိတ်၊ တစ်နည်းအားဖြင့် ငွေချစ်တဲ့စိတ်ကို တွန်းလှန်ရမယ်။ စာတန့်လောကမှာ အများစုက “ငွေကို တပ်မက်သူ၊” ငွေနဲ့ဝယ်လို့ ရတဲ့အရာတွေကို တပ်မက်သူတွေ ဖြစ်တယ်။ (၂ တိ. ၃:၂) အဲဒီလို တပ်မက်လာအောင် နောက်လိုက်တွေ သွေးဆောင်ခံရနိုင်တယ်ဆိုတာ ယေရှု သိတယ်။ ဒါကြောင့် “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၄) ယေဟောဝါကို ဝတ်ပြုနေပြီး တစ်ချိန်တည်းမှာ လောကစည်းစိမ် ရဖို့ အချိန်နဲ့ ခွန်အား အလွန်အကျွံ သုံးနေတယ်ဆိုရင် သခင်နှစ်ဦးကို အစေခံနေတာပဲ။ ယေဟောဝါ တစ်ပါးတည်းကို ကိုးကွယ်ဆည်းကပ်နေတာ မဟုတ်တော့ဘူး။
၆။ လောဒိကိအသင်းတော်ကို ပြောတဲ့ ယေရှုရဲ့စကားကနေ ဘာသင်ခန်းစာ ရနိုင်သလဲ။
၆ ပထမရာစု ကုန်ခါနီးမှာ လောဒိကိ အသင်းတော်သားတွေက “ငါ ကြွယ်ဝသားပဲ။ ပစ္စည်းဥစ္စာတွေလည်း စုဆောင်းထားတယ်။ ဘာမှ မလိုတော့ဘူး” လို့ ဝါကြွားကြတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ယေရှုရဲ့ အမြင်မှာ သူတို့ဟာ ‘စိတ်မချမ်းမြေ့စရာ ဖြစ်နေတယ်၊ သနားစရာကောင်းနေတယ်၊ ဆင်းရဲမွဲတေပြီး မျက်စိကန်းနေတယ်၊ အဝတ်ဗလာ ဖြစ်နေတယ်။’ သူတို့ ချမ်းသာနေလို့ ယေရှု ဆုံးမတာ မဟုတ်ဘူး။ ငွေကို တပ်မက်တဲ့စိတ်က ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို ထိခိုက်စေလို့ပဲ။ (ဗျာ. ၃:၁၄-၁၇) ကျွန်တော်တို့မှာ စည်းစိမ်ဥစ္စာ တပ်မက်တဲ့စိတ် ရှိနေမှန်း သတိထားမိရင် ကိုယ့်အတွေးအခေါ်ကို ချက်ချင်း ပြုပြင်ပါ။ (၁ တိ. ၆:၇၊ ၈) မပြုပြင်ရင် ကျွန်တော်တို့ရဲ့ မေတ္တာဟာ တစ်ဝက်တစ်ပျက်ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဝတ်ပြုမှုကို ယေဟောဝါ လက်ခံမှာ မဟုတ်တော့ဘူး။ ယေဟောဝါက “မိမိတစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ဖို့ တောင်းဆို” ထားတယ်။ (တရား. ၄:၂၄) ငွေနဲ့ပတ်သက်ပြီး မျှတတဲ့အမြင် ဘယ်လို ပျောက်ဆုံးသွားနိုင်သလဲ။
၇-၉။ အကြီးအကဲတစ်ဦးဖြစ်တဲ့ ဒေးဗစ်ရဲ့ တွေ့ကြုံမှုကနေ ဘာသိရသလဲ။
