မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ

“ပျော်ရွှင်တဲ့ဘုရား” ကို ကိုးကွယ်သူတွေ ပျော်ရွှင်ကြ

“ယေဟော​ဝါကို ဘုရား​သခင်​အဖြစ်​ ကိုးကွယ်​နေ​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။”—ဆာ. ၁၄၄:၁၅

သီချင်း– ၄၄၊ ၁၂၅

၁။ ယေဟော​ဝါကို ကိုးကွယ်သူ​တွေ ဘာကြောင့် ပျော်ရွှင်​ကြသလဲ။ (ဆောင်းပါး​အစမှာ​ပါတဲ့ ပုံကို ကြည့်ပါ။)

ယေဟော​ဝါ​သက်သေတွေဟာ ပျော်ရွှင်တဲ့​လူမျိုး ဖြစ်တယ်။ အစည်းအဝေး၊ အစည်းအဝေး​ကြီး​နဲ့ စုဆုံမှု​တွေ​မှာ ရယ်​ရယ်မော​မော ပြောဆို​ပေါင်းသင်း​လေ့​ရှိတယ်။ ဘာကြောင့် ဒီလောက်​ပျော်​ကြသလဲ။ အဓိက​အကြောင်း​ရင်း​ကတော့ “ပျော်ရွှင်တဲ့​ဘုရား​” ယေဟော​ဝါကို သိကျွမ်း၊ ဝတ်ပြု​ပြီး တုပ​နေကြ​လို့​ပါပဲ။ (၁ တိ. ၁:၁၁။ ဆာ. ၁၆:၁၁) ပျော်ရွှင်မှုရဲ့ ရင်းမြစ်​ဖြစ်တဲ့ ဘုရား​သခင်​က ကျွန်တော်​တို့ကိုလည်း ပျော်ရွှင်​စေချင်တယ်။ ပျော်ရွှင်​စေတဲ့ အကြောင်း​ရင်း​များစွာ ပေးထားတယ်။—တရား. ၁၂:၇။ ဒေ. ၃:၁၂၊ ၁၃

၂၊ ၃။ (က) ပျော်ရွှင်မှု​ဆိုတာ ဘာလဲ။ (ခ) ပျော်ရွှင်ဖို့ ဘာကြောင့် ခက်​နိုင်သလဲ။

သင်​ကော။ ပျော်ရွှင်​ရဲ့​လား။ ပိုပျော်​ရွှင်​နိုင်မလား။ ပျော်ရွှင်မှု​ကို “အတော်အတန် တည်မြဲ​တဲ့ သုခ​ချမ်းသာ၊ ကျေနပ်ခြင်း​မှ အူလှိုက်သည်းလှိုက် ဝမ်းသာ​တဲ့ ခံစား​ချက်၊ ဆက်​ပျော်ရွှင်​သွားချင်တဲ့ သဘာဝ​ဆန္ဒ” လို့ အနက်ဖွင့်​ထားတယ်။ ယေဟော​ဝါရဲ့​ကောင်းချီး ခံစား​ရ​သူဟာ စစ်မှန်တဲ့​ပျော်ရွှင်မှု ရှိတယ်လို့ ကျမ်းစာ ဖော်ပြတယ်။ ဒါပေမဲ့​ ဒီနေ့ခေတ်မှာ ပျော်ရွှင်ဖို့ ခက်တယ်။ ဘာကြောင့်လဲ။

ချစ်ရသူ သေဆုံး​တာ ဒါမှမဟုတ်​ နှင်ထုတ်ခံ​ရတာ၊ ကွာရှင်း​ထားတာ၊ အလုပ်ပြုတ်​သွားတာ​စတဲ့ ဖိစီးမှုတွေ​ကြောင့် ပျော်ရွှင်မှု ပျောက်ဆုံး​နိုင်တယ်။ အိမ်ထောင်ရေး ပြဿနာ၊ အလုပ်ဖော် ဒါမှမဟုတ်​ အတန်းဖော်​တွေ ကဲ့ရဲ့​လှောင်ပြောင်​တာ၊ ဘာသာ​ရေး​ကြောင့် နှိပ်စက်​ခံရ​တာ၊ ထောင်ချ​ခံရ​တာ၊ ကျန်းမာရေး မကောင်းတာ၊ နာတာရှည်​ရောဂါ၊ စိတ်ကျ​ရောဂါတွေ​က ပျော်ရွှင်မှု ပျောက်ဆုံး​စေနိုင်တယ်။ ဒါပေမဲ့​ “ပျော်ရွှင်တဲ့​ဘုရင်​၊ တစ်ပါးတည်း​သော​သခင်​” ယေရှု​ခရစ်​က လူတွေကို နှစ်သိမ့်​ပေးပြီး ပျော်ရွှင်​စေချင်တယ်။ (၁ တိ. ၆:၁၅။ မ. ၁၁:၂၈-၃၀) စာတန့်​လောကရဲ့ စမ်းသပ်မှုတွေ​ကြား ပျော်ရွှင်​အောင် ကူညီ​ပေးနိုင်တဲ့ အရည်အသွေး​များစွာကို တောင်ပေါ်​တရားတော်​မှာ ယေရှု​ ဖော်ပြတယ်။

