မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”

“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ”

“အချင်းချင်း ဆက်​ပြီး နှစ်သိမ့်အားပေး​နေကြ​ပါ။”—၁ သက်. ၅:၁၁

သီချင်း– ၉၀၊ ၁၁၁

၁၊ ၂။ ဝမ်းနည်းပူဆွေး​သူ​ကို နှစ်သိမ့်ပေး​နိုင်​ပုံ​အကြောင်း ဘာကြောင့် ဆွေးနွေးသုံးသပ်​ဖို့ လို​သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို​ကြည့်ပါ။)

“သား ဆုံးသွား​တာ တစ်နှစ် ကြာ​တဲ့အထိ ဖြေမဆည်​နိုင်အောင် ဝမ်းနည်းပူဆွေး​နေတုန်းပဲ” လို့ ဆူ​ဆီ ပြောတယ်။ ဇနီး ရုတ်တရက် ဆုံးပါး​သွားတဲ့ ခရစ်ယာန်​တစ်ယောက်က​လည်း “ပြော​မပြ​တတ်အောင် နာကျင်ခံစား​ရတယ်” တဲ့။ တခြားသူ​များစွာ​လည်း အဲဒီလိုပဲ ဝမ်းနည်းကြေကွဲ​ကြရတယ်။ ခရစ်ယာန်​အသင်းတော်​ထဲက ညီအစ်ကို/မများ​စွာ​ဟာ အာမဂေဒုန် မတိုင်ခင်​မှာ ချစ်ရသူ​တွေ သေဆုံး​မယ်လို့ မျှော်လင့်​မထား​ကြဘူး။ ကိုယ်တိုင် ချစ်ရသူ ဆုံးၡုံး​ရ​သည်​ဖြစ်စေ၊ ချစ်တဲ့​သူ​ကို ဆုံးၡုံး​ရတဲ့ တစ်ယောက်ယောက်​ကို သိထား​သည်​ဖြစ်စေ ‘ဝမ်းနည်းကြေကွဲ​သူတွေ​ရဲ့ နာကျင်မှု​ကို ဘယ်လို ဖြေသိမ့်​ပေးနိုင်​မလဲ’ လို့​မေး​မိ​နိုင်ပါတယ်။

အချိန်​က ကုစား​သွား​မှာပါ​လို့ ပြောတာ ကြားဖူး​ပါလိမ့်မယ်။ ဒါပေမဲ့ အချိန်ကုန်​သွားတာ​နဲ့အမျှ ပူဆွေးမှု တကယ်ပဲ သက်သာ​သွား​ပါ​ရဲ့​လား။ မုဆိုးမ​တစ်ယောက် ဒီလိုပြောတယ်- “ပိုပြီး​တိတိကျကျ ပြောရမယ်​ဆိုရင် တစ်ခုခု​လုပ်​နေ​ပြီး အချိန်ကုန်​လွန်​စေ​တာ​က​ပဲ ကုစား​ပေးတာ​ပါ။” မှန်ပါတယ်၊ ကိုယ်​ပေါ်​က ဒဏ်ရာ​လိုပဲ စိတ်ဒဏ်ရာ​လည်း ပျောက်ကင်း​ဖို့ အချိန်နဲ့ ဂရုစိုက်မှု လိုတယ်။ အထူးသဖြင့် ဝမ်းနည်းပူဆွေး​သူတွေ​ရဲ့ နာကျင်​တဲ့ စိတ်ဒဏ်ရာ​ကို ဘာက ကုစား​ပေးနိုင်သလဲ။

“နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့ အရှင်” ယေဟောဝါ

၃၊ ၄။ ဝမ်းနည်းပူဆွေး​သူ နှစ်သိမ့်မှု လိုအပ်​မှန်း ယေဟောဝါ နားလည်​ကြောင်း ဘာကြောင့် အသေအချာ ပြောနိုင်​သလဲ။

အဓိက နှစ်သိမ့်ပေး​သူဟာ ကောင်းကင်ဘုံ​စံ ဖခင်၊ သနားကြင်နာ​တတ်တဲ့ ယေဟောဝါ​ပါပဲ။ (၂ ကောရိန္သု ၁:၃၊ ၄ ကိုဖတ်ပါ။) သနားစာနာမှု စံနမူနာရှင် ယေဟောဝါက မိမိလူ​တွေကို “ငါ​ဟာ မင်း​တို့ကို နှစ်သိမ့်ပေး​တဲ့​အရှင်​ပဲ” လို့ စိတ်ချ​စေခဲ့တယ်။—ဟေရှာ. ၅၁:၁၂။ ဆာ. ၁၁၉:၅၀၊ ၅၂၊ ၇၆

