လေ့လာရန် ဆောင်းပါး ၄၂
ယေဟောဝါ သင့်ကို ဘာဖြစ်စေမလဲ
“ဘုရားသခင်ဟာ . . . လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးသနားတဲ့အရှင်ပဲ။”—ဖိ. ၂:၁၃။
သီချင်း ၁၀၄ ဘုရားပေး လက်ဆောင် သန့်ရှင်းသော စွမ်းအားတော်
အကြိုသုံးသပ်ချက် *
၁။ ယေဟောဝါဟာ မိမိရည်ရွယ်ချက် ပြည့်စုံဖို့ ဘာလုပ်နိုင်သလဲ။
ယေဟောဝါဟာ မိမိရည်ရွယ်ချက် ပြည့်စုံစေဖို့ ဘာမဆို ဖြစ်လာနိုင်တယ်။ ဥပမာ၊ သွန်သင်သူ၊ နှစ်သိမ့်ပေးသူ၊ သတင်းကောင်း ဟောသူ ဖြစ်လာတယ်။ ဒါတွေဟာ ဘုရား ကိုယ့်ကိုယ်ကိုယ် ဖြစ်စေတဲ့အရာ အနည်းငယ်ပဲ ရှိသေးတယ်။ (ဟေရှာ. ၄၈:၁၇။ ၂ ကော. ၇:၆။ ဂလ. ၃:၈) မိမိရည်ရွယ်ချက် အကောင်အထည်ဖော်ဖို့ လူတွေကိုလည်း အသုံးပြုလေ့ရှိတယ်။ (မ. ၂၄:၁၄။ ၂၈:၁၉၊ ၂၀။ ၂ ကော. ၁:၃၊ ၄) အလိုတော် ပြည့်စုံဖို့ လိုအပ်တဲ့ ဉာဏ်ပညာနဲ့ ခွန်အားကိုလည်း ဘယ်သူ့ကိုမဆို ပေးနိုင်တယ်။ ကျမ်းပညာရှင်များစွာ နားလည်ထားတဲ့အတိုင်း ယေဟောဝါ နာမည်ရဲ့ အဓိပ္ပာယ်ထဲမှာ အဲဒါတွေအားလုံး ပါဝင်တယ်။
၂။ (က) ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုနေတယ်ဆိုတာ တစ်ခါတလေ ဘာကြောင့် သံသယဝင်မိနိုင်သလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
၂ ကျွန်တော်တို့အားလုံး ယေဟောဝါအတွက် အသုံးဝင်သူ ဖြစ်ချင်ကြတယ်။ ဒါပေမဲ့ ကိုယ့်ကို ယေဟောဝါ အသုံးပြုနေရဲ့လားလို့ တချို့ သံသယဝင်မိနိုင်တယ်။ ဘာကြောင့်လဲ။ သူတို့ရဲ့ အသက်အရွယ်၊ အခြေအနေ၊ အစွမ်းအစ အကန့်အသတ် ရှိနေတယ်လို့ ခံစားရလို့ပဲ။ တချို့ကျတော့ ထပ်လုပ်ဖို့ မလိုတော့ဘူးဆိုပြီး လက်ရှိ အခြေအနေကို ကျေနပ်နေတာ ဖြစ်နိုင်တယ်။ ယေဟောဝါဟာ မိမိရည်ရွယ်ချက် ပြည့်စုံစေဖို့ ကျွန်တော်တို့ တစ်ဦးစီကို ဘယ်လို ပြင်ဆင်ပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။ ဒါ့အပြင် မိမိကျေးကျွန် အမျိုးသား/သမီးတွေကို လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ယေဟောဝါ ပေးခဲ့တဲ့ ကျမ်းစာမှတ်တမ်းတွေကို သုံးသပ်ကြပါမယ်။ နောက်ဆုံး၊ ယေဟောဝါ အသုံးပြုတာကို ဘယ်လို ခွင့်ပြုနိုင်ကြောင်းကိုလည်း သုံးသပ်ကြပါမယ်။
ကျွန်တော်တို့ကို ယေဟောဝါ အရည်အချင်း ပြည့်မီစေပုံ
