လောကအတွေးအခေါ်ကို ငြင်းပယ်ပါ
‘လောကရဲ့ အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက်ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။’—ကော. ၂:၈။
၁။ ခရစ်ယာန်ချင်းတွေဆီ တမန်တော် ပေါလု ဘယ်အကြံပြုချက် ရေးသားခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ရုပ်ပုံကို ကြည့်ပါ။)
တမန်တော်ပေါလုဟာ ရောမမြို့မှာ ပထမအကြိမ် အကျဉ်းချခံရချိန် အဆုံးပိုင်း၊ အေဒီ ၆၀-၆၁ လောက်မှာ ကောလောသဲမြို့က ခရစ်ယာန်တွေဆီ စာရေးခဲ့တယ်။ “စွမ်းအားတော်အားဖြင့် နားလည်နိုင်စွမ်း” ရရှိခြင်းရဲ့ အရေးကြီးမှုအကြောင်း ဖော်ပြခဲ့တယ်။ (ကော. ၁:၉) “ယုတ္တိရှိရှိ ပြောပြီး လှည့်ဖြားတာကို ခင်ဗျားတို့ မခံရအောင် အခုလို ပြောနေတာပါ။ အတွေးအခေါ်တွေ၊ အဓိပ္ပာယ်မဲ့တဲ့ လှည့်ဖြားမှုတွေနဲ့ ထောင်ချောက် ဆင်ဖမ်းမယ့်သူတွေကို သတိထားကြပါ။ အဲဒါတွေဟာ ခရစ်တော်ရဲ့ သွန်သင်ချက်ကို မဟုတ်ဘဲ လောကရဲ့ အခြေခံတရားတွေ၊ လူ့ထုံးတမ်းစဉ်လာတွေကို အခြေခံတယ်” လို့ ပေါလု ထပ်ပြောတယ်။ (ကော. ၂:၄၊ ၈) ခေတ်စားတဲ့ အတွေးအခေါ်တချို့ ဘာကြောင့် မှားကြောင်း၊ လောကအတွေးအခေါ်ကို မစုံလင်သူတွေ ဘာကြောင့် နှစ်သက်မိနိုင်ကြောင်း ဆက်ရှင်းပြတယ်။ ဥပမာ၊ လောကအတွေးအခေါ်က လူတစ်ယောက်ကို တခြားသူတွေထက် ပညာရှိတယ်၊ သာလွန်တယ်လို့ ခံစားစေနိုင်တယ်။ လောကအတွေးအခေါ်၊ မှားယွင်းတဲ့အကျင့်တွေကို ငြင်းပယ်နိုင်အောင် ညီအစ်ကိုတွေကို ကူညီပေးဖို့ ပေါလု ရည်ရွယ်ရေးသားခဲ့တယ်။—ကော. ၂:၁၆၊ ၁၇၊ ၂၃။
၂။ လောကအတွေးအခေါ်အကြောင်း ဘာကြောင့် လေ့လာသုံးသပ်ကြမလဲ။
၂ လောကအတွေးအခေါ်က ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေကို လျစ်လျူရှုတယ်၊ အလေးမထားဘူး။ ယုံကြည်ခြင်းကို တဖြည်းဖြည်း အားနည်းစေနိုင်တယ်။ ဒီနေ့ လောက
အတွေးအခေါ်နဲ့ လူတိုင်း ထိတွေ့နေကြတယ်။ တီဗီ၊ အင်တာနက်၊ အလုပ်၊ ကျောင်းတို့မှာ လောကအတွေးအခေါ်ကို အားပေးအားမြှောက်လုပ်တယ်။ ဒီဆောင်းပါးမှာ ကျွန်တော်တို့ရဲ့ စိတ်ကို လောကအတွေးအခေါ်ကြောင့် မပျက်ပြားစေဖို့ ဘယ်လို ကာကွယ်နိုင်ကြောင်း လေ့လာဆန်းစစ်ပါမယ်။ လောကအတွေးအခေါ် ငါးမျိုးနဲ့ ငြင်းပယ်နိုင်ပုံအကြောင်းလည်း သုံးသပ်သွားပါမယ်။ဘုရားကို ယုံကြည်ဖို့ လိုသလား
