ယေဟောဝါကို နောဧ၊ ဒံယေလ၊ ယောဘတို့လို သိပါသလား
“လူယုတ်မာတွေက တရားမျှတမှုအကြောင်း နားမလည်နိုင်ဘူး။ ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်။”—ပညာ. ၂၈:၅။
၁-၃။ (က) ဒီနောက်ဆုံးကာလမှာ ဘုရားကို သစ္စာရှိနေဖို့ ဘာက ကူညီပေးမလဲ။ (ခ) ဒီဆောင်းပါးမှာ ဘာအကြောင်း သုံးသပ်ကြမလဲ။
နောက်ဆုံးကာလရဲ့အဆုံး နီးလာတာနဲ့အမျှ ဆိုးသွမ်းမှုဟာ “ပေါင်းပင်လို ပေါက်နေ” တယ်။ (ဆာ. ၉၂:၇) ဒါကြောင့် ကိုယ်ကျင့်တရားစံနှုန်းတွေကို ပစ်ပယ်လာကြတာ အံ့ဩစရာ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမှာ ဘယ်လိုနည်းနဲ့ “မကောင်းမှုမှာတော့ ကလေးငယ်တွေလို ဖြစ်” ပြီး “အရွယ်ရောက်သူတွေလို စဉ်းစား” နိုင်မလဲ။—၁ ကော. ၁၄:၂၀။
၂ အဓိကကျမ်းချက်မှာ အဖြေတွေ့ရတယ်။ “ယေဟောဝါကို ရှာဖွေသူတွေကတော့ အရာအားလုံးကို နားလည်နိုင်တယ်” လို့ ပြောထားတယ်။ ဘုရားသခင့် နှစ်သက်မှု ရနိုင်တဲ့အရာအားလုံးကို ဆိုလိုတယ်။ (ပညာ. ၂၈:၅) ပညာအလိမ္မာ ၂:၇၊ ၉ မှာလည်း ယေဟောဝါဟာ “လက်တွေ့ကျ ဉာဏ်ပညာကို စိတ်ရိုးဖြောင့်သူတွေအတွက် သိုမှီးထားတယ်” လို့ ဆိုထားတယ်။ ရလဒ်အနေနဲ့ သူတို့ဟာ ‘ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်း၊ တရားမျှတခြင်းစတဲ့ မွန်မြတ်တဲ့ လမ်းစဉ်မှန်သမျှကို နားလည်လာကြလိမ့်မယ်။’
၃ နောဧ၊ ဒံယေလ၊ ယောဘတို့ဟာ အဲဒီဉာဏ်ပညာကို ရရှိထားကြတယ်။ (ယေဇ. ၁၄:၁၄) ဒီနေ့ခေတ် ဘုရားသခင့်လူမျိုးလည်း အလားတူပါပဲ။ သင်ကော။ ယေဟောဝါရဲ့ နှစ်သက်မှုရဖို့ လိုအပ်တဲ့ “အရာအားလုံး” ကို နားလည်သလား။ ယေဟောဝါအကြောင်း တိကျမှန်ကန်စွာ သိထားဖို့ အရေးကြီးတယ်။ ဒါကြောင့် (၁) နောဧ၊ ဒံယေလ၊ ယောဘတို့ ဘုရားကို ဘယ်လို သိခဲ့ကြသလဲ၊ (၂) အဲဒီအသိပညာကနေ သူတို့ ဘယ်လို အကျိုးရခဲ့ကြသလဲ၊ (၃) သူတို့လို ယုံကြည်ခြင်းမျိုးရှိအောင် ဘယ်လို ပျိုးထောင်နိုင်သလဲဆိုတာ သုံးသပ်ကြည့်ရအောင်။
ဆိုးသွမ်းတဲ့လောကမှာ ဘုရားလမ်းစဉ်အတိုင်း နောဧ လျှောက်လှမ်းခဲ့