ပျော်ရွှင်​နိုင်ဖို့ ယေဟော​ဝါနဲ့ ခိုင်မြဲ​တဲ့​ဆက်ဆံရေး လိုအပ်

၄၊ ၅။ ပျော်ရွှင်ဖို့၊ ဆက်​ပျော်ရွှင်​နေဖို့ ဘာလုပ်ရမလဲ။

ယေရှု​ ဦးဆုံး​ဖော်ပြတဲ့​အချက်​က အရေး​ကြီးတယ်။ “ဘုရား​သခင်​ကို မှီခို​ဖို့ လိုအပ်​မှန်း သိမြင်​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ ကောင်းကင်​နိုင်ငံ​ဟာ သူတို့​အတွက်​ ဖြစ်လိမ့်မယ်” လို့​ပြောတယ်။ (မ. ၅:၃) ဘုရား​သခင်​ကို မှီခို​ဖို့ လို​မှန်း သိမြင်​ကြောင်း ဘယ်လို ဖော်ပြ​နိုင်သလဲ။ ကျမ်းစာနဲ့ ကျမ်းစာစာပေ​တွေကို လေ့လာခြင်း၊ ဘုရား​ရဲ့​စံနှုန်းတွေကို လေးမြတ်ခြင်း၊ ဝတ်ပြုရေး​ကို ဦးစား​ထားခြင်း​အားဖြင့်​ပါပဲ။ အဲဒါ​တွေကို လုပ်ဆောင်​ရင် ပိုပျော်​ရွှင်​လာမယ်။ ဘုရား​ရဲ့​ကတိ​တွေကို ပိုယုံကြည်​လာမယ်။ ကျမ်းစာမှာ​ပါတဲ့ “ဝမ်းမြောက်​ဖွယ် မျှော်လင့်ချက်” ကြောင့် အားရှိ​လာမယ်။—တိ. ၂:၁၃

ယေဟော​ဝါနဲ့ ခိုင်မြဲ​တဲ့​ဆက်ဆံရေး ရှိ​ခြင်းက တည်​မြဲ​တဲ့ ပျော်ရွှင်မှု ရစေတယ်။ “ဘုရား​သခင်​ကြောင့် အမြဲ ဝမ်းမြောက်​ကြပါ။ ကျွန်တော်​ ထပ်​ပြောမယ်၊ ဝမ်းမြောက်​ကြပါ” လို့ တမန်တော်​ပေါလု​ ရေးခဲ့တယ်။ (ဖိ. ၄:၄) ဘုရား​နဲ့ အဖိုးတန်​ဆက်ဆံရေး ရှိနိုင်ဖို့ ဘုရား​ပေးတဲ့ ဉာဏ်ပညာ လိုအပ်တယ်။ “ဉာဏ်ပညာ​ကို ရှာတွေ့​တဲ့​သူနဲ့ ပိုင်းခြားသိမြင်နိုင်စွမ်း​ကို ရယူ​တဲ့​သူဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်။” “ဉာဏ်ပညာဟာ ဆုပ်ကိုင်​ထားသူ​အတွက်​ အသက်​ပင်​ပဲ။ မလွှတ်​တမ်း ကိုင်စွဲ​ထားသူတွေ​ကို ပျော်ရွှင်​ချမ်းမြေ့​သူတွေ​လို့ သတ်မှတ်​ကြ​လိမ့်မယ်” လို့ ကျမ်းစာ​ပြောတယ်။—ပညာ. ၃:၁၃၊ ၁၈