၃။ ဘယ်အတွေးအခေါ်ကို လူများစွာ နှစ်သက်ကြသလဲ။ ဘာကြောင့်လဲ။
၃ “ဘုရားကို မယုံကြည်လည်းဘဲ လူကောင်း ဖြစ်နိုင်ပါတယ်။” နိုင်ငံများစွာမှာ ဘုရားကို မယုံဘူးလို့ လူတွေ ပြောတာကို ကြားရလေ့ရှိတယ်။ ကိုယ့်ကိုယ်ကိုယ် ဘာသာမဲ့သူလို့ ယူဆကြတယ်။ ဘုရားသခင့် တည်ရှိမှုအကြောင်း အသေအချာ မဆန်းစစ်ကြဘူး။ ကိုယ့်စိတ်ကြိုက် လွတ်လပ်စွာ လုပ်နိုင်တယ်ဆိုတဲ့ အတွေးအခေါ်ကို နှစ်သက်ကြတယ်။ (ဆာလံ ၁၀:၄ ကိုဖတ်ပါ။) တချို့ကျတော့ “ဘုရားကို မယုံကြည်လည်းဘဲ မြင့်မားတဲ့စံနှုန်းတွေ ရှိနိုင်တယ်” လို့ ပြောပြီး ပညာရှိလို့ ယူဆနေကြတယ်။
၄။ ဖန်ဆင်းရှင် မရှိဘူးလို့ ပြောဆိုသူနဲ့ ဘယ်လို အကျိုးအကြောင်း ဆင်ခြင်နိုင်သလဲ။
၄ ဖန်ဆင်းရှင် မရှိဘူးဆိုတဲ့ မယုံကြည်သူတွေရဲ့ အဆိုဟာ ယုတ္တိရှိရဲ့လား။ အသက် ဖန်ဆင်းခံရသလားဆိုတာ သိဖို့ သိပ္ပံပညာကို အားကိုးမယ်ဆိုရင် ရှုပ်ထွေးတဲ့ အချက်အလက်တွေကြောင့် အလွယ်တကူ လမ်းစပျောက်သွားနိုင်တယ်။ တကယ်တော့ အဖြေက ရိုးရိုးလေးပါပဲ။ အဆောက်အအုံတစ်ခုတောင်မှ တစ်စုံတစ်ယောက် တည်ဆောက်ဖို့ လိုအပ်မှတော့ သက်ရှိတွေဆိုရင် ပိုလိုအပ်တာပေါ့။ ကမ္ဘာပေါ်မှာရှိတဲ့ အခြေခံအကျဆုံး သက်ရှိဆဲလ်တွေဟာ အိမ်ထက် ပိုရှုပ်ထွေးတယ်။ ထပ်ဆင့်ပွားနိုင်စွမ်း ရှိကြတယ်။ အိမ်တွေမှာ မရှိဘူး။ ဒါကြောင့် ဒီဆဲလ်တွေဟာ ပုံတူပွားဖို့ လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းနိုင်တယ်၊ ဆင့်ပွားနိုင်တယ်။ သက်ရှိဆဲလ်တွေကို ဘယ်သူ ပုံစံပြုထားသလဲ။ “အိမ်ဆိုတာ တည်ဆောက်တဲ့သူရှိလို့ ဖြစ်လာတာ။ အရာခပ်သိမ်းကို တည်ဆောက်သူကတော့ ဘုရားသခင်ပဲ” လို့ ကျမ်းစာမှာ အဖြေပေးထားတယ်။—ဟီ. ၃:၄။
၅။ ဘုရားကို မယုံကြည်လည်းဘဲ မှန်တာကို ပိုင်းဖြတ်နိုင်တယ်ဆိုတဲ့ အချက်နဲ့ပတ်သက်ပြီး ဘာပြောနိုင်သလဲ။
၅ ဘုရားကို မယုံကြည်လည်းဘဲ မှန်တာကို ပိုင်းခြားနိုင်တယ်ဆိုတဲ့ အဆိုကော။ မယုံကြည်သူတွေမှာ ချီးမွမ်းစရာကောင်းတဲ့စံနှုန်းတွေ ရှိနိုင်ကြောင်း ဘုရားသခင့် စကားတော် ကျမ်းစာမှာ အသိအမှတ် ပြုထားတယ်။ (ရော. ၂:၁၄၊ ၁၅) ဥပမာ၊ မိဘတွေကို ရိုသေလေးစား၊ ချစ်မြတ်နိုးကြတယ်။ ဒါပေမဲ့ အမှားအမှန် စံနှုန်း သတ်မှတ်ရှင်အဖြစ် ဖန်ဆင်းရှင်ကို အသိအမှတ် မပြုသူတွေရဲ့ ကိုယ့်ကျင့်တရားစံနှုန်းတွေက ဘယ်လောက်များ ကောင်းနိုင်မလဲ။ (ဟေရှာ. ၃၃:၂၂) ကမ္ဘာပေါ်က မနှစ်မြို့ဖွယ် အခြေအနေတွေက ဘုရားသခင့် အကူအညီ လိုအပ်မှုကို ဖော်ပြနေကြောင်း ဒီနေ့ စဉ်းစားတတ်သူများစွာ ဝန်ခံကြပါလိမ့်မယ်။ (ယေရမိ ၁၀:၂၃ ကိုဖတ်ပါ။) ဒါကြောင့် ဘုရားကို မယုံကြည်လည်းဘဲ၊ ဘုရားစံနှုန်းတွေကို မလိုက်နာလည်းဘဲ မှန်တာကို ပိုင်းဖြတ်နိုင်တယ်ဆိုပြီး မစဉ်းစားသင့်ဘူး။—ဆာ. ၁၄၆:၃။
ဘာသာတရား လိုအပ်သလား
၆။ ဘာသာတရားနဲ့ပတ်သက်ပြီး လူများစွာမှာ ဘယ်လိုအမြင်မျိုး ရှိသလဲ။
၆ “ဘာသာတရား မရှိလည်းဘဲ ပျော်ရွှင်နိုင်တယ်။” ဒီလောကအတွေးအခေါ်ကို လူများစွာ နှစ်သက်ကြတယ်။ ဘာသာတရားကို ငြီးငွေ့စရာ၊ မအပ်စပ်တဲ့အရာလို့ ရှုမြင်ကြလို့ပဲ။ ဘာသာတရားများစွာက ငရဲအကြောင်း သင်ပေးခြင်း၊ ဆယ်ဖို့တစ်ဖို့ ကောက်ခံခြင်း၊ နိုင်ငံရေးတရား ဟောခြင်းအားဖြင့် လူတွေကို ဘုရားသခင်ဆီကနေ လမ်းလွဲသွားစေကြတယ်။ ဘာသာတရား မရှိလည်းဘဲ ပျော်ရွှင်နိုင်တယ်လို့ ယူဆတဲ့သူ တိုးများလာတာ မဆန်းပါဘူး။ သူတို့တစ်တွေက “ဘုရားရေးရာကိစ္စတွေကို စိတ်ဝင်စားပေမဲ့ ဘာသာရေးနဲ့တော့ မပတ်သက်ချင်ဘူး” လို့ ပြောတတ်ကြတယ်။
၇။ စစ်မှန်တဲ့ ဘာသာတရားက ပျော်ရွှင်မှု ဘယ်လို တိုးများစေသလဲ။
၇ ဘာသာတရား မရှိလည်းဘဲ ပျော်ရွှင်နိုင်တယ်ဆိုတာ တကယ်မှန်ပါရဲ့လား။ မှားယွင်းတဲ့ ဘာသာတရား မရှိဘဲနဲ့ ပျော်ရွှင်နိုင်တာ မှန်ပါတယ်။ ဒါပေမဲ့ “ပျော်ရွှင်တဲ့ ဘုရားသခင်” ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း မရှိဘဲနဲ့တော့ စစ်မှန်တဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ (၁ တိ. ၁:၁၁) ဘုရားသခင် လုပ်ဆောင်သမျှ တခြားသူတွေကို အကျိုးပြုတယ်။ ဘုရားကျေးကျွန်တွေဟာ တခြားသူတွေကို ကူညီပေးကြလို့ ပျော်ရွှင်ကြတယ်။ (တ. ၂၀:၃၅) ဥပမာ၊ စစ်မှန်တဲ့ ဝတ်ပြုရေးက မိသားစု ပျော်ရွှင်မှု တိုးများစေနိုင်ပုံကို သုံးသပ်ကြည့်ပါ။ အိမ်ထောင်ဘက်ကို ရိုသေလေးစားဖို့၊ အိမ်ထောင်ရေး သစ္စာကတိကို အလေးအမြတ် ထားဖို့၊ အိမ်ထောင်ရေး မဖောက်ပြန်ဖို့၊ လေးစားတတ်တဲ့ သားသမီးတွေ ဖြစ်အောင် ပျိုးထောင်ပေးဖို့၊ စစ်မှန်တဲ့ မေတ္တာတရားကို ကျင့်သုံးဖို့ စစ်မှန်တဲ့ ဝတ်ပြုရေးက သင်ကြားပေးတယ်။ ရလဒ်အနေနဲ့ ပျော်ရွှင်တဲ့ အသင်းတော်၊ ပျော်ရွှင်တဲ့ ကမ္ဘာချီ ညီအစ်ကိုအသင်းအပင်းအဖြစ် စည်းလုံးစေတယ်။—ဟေရှာယ ၆၅:၁၃၊ ၁၄ ကိုဖတ်ပါ။