ကရုဏာ​ကြီးတဲ့​အဖ​ကိုယ်တိုင် အာဗြဟံ၊ အိဇက်၊ ယာကုပ်၊ မောရှေ၊ ဘုရင်ဒါဝိဒ်​စတဲ့ ချစ်ရသူ​တွေကို ဆုံးၡုံး​ခဲ့ဖူး​တယ်။ (တော. ၁၂:၆-၈။ မ. ၂၂:၃၁၊ ၃၂။ တ. ၁၃:၂၂) သူတို့ကို အသက်ပြန်ရှင်​စေမယ့်​အချိန်ကို ယေဟောဝါကို​ယ်​တိုင် အားတက်သရော မျှော်လင့်တောင့်တ​နေတယ်​လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဘ ၁၄:၁၄၊ ၁၅) အဲဒီအချိန်​မှာ သူတို့​တစ်​တွေ ကျန်းမာ​ပျော်ရွှင်​ကြပါ​လိမ့်မယ်။ “ချစ်မြတ်နိုး” ရတဲ့ တစ်ပါးတည်း​သော သား​လည်း ဝေဒနာ​ပြင်းပြ​စွာ ခံစား​ပြီး သေဆုံး​ခဲ့ရတယ်။ (ပညာ. ၈:၂၂၊ ၃၀) ယေဟောဝါ ခံစားရ​တဲ့ နာကျင်မှု​ကို စကားလုံး​နဲ့ ဖော်ပြ​လို့ မရဘူး။—ယော. ၅:၂၀။ ၁၀:၁၇

၅၊ ၆။ ယေဟောဝါရဲ့ နှစ်သိမ့်မှု​ကို ဘယ်လို ခံစားရ​နိုင်သလဲ။

ကျွန်တော်​တို့ကို ယေဟောဝါ ကူညီပေးမယ်ဆိုတာ ယုံကြည်စိတ်ချ​နိုင်ပါတယ်။ ဒါကြောင့် ဝမ်းနည်းကြေကွဲမှု​ကို ယေဟောဝါ​ဆီ ရင်ဖွင့်​ပြောပြဖို့ မတွန့်ဆုတ်​သင့်​ဘူး။ ကျွန်တော်တို့ရဲ့ နာကျင်မှု​ကို ယေဟောဝါ နားလည်​ပေးတယ်၊ လိုအပ်​သလို နှစ်သိမ့်ပေး​မယ်​ဆိုတာ သိရ​လို့ စိတ်သက်သာ​စရာ​ပါပဲ။ ဒါပေမဲ့ ဘယ်လို နှစ်သိမ့်ပေး​သလဲ။

“စွမ်းအားတော်​ကြောင့်​ရတဲ့ နှစ်သိမ့်မှု” က ဘုရား​နှစ်သိမ့်ပေး​တဲ့ နည်းလမ်း​တစ်ခုပါပဲ။ (တ. ၉:၃၁) ဘုရား​စွမ်းအားတော်​က အလွန်​ထိရောက်​စွာ နှစ်သိမ့်ပေး​နိုင်ပါတယ်။ ကောင်းကင်ဘုံ​စံ ဖခင်​က ‘တောင်း​တဲ့​သူတွေကို သန့်ရှင်းသော စွမ်းအားတော် ပေး’ ချင်​လှတယ်​လို့ ယေရှု ကတိ​ပေးတယ်။ (လု. ၁၁:၁၃) အစပိုင်းမှာ ဖော်ပြခဲ့တဲ့ ဆူဆီ ဒီလိုပြောတယ်– “နှစ်သိမ့်မှု​ရဖို့ အကြိမ်ပေါင်း​များစွာ ဒူးထောက်ပြီး ပြင်းပြင်း​ပြ​ပြ ဆုတောင်း​ခဲ့တယ်။ အကြိမ်တိုင်း​မှာ ဘုရားသခင့် ငြိမ်သက်ခြင်း​က ကျွန်မ​တို့ရဲ့ စိတ်နှလုံး​ကို စောင့်ရှောက်​ပေးတယ်။”ဖိလိပ္ပိ ၄:၆၊ ၇ ကိုဖတ်ပါ။