၄။ ယေဟောဝါကို နောဧ ဘယ်လို သိခဲ့သလဲ။ တိကျမှန်ကန်တဲ့ အသိပညာက ဘယ်လို ကူညီပေးခဲ့သလဲ။
၄ ယေဟောဝါအကြောင်း နောဧ သိလာပုံ။ လူ့သမိုင်းအစောပိုင်းကတည်းက ယုံကြည်ခြင်းရှိတဲ့ အမျိုးသား/သမီးတွေဟာ ဘုရားသခင်အကြောင်း အဓိက နည်းသုံးနည်းနဲ့ သိလာကြတယ်– မြင်ရတဲ့ ဖန်ဆင်းရာတွေကို ကြည့်ရှုခြင်း၊ ဘုရားကို ကြောက်ရွံ့သူတွေဆီကနေ သင်ယူခြင်း၊ ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းနဲ့ အခြေခံမူတွေအတိုင်း နေထိုင်ခြင်းရဲ့ ကောင်းချီးတွေကို ခံစားရခြင်းတို့ ဖြစ်တယ်။ (ဟေရှာ. ၄၈:၁၈) နောဧဟာ ဖန်ဆင်းခြင်းလက်ရာတွေကို ကြည့်ရှုခြင်းအားဖြင့် ဘုရားသခင် တည်ရှိကြောင်းသာမက ‘ထာဝရတန်ခိုးတော်နဲ့ ဘုရားသခင့်အဖြစ်တော်’ စတဲ့ ဘုရားသခင်ရဲ့ မမြင်နိုင်တဲ့ အရည်အသွေးတွေကို သိလာတယ်။ (ရော. ၁:၂၀) ဒါကြောင့် ဘုရားသခင်ကို ယုံကြည်ရုံသာမက ခိုင်မာတဲ့ယုံကြည်ခြင်း ရှိလာတယ်။
၅။ လူသားတွေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်ကို နောဧ ဘယ်လို သိခဲ့သလဲ။
၅ “ကြားနာပြီးမှ ယုံကြည်လာတာ။” (ရော. ၁၀:၁၇) ယေဟောဝါအကြောင်း နောဧ ဘယ်လို ကြားခဲ့သလဲ။ ဆွေမျိုးတွေဆီကနေ များစွာ သိရှိခဲ့မှာ သေချာတယ်။ အဲဒီထဲမှာ အာဒံကို မီခဲ့တဲ့၊ ယုံကြည်ခြင်းရှိတဲ့ ဖခင် လာမက် ပါဝင်တယ်။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။) အဘိုး မသုရှလ၊ အဘီ ယာရက်တို့လည်း ပါဝင်တယ်။ ယာရက်ကို နောဧ ၃၆၆ နှစ် မီလိုက်တယ်။ * (လု. ၃:၃၆၊ ၃၇) အဲဒီအမျိုးသားတွေနဲ့ သူတို့ရဲ့ဇနီးတွေဆီကနေ လူ့သမိုင်းအစအကြောင်း၊ ကမ္ဘာမြေကို ဖြောင့်မတ်တဲ့လူ့မိသားစုနဲ့ ပြည့်စေမယ့် ဘုရားသခင့် ရည်ရွယ်ချက်အကြောင်း၊ ဧဒင်ပုန်ကန်မှုအကြောင်း သိခဲ့မှာပဲ။ ပုန်ကန်မှုရဲ့ အကျိုးဆက်တွေကိုလည်း နောဧကိုယ်တိုင် မြင်ခဲ့ရတယ်။ (က. ၁:၂၈။ ၃:၁၆-၁၉၊ ၂၄) ဘာပဲဖြစ်ဖြစ်၊ သိလာတာတွေကြောင့် နောဧ စိတ်နှလုံး ထိမိပြီး ဘုရားသခင်ကို ဝတ်ပြုဖို့ လှုံ့ဆော်ပေးခဲ့တယ်။—က. ၆:၉။