၈။ လူတွေကို ဘာက ပျော်ရွှင်စေသလဲဆိုတဲ့ မေးခွန်းကို အကျိုးအကြောင်း ဆင်ခြင်ဖို့ မဿဲ ၅:၃ ကို ဘယ်လို သုံးနိုင်သလဲ။
၈ ဘုရားသခင်ကို ဝတ်မပြုလည်းဘဲ ပျော်ရွှင်နိုင်တယ်ဆိုတဲ့ လောကအတွေးအခေါ်ကို ဘယ်လို ပိုင်းခြားစိတ်ဖြာမလဲ။ လူတွေကို ဘာက ပျော်ရွှင်စေသလဲဆိုတဲ့ မေးခွန်းကို သုံးသပ်ကြည့်ပါ။ တချို့က အလုပ်အကိုင်၊ အားကစား၊ ဝါသနာမှာ ပျော်ရွှင်ကျေနပ်မှု ရှာကြတယ်။ တချို့က မိသားစု၊ မိတ်ဆွေတွေကို ကြည့်ရှုစောင့်ရှောက်ခြင်းမှာ ပျော်ရွှင်ကျေနပ်မှု ရှာကြတယ်။ ဒါတွေက ပျော်ရွှင်ကျေနပ်စေတာ မှန်ပေမဲ့ တည်မြဲတဲ့ပျော်ရွှင်မှု ရရှိစေတဲ့အရာ ရှိသေးတယ်။ တိရစ္ဆာန်တွေနဲ့ မတူဘဲ ကျွန်တော်တို့တစ်တွေ ဖန်ဆင်းရှင်ကို သိကျွမ်းနိုင်တယ်၊ သစ္စာရှိရှိ ဝတ်ပြုနိုင်တယ်။ ဒီနည်းနဲ့ ပျော်ရွှင်မှု ရရှိစေဖို့ ကျွန်တော်တို့ကို ဖန်ဆင်းထားတယ်။ (မဿဲ ၅:၃ ကိုဖတ်ပါ။) ဥပမာ၊ စစ်မှန်တဲ့ ဝတ်ပြုကိုးကွယ်သူတွေဟာ ယေဟောဝါကို ကိုးကွယ်ဖို့ အတူတကွ စည်းဝေးခြင်းကနေ ပျော်ရွှင်မှု၊ အားပေးမှု ရရှိကြတယ်။ (ဆာ. ၁၃၃:၁) စည်းလုံးတဲ့ ညီအစ်ကိုအသင်းအပင်း၊ အကျိုးရှိတဲ့ဘဝပုံစံ၊ ပျော်ရွှင်စရာ မျှော်လင့်ချက်တို့ကိုလည်း ပိုင်ဆိုင်ထားကြတယ်။
စာရိတ္တစံနှုန်းတွေ လိုအပ်သလား
၉။ (က) လောကမှာ လိင်နဲ့ပတ်သက်တဲ့ ဘယ်အတွေးအခေါ် ခေတ်စားနေသလဲ။ (ခ) အိမ်ထောင်ပြင်ပ လိင်ကိစ္စကို ကျမ်းစာမှာ ဘာကြောင့် တားမြစ်ထားသလဲ။
၉ “အိမ်ထောင်ပြင်ပ လိင်ကိစ္စကို ဘာကြောင့် ပြစ်တင်ရှုတ်ချတာလဲ။” “ဘဝဆိုတာ ပျော်ပျော်နေဖို့။ အိမ်ထောင်ပြင်ပ လိင်ကိစ္စကို ဘာကြောင့် ပြစ်တင်ရှုတ်ချနေမှာလဲ” လို့ တချို့ ဆိုကြမယ်။ လိင်အကျင့်ပျက်မှုကို ခရစ်ယာန်တစ်ယောက် လက်ခံသင့်တယ်ဆိုတဲ့ အဆိုဟာ မှားတယ်။ ဘာကြောင့်လဲ။ လိင်အကျင့်ပျက်မှုကို ကျမ်းစာမှာ တားမြစ်ထားလို့ပဲ။ * (၁ သက်သာလောနိတ် ၄:၃-၈ ကိုဖတ်ပါ။) ယေဟောဝါက ကျွန်တော်တို့ကို ဖန်ဆင်းထားလို့ ပညတ်ပေးပိုင်ခွင့် ရှိတယ်။ လက်ထပ် ထိမ်းမြားထားတဲ့ အမျိုးသားနဲ့ အမျိုးသမီးအတွက်ပဲ လိင်မှုကိစ္စကို ဘုရားသခင့်ပညတ်က ခွင့်ပြုထားတယ်။ ကျွန်တော်တို့ကို ဘုရားသခင် ချစ်လို့ ပညတ်တွေ ပေးထားတယ်။ အဲဒါတွေက ကျွန်တော်တို့ကို အကျိုးပြုတယ်။ နာခံတဲ့ မိသားစုတွေဟာ မေတ္တာ၊ လေးစားမှု၊ လုံခြုံမှု ခံစားကြရတယ်။ စိတ်လိုကိုယ်လျောက် ပညတ် မနာခံသူတွေကို ဘုရားသခင် သည်းမခံဘူး။—ဟီ. ၁၃:၄။