စာနာ​တတ်တဲ့ ပုရောဟိတ်မင်း ယေရှု

၇၊ ၈။ ယေရှု နှစ်သိမ့်ပေး​မယ်လို့ ဘာကြောင့် ယုံကြည်စိတ်ချ​နိုင်သလဲ။

သားတော်​ယေရှု ကမ္ဘာ​ပေါ် ရှိ​တုန်းက ယေဟောဝါရဲ့ စာနာထောက်ထား​မှုကို အပြော၊ အလုပ်​နဲ့ အပြည့်အဝ ဖော်ပြ​ခဲ့တယ်။ (ယော. ၅:၁၉) “စိတ်​ကြေကွဲနေသူ​တွေ၊” “ဝမ်းနည်းပူဆွေး​သူတွေ” ကို နှစ်သိမ့်​ဖို့ ယေရှုကို စေလွှတ်​လိုက်တာ​ဖြစ်တယ်။ (ဟေရှာ. ၆၁:၁၊ ၂။ လု. ၄:၁၇-၂၁) ဒါကြောင့် လူတွေရဲ့ ဆင်းရဲဒုက္ခ​ကို အပြည့်အဝ စာနာ​နားလည်​ပေး​တတ်​သလို ဆင်းရဲဒုက္ခ​ကို သက်သာ​စေချင်​တဲ့​ဆန္ဒ​လည်း ရှိတယ်။—ဟီ. ၂:၁၇

ယေရှု ငယ်ရွယ်​စဉ်​က မိသားစုဝင်​တွေ၊ ရင်းနှီးတဲ့​မိတ်ဆွေတွေ သေဆုံး​တာ ကြုံဖူး​မှာ သေချာ​တယ်။ ယေရှု အတော်​ငယ်ရွယ်​သေး​ချိန်မှာ​ပဲ မွေးစား​ဖခင် ယောသပ် သေဆုံး​သွား​ပုံ​ရတယ်။ * သနား​စာနာ​တတ်တဲ့ ယေရှုဟာ ဆယ်ကျော်သက် ဒါမှမဟုတ် ၂၀ ကျော်​စ​အရွယ်မှာ အမေ၊ ညီအစ်ကို​မောင်နှမ​တွေနဲ့​အတူ ဝမ်းနည်း​ခဲ့​မယ်​ဆိုတာ​ကို မြင်ယောင်ကြည့်​ပါ။

၉။ လာဇရု သေဆုံးချိန်​မှာ ယေရှု စာနာမှု ဘယ်လို ပြခဲ့​သလဲ။

ယေရှု စ​အမှုဆောင်ချိန်​မှာ လူတွေရဲ့ ခံစားချက်ကို ထိုးထွင်းသိမြင်​ခဲ့တယ်။ စာနာ​နားလည်​ပေးခဲ့တယ်။ ဥပမာ၊ မိတ်ဆွေ လာဇရု သေဆုံးချိန်​ကို သုံးသပ်ကြည့်ပါ။ လာဇရု​ကို အသက်ပြန်ရှင်​စေ​မှာ ဖြစ်ပေမဲ့ မာရိ​နဲ့ မာ​သ​ရဲ့ ဝမ်းနည်းပူဆွေးမှု​ကို ယေရှု​ နားလည်​ခံစားပေး​ခဲ့တယ်။ သနား​စာနာ​လွန်း​လို့ မျက်ရည် ကျ​ခဲ့တယ်။—ယော. ၁၁:၃၃-၃၆

၁၀။ အခု​ချိန်မှာ​လည်း ယေရှု စာနာ​ပေး​ကြောင်း ဘာကြောင့် ယုံကြည်စိတ်ချ​နိုင်သလဲ။

၁၀ ယေရှုရဲ့ သနားစာနာမှု​နဲ့ နှစ်သိမ့်ပေး​မှုက ကျွန်တော်​တို့ကို ဘယ်လို နှစ်သိမ့်ပေး​သလဲ။ “ယေရှုခရစ်​ဟာ အရင်တုန်းက​ရော၊ အခု​ရော၊ နောင်​ရော ထာဝရ မပြောင်းလဲ​ဘူး” လို့ ကျမ်းစာက စိတ်ချ​စေတယ်။ (ဟီ. ၁၃:၈) “အသက်​ရဲ့ ကိုယ်စားလှယ်​ချုပ်” ဟာ ဝမ်းနည်းပူဆွေး​တဲ့ ခံစားချက်ကို သိတယ်။ ‘စမ်းသပ်ခံရ​သူတွေကို ကူညီမစ​ပေးနိုင်’ တယ်။ (တ. ၃:၁၅။ ဟီ. ၂:၁၀၊ ၁၈) ဒါကြောင့် ခရစ်တော်ဟာ တခြားသူတွေ ဝမ်းနည်း​သလို ဝမ်းနည်း​ကြောင်း၊ ဝမ်းနည်းပူဆွေးမှု​ကို နားလည်​ပေး​ကြောင်း၊ “လိုအပ်ချိန်​မှာ” နှစ်သိမ့်ပေး​နိုင်​ကြောင်း စိတ်ချ​နိုင်ပါတယ်။ဟီဘရူး ၄:၁၅၊ ၁၆ ကိုဖတ်ပါ။

‘ကျမ်းစာ​ပေးတဲ့ နှစ်သိမ့်မှု’

၁၁။ ဘယ်​ကျမ်းချက်တွေ​က သင့်အတွက် အထူး​နှစ်သိမ့်မှု ဖြစ်စေ​သလဲ။

၁၁ လာဇရု သေဆုံးချိန်​မှာ ယေရှု အလွန်​ဝမ်းနည်း​ခဲ့တယ်​ဆိုတဲ့ မှတ်တမ်း​ဟာ နှစ်သိမ့်မှု​ပေးတဲ့ ကျမ်းစာမှတ်တမ်း​တွေထဲက တစ်ခု​မျှသာ ဖြစ်တယ်။ “ကျမ်းစာမှာ ကြိုတင်​ရေးထား​သမျှ​ဟာ ကျွန်တော်​တို့ကို သွန်သင်ဆုံးမ​ဖို့ ဖြစ်တယ်။ ကျမ်းစာက ကျွန်တော်​တို့ကို ခံနိုင်ရည်​နဲ့ နှစ်သိမ့်မှု​ပေးတဲ့​အတွက် မျှော်လင့်ချက် ရှိစေတယ်” ဆိုတာ အံ့ဩစရာ မဟုတ်ပါဘူး။ (ရော. ၁၅:၄) သင် ဝမ်းနည်းပူဆွေး​နေတယ်​ဆိုရင် အောက်ပါ​ကျမ်းချက်တွေ​က​နေ အားပေးနှစ်သိမ့်​မှု ရရှိနိုင်ပါတယ်–

  • “ယေဟောဝါဟာ စိတ်​ကြေကွဲနေသူ​တွေရဲ့ အနီးအပါး​မှာ ရှိတယ်။ စိတ်​ထောင်း​ကိုယ်​ကြေ ဖြစ်နေ​သူတွေကို ကယ်တင်​တယ်။”—ဆာ. ၃၄:၁၈၊ ၁၉

  • “စိုးရိမ်စိတ်​တွေ သိပ်​များနေ​တဲ့အခါ ကိုယ်တော် [ယေဟောဝါ] နှစ်သိမ့်ပေး​ပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာ. ၉၄:၁၉

  • “သခင်ယေရှု​ခရစ်​ရော ကျွန်တော်​တို့ကို ချစ်မြတ်နိုးပြီး မဟာကရုဏာ​ကတစ်ဆင့် ထာဝရ နှစ်သိမ့်မှု​နဲ့ တောက်ပ​တဲ့ မျှော်လင့်ချက် ပေးသနား​တဲ့ အဖဘုရား​သခင်က​ပါ ခင်ဗျား​တို့ကို နှစ်သိမ့်ပေး​ပြီး ခိုင်ခံ့မြဲမြံ​အောင် လုပ်ပေး​ပါစေ။” —၂ သက်. ၂:၁၆၊ ၁၇ *