၆။ တည်မြဲ​တဲ့ ပျော်ရွှင်မှု​ရဖို့ ဘာလုပ်ရမလဲ။

တည်မြဲ​တဲ့ ပျော်ရွှင်မှု​ရဖို့ ကျမ်းစာ ဖတ်​ရုံ​သာမက လိုက်နာ​ဖို့​လည်း လိုတယ်။ သိလာ​တာတွေကို လက်တွေ့​ကျင့်သုံး​ရမယ်။ ယေရှု​က “ဒါတွေကို ခင်ဗျား​တို့ သိထားပြီ​ဆိုတော့ သိတဲ့​အတိုင်း လုပ်မယ်ဆိုရင် ပျော်ရွှင်​ချမ်းမြေ့​ရလိမ့်မယ်” လို့ ပြောတယ်။ (ယော. ၁၃:၁၇။ ယာကုပ် ၁:၂၅ ကိုဖတ်ပါ။) သိတဲ့​အတိုင်း လုပ်​မှ ဘုရား​နဲ့ ခိုင်မြဲ​တဲ့​ဆက်ဆံရေး ရှိပြီး တည်မြဲ​တဲ့ ပျော်ရွှင်မှု ရနိုင်မယ်။ ဒါပေမဲ့​ ပျော်ရွှင်မှု ကင်းမဲ့​စေတဲ့​အရာတွေ​ကြားမှာ ဘယ်လို ပျော်ရွှင်​နိုင်မလဲ။ တောင်ပေါ်​တရားတော်​မှာ ယေရှု​ ဘာဆက်​ပြောသလဲ​ဆိုတာ သုံးသပ်ကြည့်​ကြစို့။

ပျော်ရွှင်​စေတဲ့ အရည်အသွေး​များ

၇။ ဝမ်းနည်း​ပူဆွေး​သူတွေ ဘယ်လို ပျော်ရွှင်​နိုင်သလဲ။

“ဝမ်းနည်း​ပူဆွေး​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ သူတို့ နှစ်သိမ့်မှု ရလိမ့်မယ်။” (မ. ၅:၄) ‘ဝမ်းနည်း​ပူဆွေး​သူတွေ ဘယ်လိုလုပ် ပျော်ရွှင်​နိုင်မှာလဲ’ လို့ သင် စဉ်းစားမိ​မှာ​ပဲ။ တခြား​အကြောင်း​တွေ​ကြောင့် ဝမ်းနည်း​သူတွေကို ယေရှု​ ပြော​နေတာ မဟုတ်​ဘူး။ “အလွန်​ခက်ခဲကျပ်တည်း” တဲ့ ဒီခေတ်မှာ လူဆိုးတွေ​တောင် စိတ်ညစ်​စ​ရာ​ကြုံ​ပြီး ဝမ်းနည်း​ကြတယ်။ (၂ တိ. ၃:၁) ကိုယ်ကျိုး​အတွက်​ ဝမ်းနည်း​နေ​သူတွေဟာ ယေဟော​ဝါနဲ့ ရင်းနှီး​လာ​မှာ၊ ပျော်ရွှင်​မှာ မဟုတ်​ဘူး။ ဘုရား​ကို မှီခို​ဖို့ လို​မှန်း သိမြင်​သူတွေကို ယေရှု​ ပြော​နေတာ​ဖြစ်တယ်။ သူတို့က ကိုယ်တိုင်ရဲ့ အပြစ်​တွေ​နဲ့ လောကမှာ​ရှိတဲ့ ဘုရား​တရားမဲ့သူတွေ​ကြောင့် ဝမ်းနည်း​နေကြတယ်။ သူတို့ကို ယေဟော​ဝါ သတိပြုမိ​ပြီး ကျမ်းစာနဲ့ နှစ်သိမ့်​ပေးတယ်။ ပျော်ရွှင်တဲ့​ဘဝ ရရှိ​စေတယ်။ယေဇကျေလ ၅:၁၁။ ၉:၄ ကိုဖတ်ပါ။