၆၊ ၇။ မျှော်လင့်ချက်က နောဧရဲ့ ယုံကြည်ခြင်းကို ဘယ်လို ခိုင်မာစေခဲ့သလဲ။
၆ မျှော်လင့်ချက်က ယုံကြည်ခြင်းကို အားဖြည့်ပေးတယ်။ “သက်သာရာရစေသူ” လို့ အဓိပ္ပာယ်ရှိတဲ့ မိမိနာမည်အကြောင်း နောဧ သိလာချိန်မှာ မျှော်လင့်ချက် ဘယ်လောက် ခိုင်မာလာမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (က. ၅:၂၉၊ အောက်ခြေမှတ်ချက်) “ယေဟောဝါဘုရား ကျိန်လိုက်တဲ့မြေပေါ်မှာ . . . အလုပ်ကြမ်းလုပ်ရတဲ့ ငါတို့ကို ဒီသား [နောဧ] က စိတ်သက်သာရာရစေမှာပဲ” လို့ လာမက် ပြောခဲ့တယ်။ ဘုရားသခင်ကို နောဧ မျှော်လင့်ခဲ့တယ်။ အာဗေလ၊ ဧနောက်တို့လိုပဲ နောဧလည်း မြွေရဲ့ခေါင်းကို ကြိတ်မယ့် “မျိုးနွယ်” ကို ယုံကြည်တယ်။—က. ၃:၁၅။
၇ ကမ္ဘာဦး ၃:၁၅ မှာပါတဲ့ ပရောဖက်ပြုချက်ရဲ့ အသေးစိတ် အချက်အလက်တွေကို နောဧ သိမှာ မဟုတ်ပေမဲ့ လွတ်မြောက်ခြင်း မျှော်လင့်ချက် ရရှိစေတာကို သိခဲ့တယ်။ ဒီ့အပြင် ဧဒင်ဥယျာဉ်မှာ ပေးခဲ့တဲ့ကတိက ဆိုးသွမ်းတဲ့လောကကို ဘုရားသခင် စီရင်မယ့်အကြောင်း ကြိုဟောခဲ့တဲ့ ဧနောက်ရဲ့ သတင်းစကားနဲ့လည်း ကိုက်ညီတယ်။ (ယု. ၁၄၊ ၁၅) အာမဂေဒုန်မှာ ပြည့်စုံမယ့် ဧနောက်ရဲ့ သတင်းစကားက နောဧရဲ့ ယုံကြည်ချက်နဲ့ မျှော်လင့်ချက်ကို ခိုင်မာစေခဲ့တယ်။
၈။ တိကျမှန်ကန်တဲ့ အသိပညာက နောဧကို ဘယ်နည်းတွေနဲ့ ကာကွယ်ပေးခဲ့သလဲ။
၈ ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်းက နောဧကို အကျိုးပြုပုံ။ တိကျမှန်ကန်တဲ့ အသိပညာက နောဧကို ယုံကြည်ခြင်းနဲ့ ဘုရားရေးရာ ဉာဏ်ပညာ ရရှိစေတာမို့ အန္တရာယ်၊ အထူးသဖြင့် ဘုရားရေးရာ အန္တရာယ်ကနေ ကာကွယ်ခံရတယ်။ ဥပမာ၊ “ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း” တဲ့အတွက် ဘုရားတရားမဲ့သူတွေနဲ့ နောဧ မပေါင်းသင်းခဲ့ဘူး။ လူယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေရဲ့ လှည့်စားမှုကိုလည်း မခံခဲ့ဘူး။ ယုံကြည်ခြင်း က. ၆:၁-၄၊ ၉) သားသမီးတွေ မွေးပြီး ကမ္ဘာမြေကို ပြည့်စေဖို့ လူသားတွေ မိန့်မှာခံရတာကို နောဧ သိတယ်။ (က. ၁:၂၇၊ ၂၈) ဒါကြောင့် လူ့သမီးတွေနဲ့ လူယောင်ဆောင်ထားတဲ့ နတ်ဆိုးတွေရဲ့ ပေါင်းဖက်မှုဟာ သဘာဝနဲ့ ဆန့်ကျင်ပြီး မှားမှန်း နောဧ သိခဲ့မှာပဲ။ အဲဒီအသိဟာ ထူးခြားတဲ့ကလေးတွေ မွေးလာတဲ့အခါ ပိုခိုင်မာလာတယ်။ ဒီလိုနဲ့ ကမ္ဘာမြေကို ရေလွှမ်းမိုးမယ်ဆိုတဲ့အကြောင်း နောဧကို ဘုရားသခင် သတိပေးခဲ့တယ်။ အဲဒီသတိပေးချက်ကို ယုံကြည်ခြင်းကြောင့် အိမ်သားတွေကို ကယ်တင်ဖို့ သင်္ဘောဆောက်ခဲ့တယ်။—ဟီ. ၁၁:၇။
မရှိတဲ့၊ အယုံလွယ်တဲ့လူတွေကတော့ အဲဒီနတ်ဆိုးတွေရဲ့ သာမန်ထက် ထူးခြားတဲ့စွမ်းအားတွေကို အထင်ကြီးအားကျပြီး ကိုးကွယ်တဲ့အထိတောင် ဖြစ်ခဲ့ဖွယ် ရှိတယ်။ (၉၊ ၁၀။ နောဧရဲ့ ယုံကြည်ခြင်းကို ဘယ်လို တုပနိုင်သလဲ။
၉ နောဧလို ယုံကြည်ခြင်းမျိုး ပျိုးထောင်နိုင်ပုံ။ ဘုရားသခင့် စကားတော်ကို လေ့လာဖို့၊ သိရှိလာတာကို နှလုံးသွင်းဖို့၊ အသိပညာရဲ့ လမ်းပြပုံသွင်းမှုကို ခံယူဖို့ အရေးကြီးတယ်။ (၁ ပေ. ၁:၁၃-၁၅) ယုံကြည်ခြင်းနဲ့ ဘုရားရေးရာ ဉာဏ်ပညာက စာတန်ရဲ့ ဉာဏ်နီဉာဏ်နက်တွေ၊ လောကရဲ့ ဆိုးညစ်တဲ့ စိတ်ဓာတ်တွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ (၂ ကော. ၂:၁၁) လောကစိတ်ဓာတ်က အကြမ်းဖက်မှုနဲ့ အကျင့်ပျက်မှုကို ကြိုက်နှစ်သက်စေတယ်။ သွေးသားဆန္ဒတွေကို အာရုံစိုက်စေတယ်။ (၁ ယော. ၂:၁၅၊ ၁၆) ဘုရားသခင့်နေ့ကြီး နီးကပ်နေတဲ့ အထောက်အထားကို လျစ်လျူရှုဖို့တောင် ယုံကြည်ခြင်း အားနည်းသူကို လှုံ့ဆော်ပေးနိုင်တယ်။ ကျွန်တော်တို့ခေတ်ကို နောဧခေတ်နဲ့ ယေရှု နှိုင်းယှဉ်ချိန်မှာ အကြမ်းဖက်မှု၊ အကျင့်ပျက်မှုကို အလေးမပေးဘဲ ဘုရားတရား စိတ်ပါဝင်စားမှု မရှိတဲ့သဘောကို အလေးပေးခဲ့ကြောင်း သတိပြုပါ။—မဿဲ ၂၄:၃၆-၃၉ ကိုဖတ်ပါ။
၁၀ ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘ငါ့ရဲ့ဘဝလမ်းစဉ်က ယေဟောဝါကို တကယ်သိကြောင်း ဖော်ပြနေသလား။ ယုံကြည်ခြင်းက ဘုရားသခင့် ဖြောင့်မတ်တဲ့ စံနှုန်းတွေအတိုင်း နေထိုင်ဖို့ လှုံ့ဆော်ပေးရုံသာမက အဲဒီစံနှုန်းတွေအကြောင်း ကြေညာဖို့ လှုံ့ဆော်ပေးသလား။’ သင့်အဖြေက ‘ဘုရားသခင့် လမ်းစဉ်အတိုင်း လျှောက်လှမ်းနေ’ ကြောင်း ဖော်ပြနိုင်ပါစေ။