အထူး​နှစ်သိမ့်မှု​ပေးတဲ့ အသင်းတော်

၁၂။ တခြားသူတွေကို နှစ်သိမ့်ပေး​နိုင်တဲ့ အရေးပါတဲ့ နည်းလမ်း​တစ်ခုက ဘာလဲ။

၁၂ ခရစ်ယာန် အသင်းတော်​ကလည်း ဝမ်းနည်းပူဆွေး​နေ​သူတွေကို နှစ်သိမ့်ပေး​တယ်။ (၁ သက်သာလောနိတ် ၅:၁၁ ကိုဖတ်ပါ။) “ကြေကွဲ​တဲ့​စိတ်” ရှိသူ​တွေကို သင် ဘယ်လို အားပေးနှစ်သိမ့်​နိုင်သလဲ။ (ပညာ. ၁၇:၂၂) “နှုတ်ဆိတ်​နေရတဲ့​အချိန်နဲ့ စကားပြော​ရတဲ့​အချိန် ရှိတယ်” ဆိုတာ သတိရပါ။ (ဒေ. ၃:၇) ဒါ​လင်း​ဆိုတဲ့ မုဆိုးမ​က “ဝမ်းနည်းပူဆွေး​သူတွေဟာ သူတို့ရဲ့​အတွေး​နဲ့ ခံစားချက်တွေ​ကို ထုတ်ပြော​ဖို့ လိုတယ်။ ဒါကြောင့် ကြား​မ​ဖြတ်​ဘဲ နားထောင်ပေး​တာ​က အရေးကြီးဆုံး​ပဲ” လို့ပြောတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်​သေသွား​သူရဲ့ အစ်မ ယူ​နီ​ယာ​က “သူတို့ရဲ့ ဝမ်းနည်းပူဆွေးမှု​ကို အပြည့်အဝ နားလည်​နိုင်မှာ မဟုတ်​ပေ​မဲ့ သူတို့ရဲ့​ခံစားချက်ကို နားလည်​ပေး​လို​စိတ်​ရှိ​ဖို့ အရေးကြီးတယ်” လို့ပြောတယ်။

၁၃။ ဝမ်းနည်းပူဆွေးမှု​နဲ့ပတ်သက်ပြီး ဘယ်အချက်​ကို သတိရ​သင့်သလဲ။

၁၃ လူတိုင်း​က ဝမ်းနည်းကြေကွဲမှု​ကို တစ်​ပုံစံ​တည်း မတွေ့ကြုံ​ဘူး၊ မဖော်ပြ​ဘူးဆို​တာ သတိရပါ။ ဘယ်လောက် နာကျင်ခံစား​နေ​သလဲ​ဆိုတာ ကိုယ်တိုင်​ပဲ သိတယ်။ ဒါကြောင့် ကိုယ့်​ရင်တွင်းခံစားချက်​တွေကို ထုတ်ပြော​ဖို့ ခက်​နိုင်တယ်။ “ကိုယ့်​စိတ်ဒုက္ခ​ကို ကိုယ်​ပဲ​သိတယ်။ ကိုယ်​ပျော်​နေတာကို သူတစ်ပါး မျှဝေခံစား​ပေးနိုင်​မှာ မဟုတ်ဘူး” လို့ ကျမ်းစာက ဆိုတယ်။ (ပညာ. ၁၄:၁၀) တစ်ယောက်ယောက်​က ခံစားချက်ကို ဖော်ပြတယ်​ဆိုရင်​တောင် ဘာ​ပြော​ချင်​တယ်ဆိုတာ နားလည်ပေးဖို့ အမြဲ မလွယ်ကူ​ဘူး။

၁၄။ ဝမ်းနည်းပူဆွေး​နေ​သူ​ကို ဘယ်လိုနည်းနဲ့ နှစ်သိမ့်စကား ပြောနိုင်​သလဲ။

၁၄ ဝမ်းနည်းပူဆွေး​သူ​တစ်ယောက်​ကို ဘာ​ပြော​ရ​မှန်း မသိ​တဲ့ အချိန်တွေ ရှိ​နိုင်ပါတယ်။ ဒါပေမဲ့ “ဉာဏ်​ပညာရှိ​သူရဲ့ စကားက​တော့ ဒဏ်ရာ​ကို​တောင် ပျောက်ကင်း​စေတယ်” လို့ ကျမ်းစာက ဆိုတယ်။ (ပညာ. ၁၂:၁၈) လူများစွာ​ဟာ နှစ်သိမ့်​ရာမှာ အသုံးပြုနိုင်​တဲ့ အချက်တွေကို သင်​ချစ်ရသူ​တစ်ဦး ကွယ်လွန်​သည့်​အ​ခါ ဘရိုရှာ​မှာ ရှာတွေ့​ကြပြီ။ * အထောက်အကူ​အဖြစ်​ဆုံး အချက်တစ်ချက်​က​တော့ “ငိုကြွေး​သူတွေနဲ့​အတူ ငိုကြွေး” ခြင်း​ပဲ။ (ရော. ၁၂:၁၅) “မျက်ရည်​တွေ​က နှလုံးသား​ရဲ့ စကားပါပဲ။ ဒါကြောင့် မိတ်ဆွေတွေ ကျွန်မ​နဲ့အတူ ငို​တဲ့အခါ နှစ်သိမ့်မှု အတော်အတန် ခံစားရ​တယ်။ တစ်ယောက်တည်း ဝမ်းနည်းပူဆွေး​နေရတယ်​လို့ သိပ်​မခံစား​ရတော့​ဘူး” ဆိုပြီး ခင်ပွန်း​ဆုံးသွား​တဲ့ ဂါဘီ ပြောတယ်။