၈။ နူးညံ့သိမ်မွေ့​သူတွေ ဘယ်လို ပျော်ရွှင်​နိုင်သလဲ။ ရှင်းပြပါ။

“နူးညံ့သိမ်မွေ့​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ ကမ္ဘာမြေကို သူတို့ အမွေ​ရလိမ့်မယ်။” (မ. ၅:၅) နူးညံ့သိမ်မွေ့​သူတွေ ဘယ်လို ပျော်ရွှင်​နိုင်သလဲ။ တစ်ချိန်က ကြမ်းတမ်း၊ ရန်လို​ပြီး ဒေါသကြီး​သူ​များစွာဟာ ကျမ်းစာ​အမှန်တရား သိရှိပြီး​နောက် ပြောင်းလဲ​လာကြတယ်။ “စရိုက်သစ်​ကို ဝတ်ဆင်” ပြီး “ချစ်ခင်​စာနာ​ခြင်း၊ ကြင်နာခြင်း၊ စိတ်​နှိမ့်ချ​ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း” တို့ကို တင်ပြ​ကြတယ်။ (ကော. ၃:၉-၁၂) ဒါကြောင့်​ ငြိမ်သက်​ပျော်ရွှင်တဲ့ အသက်တာကို ပျော်မွေ့​နေကြတယ်။ အဲဒီ​လိုလူ​တွေ “ကမ္ဘာမြေကို ပိုင်ဆိုင်​ရ” မယ်လို့ ကျမ်းစာ ကတိ​ပေးတယ်။—ဆာ. ၃၇:၈-၁၀၊ ၂၉

၉။ (က) နူးညံ့သိမ်မွေ့​သူတွေဟာ ဘယ်နည်းနဲ့ ‘ကမ္ဘာမြေကို အမွေ​ရ’ မလဲ။ (ခ) “ဖြောင့်မှန်​တာ​ကို လုပ်ချင်စိတ် ပြင်းပြ​သူတွေ” ဘာကြောင့် ပျော်ရွှင်​နိုင်သလဲ။

နူးညံ့သိမ်မွေ့​သူတွေ ဘယ်နည်းနဲ့ ‘ကမ္ဘာမြေကို အမွေ​ရ’ မလဲ။ ယေရှု​ရဲ့ ဘိသိက်ခံ​တပည့်တွေဟာ ဘုရင်​နဲ့ ပုရောဟိတ်တွေ​အဖြစ်​ ကမ္ဘာမြေကို အုပ်စိုးချိန်မှာ အမွေ​ရလိမ့်မယ်။ (ဗျာ. ၂၀:၆) ကောင်းကင်​မျှော်လင့်ချက် မရှိ​တဲ့ လူ​သန်းပေါင်း​များစွာက​တော့ ပြည့်ဝ​စုံလင်၊ ငြိမ်းချမ်း​ပျော်ရွှင်တဲ့​ဘဝနဲ့ ကမ္ဘာမြေပေါ် ထာဝစဉ် အသက်ရှင်ခြင်း​အားဖြင့် အမွေ​ရလိမ့်မယ်။ “ဖြောင့်မှန်​တာ​ကို လုပ်ချင်စိတ် ပြင်းပြ​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ယေရှု​ပြောတာ သူတို့​နှစ်​ဖွဲ့စ​လုံး​ကို ဆိုလိုတာ​ဖြစ်တယ်။ (မ. ၅:၆) ဖြောင့်မတ်ခြင်းကို ဆာငတ်​သူတွေဟာ ကမ္ဘာသစ်မှာ စိတ်​ကျေနပ်​ရပါလိမ့်မယ်။ (၂ ပေ. ၃:၁၃) ဆိုးသွမ်းမှု​အားလုံးကို ဘုရား​ ဖယ်ရှား​လိုက်တဲ့အခါ​ ဖြောင့်မတ်​သူတွေဟာ လူဆိုးတွေ​ကြောင့် ဝမ်းနည်း​ပူဆွေး​ရတော့​မှာ မဟုတ်​ဘူး။—ဆာ. ၃၇:၁၇

၁၀။ သနား​ကြင်နာတယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။

၁၀ “သနား​ကြင်နာတတ်သူ​တွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ သူတို့ သနား​ကြင်နာ ခံရလိမ့်မယ်။” (မ. ၅:၇) သနား​ကြင်နာတယ်​ဆိုတာ ဒုက္ခရောက်​နေ​သူတွေကို နွေးထွေး​စွာ ဆက်ဆံ​တာ၊ ထောက်ထား​စာနာ​တာ​ကို ဆိုလိုတယ်။ ဒါဟာ ခံစား​ချက်​လောက်​ပဲ မဟုတ်​ဘူး။ သနား​ကြင်နာမှု​မှာ လုပ်ရပ်​ပါဝင်တယ်​လို့ ကျမ်းစာ​ပြောတယ်။