၇ အမေရိကန်ပြည်ထောင်စုက အလုပ်ကြိုးစားတဲ့ အကြီးအကဲ ဒေးဗစ်အကြောင်း သုံးသပ်ကြည့်ပါ။ သူဟာ ဝန်ထမ်းကောင်းတစ်ဦး ဖြစ်တယ်။ ကုမ္ပဏီမှာ ရာထူးတိုးလာတဲ့အပြင် အဲဒီအလုပ်နဲ့ပတ်သက်ပြီး သူ့နိုင်ငံမှာ အတော်ဆုံးပုဂ္ဂိုလ်အဖြစ် အသိအမှတ် ပြုခံရတယ်။ “ယေဟောဝါရဲ့ ကောင်းချီးကြောင့် အောင်မြင်တာလို့ အဲဒီတုန်းက ထင်ခဲ့တယ်” ဆိုပြီး ဒေးဗစ်ပြောတယ်။ ဒါတကယ်ပဲလား။
၈ အလုပ်ကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာ
တာကို ဒေးဗစ် သတိထားမိတယ်။ “အစည်းအဝေးတွေ၊ အမှုဆောင်တွေမှာတောင် အလုပ်အကြောင်းပဲ စဉ်းစားနေမိတယ်။ ငွေအများကြီး ရပေမဲ့ စိတ်ဖိစီးမှု များလာတယ်။ အိမ်ထောင်ရေးလည်း ထိခိုက်လာတယ်” လို့ သူပြောတယ်။၉ ဦးစားထားရာတွေကို ပြန်ဆန်းစစ်ဖို့ လိုနေမှန်း ဒေးဗစ် သိလာတယ်။ “ပြုပြင်ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်တယ်” လို့ သူပြောတယ်။ အလုပ်အချိန်ဇယားကို ပြောင်းချင်လို့ အလုပ်ရှင်ကို အကျိုးအကြောင်း ပြောပြတယ်။ ဘာရလဒ် ရသလဲ။ အလုပ်ပြုတ်သွားတယ်။ သူ ဘယ်လို တုံ့ပြန်သလဲ။ “နောက်တစ်နေ့မှာပဲ အရန်ရှေ့ဆောင် ဆက်တိုက်လုပ်ဖို့ လျှောက်လွှာတင်လိုက်တယ်” လို့ ပြောတယ်။ စားဝတ်နေရေးအတွက် ဒေးဗစ်နဲ့ ဇနီးဟာ သန့်ရှင်းရေးအလုပ် စလုပ်တယ်။ မကြာခင် ဒေးဗစ် မှန်မှန်ရှေ့ဆောင် စလုပ်တယ်။ နောက်ပိုင်း သူ့ဇနီးလည်း ရှေ့ဆောင်လုပ်လာတယ်။ ဝင်ငွေရဖို့ လူတွေ အထင်သေးတဲ့ အလုပ်ကို လုပ်ရပေမဲ့ ဘာအလုပ် လုပ်တယ်ဆိုတာ သူတို့အတွက် အရေးမကြီးဘူး။ ဝင်ငွေ ဆယ်ဆလောက် လျော့သွားပေမဲ့ လစဉ် အသုံးစရိတ်တော့ ကာမိတယ်။ ယေဟောဝါနဲ့ နိုင်ငံတော်ကို ဦးစားထားတဲ့အခါ ဘုရားရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ကိုယ်တွေ့ ခံစားခဲ့ရတယ်။—မ. ၆:၃၁-၃၃။
၁၀။ ကျွန်တော်တို့ရဲ့ စိတ်နှလုံးကို ဘယ်လို ကာကွယ်စောင့်ရှောက်နိုင်သလဲ။
၁၀ ကျွန်တော်တို့ဟာ ဆင်းရဲသူဖြစ်ဖြစ်၊ ချမ်းသာသူဖြစ်ဖြစ် စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ဖို့ လိုတယ်။ ဘယ်လိုနည်းနဲ့လဲ။ စည်းစိမ်ဥစ္စာ တပ်မက်စိတ်ကို မမွေးပါနဲ့။ ယေဟောဝါထက် အလုပ်ကို ဦးစားပေးတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီလို စိတ်မျိုးဝင်နေပြီဆိုတာ ဘယ်လို သိနိုင်မလဲ။ ကိုယ့်ကိုယ်ကိုယ် ဒီလို