၁၅။ လူ​ချင်း​တွေ့​ပြီး နှစ်သိမ့်ပေး​ဖို့ ခက်တယ်​ဆိုရင် ဘယ်လို​နည်းတွေ သုံးနိုင်​သလဲ။ (“ စိတ်သက်သာ​စေတဲ့ နှစ်သိမ့်စကား​များ” လေးထောင့်ကွက်​ကို ကြည့်ပါ။)

၁၅ လူ​ချင်း​တွေ့​ပြီး စကားပြော​ဖို့ ခက်တယ်​ဆိုရင် ကတ်၊ အီးမေးလ်၊ စာတို၊ စာ​တွေ ပို့​ပြီး နှစ်သိမ့်ပေး​ရတာ ပိုလွယ်​နိုင်တယ်။ နှစ်သိမ့်မှု ဖြစ်စေတဲ့ ကျမ်းချက်​တစ်ချက်၊ ဆုံးပါး​သွား​သူရဲ့ အရည်အသွေးကောင်း​တစ်ခု၊ အမှတ်ရ​တဲ့ ပျော်စရာ အဖြစ်အပျက်​တစ်ခု​အကြောင်း ရေးနိုင်​ပါတယ်။ “အားပေးမှု ဖြစ်စေတဲ့ စာတိုလေး၊ ခရစ်ယာန်ချင်း​တစ်ယောက်နဲ့ ပေါင်းသင်း​ဖို့ ဖိတ်ခေါ်ခြင်း​က ပြော​မပြ​တတ်အောင် အထောက်အကူ ဖြစ်စေတယ်။ အဲဒါတွေကြောင့် ကျွန်မကို ချစ်​တယ်၊ ဂရုစိုက်​တယ်လို့ ခံစားရ​တယ်” ဆိုပြီး ယူ​နီ​ယာ ပြောတယ်။

၁၆။ နှစ်သိမ့်ပေး​ရာမှာ အထူး​ထိရောက်​တဲ့​နည်းလမ်း​တစ်ခုက ဘာလဲ။

၁၆ ဝမ်းနည်းကြေကွဲ​နေ​သူနဲ့​အတူ ဆုတောင်း​တာ၊ သူ့​အတွက် ဆုတောင်း​ပေးတာ​ကလည်း အထောက်အကူ ဖြစ်တယ်။ ဒီလို​ဝမ်းနည်း​တဲ့အချိန်မှာ ဆုတောင်း​ပေးဖို့ ခက်​နိုင်​ပေ​မဲ့ မျက်ရည်​တွေ​ကြား တုန်​ယ​င်​နေတဲ့​အသံ​နဲ့ လှိုက်လှိုက်လှဲလှဲ ဆုတောင်း​ပေးတာ​ကလည်း ဝမ်းနည်းမှု​ကို ဖြေသိမ့်​ပေးနိုင်​ပါတယ်။ ဒါ​လင်း ပြောတယ်– “ညီအစ်မ​တွေ ကျွန်မကို လာ​နှစ်သိမ့်ပေး​တဲ့အခါ ဆုတောင်း​ပေးပါ​လို့ တောင်းဆို​တယ်။ သူတို့ ဆုတောင်း​တဲ့အခါ အစပိုင်းမှာ​တော့ ခက်​ပေ​မဲ့ တစ်ခွန်း​နှစ်​ခွန်း ပြောပြီး​တဲ့အခါ သူတို့ရဲ့​အသံ​က ပို​အားရှိ​လာပြီး ခံစားချက် ပို​ပါ​လာတယ်။ သူတို့ရဲ့ ခိုင်ခံ့တဲ့ ယုံကြည်ခြင်း၊ မေတ္တာ၊ ဂရုစိုက်မှု​က တကယ်ပဲ ယုံကြည်ခြင်း ခိုင်ခံ့​စေတယ်။”