၁၀။ လိင်အကျင့်ပျက်မှုကို ခရစ်ယာန်တစ်ယောက် ဘယ်လို ရှောင်ကြဉ်နိုင်သလဲ။
၁၀ လိင်အကျင့်ပျက်ခြင်းကို ဘယ်လို ရှောင်ကြဉ်ရမယ်ဆိုတာ ဘုရားသခင့် စကားတော်က သင်ပေးတယ်။ အရေးကြီးတဲ့ နည်းတစ်နည်းကတော့ ကြည့်ရှုတဲ့အရာကို ထိန်းချုပ်ခြင်းပါပဲ။ “မိန်းမတစ်ယောက်ကို ရာဂစိတ်နဲ့ ကြည့်နေတာဟာ အဲဒီမိန်းမကို စိတ်နဲ့ ပြစ်မှားတာပဲ။ ကိုယ့်ရဲ့ ညာဘက်မျက်စိက အပြစ်ကျူးလွန်စေတယ်ဆိုရင် အဲဒီမျက်စိကို ထုတ်ပြီး လွှင့်ပစ်လိုက်ပါ” လို့ ယေရှု ပြောတယ်။ (မ. ၅:၂၈၊ ၂၉) ဒါကြောင့် ခရစ်ယာန်တစ်ယောက်ဟာ ညစ်ညမ်းရုပ်ပုံ ကြည့်တာမျိုး၊ ညစ်ညမ်းတဲ့ တေးသီချင်း နားထောင်တာမျိုးကို ရှောင်ပါလိမ့်မယ်။ “လိင်အကျင့်ယိုယွင်းခြင်း . . . ကို ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သေစေကြပါ” လို့ ခရစ်ယာန်ချင်းတွေကို တမန်တော်ပေါလု ပြောတယ်။ (ကော. ၃:၅) စဉ်းစားတဲ့အရာ၊ ပြောဆိုတဲ့အရာကိုလည်း ထိန်းချုပ်ဖို့ လိုတယ်။—ဧ. ၅:၃-၅။
လောကအလုပ်ကို လိုက်စားသင့်သလား
၁၁။ လောကအလုပ်အကိုင် လိုက်စားခြင်းက ဘာကြောင့် နှစ်သက်စရာ ဖြစ်နိုင်သလဲ။
၁၁ “ကောင်းမွန်တဲ့ အလုပ်အကိုင်ဟာ ပျော်ရွှင်မှုရဲ့ သော့ချက်ပဲ။” လူများစွာက လောကအလုပ်ကို ပန်းတိုင်ထားလိုက်စားဖို့ အားပေးကြတယ်။ အလုပ်အကိုင်ကြောင့် ရာထူး၊ အာဏာ၊ စည်းစိမ် ရလာနိုင်တယ်။ အလုပ်အကိုင်ကို လူများစွာ လိုက်စားနေတဲ့အတွက် ခရစ်ယာန်တစ်ယောက်လည်း အဲဒီအတွေးအခေါ်မျိုးကို လက်ခံလာနိုင်တယ်။
၁၂။ အောင်မြင်တဲ့ အလုပ်အကိုင်က ပျော်ရွှင်မှုရဲ့ သော့ချက်လား။
၁၂ အခွင့်အာဏာ၊ ဂုဏ် ရရှိစေတဲ့ လောကအလုပ်အကိုင်က တည်မြဲတဲ့ ပျော်ရွှင်မှု ရရှိစေသလား။ မရရှိစေပါဘူး။ စာတန်မှာ အထင်ကြီးခံချင်စိတ်၊ တခြားသူတွေကို ထိန်းချုပ်ချင်စိတ် ရှိတယ်။ ရလည်း ရခဲ့တယ်။ ဒါပေမဲ့ မပျော်ဘဲ ဒေါသထွက်နေလေရဲ့။ (မ. ၄:၈၊ ၉။ ဗျာ. ၁၂:၁၂) လူတွေကို ထာဝရအသက် ရဖို့၊ ဘုရားသခင့် ဉာဏ်ပညာကနေ အကျိုးရဖို့ ကူညီပေးရင် တည်မြဲတဲ့ ပျော်ရွှင်မှု ရတယ်။ လောကအလုပ်အကိုင်က ပေးတဲ့ ပျော်ရွှင်ကျေနပ်မှုကတော့ အကန့်အသတ် ရှိတယ်။ ဒီ့အပြင် လောကရဲ့ အပြိုင်အဆိုင် စိတ်ဓာတ်က ပြင်းထန်တယ်။ တခြားသူတွေထက် သာဖို့ တွန်းအားပေးတယ်။ မနာလိုစိတ် ဖြစ်စေတယ်။ နောက်ဆုံးတော့ “လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာပဲ။”—ဒေ. ၄:၄။
၁၃။ (က) လောကအလုပ်အကိုင်ကို ဘယ်လို ရှုမြင်သင့်သလဲ။ (ခ) ပေါလုကို ဘာက တကယ်ပျော်ရွှင်စေသလဲ။
၁၃ ဝင်ငွေ ရှာရမှာ မှန်ပါတယ်။ ကိုယ်နှစ်သက်ရာ အလုပ်အကိုင် ရွေးချယ်တာလည်း မမှားပါဘူး။ ဒါပေမဲ့ လောကအလုပ်အကိုင်ဟာ ဘဝမှာ အဓိက မဖြစ်သင့်ဘူး။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့ မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစား လုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့ မရဘူး” လို့ ယေရှု ပြောတယ်။ (မ. ၆:၂၄) ယေဟောဝါကို ဝတ်ပြုခြင်း၊ ကျမ်းစာအကြောင်း သွန်သင်ပေးခြင်းကို အဓိကအာရုံစိုက်ရင် အနှိုင်းမဲ့ပျော်ရွှင်မှု ရရှိမယ်။ တမန်တော်ပေါလု အဲဒီလို တွေ့ကြုံခံစားခဲ့တယ်။ အစောပိုင်းမှာတော့ ဂျူးဘာသာမှာ အလားအလာကောင်းတဲ့ အလုပ်အကိုင်ကို လိုက်စားခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေကို တပည့်ဖြစ်အောင် ကူညီပေးတဲ့အခါ၊ ဘုရားသခင့် သတင်းစကားကို လူတွေ လက်ခံတုံ့ပြန်ပြီး ပြောင်းလဲလာတာကို မြင်တဲ့အခါ စစ်မှန်တဲ့ပျော်ရွှင်မှု ခံစားခဲ့ရတယ်။ (၁ သက်သာလောနိတ် ၂:၁၃၊ ၁၉၊ ၂၀ ကိုဖတ်ပါ။) တခြား ဘယ်အလုပ်အကိုင်ကမှ အဲဒီလို ပျော်ရွှင်ကျေနပ်မှုမျိုး မပေးနိုင်ဘူး။
လူ့ပြဿနာတွေကို ကျွန်တော်တို့ ဖြေရှင်းပေးနိုင်သလား
၁၄။ လူသားတွေ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆကို ဘာကြောင့် နှစ်သက်ကြသလဲ။
၁၄ “လူသားတွေ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်ပါတယ်။” အဲဒီလောက အတွေးအခေါ်ကို လူများစွာ နှစ်သက်နိုင်တယ်။ ဘာကြောင့်လဲ။ အဲဒီလိုသာဆိုရင် ဘုရားသခင့် လမ်းညွှန်မှု မလိုအပ်တော့ဘူး။ ကိုယ့်စိတ်ကြိုက် လုပ်နိုင်မယ်။ ကိုယ့်ပြဿနာကိုယ် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အယူအဆဟာ မှန်ကန်ပုံရတယ်။ လေ့လာမှုတချို့အရ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှု ကျဆင်းသွားလို့ပါပဲ။ “ကမ္ဘာကို ပိုကောင်းတဲ့နေရာ ဖြစ်အောင်လုပ်ဖို့ ဆုံးဖြတ်ထားလို့ လူ့ဘဝတွေ တိုးတက်လာတယ်” ဆိုပြီး သတင်းတစ်ပုဒ်မှာ ဖော်ပြထားတယ်။ အဲဒီသတင်းမျိုးက ကြာမြင့်စွာကတည်းက ဒုက္ခပေးလာတဲ့ ပြဿနာတွေကို လူသားတွေ ဖြေရှင်းနိုင်ပြီလို့ ဆိုလိုသလား။ အဖြေရဖို့ အဲဒီပြဿနာတွေကို အနီးကပ် သုံးသပ်ကြည့်ကြစို့။
၁၅။ ဘယ်အချက်တွေက လူ့ပြဿနာကြီးလေးမှုကို ဖော်ပြသလဲ။
၁၅ စစ်ပွဲများ။ ကမ္ဘာစစ်ကြီး နှစ်ခုက လူ့အသက်ပေါင်း သန်း ၆၀ လောက်ကို ခြွေယူခဲ့တယ်။ ဒုတိယကမ္ဘာစစ် ပြီးတဲ့အချိန်ကစပြီး စစ်ကို လူတွေ မရပ်တန့်နိုင်ကြသေးဘူး။ ၂၀၁၅ ခုနှစ်မှာ စစ်ပွဲ၊ နှိပ်စက်ညှဉ်းပန်းမှုကြောင့် အိုးအိမ်စွန့်ခွာတဲ့သူ ၆၅ သန်းအထိ တိုးများလာတယ်။ ၂၀၁၅ တစ်နှစ်တည်းမှာပဲ လူပေါင်း ၁၂.၄ သန်းခန့် အိုးအိမ်စွန့်ခွာကြတယ်။ ရာဇဝတ်မှုများ။ တချို့ဒေသတွေမှာ ရာဇဝတ်မှုအမျိုးအစားတချို့ ကျဆင်းသွားပေမဲ့ ဆိုက်ဘာရာဇဝတ်မှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အကြမ်းဖက်တိုက်ခိုက်မှုစတဲ့ တခြားရာဇဝတ်မှုတွေ ကြောက်စရာကောင်းလောက်အောင် တိုးများလာတယ်။ ကမ္ဘာတစ်ဝန်း အကျင့်ပျက်ခြစားမှုလည်း တိုးများလာတယ်။ လူသားတွေ ရာဇဝတ်မှုကို မဖယ်ရှားနိုင်ပါဘူး။ ရောဂါ။ ရောဂါတချို့ကို ထိန်းချုပ်နိုင်ပေမဲ့ ၂၀၁၃ ခုနှစ်မှာ ထုတ်ဝေတဲ့ မှတ်တမ်းအရ နှစ်တိုင်း အသက် ၆၀ အောက် လူပေါင်း ကိုးသန်းဟာ နှလုံးရောဂါ၊ လေဖြတ်ဝေဒနာ၊ ကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ ဆီးချိုရောဂါတို့ကြောင့် သေဆုံးနေကြတယ်။ ဆင်းရဲနွမ်းပါးမှု။ ကမ္ဘာ့ဘဏ်အဆိုအရ အာဖရိကတစ်တိုက်တည်းမှာ အလွန် ဆင်းရဲနွမ်းပါးသူ အရေအတွက် ၁၉၉၀ ပြည့်နှစ်မှာ သန်း ၂၈၀ ရှိရာကနေ ၂၀၁၂ ခုနှစ်မှာ သန်း ၃၃၀ အထိ တိုးများလာတယ်။
၁၆။ (က) ဘုရားနိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဘာကြောင့် ဖြေရှင်းပေးနိုင်သလဲ။ (ခ) ဘုရားနိုင်ငံတော်ရဲ့ ဘယ်ကောင်းချီးတွေကို ဟေရှာယနဲ့ ဆာလံဆရာ ကြိုဟောထားသလဲ။