၃။ ဖိလိပ္ပိ ၂:၁၃ မှာ ဖော်ပြတဲ့အတိုင်း လုပ်ဆောင်ချင်စိတ် ရှိလာအောင် ယေဟောဝါ ဘယ်လို ကူညီပေးနိုင်သလဲ။
၃ ဖိလိပ္ပိ ၂:၁၃ ကို ဖတ်ပါ။ * ယေဟောဝါက ကျွန်တော်တို့ကို လုပ်ဆောင်ချင်စိတ် ပေးနိုင်တယ်။ ဘယ်လို ပေးနိုင်သလဲ။ အသင်းတော်မှာ အကူအညီ လိုနေတာ တစ်ခုခုကို ကျွန်တော်တို့ သိလာတာ ဖြစ်နိုင်တယ်။ အကြီးအကဲ ဖတ်ပြတဲ့ ဌာနခွဲရုံးက စာကနေ ဒေသတစ်ခုမှာ အမှုဆောင်ဖို့ ပိုလိုအပ်နေကြောင်း သိလာတာ ဖြစ်နိုင်တယ်။ အဲဒီအခါ ‘ငါ ဘယ်လို ကူညီနိုင်မလဲ’ လို့ တွေးမိမှာပဲ။ ခက်ခဲတဲ့တာဝန်တစ်ခု ရတဲ့အခါ လုပ်နိုင်ပါ့မလားလို့ တွေးမိတာ ဖြစ်နိုင်တယ်။ ကျမ်းပိုဒ်တချို့ ဖတ်ပြီးနောက် ‘တခြားသူတွေကို ကူညီတဲ့အခါ ဒီကျမ်းချက်ကို ဘယ်လို သုံးမလဲ’ လို့ တွေးမိနိုင်တယ်။ ယေဟောဝါက ဘယ်သူ့ကိုမှ အတင်းအကျပ် မလုပ်ခိုင်းဘူး။ ဒါပေမဲ့ ဘာတွေ ထပ်လုပ်နိုင်သေးသလဲလို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်နေတာကို ယေဟောဝါ မြင်တဲ့အခါ လုပ်ဆောင်ချင်စိတ် ရှိလာအောင် ကူညီပေးနိုင်တယ်။
၄။ လုပ်ဆောင်နိုင်စွမ်းကို ယေဟောဝါ ဘယ်လို ပေးသလဲ။
၄ လုပ်ဆောင်နိုင်စွမ်းကိုလည်း ယေဟောဝါ ပေးနိုင်တယ်။ (ဟေရှာ. ၄၀:၂၉) ကျွန်တော်တို့ရဲ့ ပင်ကိုစွမ်းရည် တိုးတက်အောင် သန့်ရှင်းသော စွမ်းအားတော်အားဖြင့် ကူညီပေးနိုင်တယ်။ (ထွ. ၃၅:၃၀-၃၅) တာဝန်တွေကို ဘယ်လို ထမ်းဆောင်ရမယ်ဆိုတာ အဖွဲ့အစည်းကတစ်ဆင့် သင်ပေးနိုင်တယ်။ သင့်တာဝန်ကို ဘယ်လို ထမ်းဆောင်ရမှန်း မသိ ဖြစ်နေရင် အကူအညီ တောင်းပါ။ “သာမန်ထက်ထူးကဲတဲ့ တန်ခိုး” ပေးဖို့ ရက်ရောတဲ့ အဖဘုရားဆီ အချိန်မရွေး တောင်းဆိုပါ။ (၂ ကော. ၄:၇။ လု. ၁၁:၁၃) လုပ်ဆောင်ချင်စိတ်သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ပေးခြင်းအားဖြင့် ယေဟောဝါ အရည်အချင်း ပြည့်မီစေတဲ့ အမျိုးသား/သမီးတွေရဲ့ ပုံနမူနာတွေ ကျမ်းစာထဲမှာ ရှိတယ်။ အဲဒီထဲက တချို့ကို သုံးသပ်တဲ့အခါ သင့်ကိုလည်း ယေဟောဝါ အသုံးပြုနိုင်တဲ့ အလားတူနည်းတွေကို စဉ်းစားကြည့်ပါ။
အမျိုးသားတွေကို ယေဟောဝါ အသုံးပြုပုံ
၅။ မိမိလူမျိုးကို ကယ်လွှတ်ဖို့ မောရှေကို ယေဟောဝါ အသုံးပြုတဲ့ အချိန်နဲ့ အသုံးပြုပုံကနေ ဘာသင်ယူရသလဲ။