ဆက်​နှစ်သိမ့်ပေး​ပါ

၁၇-၁၉။ ဝမ်းနည်းပူဆွေး​နေ​သူတွေကို ဘာကြောင့် ဆက်​နှစ်သိမ့်ပေး​ဖို့ လို​သလဲ။

၁၇ ဝမ်းနည်းပူဆွေးမှု ကြာရှည်ချိန်​က တစ်ယောက်နဲ့ တစ်ယောက် မတူဘူး။ ဒါကြောင့် မိတ်ဆွေ၊ ဆွေမျိုး​တွေ​ရှိနေ​တဲ့ အစပိုင်း ရက်​တွေမှာ​သာ မဟုတ်ဘဲ နောက်ပိုင်း​လ​တွေမှာလည်း သူတို့​ဆီ သွားပေး​ပါ။ “မိတ်ဆွေစစ်​ဆိုတာ အချိန်အခါ​မရွေး မေတ္တာပြ​တတ်တယ်။ သူဟာ ဒုက္ခရောက်​ချိန်မှာ အားကိုး​ရတဲ့ ညီအစ်ကို​ပဲ။” (ပညာ. ၁၇:၁၇) ဝမ်းနည်းကြေကွဲ​နေချိ​န်​တစ်လျှောက် ခရစ်ယာန်ချင်း​တွေ​က တကယ်​နှစ်သိမ့်မှု ပေးပါတယ်။၁ သက်သာလောနိတ် ၃:၇ ကိုဖတ်ပါ။

၁၈ ဝမ်းနည်းပူဆွေး​သူတွေဟာ နှစ်ပတ်လည်နေ့​တွေ၊ တေးသံ၊ ဓာတ်ပုံ၊ လုပ်ဆောင်မှု၊ အနံ့၊ အသံ၊ ရာသီဥတု တစ်မျိုးမျိုး​ကြောင့် ပြန်​သတိရ​ပြီး ဝမ်းနည်းပူဆွေး​နိုင်တယ်။ ကျန်ရစ်သူ အိမ်ထောင်ဖက်​ဟာ ပထမဆုံး​အနေနဲ့ တစ်ယောက်တည်း အစည်းအဝေး​ပွဲ၊ အောက်မေ့ရာပွဲ တက်​တဲ့အခါ အထူးသဖြင့် ဝမ်းနည်း​နာကျင်​နိုင်တယ်။ “ကျွန်တော့်ရဲ့ ပထမဆုံး မင်္ဂလာနှစ်​ပတ်လည်​နေ့​မှာ အတော်​ဝမ်းနည်း​မယ်၊ လွယ်​မှာ မဟုတ်ဘူးလို့ ထင်​ခဲ့တယ်။ ဒါပေမဲ့ ညီအစ်ကို/မတ​ချို့​က ရင်းနှီးတဲ့ မိတ်ဆွေတွေ​နဲ့ စုဆုံမှု​လေး​တစ်ခု စီစဉ်​ခဲ့လို့ တစ်ယောက်တည်း မဖြစ်​ခဲ့ဘူး” လို့ ညီအစ်ကို​တစ်ယောက် ပြောတယ်။

၁၉ ဝမ်းနည်းပူဆွေး​သူတွေဟာ အထူးအခါသမယ​တွေမှာ​ပဲ အားပေးမှု လိုအပ်​တာ မဟုတ်​ကြောင်း သတိရပါ။ ယူ​နီ​ယာ ဒီလိုပြောတယ်– “အထူး​နှစ်ပတ်လည်နေ့​တွေမှာ မဟုတ်ဘဲ အ​ခါ​အား​လျော်​စွာ ကူညီ၊ ပေါင်းသင်း​ပေးတာ​ကလည်း အလွန်​အကျိုးရှိ​နိုင်တယ်။ အဲဒီလို​အချိန်အခါ​တွေ​က အလွန်​တန်ဖိုးရှိ​ပြီး နှစ်သိမ့်မှု ခံစားရ​စေတယ်။” ချစ်ရသူ ဆုံးပါး​သွား​သူတွေ​ရဲ့ ဝမ်းနည်းပူဆွေးမှု​ကို အပြည့်အဝ မဖယ်ရှား​ပေးနိုင်​ဘူး။ ဒါပေမဲ့ လက်တွေ့ကျကျ ကူညီပေးမယ်​ဆိုရင် အတိုင်းအတာ​တစ်ခု​အထိ​တော့ နှစ်သိမ့်မှု ပေးနိုင်​ပါတယ်။ (၁ ယော. ၃:၁၈) ဂါဘီ ပြောတယ်– “ခက်ခဲချိန်​တစ်လျှောက်​မှာ ကူညီပေး​ခဲ့တဲ့ မေတ္တာ​ရှိ အကြီးအကဲတွေ​အတွက် ယေဟောဝါကို သိပ်ကျေးဇူးတင်တယ်။ ယေဟောဝါရဲ့ မေတ္တာ​လက်တော်​က ကျွန်မကို ပွေ့ပိုက်​ထားတယ်​လို့ ခံစားရ​စေတယ်။”