အယူမှား ဗာဗုလုန်မှာ ဘုရားရေးရာဉာဏ်ပညာကို ဒံယေလ တင်ပြခဲ့
၁၁။ (က) လူငယ်တစ်ယောက်အနေနဲ့ ဒံယေလရဲ့ ဘုရားတရား ဆည်းကပ်မှုက သူ့ရဲ့ကြီးပြင်းလာပုံအကြောင်း ဘာဖော်ပြသလဲ။ (ခ) ဒံယေလရဲ့ ဘယ်အရည်အသွေးတွေကို သင်တုပချင်ပါသလဲ။
၁၁ ယေဟောဝါအကြောင်း ဒံယေလ သိလာပုံ။ ယေဟောဝါနဲ့ ကျမ်းစာကို မြတ်နိုးဖို့ သင်ပေးတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ဒံယေလ ကောင်းစွာ ရရှိထားတာ ထင်ရှားတယ်။ ဒံယေလမှာ အဲဒီမြတ်နိုးတဲ့စိတ် တစ်သက်လုံး ရှိခဲ့တယ်။ အသက်ကြီးတဲ့ အချိန်မှာတောင် ကျမ်းစာအကြောင်း လေ့လာနေတုန်းပဲ။ (ဒံ. ၉:၁၊ ၂) ဘုရားသခင်အကြောင်း၊ အစ္စရေးတွေနဲ့ ဆက်ဆံပုံအကြောင်း ဒံယေလ အသေးစိတ်သိရှိကြောင်း ဒံယေလ ၉:၃-၁၉ ပါ လှိုက်လှဲတဲ့ ဆုတောင်းစကားကနေ သိရှိနိုင်ပါတယ်။ အဲဒီဆုတောင်းချက်ကို အချိန်ယူ ဖတ်ရှုတွေးတောကြည့်ပါ။ ဒံယေလအကြောင်း ဘာသိရသလဲ မှတ်သားပါ။
၁၂-၁၄။ (က) ဘုရားရေးရာဉာဏ်ပညာ ရှိကြောင်း ဒံယေလ ဘယ်နည်းတွေနဲ့ ပြသခဲ့သလဲ။ (ခ) ဘုရားအပေါ် ရဲစွမ်းသတ္တိရှိရှိ သစ္စာတည်ကြည်ခဲ့လို့ ဒံယေလ ဘယ်လို ကောင်းချီးခံစားခဲ့ရသလဲ။
၁၂ ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်းက ဒံယေလကို အကျိုးပြုပုံ။ သစ္စာရှိတဲ့ ဂျူးတစ်ယောက်အတွက် အယူမှားဗာဗုလုန်မှာ နေရတာ အလွန်ခက်ခဲတယ်။ ဥပမာ၊ “ငါပြည်နှင်ဒဏ်ပေးလိုက်လို့ မင်းတို့ရောက်နေတဲ့မြို့ကို ငြိမ်သက်အေးချမ်းအောင် ကြိုးစားကြ” ဆိုပြီး ဂျူးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ယေ. ၂၉:၇) တစ်ချိန်တည်းမှာ အကြွင်းမဲ့ ကိုးကွယ်ဆည်းကပ်ဖို့လည်း တောင်းဆိုထားတယ်။ (ထွ. ၃၄:၁၄) တောင်းဆိုမှုနှစ်ခုကို ဒံယေလ ဘယ်လို ဟန်ချက်ညီစေခဲ့သလဲ။ ဘုရားရေးရာဉာဏ်ပညာက လောကအာဏာပိုင်တွေကို အထိုက်အလျောက် လက်အောက်ခံရမယ်ဆိုတဲ့ အခြေခံမူကို နားလည်အောင် ကူညီပေးတယ်။ ရာစုနှစ်တွေ ကြာပြီးတဲ့နောက် အဲဒီအခြေခံမူကိုပဲ ယေရှု သင်ပေးခဲ့တယ်။—လု. ၂၀:၂၅။