၅ ယေဟောဝါက မောရှေကို အစ္စရေးတွေရဲ့ ကယ်လွှတ်သူ ဖြစ်စေတယ်။ ဘယ်အချိန်မှာ သူ့ကို သုံးခဲ့သလဲ။ “အီဂျစ်လူမျိုးတွေရဲ့ အတတ်ပညာအားလုံးကို သင်ယူ” ပြီး အရည်အချင်း ပြည့်မီပြီလို့ မောရှေ ယူဆတဲ့ အချိန်မှာလား။ (တ. ၇:၂၂-၂၅) မဟုတ်ပါဘူး။ နှိမ့်ချသူ၊ စိတ်နူးညံ့သူအဖြစ် ပုံသွင်းပြီးနောက်မှသာ မောရှေကို ယေဟောဝါ အသုံးပြုတယ်။ (တ. ၇:၃၀၊ ၃၄-၃၆) အာဏာအရှိဆုံး အီဂျစ် အုပ်စိုးရှင်ရှေ့မှာ စကားပြောရဲတဲ့သတ္တိကို ပေးတယ်။ (ထွ. ၉:၁၃-၁၉) မောရှေကို ယေဟောဝါ အသုံးပြုတဲ့ အချိန်နဲ့ အသုံးပြုပုံကနေ ဘာသင်ယူရသလဲ။ ဘုရားရေးရာ အရည်အသွေးရှိတဲ့သူ၊ ခွန်အားရဖို့ ဘုရားကို အားကိုးတဲ့သူတွေကိုသာ ဘုရား အသုံးပြုတယ်။—ဖိ. ၄:၁၃။
၆။ ဘုရင် ဒါဝိဒ်ကို ကူညီဖို့ ဗာဇိလဲကို ယေဟောဝါ အသုံးပြုပုံကနေ ဘာသင်ယူရသလဲ။
၆ နှစ်ပေါင်းများစွာ ကြာပြီးနောက် ဘုရင် ဒါဝိဒ်ကို ကူညီဖို့ ဗာဇိလဲကို ယေဟောဝါ အသုံးပြုတယ်။ အဗရှလုံရဲ့ ရန်ကနေ ထွက်ပြေးလာတဲ့ ဒါဝိဒ်နဲ့ သူ့လူတွေဟာ “မောပန်းပြီး ဆာငတ်နေကြ” တယ်။ သက်ကြီးရွယ်အို ဗာဇိလဲဟာ တခြားသူတွေနဲ့အတူ အသက်အန္တရာယ်ကြား ဒါဝိဒ်နဲ့ သူ့လူတွေကို ကူညီပေးတယ်။ အသက်ကြီးလို့ ယေဟောဝါအတွက် အသုံးမဝင်တော့ဘူးလို့ ဗာဇိလဲ မယူဆဘူး။ အကူအညီ လိုအပ်နေတဲ့ ဘုရားရဲ့ကျေးကျွန်တွေကို ရက်ရက်ရောရော ကူညီပေးတယ်။ (၂ ရှ. ၁၇:၂၇-၂၉) ဘာသင်ခန်းစာ ရသလဲ။ ကျွန်တော်တို့ ဘယ်လောက်ပဲ အသက်ကြီးနေပါစေ ကိုယ့်ဒေသမှာ ဒါမှမဟုတ် တိုင်းတစ်ပါးမှာ အခြေခံလိုအပ်ရာတွေ မရှိတဲ့ ညီအစ်ကို/မတွေကို ကူညီဖို့ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုနိုင်တယ်။ (ပညာ. ၃:၂၇၊ ၂၈။ ၁၉:၁၇) သူတို့ကို တိုက်ရိုက် မကူညီနိုင်ရင်တောင် ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေ ထည့်ဝင်နိုင်တယ်။ ဒါဆို လိုအပ်တဲ့ အချိန်၊ လိုအပ်တဲ့နေရာမှာ အသုံးပြုနိုင်အောင် ကယ်ဆယ်ရေး ရန်ပုံငွေ ရလာနိုင်တယ်။—၂ ကော. ၈:၁၄၊ ၁၅။ ၉:၁၁။
၇။ ရှိမောင်ကို ယေဟောဝါ ဘယ်လို အသုံးပြုခဲ့သလဲ။ ဒါက ကျွန်တော်တို့ကို ဘာကြောင့် အားရှိစေသလဲ။