၁၁။ ရှမာရိ​လူ ပုံဥပမာ​ကနေ ဘာသင်ယူနိုင်သလဲ။

၁၁ လုကာ ၁၀:၃၀-၃၇ ကိုဖတ်ပါ။ ယေရှု​က ရှမာရိ​လူ ပုံဥပမာမှာ သနား​ကြင်နာမှု​ရဲ့ အဓိပ္ပာယ်​ကို ပေါ်လွင်​စေတယ်။ ရှမာရိ​လူဟာ သနား​ကြင်နာစိတ် ရှိတဲ့​အတွက်​ ဒုက္ခရောက်​နေ​သူကို ကူညီ​ပေးခဲ့တယ်။ ပုံဥပမာ ပြော​ပြီးနောက် “ခင်ဗျား​လည်း သွားပြီး အဲဒီ​အတိုင်း လုပ်ပါ” လို့ ယေရှု​ ပြောတယ်။ ဒါကြောင့်​ ‘ငါ​ကော သနား​စာနာ​တတ်တဲ့ ရှမာရိ​လူ​လို လုပ်​နေ​သလား။ ဒုက္ခရောက်​နေ​သူတွေကို သနား​ကြင်နာမှု ပြ​နေ​သလား။ အသင်း​တော်​ထဲ​က အသက်ကြီး​သူတွေ၊ မုဆိုးမ​တွေ၊ ဘုရား​ရေးရာ​ဘက် ဦးဆောင်​ပေးမယ့် မိဘ မရှိ​သူတွေ​ကို လက်တွေ့ကျကျ ကူညီ​ပေးနေ​သလား။ ငါ့​ဘက်က အစပြု​ပြီး “စိတ်ဓာတ်ကျ​နေ​သူတွေကို ကြင်ကြင်နာနာ ပြော” သလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေး​နိုင်တယ်။—၁ သက်. ၅:၁၄။ ယာ. ၁:၂၇

ကိုယ့်​ဘက်က စပြီး သနား​ကြင်နာမှု​ပြ​ရင် အပြန်အလှန် ပျော်ရွှင်မှု​ရ (အပိုဒ် ၁၂ ကို​ကြည့်ပါ)

၁၂။ သနား​ကြင်နာသူ​တွေ ဘာကြောင့် ပျော်ရွှင်​ကြသလဲ။

၁၂ သနား​ကြင်နာမှု​က ဘယ်လိုနည်းနဲ့ ပျော်ရွှင်​စေ​သလဲ။ တခြား​သူတွေကို သနား​ကြင်နာမှု ပြ​ရင် ပေးကမ်း​ခြင်းက​နေရတဲ့ ပျော်ရွှင်မှု ခံစား​ရမယ်။ ယေဟော​ဝါရဲ့ နှစ်သက်မှု​ကိုလည်း ရမယ်။ (တ. ၂၀:၃၅။ ဟီဘရူး ၁၃:၁၆ ကိုဖတ်ပါ။) သနား​ကြင်နာတတ်သူ​ကို “ယေဟော​ဝါ စောင့်ရှောက်​ပြီး အသက်ဆက်ရှင်​စေ​လိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ ပျော်ရွှင်​ချမ်းမြေ့သူလို့ သတ်မှတ်​လိမ့်မယ်” ဆိုပြီး ဒါဝိဒ် ပြောတယ်။ (ဆာ. ၄၁:၁၊ ၂) သနား​ကြင်နာမှု ပြ​ခြင်းက ယေဟော​ဝါရဲ့ သနား​ကြင်နာမှု​ကို ခံစား​ရစေ​ပြီး ထာဝစဉ် ပျော်ရွှင်​စေပါလိမ့်မယ်။—ယာ. ၂:၁၃

“စိတ်ထား​ဖြူစင်​သူတွေ” ဘာကြောင့် ပျော်ရွှင်​သလဲ

၁၃၊ ၁၄။ စိတ်ထား​ဖြူစင်​သူတွေ ဘာကြောင့် ပျော်ရွှင်​ကြသလဲ။

၁၃ “စိတ်ထား​ဖြူစင်​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်။ ဘုရား​သခင်​ကို သူတို့ မြင်ရ​လိမ့်မယ်” လို့ ယေရှု​ပြောတယ်။ (မ. ၅:၈) စိတ်ထား​ဖြူစင်​နိုင်ဖို့ အတွေးအခေါ်၊ အလိုဆန္ဒတွေကို စင်ကြယ်​စေ​ရမယ်။ ဒါမှ ကျွန်တော်​တို့ရဲ့ ဝတ်ပြုမှု​ကို ယေဟော​ဝါ နှစ်သက်​လက်ခံ​မယ်။၂ ကောရိန္သု ၄:၂ ကို ဖတ်ပါ။ ၁ တိ. ၁:၅

၁၄ စိတ်ထား​ဖြူစင်​သူတွေဟာ ယေဟော​ဝါနဲ့ ဆက်ဆံရေး​ကောင်း ရနိုင်တယ်။ “မိမိ​တို့ရဲ့​ဝတ်လုံကို လျှော်ဖွပ်​တဲ့​သူတွေဟာ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ယေဟော​ဝါ ပြောတယ်။ (ဗျာ. ၂၂:၁၄) “မိမိ​တို့ရဲ့​ဝတ်လုံကို လျှော်ဖွပ်” တယ်​ဆိုတာ ဘာကို ဆိုလိုသလဲ။ ဘိသိက်ခံ​ခရစ်ယာန်​တွေ​အတွက်​ဆိုရင် ယေဟော​ဝါ​ရှေ့ စင်ကြယ်​တဲ့​အနေအထား ရှိတာ၊ ကောင်းကင်​မှာ မသေနိုင်တဲ့​အသက် ရရှိ​မှာ၊ ထာဝစဉ် ပျော်ရွှင်​မှာ​ကို ဆိုလိုတယ်။ မြေကြီး​မျှော်လင့်ချက်​ရှိတဲ့ လူအုပ်ကြီး​အတွက်​ဆိုရင် ဘုရား​သခင့် မိတ်ဆွေ​တွေ​အဖြစ်​ ဖြောင့်မတ်တဲ့ အနေအထား ရှိတာကို ဆိုလိုတယ်။ “သူတို့ရဲ့​ဝတ်လုံကို သိုးသငယ်​ရဲ့​သွေး​နဲ့ ဖြူ​အောင် လျှော်ဖွပ်​ခဲ့​ကြ​ပြီ” လို့ ကျမ်းစာ​ပြောတယ်။—ဗျာ. ၇:၉၊ ၁၃၊ ၁၄

၁၅၊ ၁၆။ စိတ်ထား​ဖြူစင်​သူတွေ ဘယ်လိုနည်းနဲ့ ‘ဘုရား​သခင်​ကို မြင်ရ’ သလဲ။

၁၅ “ငါ့ကို မြင်​တဲ့​သူဟာ အသက်မရှင်​နိုင်” ဘူးလို့ ယေဟော​ဝါ ပြောတယ်။ ဒါဆိုရင် စိတ်ထား​ဖြူစင်​သူတွေဟာ ဘယ်လိုနည်းနဲ့ ‘ဘုရား​သခင်​ကို မြင်ရ’ မလဲ။ (ထွ. ၃၃:၂၀) “မြင်” လို့ ဘာသာ​ပြန်ဆို​ထားတဲ့ ဂရိ​စကား​လုံးက “စိတ်နဲ့ သိမြင်” တာ​ကို ဆိုလိုတယ်။ ဒါကြောင့်​ ဘုရား​ကို မြင်တယ်​ဆိုတာ ဘုရား​အကြောင်း​ သိလာပြီး ဘုရား​ရဲ့ အရည်အသွေးတွေကို လေးမြတ်​လာတာ ဖြစ်တယ်။ (ဧ. ၁:၁၈) ဘုရား​သခင်​ရဲ့ အရည်အသွေးတွေကို ယေရှု​ အပြည့်အဝ တုပ​တဲ့​အတွက်​ “ကျွန်တော့်ကို​မြင်​တာ​ဟာ အဖ​ဘုရား​ကို မြင်​တာ​ပဲ” လို့ ပြော​နိုင်ခဲ့တယ်။—ယော. ၁၄:၇-၉

၁၆ ဘုရား​သခင့် ကူညီ​မှု​ကို ကိုယ်တွေ့ခံစား​ရချိန်မှာ​လည်း ဘုရား​ကို “မြင်” ရတယ်။ (ယောဘ ၄၂:၅) စိတ်ထား​ဖြူစင်​ပြီး သစ္စာ​ရှိသူတွေ​အတွက်​ ဘုရား​က​တိ​ပေးထားတဲ့ ကောင်းချီးတွေကို အာရုံစိုက်​ခြင်းအားဖြင့်​လည်း ဘုရား​ကို မြင်နိုင်တယ်။ ဘိသိက်ခံ​တွေ​ကတော့ ရှင်ပြန်ထမြောက်​ပြီး ကောင်းကင်​အသက်တာ ရရှိတဲ့​အခါ​ ယေဟော​ဝါကို တကယ်​မြင်ရ​ပါလိမ့်မယ်။—၁ ယော. ၃:၂