မေးပြီး ဆန်းစစ်နိုင်တယ်– ‘အစည်းအဝေးနဲ့ အမှုဆောင်တွေမှာ အလုပ်အကြောင်း စဉ်းစားလေ့ရှိသလား။ နောင်ရေးအတွက် ငွေကြေးဖူလုံဖို့ အမြဲ စိတ်ပူနေသလား။ ငွေနဲ့ ပစ္စည်းဥစ္စာကြောင့် အိမ်ထောင်မှာ ပြဿနာ ဖြစ်နေသလား။ ယေဟောဝါအတွက် အမှုဆောင်ဖို့ အချိန်ပိုရမယ်ဆိုရင် တခြားသူတွေ အထင်သေးတဲ့ အလုပ်ကိုတောင် လုပ်ဖို့ တလိုတလား ရှိသလား။’ (၁ တိ. ၆:၉-၁၂) ကျွန်တော်တို့ကို ယေဟောဝါ ချစ်ကြောင်း၊ မိမိဆီ ဆည်းကပ်ထားသူတွေကို ‘ဘယ်တော့မှ ပစ်ထားမှာ၊ စွန့်ခွာမှာ မဟုတ်ဘူး’ လို့ ကတိပေးထားကြောင်း သတိရပါ။ ဒါကြောင့် “ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ” လို့ တမန်တော် ပေါလု ရေးတာ ဖြစ်တယ်။—ဟီ. ၁၃:၅၊ ၆။
ဖျော်ဖြေမှုကို ဂရုတစိုက် ရွေးချယ်ပါ
၁၁။ ဖျော်ဖြေမှုက လူတစ်ဦးကို ဘာဖြစ်စေနိုင်သလဲ။
၁၁ ယေဟောဝါက ကျွန်တော်တို့ရဲ့ အသက်တာကို ပျော်မွေ့စေချင်တယ်။ ဖျော်ဖြေမှုတွေက ပျော်မွေ့ဖို့ ကူညီပေးတယ်။ “စားတာ၊ သောက်တာ၊ ကြိုးစားပမ်းစား လုပ်ကိုင်တာတွေကြောင့် ပျော်ရွှင်ရတာထက် ကောင်းတာ ဘာမှ မရှိဘူး” လို့ ကျမ်းစာ ပြောတယ်။ (ဒေ. ၂:၂၄) ဒါပေမဲ့ လောကမှာ ရှိတဲ့ ဖျော်ဖြေမှုအများစုက ကျွန်တော်တို့အပေါ် ဆိုးကျိုးသက်ရောက်နိုင်တယ်။ ကိုယ်ကျင့်တရားစံနှုန်း ကျဆင်းစေပြီး ကျမ်းစာမှာ ပြစ်တင်ရှုတ်ချထားတာတွေကို လက်ခံဖို့၊ နှစ်သက်လာဖို့တောင် အားပေးတယ်။
၁၂။ ၁ ကောရိန္သု ၁၀:၂၁၊ ၂၂ အရ ဖျော်ဖြေမှုကို ဘာကြောင့် ဂရုတစိုက် ရွေးချယ်သင့်သလဲ။
၁၂ ကျွန်တော်တို့ဟာ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ချင်တဲ့အတွက် “ယေဟောဝါရဲ့ စားပွဲ” နဲ့ “နတ်ဆိုးတွေရဲ့ စားပွဲ” နှစ်ခုစလုံးမှာ သုံးဆောင်လို့ မရဘူး။ (၁ ကောရိန္သု ၁၀:၂၁၊ ၂၂ ကိုဖတ်ပါ။) တစ်ယောက်ယောက်နဲ့ အတူစားသောက်တာဟာ ရင်းနှီးတဲ့သဘောဆောင်တယ်။ အကြမ်းဖက်မှု၊ လိင်အကျင့်ယိုယွင်းမှု၊ နတ်ဆိုးပညာ၊ သွေးသားဆန္ဒနဲ့ ဇာတိစိတ်တွေကို အားပေးအားမြှောက်လုပ်တဲ့ ဖျော်ဖြေရေးကို ရွေးချယ်မယ်ဆိုရင် ဘုရားရဲ့ ရန်သူတွေ ပြင်ဆင်ပေးတဲ့ အစားအစာကို စားတာနဲ့တူတယ်။ ကိုယ်တိုင် ဆိုးကျိုးခံစားရရုံမက ယေဟောဝါနဲ့ ဆက်ဆံရေးလည်း ထိခိုက်လာမယ်။