၇ မေရှိယကို မမြင်မချင်း မသေရဘူးဆိုပြီး ဂျေရုဆလင်က သစ္စာရှိ သက်ကြီးရွယ်အို ရှိမောင်ကို ယေဟောဝါ ကတိပေးခဲ့တယ်။ မေရှိယကို နှစ်ပေါင်းများစွာ စောင့်မျှော်နေတဲ့ ရှိမောင်ဟာ ဒီကတိကြောင့် အလွန် အားတက်သွားမှာပဲ။ သူ့ရဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည်ကြောင့် ဆုချခံရတယ်။ တစ်နေ့၊ ရှိမောင်က “စွမ်းအားတော် လမ်းညွှန်မှုကြောင့်” ဗိမာန်တော်ကို ရောက်လာတယ်။ အဲဒီမှာ မွေးကင်းစကလေး ယေရှုကို တွေ့တယ်။ ခရစ်တော် ဖြစ်လာမယ့် ဒီကလေးအကြောင်း ကြိုဟောဖို့ ရှိမောင်ကို ယေဟောဝါ သုံးခဲ့တယ်။ (လု. ၂:၂၅-၃၅) ရှိမောင်ဟာ ယေရှု မြေကြီးပေါ် အမှုဆောင်တာကို မြင်လိုက်ရပုံ မပေါ်ပေမဲ့ ရခဲ့တဲ့ အခွင့်ထူးအတွက် သိပ်ကျေးဇူးတင်မှာပဲ။ အနာဂတ်မှာ ကောင်းချီးတွေ ထပ်ရဦးမယ်။ ကမ္ဘာသစ်မှာ ယေရှုရဲ့ အုပ်ချုပ်မှုကနေ လူအားလုံး ကောင်းချီးခံစားရတာကို ရှိမောင် မြင်ခွင့်ရမယ်။ (က. ၂၂:၁၈) ကျွန်တော်တို့လည်း ယေဟောဝါပေးတဲ့ ဘယ်လုပ်ငန်းတော် အခွင့်ထူးကိုမဆို ကျေးဇူးတင်သင့်တယ်။
၈။ ဗာနဗလိုပဲ ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသုံးပြုနိုင်သလဲ။
၈ အေဒီ ပထမရာစုမှာ ရက်ရောတဲ့ ယောသပ်ဟာ ယေဟောဝါ အသုံးပြုတာကို လိုလိုလားလား လက်ခံတယ်။ (တ. ၄:၃၆၊ ၃၇) ယောသပ်ဟာ တခြားသူတွေကို နှစ်သိမ့်ပေးတတ်သူဖြစ်တဲ့အတွက် တမန်တော်တွေက သူ့ကို “နှစ်သိမ့်ခြင်းရဲ့သား” လို့ အဓိပ္ပာယ်ရတဲ့ ဗာနဗဆိုပြီး ခေါ်ကြတယ်။ ဥပမာ၊ အသင်းတော်ကို နှိပ်စက်ညှဉ်းဆဲခဲ့တဲ့ ရှောလု ယုံကြည်သူ ဖြစ်လာပြီးနောက်မှာ ညီအစ်ကိုတွေက ရှောလုကို ကြောက်ကြတယ်။ ဒါပေမဲ့ ကြင်နာတတ်တဲ့ ဗာနဗက ရှောလုကို ကူညီပေးတယ်။ ဒါကို ရှောလု သိပ်ကျေးဇူးတင်မှာပဲ။ (တ. ၉:၂၁၊ ၂၆-၂၈) နောက်ပိုင်း၊ ရှုရိပြည်၊ အန္တိအုတ်မြို့က ညီအစ်ကိုတွေ အားပေးမှု လိုနေကြောင်း ဂျေရုဆလင်မြို့က အကြီးအကဲတွေ ကြားတယ်။ ဒါနဲ့ သူတို့ ဘယ်သူ့ကို စေလွှတ်ခဲ့သလဲ။ ဗာနဗကိုပဲပေါ့။ သူတို့ရွေးချယ်တာ မှန်တယ်။ ဗာနဗဟာ “သခင်ကို အမြဲသစ္စာရှိသွားဖို့ စိတ်ပိုင်းဖြတ်ထားကြပါဆိုပြီး သူတို့အားလုံးကို အားပေးတယ်” လို့ ကျမ်းစာမှာ ဖော်ပြတယ်။ (တ. ၁၁:၂၂-၂၄) ဒီနေ့လည်း အလားတူပဲ။ ခရစ်ယာန်ချင်းတွေအတွက် “နှစ်သိမ့်ခြင်းရဲ့ သား” ဖြစ်လာအောင် ကျွန်တော်တို့ကို ယေဟောဝါ ကူညီပေးနိုင်တယ်။ ဥပမာ၊ ချစ်ရသူ သေဆုံးလို့ ကြေကွဲနေသူတွေကို နှစ်သိမ့်ပေးဖို့ ကျွန်တော်တို့ကို အသုံးပြုနိုင်တယ်။ ဖျားနာသူ၊ စိတ်ဓာတ်ကျနေသူဆီ လည်ပတ်၊ ဖုန်းဆက်ပြီး နှစ်သိမ့်စကားပြောဖို့ လှုံ့ဆော်ပေးနိုင်တယ်။ သင်ဟာ ဗာနဗလိုပဲ ယေဟောဝါ အသုံးပြုတာကို ခွင့်ပြုမလား။—၁ သက်. ၅:၁၄။
၉။ သိုးထိန်းကောင်း ဖြစ်လာအောင် ညီအစ်ကို ဗာစီလီကို ယေဟောဝါ ကူညီပုံကနေ ဘာသင်ယူရသလဲ။
၉ ညီအစ်ကို ဗာစီလီကို သိုးထိန်းကောင်းဖြစ်အောင် ယေဟောဝါ ကူညီပေးတယ်။ အသက် ၂၆ နှစ်မှာ အကြီးအကဲ ဖြစ်လာတဲ့ ဗာစီလီဟာ အထူးသဖြင့် အခက်အခဲ ရင်ဆိုင်နေရသူတွေကို ကူညီဖို့ အရည်အချင်း မပြည့်မီဘူးလို့ ခံစားရတယ်။ ဒါပေမဲ့ ဝါရင့် အကြီးအကဲတွေနဲ့ နိုင်ငံတော်ဓမ္မအမှုကျောင်းကနေ အဖိုးတန်လေ့ကျင့်မှု ရခဲ့တယ်။ ကိုယ်တိုင်လည်း တိုးတက်ဖို့ ကြိုးစားတယ်။ ရေတိုပန်းတိုင်တွေကို စာရင်းလုပ်ထားတယ်။ ပန်းတိုင်တစ်ခု ပြည့်မီတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ပိုရှိလာတယ်။ “အရင် ကျွန်တော် စိုးရိမ်ခဲ့တဲ့အရာတွေက အခု ကျွန်တော့်ကို ပျော်ရွှင်စေတယ်။ အသင်းတော်မှာရှိတဲ့ ညီအစ်ကို/မတစ်ယောက်ယောက်ကို နှစ်သိမ့်ပေးဖို့ သင့်တော်တဲ့ ကျမ်းချက် ရှာတွေ့အောင် ယေဟောဝါ ကူညီပေးတဲ့အခါ ကျွန်တော် သိပ်ပျော်တယ်” လို့ ညီအစ်ကို ဗာစီလီ ပြောတယ်။ ညီအစ်ကိုတို့၊ ဗာစီလီလိုပဲ ယေဟောဝါ အသုံးပြုတာကို လက်ခံမယ်ဆိုရင် အသင်းတော်မှာ တာဝန်ကြီးတွေ
ထမ်းဆောင်နိုင်ဖို့ သင်တို့ကို ယေဟောဝါ အရည်အချင်း ပြည့်မီစေနိုင်တယ်။အမျိုးသမီးတွေကို ယေဟောဝါ အသုံးပြုပုံ
၁၀။ အဘိဂဲလ ဘာလုပ်ခဲ့သလဲ။ သူ့ဆီကနေ ဘာသင်ယူရသလဲ။
၁၀ ဘုရင် ရှောလုရဲ့ ရန်ကနေ ထွက်ပြေးနေတဲ့ ဒါဝိဒ်နဲ့ သူ့လူတွေ အကူအညီ လိုအပ်နေတယ်။ ချမ်းသာတဲ့ အစ္စရေးလူမျိုး နာဗလဆီမှာ စားစရာ နည်းနည်းပေးဖို့ ဒါဝိဒ်ရဲ့ လူတွေ တောင်းတယ်။ တောထဲမှာ နာဗလရဲ့ သိုးတွေကို ကာကွယ်ပေးခဲ့လို့ တောင်းပိုင်ခွင့် ရှိတယ်လို့ သူတို့ ယူဆတယ်။ ဒါပေမဲ့ အတ္တကြီးတဲ့ နာဗလက ဘာမှ မပေးတဲ့အတွက် ဒါဝိဒ် ဒေါသထွက်ပြီး နာဗလနဲ့ သူ့အိမ်မှာရှိတဲ့ ယောက်ျားမှန်သမျှကို သတ်ပစ်ဖို့ ထွက်လာတယ်။ (၁ ရှ. ၂၅:၃-၁၃၊ ၂၂) နာဗလရဲ့ ဇနီးချော အဘိဂဲလကတော့ ချင့်ချိန်တတ်သူ ဖြစ်တယ်။ ဒါဝိဒ်ရဲ့ ခြေရင်းမှာ ပျပ်ဝပ်ပြီး လူမသတ်ဖို့၊ ကိုယ်တိုင် လက်စားမချေဖို့ သတ္တိရှိရှိ တောင်းပန်တယ်။ ဒီကိစ္စကို ယေဟောဝါ လက်ထဲ အပ်ထားဖို့ လိမ္မာပါးနပ်စွာ အကြံပေးတယ်။ အဘိဂဲလရဲ့ နှိမ့်ချတဲ့ စကားနဲ့ ပါးနပ်တဲ့ လုပ်ရပ်ကြောင့် ဒါဝိဒ် စိတ်ထိမိသွားတယ်။ အဘိဂဲလကို ယေဟောဝါ လွှတ်လိုက်တာပဲလို့ ဒါဝိဒ် ယူဆတယ်။ (၁ ရှ. ၂၅:၂၃-၂၈၊ ၃၂-၃၄) အဘိဂဲလဟာ ယေဟောဝါအတွက် အသုံးဝင်တဲ့ အရည်အသွေးတွေ မွေးမြူထားတယ်။ ဒီနေ့လည်း ခရစ်ယာန် ညီအစ်မတွေဟာ လိမ္မာပါးနပ်မှုနဲ့ ချင့်ချိန်နိုင်စွမ်း မွေးမြူထားမယ်ဆိုရင် မိသားစုဝင်နဲ့ ညီအစ်ကို/မတွေကို အားပေးဖို့ ယေဟောဝါ အသုံးပြုနိုင်တယ်။—ပညာ. ၂၄:၃။ တိ. ၂:၃-၅။
၁၁။ ရှလုံရဲ့ သမီးတွေ ဘာလုပ်ခဲ့သလဲ။ ဒီနေ့ ဘယ်သူတွေ အတုယူနေကြသလဲ။
၁၁ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရှလုံရဲ့ သမီးတွေကို ဂျေရုဆလင်မြို့ရိုး ပြုပြင်ရေးမှာ ယေဟောဝါ အသုံးပြုခဲ့တယ်။ (နေ. ၂:၂၀။ ၃:၁၂) ရှလုံဟာ အုပ်ချုပ်ရေးမှူး ဖြစ်ပေမဲ့ သူ့ရဲ့သမီးတွေက ခက်ခဲပြီး အန္တရာယ်များတဲ့ အဲဒီအလုပ်ကို လုပ်ဖို့ လိုလိုလားလား ရှိကြတယ်။ (နေ. ၄:၁၅-၁၈) “ခေါင်းဆောင်တွေ ခိုင်းတာကို မလုပ်ချင်ကြ” တဲ့ တေကောမြို့က အထင်ကရ ပုဂ္ဂိုလ်တွေနဲ့ တခြားစီပဲ။ (နေ. ၃:၅) ၅၂ ရက်အတွင်း မြို့ရိုး ပြီးစီးသွားတဲ့အခါ ရှလုံရဲ့ သမီးတွေ ဘယ်လောက် ပျော်မလဲဆိုတာ စဉ်းစားကြည့်လိုက်ပါ။ (နေ. ၆:၁၅) အခုအချိန်မှာလည်း ယေဟောဝါဆီ အပ်နှံထားတဲ့ အဆောက်အအုံတွေကို ဆောက်လုပ်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းမှာ ညီအစ်မတွေ ပျော်ရွှင်စွာ ပါဝင်နေကြတယ်။ ဒါဟာ မြင့်မြတ်တဲ့ အမှုဆောင်လုပ်ငန်းရဲ့ အထူးကဏ္ဍတစ်ခုပဲ။ ဒီလုပ်ငန်း အောင်မြင်ရေးမှာ သူတို့ရဲ့ အစွမ်းအစ၊ ထက်သန်မှု၊ သစ္စာစောင့်သိမှုတွေ မရှိမဖြစ် လိုအပ်တယ်။
၁၂။ တဗိသလိုမျိုး ကျွန်တော်တို့ကို ယေဟောဝါ ဘယ်လို အသုံးပြုနိုင်သလဲ။