၁၃ ရက် ၃၀ အတွင်းမှာ ဘုရင်ကလွဲလို့ ဘယ်ဘုရား၊ ဘယ်လူဆီကိုမှ ဆုမတောင်းဖို့ မင်းမိန့် ထုတ်ပြန်တဲ့အခါ ဒံယေလ ဘာလုပ်ခဲ့ကြောင်း စဉ်းစားကြည့်ပါ။ (ဒံယေလ ၆:၇-၁၀ ကိုဖတ်ပါ။) ‘ရက် ၃၀ လေးပါပဲ။ တစ်သက်လုံးမှ မဟုတ်တာ’ လို့ ဒံယေလ ဆင်ခြေပေးနိုင်တယ်။ ဒါပေမဲ့ မင်းမိန့်ကြောင့် ကျမ်းပေးတာဝန်တွေကို ဘေးမချိတ်ခဲ့ဘူး။ တခြားသူတွေ မမြင်အောင် သိုသိုသိပ်သိပ် ဆုတောင်းလို့ ရတာပဲ။ ဒါပေမဲ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်ကို လူတွေ သိထားမှန်း ဒံယေလ သိတယ်။ ဒါကြောင့် အသက်အန္တရာယ် ရှိတာတောင် ဝတ်ပြုရေးကို အလျှော့ပေးတဲ့သဘောမျိုး မပြဖို့ ဆုံးဖြတ်ခဲ့တယ်။
၁၄ ရက်ရက်စက်စက် မသေဆုံးအောင် အံ့ဖွယ်နည်းနဲ့ ကာကွယ်ပေးခြင်းအားဖြင့် ဒံယေလရဲ့ အသိတရားရှိရှိ၊ သတ္တိရှိရှိ ဆုံးဖြတ်ချက်ကို ယေဟောဝါ ကောင်းချီးပေးတယ်။ ဒီလိုနဲ့ ယေဟောဝါအကြောင်း မီဒိုပါရှားအင်ပါယာတစ်ခွင် ပျံ့နှံ့သွားခဲ့တယ်။—ဒံ. ၆:၂၅-၂၇။
၁၅။ ဒံယေလလို ယုံကြည်ခြင်းမျိုးရှိအောင် ဘယ်လို လုပ်နိုင်သလဲ။
၁၅ ဒံယေလလို ယုံကြည်ခြင်းမျိုး ပျိုးထောင်နိုင်ပုံ။ ခိုင်မာတဲ့ယုံကြည်ခြင်း ရှိဖို့ ဘုရားသခင့် စကားတော်ကို ဖတ်ရှုရုံသာမက “ဆိုလိုရင်းကို သဘောပေါက်” ဖို့ အရေးကြီးတယ်။ (မ. ၁၃:၂၃) ကိစ္စရပ်တွေကို ယေဟောဝါ စဉ်းစားသလို စဉ်းစားရမယ်။ အဲဒီမှာ ကျမ်းစာမူတွေကို နားလည်ခြင်း ပါဝင်တယ်။ ဒါကြောင့် ဖတ်ရှုတဲ့အရာကို တွေးတောရမယ်။ ပုံမှန် ဆုတောင်းဖို့၊ အထူးသဖြင့် စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ရင်ဖွင့်ဆုတောင်းဖို့ အရေးကြီးတယ်။ ဉာဏ်ပညာနဲ့ ခွန်အား ရဖို့ ယုံကြည်တဲ့စိတ်နဲ့ ဆုတောင်းမယ်ဆိုရင် ယေဟောဝါ ရက်ရောစွာ ပေးသနားပါလိမ့်မယ်။—ယာ. ၁:၅။