အခက်အခဲ​တွေ​ကြား ပျော်ရွှင်

၁၇။ ငြိမ်သက်မှု​ရှိအောင် လုပ်ဆောင်​သူတွေဟာ ဘာကြောင့် ပျော်ရွှင်​ကြသလဲ။

၁၇ “ငြိမ်သက်မှု ရှိအောင် လုပ်ဆောင်​သူတွေ ပျော်ရွှင်​ချမ်းမြေ့​တယ်” လို့ ယေရှု​ပြောတယ်။ (မ. ၅:၉) တခြား​သူ​တွေ​နဲ့ သင့်မြတ်​အောင် အစပြု​လုပ်ဆောင်​သူတွေဟာ ပျော်ရွှင်​ကြတယ်။ “ဖြောင့်မတ်ခြင်း​မျိုးစေ့​ဟာ သင့်မြတ်​စေ​သူ​အတွက်​ ငြိမ်သက်​တဲ့​အခြေအနေ​မှာ ကြဲ​ထားတယ်” လို့ ယာကုပ် ရေးခဲ့တယ်။ (ယာ. ၃:၁၈) ဒါကြောင့်​ အသင်း​တော်မှာ၊ မိသား​စုမှာ တခြား​သူ​တွေ​နဲ့ သင့်မြတ်​ဖို့ ခက်​နေတယ်​ဆိုရင် ဘုရား​သခင်​ဆီ ဆုတောင်း​ပါ။ ယေဟော​ဝါရဲ့ သန့်ရှင်းသော​စွမ်းအား​တော်​က ခရစ်ယာန်​အရည်အသွေးတွေ တင်ပြဖို့၊ ပို​ပျော်ရွှင်ဖို့ ကူညီ​ပေးပါလိမ့်မယ်။ ကိုယ့်​ဘက်က​စပြီး သင့်မြတ်​အောင် လုပ်ဆောင်ဖို့ အရေး​ကြီးပုံကို ယေရှု​ ဒီလို​ပြောတယ်– “ပူဇော်ရာပလ္လင်​ဆီ အလှူ ယူလာ​နေတုန်းမှာ ကိုယ့်ကို မကျေမနပ်​ဖြစ်နေတဲ့ ညီအစ်ကို​ကို သတိရ​သွား​ရင်၊ အလှူ​ကို ပလ္လင်​ရှေ့မှာ ထားခဲ့ပါ။ ညီအစ်ကို​ဆီ သွားပြီး သူနဲ့​ပြေလည်​အောင် အရင်​လုပ်ပါ။ ပြီးမှ ပြန်လာပြီး ကိုယ့်ရဲ့​အလှူ​ကို ဆက်သ​ပါ။”—မ. ၅:၂၃၊ ၂၄

၁၈၊ ၁၉။ ခရစ်ယာန်​တွေ နှိပ်စက်​ခံရ​ရင်တောင် ဘာကြောင့် ပျော်ရွှင်​နိုင်သလဲ။

၁၈ “ခင်ဗျား​တို့ဟာ ကျွန်တော့်​ကြောင့် ကဲ့ရဲ့​ညှဉ်းဆဲ​ခံရတဲ့အခါ​၊ မဟုတ်​မမှန် စွပ်စွဲ​ခံရတဲ့အခါ​ ပျော်ရွှင်​ချမ်းမြေ့​တယ်။” ယေရှု​ ဘာကို ဆိုလို​တာလဲ။ “ကောင်းကင်​မှာ ခင်ဗျား​တို့ ရမယ့်​ဆု​ဟာ ကြီးမြတ်တဲ့​အတွက်​ ဝမ်းမြောက် ရွှင်လန်း​ကြပါ။ အရင်က ပရောဖက်တွေလည်း ဒီလိုပဲ ညှဉ်းဆဲ​ခံခဲ့ရတယ်” လို့ ဆက်ပြောတယ်။ (မ. ၅:၁၁၊ ၁၂) တမန်တော်​တွေဟာ ဟော​ပြောလို့ ရိုက်နှက်​ခံရတဲ့အခါ​ “ဂျူး​တရားရုံးချုပ်​ကနေ ဝမ်းမြောက်​ဝမ်းသာ​ ထွက်သွား​ကြတယ်။” ရိုက်နှက်​ခံရလို့ ဝမ်းမြောက်​တာ မဟုတ်​ပါဘူး။ “ယေရှု​ရဲ့​နာမည်​ကြောင့် အရှက်ခွဲ​ခံရ​တာ​ကို ဂုဏ်ယူ​စ​ရာ​အဖြစ်​ ယူမှတ်” လို့ ဝမ်းမြောက်​ကြတာပါ။—တ. ၅:၄၁