၁၃-၁၄။ ယာကုပ် ၁:၁၄၊ ၁၅ အရ ဖျော်ဖြေမှုတွေကို ရွေးချယ်ရာမှာ ဘာကြောင့် ဂရုစိုက်ရမလဲ။ ဥပမာပေးပါ။
၁၃ ဖျော်ဖြေမှုက အစားအစာနဲ့ ဘယ်လို တူကြောင်း သုံးသပ်ကြည့်ပါ။ ဘာစားမယ်ဆိုတာကို ကိုယ်တိုင် ရွေးချယ်လို့ ရတယ်။ ဒါပေမဲ့ မျိုချလိုက်ပြီဆိုရင်တော့ ဒီအစာရဲ့ အကျိုးသက်ရောက်မှုကို ထိန်းချုပ်လို့ မရတော့ဘူး။ အာဟာရရှိတဲ့အစာက ကျန်းမာစေနိုင်တယ်။ အာဟာရမရှိတဲ့ အစာကတော့ ကျန်းမာရေး ထိခိုက်စေနိုင်တယ်။ ရလဒ်ကို ချက်ချင်း မသိနိုင်ပေမဲ့ တဖြည်းဖြည်း သိသာလာမယ်။
၁၄ အလားတူပဲ၊ ဘယ်ဖျော်ဖြေမှုကို ရွေးချယ်မယ်ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်နိုင်တယ်။ ဒါပေမဲ့ ရွေးချယ်ပြီးနောက်မှာတော့ ကျွန်တော်တို့ရဲ့ စိတ်နှလုံးအပေါ် ဖျော်ဖြေမှုရဲ့ အကျိုးသက်ရောက်ပုံကို ထိန်းချုပ်လို့ မရတော့ဘူး။ ကောင်းတဲ့ ဖျော်ဖြေမှုက လန်းဆန်းစေပြီး အကျိုးမပြုတဲ့ ဖျော်ဖြေမှုကတော့ ထိခိုက်စေနိုင်တယ်။ (ယာကုပ် ၁:၁၄၊ ၁၅ ကိုဖတ်ပါ။) မကောင်းတဲ့ ဖျော်ဖြေမှုရဲ့ ဆိုးကျိုးတွေဟာ ချက်ချင်း မသိသာပေမဲ့ တဖြည်းဖြည်း သိသာလာမယ်။ ဒါကြောင့် “လှည့်စားမခံကြပါနဲ့။ ဘုရားသခင်ကို မခန့်လေးစားလုပ်လို့ မရဘူး။ လူဟာ မျိုးစေ့ကြဲတဲ့အတိုင်း ရိတ်သိမ်းရလိမ့်မယ်။ အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း မျိုးစေ့ကြဲတဲ့သူက အပြစ်ရှိတဲ့ အလိုဆန္ဒအတိုင်း ပျက်စီးခြင်းကိုပဲ ရိတ်သိမ်းရလိမ့်မယ်” လို့ ကျမ်းစာမှာ သတိပေးတယ်။ (ဂလ. ၆:၇၊ ၈) ယေဟောဝါ ရွံမုန်းတဲ့ အရာတွေကို အားပေးအားမြှောက်လုပ်တဲ့ ဖျော်ဖြေမှုအားလုံးကို ငြင်းပယ်ဖို့ အရေးကြီးတယ်။—ဆာ. ၉၇:၁၀။
၁၅။ ကျွန်တော်တို့အတွက် ဘယ်လက်ဆောင်ကို ယေဟောဝါ ပြင်ဆင်ပေးထားသလဲ။
၁၅ ယေဟောဝါရဲ့ လူမျိုးကတော့ အကျိုးပြုတဲ့ အင်တာနက်ရုပ်သံ အစီအစဉ်ဖြစ်တဲ့ JW ရုပ်သံ® ကြည့်ရတာကို နှစ်သက်ကြတယ်။ ညီအစ်မ မာရီလင်းက “JW ရုပ်သံ ကြည့်တာက ကျွန်မကို အပြုသဘော ပိုရှိစေတယ်။ ကြည့်သင့် မသင့် စိစစ်နေစရာ မလိုဘူး။ အထီးကျန်တဲ့အခါ၊ စိတ်ဓာတ်ကျတဲ့အခါ အားရှိစရာ ဟောပြောချက် ဒါမှမဟုတ် နံနက်ဝတ်ပြုမှု အစီအစဉ်ကို ကြည့်လိုက်တယ်။ ဒါက ယေဟောဝါနဲ့ရော အဖွဲ့အစည်းနဲ့ပါ ပိုရင်းနှီးလာစေတယ်။ JW ရုပ်သံက ကျွန်မရဲ့ဘဝကို လုံးလုံး ပြောင်းလဲစေတယ်” လို့ ပြောတယ်။ သင်ကော ယေဟောဝါပေးတဲ့ အဲဒီလက်ဆောင်ကနေ အကျိုးရယူနေသလား။ လတိုင်း တင်ဆက်တဲ့ အစီအစဉ်သစ်အပြင် ရုပ်သံကဏ္ဍများစွာနဲ့ အားရှိစရာ သီချင်းတွေကိုပါ ရရှိနိုင်တယ်။
၁၆-၁၇။ ဖျော်ဖြေမှုအတွက် သုံးတဲ့အချိန်ကို ဘာကြောင့် ကန့်သတ်သင့်သလဲ။ ဘယ်လိုနည်းနဲ့လဲ။
၁၆ ဖျော်ဖြေမှု အမျိုးအစားကိုသာမက အသုံးပြုတဲ့ အချိန်ပမာဏကိုပါ ဂရုစိုက်ရမယ်။ ဂရုမစိုက်ရင် ဝတ်ပြုရေးထက် ဖျော်ဖြေမှုမှာ အချိန် ပိုသုံးမိနိုင်တယ်။ ဖျော်ဖြေမှုအတွက် သုံးတဲ့ အချိန်ပမာဏကို ကန့်သတ်ဖို့ တချို့ အခက်တွေ့ကြတယ်။ အသက် ၁၈ နှစ်အရွယ် ညီအစ်မ အဘိဂဲက “အလုပ်ပင်ပန်းတဲ့ တစ်နေ့တာအကုန်မှာ တီဗီကြည့်တာက အပန်းပြေစေတယ်။
ဒါပေမဲ့ ဂရုမစိုက်ရင် တီဗီရှေ့မှာပဲ အချိန်ကုန်သွားတယ်” လို့ပြောတယ်။ ဆမ်မြူအယ်ဆိုတဲ့ ညီအစ်ကိုငယ်က “အင်တာနက်မှာ ဗီဒီယိုအတိုလေးတွေ ကျွန်တော် ကြည့်လေ့ရှိတယ်။ စကြည့်တုန်းကတော့ တစ်ခုပဲ။ ဒါပေမဲ့ ကြည့်ရင်းနဲ့ သုံးလေးနာရီလောက် ကုန်မှန်းမသိ ကုန်သွားတယ်” လို့ပြောတယ်။၁၇ ဖျော်ဖြေမှုအတွက် သုံးတဲ့အချိန်ကို ဘယ်လို ကန့်သတ်ထားနိုင်သလဲ။ အချိန် ဘယ်လောက် သုံးနေသလဲဆိုတာ သိအောင် ဦးဆုံး ဆန်းစစ်ပါ။ တစ်ပတ်တာအတွက် စာရင်းမှတ်ထားပါ။ တီဗီကြည့်ချိန်၊ အင်တာနက် ကြည့်ချိန်၊ ဂိမ်းဆော့ချိန်တွေကို ပြက္ခဒိန်မှာ မှတ်ထားပါ။ အချိန် အများကြီး သုံးနေတယ်လို့ ခံစားရရင် ဇယားဆွဲပါ။ ပိုအရေးကြီးတဲ့အရာတွေအတွက် အချိန်ကို အရင် ဖယ်ထားပြီး ကျန်တာကို ဖျော်ဖြေမှုအတွက် သုံးဖို့ လျာထားပါ။ အဲဒီနောက် ဇယားအတိုင်း လုပ်နိုင်ဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဒါဆိုရင် ကိုယ်ပိုင်လေ့လာမှု၊ မိသားစုဝတ်ပြုမှု၊ အသင်းတော် အစည်းအဝေး၊ ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွေအတွက် အချိန်နဲ့ ခွန်အား ရနိုင်မယ်။ ဖျော်ဖြေမှုမှာ အချိန်အများကြီးသုံးမိလို့ အပြစ်ရှိတယ်ဆိုပြီး ခံစားရတော့မှာ မဟုတ်ဘူး။