၂၀။ ယေဟောဝါရဲ့ ကတိ​တွေ​က ဘာကြောင့် နှစ်သိမ့်ပေး​သလဲ။

၂၀ “သင်္ချိုင်းဂူ​တွေမှာ ရှိနေ​သူ​အားလုံး [ယေရှု] ရဲ့​အသံ​ကို ကြား​ပြီး ထွက်လာ” မယ့်​အချိန်​မှာ နှစ်သိမ့်ခြင်း​အမျိုးမျိုး​ရဲ့​အရှင် ယေဟောဝါက ဝမ်းနည်းပူဆွေးမှု​အားလုံးကို ဖယ်ရှားပြီး ထာဝစဉ် နှစ်သိမ့်ပေး​မယ်​ဆိုတာ သိရ​လို့ စိတ်သက်သာ​စရာ​ပါပဲ။ (ယော. ၅:၂၈၊ ၂၉) “သေ​မင်း​ကိုလည်း ထာဝစဉ် ဖယ်ရှား​မယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံး​ရဲ့ မျက်ရည်​ကို သုတ်​ပေးမယ်” လို့ ဘုရားသခင် ကတိ​ပေးတယ်။ (ဟေရှာ. ၂၅:၈) အဲဒီအခါ “ငိုကြွေး​သူတွေနဲ့​အတူ ငိုကြွေး” မယ့်အစား လူသား​အားလုံး “ဝမ်းမြောက်​သူတွေနဲ့​အတူ ဝမ်းမြောက်” ကြပါ​လိမ့်မယ်။—ရော. ၁၂:၁၅

^ စာပိုဒ်၊ 8 ယေရှု အသက် ၁၂ နှစ်မှာ ယောသပ်​အကြောင်း နောက်ဆုံး ဖော်ပြ​ခဲ့တယ်။ ရေ​ကို ဝိုင်​ဖြစ်စေတဲ့ ယေရှုရဲ့ ပထမဆုံး အံ့ဖွယ်အမှု​မှာ ယောသပ်​အကြောင်း မပါ​သလို နောက်ပိုင်း​ဖြစ်ရပ်​တွေမှာလည်း မပါဘူး။ သစ်တိုင်​ပေါ်​က ယေရှုဟာ မာရိ​ကို စောင့်ရှောက်​ဖို့ တမန်တော် ယောဟန်ဆီ အပ်​ခဲ့တယ်။ ယောသပ်​သာ အသက်ရှင်နေ​မယ်ဆိုရင် ယေရှု အဲဒီလို အပ်​ခဲ့မှာ မဟုတ်ဘူး။—ယော. ၁၉:၂၆၊ ၂၇

^ စာပိုဒ်၊ 11 နှစ်သိမ့်မှု​ဖြစ်စေတဲ့ တခြား​ကျမ်းချက်တွေ​က​တော့ ဆာလံ ၂၀:၁၊ ၂။ ၃၁:၇။ ၃၈:၈၊ ၉၊ ၁၅။ ၅၅:၂၂။ ၁၂၁:၁၊ ၂။ ဟေရှာယ ၅၇:၁၅။ ၆၆:၁၃။ ဖိလိပ္ပိ ၄:၁၃။ ၁ ပေတရု ၅:၇ တို့​ဖြစ်တယ်။

^ စာပိုဒ်၊ 14 ၂၀​၁၀၊ နိုဝင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် မှာပါတဲ့ “ပူဆွေးကျန်ရစ်သူ​ကို ယေရှု နှစ်သိမ့်​ခဲ့တဲ့​အတိုင်း နှစ်သိမ့်ပေး​ပါ” ဆောင်းပါးကိုလည်း ကြည့်ပါ။