အခြေအနေ ကောင်းကောင်းဆိုးဆိုး ဘုရားရေးရာအခြေခံမူတွေကို ယောဘ ကျင့်သုံးခဲ့
၁၆၊ ၁၇။ တိကျမှန်ကန်တဲ့ အသိပညာကို ယောဘ ဘယ်လို ရခဲ့သလဲ။
၁၆ ယေဟောဝါအကြောင်း ယောဘ သိလာပုံ။ ယောဘဟာ အစ္စရေးလူမျိုး မဟုတ်ဘူး။ အာဗြဟံ၊ အိဇက်၊ ယာကုပ်တို့နဲ့ ဆွေမျိုးနည်းနည်းတော်တယ်။ ယေဟောဝါက သူတို့ကို မိမိအကြောင်း၊ လူသားတွေအတွက် ရည်ရွယ်ချက်အကြောင်း အသေးစိတ် ဖော်ပြခဲ့တယ်။ အဲဒီအဖိုးတန် အမှန်တရားတွေကို ယောဘ တစ်နည်းနည်းနဲ့ သိလာတယ်။ (ယောဘ ၂၃:၁၂) ‘ကိုယ်တော့်အကြောင်းကို အရင်က နားနဲ့ ကြားခဲ့ဖူးတာ’ လို့ ယောဘ ပြောခဲ့တယ်။ (ယောဘ ၄၂:၅) ယောဘဟာ ယေဟောဝါအကြောင်း အမှန်အတိုင်း ပြောတယ်လို့ ဘုရားကိုယ်တိုင် မိန့်ဆိုခဲ့တယ်။—ယောဘ ၄၂:၇၊ ၈။
၁၇ မြင်ရတဲ့ ဖန်ဆင်းရာတွေကနေ ဘုရားသခင့် မမြင်နိုင်တဲ့ အရည်အသွေးတွေကိုလည်း ယောဘ သိမြင်ခဲ့တယ်။ (ယောဘ ၁၂:၇-၉၊ ၁၃) နောက်ပိုင်းမှာ ဘုရားသခင့် ကြီးမြတ်မှုနဲ့ ယှဉ်ရင် လူသားတွေ အလွန်သေးသိမ်ကြောင်း ယောဘကို သတိပေးဖို့ ဖန်ဆင်းခြင်းလက်ရာတွေကို ဧလိဟုနဲ့ ယေဟောဝါ အသုံးပြုခဲ့တယ်။ (ယောဘ ၃၇:၁၄။ ၃၈:၁-၄) ယေဟောဝါရဲ့ စကားတွေကြောင့် ယောဘ စိတ်ထိမိသွားတယ်။ “ကိုယ်တော်ဟာ အရာရာကို လုပ်ဆောင်နိုင်မှန်း၊ ကိုယ်တော် ကြံစည်သမျှ မဖြစ်နိုင်တာ မရှိမှန်း ကျွန်တော် သိပါပြီ။ . . . မြေမှုန့်နဲ့ ပြာထဲမှာ ထိုင်ပြီး နောင်တရပါပြီ” လို့ နှိမ့်ချစွာ ပြောခဲ့တယ်။—ယောဘ ၄၂:၂၊ ၆။
၁၈၊ ၁၉။ ယေဟောဝါကို အမှန်တကယ် သိကြောင်း ယောဘ ဘယ်နည်းတွေနဲ့ ပြခဲ့သလဲ။
၁၈ ဘုရားသခင်ကို တိကျမှန်ကန်စွာ သိကျွမ်းခြင်းက ယောဘကို အကျိုးပြုပုံ။ ဘုရားရေးရာ အခြေခံမူတွေကို ယောဘ ထူးထူးခြားခြား နားလည်ထားတယ်။ ယေဟောဝါကို တကယ် သိကျွမ်းပြီး အဲဒီအသိပညာအတိုင်း ကျင့်ကြံခဲ့တယ်။ စဉ်းစားကြည့်ပါ– ဘုရားသခင်ကို ချစ်ပါတယ်လို့ ပြောပြီး လူသားချင်းကို မကြင်မနာ ဆက်ဆံလို့ မရမှန်း ယောဘ သိတယ်။ (ယောဘ ၆:၁၄) ကိုယ့်ကိုယ်ကိုယ် တခြားသူတွေထက် သာတယ်လို့ မယူဆဘူး။ ဆင်းရဲချမ်းသာအားလုံးအပေါ် ညီရင်းအစ်ကိုလို