၁၂ ယေဟောဝါက တဗိသကို အထူးသဖြင့် မုဆိုးမတွေအပေါ် “ကောင်းတဲ့အကျင့်၊ ပေးကမ်းစွန့်ကြဲတတ်တဲ့အကျင့် ရှိ” ဖို့ လှုံ့ဆော်ပေးတယ်။ (တ. ၉:၃၆) သူသေဆုံးတဲ့အခါ သူ့ရဲ့ ရက်ရောမှု၊ ကြင်နာမှုကို သတိရပြီး လူများစွာ ငိုကြွေးကြတယ်။ သူ့ကို တမန်တော် ပေတရု ပြန်ထမြောက်စေတဲ့အခါ သူတို့ သိပ်ပျော်ကြတယ်။ (တ. ၉:၃၉-၄၁) တဗိသဆီကနေ ဘာသင်ယူရသလဲ။ လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ ကျွန်တော်တို့အားလုံး ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။—ဟီ. ၁၃:၁၆။
၁၃။ ရှက်တတ်တဲ့ ညီအစ်မ ရုသကို ယေဟောဝါ ဘယ်လို အသုံးပြုသလဲ။ သူ ဘယ်လို ပြောသလဲ။
၁၃ ရှက်တတ်တဲ့ ညီအစ်မ ရုသဟာ သာသနာပြု ဖြစ်ချင်တယ်။ ကလေးဘဝတုန်းက တစ်အိမ်ပြီးတစ်အိမ် ဝေစာတွေ လိုက်ဝေတယ်။ “ဒီအလုပ်ကို ကျွန်မ သိပ်ကြိုက်တယ်” လို့ သူပြောတယ်။ ဒါပေမဲ့ အမှုဆောင်မှာ နိုင်ငံတော်အကြောင်း ဟောဖို့ကျတော့ သိပ်ခက်တယ်။ ရှက်တတ်ပေမဲ့ အသက် ၁၈ နှစ်မှာ မှန်မှန်ရှေ့ဆောင် ဖြစ်လာတယ်။ ၁၉၄၆ မှာ ဂိလဒ်ကျောင်း တက်ပြီး နောက်ပိုင်း ဟာဝိုင်အီနဲ့ ဂျပန်မှာ အမှုဆောင်ခဲ့တယ်။ အဲဒီနိုင်ငံတွေမှာ သတင်းကောင်း ပျံ့နှံ့ဖို့ သူ့ကို ယေဟောဝါ အသုံးပြုခဲ့တယ်။
အနှစ် ၈၀ နီးပါး အမှုဆောင်ပြီးနောက် “ကျွန်မကို ယေဟောဝါ အမြဲကူညီပေးတဲ့အတွက် ရှက်စိတ်ကို ကျော်လွှားနိုင်ခဲ့တယ်။ ဘုရားကို ယုံကြည်ကိုးစားသူတိုင်းကို ဘုရား အသုံးပြုနိုင်တယ်ဆိုတာ အပြည့်အဝ ယုံကြည်တယ်” လို့ သူပြောတယ်။သင့်ကို ယေဟောဝါ အသုံးပြုတာကို ခွင့်ပြုပါ
၁၄။ ကောလောသဲ ၁:၂၉ အရ ကျွန်တော်တို့ကို ယေဟောဝါ အသုံးပြုစေချင်ရင် ဘာလုပ်ရမလဲ။
၁၄ သမိုင်းတစ်လျှောက် ယေဟောဝါဟာ မိမိကျေးကျွန်တွေကို နည်းအမျိုးမျိုးနဲ့ အသုံးပြုခဲ့တယ်။ သင့်ကို ယေဟောဝါ ဘာဖြစ်စေမလဲ။ သင့်ရဲ့ ကြိုးစားအားထုတ်မှုအပေါ် များစွာ မူတည်တယ်။ (ကောလောသဲ ၁:၂၉ ကိုဖတ်ပါ။) သင်သာ ယေဟောဝါ အသုံးပြုတာကို လိုလိုလားလား လက်ခံမယ်ဆိုရင် ယေဟောဝါက သင့်ကို ထက်သန်တဲ့ သတင်းကောင်း ဟောပြောသူ၊ ထိရောက်တဲ့ သွန်သင်သူ၊ နှစ်သိမ့်ပေးသူ၊ ကျွမ်းကျင်တဲ့ လုပ်သား၊ ကူညီထောက်မတတ်တဲ့ မိတ်ဆွေ ဒါမှမဟုတ် အလိုတော် ပြည့်စုံဖို့ ဘာမဆို ဖြစ်စေနိုင်တယ်။