၁၉ ဒီနေ့ ယေဟော​ဝါရဲ့ လူမျိုးလည်း ယေရှု​ရဲ့​နာမည်​ကြောင့် ဒုက္ခရောက်တဲ့​အခါ​၊ စမ်းသပ်မှုတွေ ကြုံရတဲ့​အခါ​ ဝမ်းမြောက်​စွာ ခံရပ်​ကြတယ်။ (ယာကုပ် ၁:၂-၄ ကိုဖတ်ပါ။) တမန်တော်တွေ​လို​ပဲ ဒုက္ခရောက်​လို့ ပျော်​တာ​တော့ မဟုတ်​ပါဘူး။ ဒါပေမဲ့​ ဒုက္ခရောက်တဲ့​အခါ​ ဘုရား​အပေါ် သမာဓိ​စောင့်သိ​နေမယ်ဆိုရင် ခံရပ်​နိုင်ဖို့ ဘုရား​သခင်​ ကူညီ​ပေးပါလိမ့်မယ်။ ဥပမာ၊ ၁၉၄၄၊ သြဂုတ်​လ​မှာ ဟန်​ရစ်​ဒွန်​နစ်​နဲ့ ညီ​ဖြစ်သူဟာ ချွေးတပ်စခန်း ပို့​ခံရ​တယ်။ “သူတို့ကို ဘယ်လိုမှ ဖျောင်းဖျ​လို့ မရဘူး။ ယုံကြည်​ချက်​အတွက်​ ဒုက္ခခံ​ရ​လည်း ပျော်​နေတာ​ပဲ” လို့ နှိပ်စက်​သူတွေ ပြောတယ်။ ညီအစ်ကို ဟန်ရစ်​ ဒီလို​ပြောတယ်– “သူရဲကောင်း​ဖြစ်ချင်​လို့ မဟုတ်​ဘဲ ယေဟော​ဝါအပေါ် သစ္စာရှိ​ချင်​လို့ သတ္တိရှိရှိ ဒုက္ခခံ​တာ​ပါ။ ဒါဟာ ကျွန်တော့်ကို ပျော်ရွှင်​စေတယ်။ ထက်ထက်သန်သန် ဆုတောင်း​တာ​က ယေဟော​ဝါနဲ့ ပို​ရင်းနှီး​စေတယ်။ ဘုရား​လည်း တကယ်​ကူညီ​ပေးတယ်။”

၂၀။ “ပျော်ရွှင်တဲ့​ဘုရား​” ကို ဝတ်ပြု​ရတာ ဘာကြောင့် ပျော်ရွှင်​သလဲ။

၂၀ “ပျော်ရွှင်တဲ့​ဘုရား​” ယေဟော​ဝါရဲ့ မျက်နှာသာ​ ရထား​မယ်​ဆိုရင် နှိပ်စက်မှု၊ မိသား​စုရဲ့ ဆန့်ကျင်မှု၊ ဖျားနာမှု၊ အိုမင်း​မှု​တို့ ကြုံ​လာ​ရင်တောင် ပျော်ရွှင်​နိုင်တယ်။ (၁ တိ. ၁:၁၁) “မုသာ​မ​သုံးတဲ့ ဘုရား​သခင်​” ရဲ့ ကတိ​တွေ​ကြောင့်လည်း ပျော်ရွှင်​ကြတယ်။ (တိ. ၁:၂) ယေဟော​ဝါရဲ့ ကတိ​တွေ ပြည့်စုံ​လာတဲ့အခါ​ လောလောဆယ် ကြုံနေ​ရတဲ့ အခက်အခဲတွေကို အမှတ်ရ​တော့​မှာ မဟုတ်​ဘူး။ ပရဒိသုမှာ​ရမယ့် ယေဟော​ဝါရဲ့ ကောင်းချီး​တွေဟာ ကိုယ်​စိတ်ကူး​ထားတာ​ထက် များစွာ​သာလွန်​ပါလိမ့်မယ်။ “များပြား​လှတဲ့ ငြိမ်သက်ခြင်း​ကြောင့်” ကျွန်တော်​တို့ “ပျော်ရွှင်​ကြည်နူး” ရပါလိမ့်မယ်။—ဆာ. ၃၇:၁၁