မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အချိန်အကြောင်း သိကောင်းစရာ

အချိန်အကြောင်း သိကောင်းစရာ

အချိန်​ သိချင်တဲ့​အခါ​ ဘာ​လုပ်ကြ​သလဲ။ နာရီ​ကို ကြည့်လိုက်​မှာ​ပဲ။ မိတ်ဆွေ​တစ်ယောက် အချိန်​မေးတဲ့အခါ​ ဘယ်လို ပြန်ဖြေမလဲ။ ဖြေနိုင်​တဲ့​နည်း အမျိုးမျိုး​ရှိတယ်။ ဘယ်နည်း​တွေ​လဲ။

နေ့လယ် ၁၂ နာရီ​၊ ၄၅ မိနစ် ဆိုပါစို့။ နေထိုင်​ရာ ဒေသ​ဓလေ့​ပေါ် မူတည်ပြီး ၁၂:၄၅၊ တစ်​နာရီ​မတ်​တင်း၊ တစ်​နာရီ​ထိုး​ဖို့ ဆယ့်​ငါး​မိနစ်​ဆိုပြီး အမျိုးမျိုး ပြောလို့​ရတယ်။

ကျမ်းစာ​ခေတ်​တုန်း​က အချိန်​ကို ဘယ်လို​ပြော​ကြသလဲ​ဆိုပြီး တွေးမိ​နိုင်တယ်။ ပြောတဲ့​နည်း တစ်နည်း​ထက်မက ရှိတယ်။ ဟီဘရူး​ကျမ်းစောင်တွေမှာ “မနက်၊” “နေ့လယ်၊” “မွန်းတည့်​ချိန်၊” “ည​ဦး​ပိုင်း” ဆိုပြီး ဖော်ပြတယ်။ (က. ၈:၁၁။ ၁၉:၂၇။ ၄၃:၁၆။ တရား. ၂၈:၂၉။ ၁ ဘု. ၁၈:၂၆) ဒီထက် တိတိကျကျ ဖော်ပြတဲ့​အခါ​တွေလည်း ရှိတယ်။

ကျမ်းစာခေတ်မှာ ကင်းစောင့်တွေ ထား​လေ့​ရှိတယ်။ အထူးသဖြင့် ည​ပိုင်း​မှာ ဖြစ်တယ်။ ယေရှု​ မမွေးခင် ရာစုနှစ်တွေ​တုန်း​က အစ္စရေး​တွေဟာ ည​ကို သုံးပိုင်း​ ခွဲ​ထားတယ်။ (ဆာ. ၆၃:၆) တရားသူကြီး ၇:၁၉ မှာ “သန်းခေါင်ယံ” အကြောင်း​ ပြောထားတယ်။ ယေရှု​ခေတ်​ရောက်တော့ ဂျူးတွေဟာ ဂရိ​နဲ့ ရောမ​တို့ရဲ့ အချိန်​တွက်နည်း​ကို ယူပြီး ည​ကို လေး​ပိုင်း​ခွဲ​ကြတယ်။

ခရစ်​ဝင်​ကျမ်းရေးသူ​တွေဟာ ညယံ​တွေ​အကြောင်း​ အကြိမ်​များစွာ ဖော်ပြတယ်။ ဥပမာ၊ ယေရှု​ ရေ​ပေါ် လမ်းလျှောက်​ပြီး တပည့်​တွေ​ဆီ လာတဲ့​အချိန်​ဟာ “မိုး​သောက်​ယံ” အချိန်​ ဖြစ်တယ်။—မ. ၁၄:၂၅

ယေရှု​က တပည့်​တွေကို ညယံ​လေးခု​အကြောင်း​ ပြောတယ်– “အိမ်ရှင် ဘယ်​အချိန်​မှာ ပြန်လာ​မလဲ၊ ည​ဦး​ပိုင်း​လား၊ သန်းခေါင်ယံ​လား၊ အ​ရုဏ်​တက်​ခါနီး​အချိန်​လား၊ မိုးလင်း​ချိန်​လား​ဆိုတာ ခင်ဗျား​တို့ မသိတဲ့​အတွက်​ သတိနဲ့​စောင့်နေကြပါ။” (မာ. ၁၃:၃၅) ပထမ​ညယံ​ဖြစ်တဲ့ “ည​ဦး​ပိုင်း” ဟာ နေဝင်ချိန်​ကနေ ည​ကိုးနာရီ​အထိ ဖြစ်တယ်။ ဒုတိယ​ညယံ​ဖြစ်တဲ့ “သန်းခေါင်ယံ” ဟာ ည​ကိုးနာရီ​ကနေ သန်း​ခေါင်​အချိန်​ထိ ဖြစ်တယ်။ တတိယ​ညယံ​ဖြစ်တဲ့ “အ​ရုဏ်​တက်​ခါနီး​အချိန်​” ဒါမှမဟုတ်​ ကြက်တွန်​ချိန်​ဟာ ညသန်းခေါင်​ကနေ မနက်​သုံးနာရီ​အထိ ဖြစ်တယ်။ ဒီ​တတိယ​ညယံ ကြက်တွန်​ချိန်မှာ​ပဲ ယေရှု​ အဖမ်းခံ​ခဲ့​ရတာ ဖြစ်နိုင်တယ်။ (မာ. ၁၄:၇၂) စတုတ္ထ​ညယံ​ဖြစ်တဲ့ “မိုးလင်း​ချိန်” ဟာ မနက်​သုံးနာရီ​ကနေ နေ​ထွက်ချိန်​အထိ​ဖြစ်တယ်။

ကျမ်းစာ​ခေတ်​တုန်း​က အခုခေတ်​လို​မျိုး အချိန်​အတိအကျ သတ်မှတ်ချက်​တွေ မရှိ​သေး​ပေ​မဲ့ ကိုယ်ပိုင် အချိန်​စနစ်​တွေ​တော့ ရှိတယ်။