၁၅။ ၁ တိမောသေ ၄:၁၂၊ ၁၅ အရ ညီအစ်ကိုငယ်တွေ ဘာအတွက် ဆုတောင်းသင့်သလဲ။
၁၅ လူငယ် ညီအစ်ကိုလေးတွေကော။ အသင်းတော်အမှုထမ်းအဖြစ် တက်တက်ကြွကြွ အမှုဆောင်နိုင်တဲ့ အမျိုးသားတွေ အလွန်လိုအပ်နေတယ်။ အသင်းတော်များစွာမှာ အမှုထမ်းထက် အကြီးအကဲတွေ ပိုများနေတယ်။ လူငယ်ညီအစ်ကိုတွေအနေနဲ့ အသင်းတော်မှာ ထပ်ဆင့်တာဝန်တွေ ထမ်းဆောင်ချင်စိတ် မွေးမြူနိုင်မလား။ “မှန်မှန်ကြေညာသူဖြစ်ရင် တော်ပါပြီ” လို့ ညီအစ်ကိုတချို့ ပြောလေ့ရှိတယ်။ သင့်မှာ အဲဒီလို ခံစားချက်ရှိနေရင် အသင်းတော်အမှုထမ်းဖြစ်အောင် ကြိုးစားချင်စိတ် ပေးဖို့၊ အတတ်နိုင်ဆုံး လုပ်ဆောင်နိုင်စွမ်းပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဒေ. ၁၂:၁) သင့်ရဲ့ အကူအညီကို ကျွန်တော်တို့ လိုအပ်နေတယ်။—၁ တိမောသေ ၄:၁၂၊ ၁၅ ကိုဖတ်ပါ။
၁၆။ ယေဟောဝါဆီ ဘာအတွက် ဆုတောင်း သင့်သလဲ။ ဘာကြောင့်လဲ။
၁၆ ယေဟောဝါဟာ အလိုတော် ပြည့်စုံဖို့ သင့်ကို ဘာမဆို ဖြစ်စေနိုင်တယ်။ ဒါကြောင့် ဘုရားအလုပ်ကို လုပ်ဆောင်ချင်စိတ်နဲ့ လုပ်ဆောင်နိုင်စွမ်း ပေးဖို့ ဆုတောင်းပါ။ သင်ဟာ လူကြီးဖြစ်ဖြစ်၊ လူငယ်ဖြစ်ဖြစ် အချိန်၊ ခွန်အားနဲ့ ငွေကြေးဥစ္စာတွေ သုံးပြီး ယေဟောဝါကို ဂုဏ်တင်ပါ။ (ဒေ. ၉:၁၀) ကြောက်စိတ်၊ အရည်အချင်း မရှိဘူးဆိုတဲ့ ခံစားချက်ကြောင့် ယေဟောဝါအတွက် အမှုဆောင်ဖို့ အခွင့်အရေးကို လက်လွှတ်မခံပါနဲ့။ မေတ္တာရှင် ဖခင်ကို ဂုဏ်တင်တဲ့လုပ်ငန်းမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်ခွင့်ရတာ အခွင့်ထူးကြီးပါပဲ။
သီချင်း ၁၂၇ ဘယ်လိုလူစားမျိုး ဖြစ်သင့်
^ အပိုဒ်၊ 5 ယေဟောဝါရဲ့ အမှုတော်မှာ သင် ပိုပါဝင်ချင်သလား။ ဘုရားအတွက် အသုံးဝင်သေးရဲ့ လားလို့ စဉ်းစားမိသလား။ ယေဟောဝါအလိုရှိတဲ့အတိုင်း အမှုဆောင်ဖို့ ထပ်လုပ်စရာ မလိုတော့ဘူးလို့ ယူဆနေသလား။ ဘုရားရည်ရွယ်ချက် ပြည့်စုံအောင် ဘာမဆို လုပ်ဆောင်ချင်စိတ် သာမက လုပ်ဆောင်နိုင်စွမ်းကိုပါ ယေဟောဝါ ပေးနိုင်တဲ့ နည်းအမျိုးမျိုးအကြောင်း ဒီဆောင်းပါးမှာ သုံးသပ်ကြပါမယ်။
^ အပိုဒ်၊ 3 ပထမရာစု ခရစ်ယာန်တွေဆီ ပေါလု စာရေးနေတာဖြစ်ပေမဲ့ ယေဟောဝါရဲ့ ကျေးကျွန်အားလုံးနဲ့လည်း သက်ဆိုင်ပါတယ်။