၁၆ လက်ရှိ စီးပွားရေး၊ နိုင်ငံရေးစနစ်တွေကို အတ္တသမားတွေ ကြီးစိုးထားတယ်။ စစ်၊ ရာဇဝတ်မှု၊ ရောဂါ၊ ဆင်းရဲနွမ်းပါးမှုကို သူတို့ မဖယ်ရှားပေးနိုင်တာ ထင်ရှားတယ်။ ဘုရားနိုင်ငံတော်ကသာ ဖယ်ရှားပေးနိုင်တယ်။ လူသားတွေအတွက် ယေဟောဝါ ဘာလုပ်ပေးမယ်ဆိုတာ သုံးသပ်ကြည့်ပါ။ စစ်။ အတ္တကြီးခြင်း၊ အကျင့်ပျက်ခြစားခြင်း၊ မျိုးချစ်စိတ်ပြင်းထန်ခြင်း၊ မှားယွင်းတဲ့ဘာသာတရား၊ စာတန်စတဲ့ စစ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ဘုရားနိုင်ငံတော်က ဖယ်ရှားပေးမယ်။ (ဆာ. ၄၆:၈၊ ၉) ရာဇဝတ်မှု။ ဘုရားနိုင်ငံတော်က အချင်းချင်းကို ချစ်ဖို့၊ ယုံကြည်စိတ်ချဖို့ လူသန်းပေါင်းများစွာကို သင်ပေးနေတယ်။ ဘယ်အစိုးရမှ အဲဒီလို မလုပ်နိုင်ဘူး။ (ဟေရှာ. ၁၁:၉) ရောဂါ။ ယေဟောဝါက လူတွေကို ပြည့်ဝစုံလင်တဲ့ ကျန်းမာရေး ရရှိစေမယ်။ (ဟေရှာ. ၃၅:၅၊ ၆) ဆင်းရဲနွမ်းပါးမှု။ ဆင်းရဲနွမ်းပါးမှုကို ယေဟောဝါ ဖယ်ရှားပေးမယ်။ ဘုရားရေးရာနဲ့ ရုပ်ပိုင်း ကြွယ်ဝစေမယ်။ အဲဒါက စည်းစိမ်ဥစ္စာထက် အဆများစွာ တန်ဖိုးရှိတယ်။—ဆာ. ၇၂:၁၂၊ ၁၃။
‘လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိပါ’
၁၇။ လောကအတွေးအခေါ်ကို ဘယ်လို ငြင်းပယ်နိုင်သလဲ။
၁၇ ယုံကြည်ခြင်းကို စမ်းသပ်မှုဖြစ်စေတဲ့ လောကအတွေးအခေါ်တစ်မျိုးကို ကြားရရင် ကျမ်းစာမှာ ရှာဖွေလေ့လာပါ။ အတွေ့အကြုံရှိတဲ့ ယုံကြည်သူချင်းနဲ့ ဆွေးနွေးပါ။ အဲဒီအတွေးအခေါ်ဟာ ဘာကြောင့် နှစ်သက်စရာ ဖြစ်နိုင်ကြောင်း၊ ဘာကြောင့် မှားကြောင်း၊ ဘယ်လို ငြင်းပယ်နိုင်ကြောင်း သုံးသပ်ပါ။ ‘အသင်းတော်ပြင်ပက လူတွေကို ပညာသတိနဲ့ ဆက်ဆံကြပါ။ . . . လူတိုင်းကို ဘယ်လိုပြန်ပြောရမယ်ဆိုတာ သိပါ’ ဆိုတဲ့ ကောလောသဲအသင်းတော်ဆီ ပေါလုရဲ့ တိုက်တွန်းချက်ကို လိုက်နာခြင်းအားဖြင့် လောကအတွေးအခေါ် မဝင်အောင် ကာကွယ်နိုင်ပါတယ်။—ကော. ၄:၅၊ ၆။
^ စာပိုဒ်၊ 9 ကျမ်းစာတချို့မှာပါတဲ့ ယောဟန် ၇:၅၃–၈:၁၁ ဟာ မူရင်းကျမ်းမှာ မပါတဲ့ကျမ်းပို ဖြစ်ကြောင်း လူများစွာ မသိကြဘူး။ အဲဒါကို အခြေခံပြီး အပြစ်မရှိတဲ့သူပဲ အိမ်ထောင်ရေး ဖောက်ပြန်သူကို စီရင်နိုင်တယ်လို့ တချို့ ဆိုကြတယ်။ ဒါပေမဲ့ “ယောက်ျားတစ်ယောက်က တခြားသူရဲ့ မယားနဲ့ ဖောက်ပြန်နေတုန်း မိသွားတယ်ဆိုရင် သူ့ကိုရော မိန်းမကိုပါ သေဒဏ်ပေးရမယ်” လို့ အစ္စရေးတွေကို ပေးတဲ့ ဘုရားသခင့်ပညတ်မှာ ဖော်ပြထားတယ်။—တရား. ၂၂:၂၂။