ယေဟောဝါ တစ်ပါးတည်းကိုပဲ ဆက်ကိုးကွယ်ဆည်းကပ်ပါ
၁၈-၁၉။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ကြောင်း ဘယ်လို ဖော်ပြနိုင်သလဲ။
၁၈ တမန်တော် ပေတရုက စာတန့်လောက အဆုံးနဲ့ ရောက်လာတော့မယ့် ကမ္ဘာသစ်အကြောင်း ရေးပြီးနောက် “ချစ်ရသူတို့၊ ဒါတွေကို ခင်ဗျားတို့ စောင့်မျှော်နေတဲ့အတွက် ဘုရားသခင် နောက်ဆုံးစစ်ဆေးတဲ့အခါ အစွန်းအထင်း၊ အပြစ်အနာအဆာ မရှိဘဲ ငြိမ်သက်ခြင်းရှိနေဖို့ အစွမ်းကုန် ကြိုးစားကြပါ” လို့ ရေးခဲ့တယ်။ (၂ ပေ. ၃:၁၄) အဲဒီအကြံပေးချက်ကို လိုက်နာပြီး ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးဘက် စင်ကြယ်နေဖို့ အတတ်နိုင်ဆုံး ကြိုးစားမယ်ဆိုရင် ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်ကြောင်း ဖော်ပြရာရောက်ပါလိမ့်မယ်။
၁၉ စာတန်နဲ့ စာတန့်လောကက ကျွန်တော်တို့ရဲ့ ဦးစားထားရာတွေ ပြောင်းလဲသွားအောင် ဆက်သွေးဆောင်နေမှာပဲ။ (လု. ၄:၁၃) ဒါပေမဲ့ ဘယ်လို အခက်အခဲပဲ ရင်ဆိုင်ရပါစေ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထဲမှာ ဘုရားသခင့်နေရာကို တခြားဘယ်အရာ၊ ဘယ်သူနဲ့မှ အစားထိုးမှာ မဟုတ်ဘူး။ ယေဟောဝါ တစ်ပါးတည်းကိုပဲ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ဖို့ ကျွန်တော်တို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။
သီချင်း ၃၀ ကျွန်တော့်ဖခင်၊ ဘုရားနဲ့ မိတ်ဆွေ
^ အပိုဒ်၊ 5 ယေဟောဝါကို ဝတ်ပြုဖို့ ကျွန်တော်တို့ ဆက်ကပ်ထားတယ်။ ဒါပေမဲ့ ယေဟောဝါ တစ်ပါးတည်းကိုပဲ ကိုးကွယ်ဆည်းကပ်နေရဲ့လား။ ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေက အဖြေကို ဖော်ပြနေတယ်။ ယေဟောဝါ တစ်ပါးတည်းကိုပဲ ဆည်းကပ်နေမနေ သိစေတဲ့ ဘဝကဏ္ဍနှစ်ခုကို သုံးသပ်ကြည့်ကြစို့။
^ အပိုဒ်၊ 53 ပုံအညွှန်း– ညစ်ပတ်တဲ့ စားဖိုဆောင်ထဲမှာ ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာကို ကျွန်တော်တို့ စားမှာ မဟုတ်ဘူး။ အလားတူပဲ အကြမ်းဖက်မှု၊ လိင်အကျင့်ယိုယွင်းမှု၊ နတ်ဆိုးပညာနဲ့ ညစ်ညမ်းမှုတွေပါတဲ့ ဖျော်ဖြေရေးကိုလည်း ကြည့်မှာ မဟုတ်ဘူး။