သဘောထားတယ်။ “အမေ့ဝမ်းထဲမှာ ကျုပ်ကို ဖန်ဆင်းတဲ့အရှင်ဟာ သူတို့ကိုလည်း ဖန်ဆင်းခဲ့တယ် မဟုတ်လား” လို့ ပြောခဲ့တယ်။ (ယောဘ ၃၁:၁၃-၂၂) ဂုဏ်သိက္ခာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် မာနမကြီးဘူး။ တခြားသူတွေကို အထင်မသေးခဲ့ဘူး။ လောက အာဏာရှင်၊ စည်းစိမ်ရှင်တွေနဲ့တော့ ကွာခြားလှပါတယ်။
၁၉ ယောဘဟာ ရုပ်တုကိုးကွယ်မှု ပုံစံအားလုံးကို စိတ်နှလုံးထဲကနေတောင် ငြင်းပယ်ခဲ့တယ်။ စည်းစိမ်ချမ်းသာကို ဆည်းကပ်ခြင်း အပါအဝင် မှားယွင်းတဲ့ ဝတ်ပြုရေးဟာ “ကောင်းကင်မှာရှိတဲ့ စစ်မှန်တဲ့ ဘုရားသခင်ကို ငြင်းပယ်ရာရောက်တယ်” လို့ သိထားတယ်။ (ယောဘ ၃၁:၂၄-၂၈ ကိုဖတ်ပါ။) အိမ်ထောင်ရေးကို မြင့်မြတ်တဲ့နှောင်ကြိုးအဖြစ် ရှုမြင်တယ်။ တခြားမိန်းမကို တပ်မက်တဲ့စိတ်နဲ့ မကြည့်ဖို့ ကိုယ့်မျက်စိနဲ့ ကတိသစ္စာ ပြုထားတယ်။ (ယောဘ ၃၁:၁) အဲဒီခေတ်တုန်းက မယားအများယူတဲ့စနစ်ကို ဘုရား ခွင့်ပြုထားကြောင်း သတိရပါ။ ဒါကြောင့် ယောဘသာ ဆန္ဒရှိရင် နောက်ထပ်မိန်းမ ယူလို့ရတယ်။ * ဒါပေမဲ့ ဧဒင်မှာ ဘုရားသခင် ချမှတ်ခဲ့တဲ့ အိမ်ထောင်ရေးစံနှုန်းကို လိုက်နာကျင့်သုံးခဲ့တယ်။ (က. ၂:၁၈၊ ၂၄) နှစ်ပေါင်း ၁,၆၀၀ ကြာပြီးတဲ့နောက် အိမ်ထောင်ရေး၊ လိင်အကျင့်နဲ့ပတ်သက်ပြီး ထပ်တူဖြောင့်မတ်တဲ့ အခြေခံမူတွေကို လိုက်နာဖို့ ယေရှုခရစ် သင်ပေးခဲ့တယ်။—မ. ၅:၂၈။ ၁၉:၄၊ ၅။
၂၀။ ယေဟောဝါနဲ့ပတ်သက်တဲ့ တိကျမှန်ကန်တဲ့ အသိပညာနဲ့ ဘုရားရဲ့ စံနှုန်းတွေက အကျိုးပြုတဲ့ အပေါင်းအသင်း၊ ဖျော်ဖြေမှု ရွေးချယ်ရာမှာ ဘယ်လို ကူညီပေးသလဲ။
၂၀ ယောဘလို ယုံကြည်ခြင်းမျိုး ပျိုးထောင်နိုင်ပုံ။ ယေဟောဝါကို တိကျမှန်ကန်စွာ သိကျွမ်းဖို့၊ အဲဒီအသိပညာကို ဘဝကဏ္ဍတိုင်းမှာ ကျင့်သုံးဖို့ အရေးကြီးတယ်။ ဥပမာ၊ ယေဟောဝါက “အကြမ်းဖက်မှု နှစ်သက်သူကို မုန်းတယ်” လို့ ဆာလံဆရာ ဒါဝိဒ် ပြောခဲ့တယ်။ “လူလိမ်လူညာတွေနဲ့ မပေါင်း” ဖို့လည်း သတိပေးခဲ့တယ်။ (ဆာလံ ၁၁:၅၊ ၂၆:၄ ကိုဖတ်ပါ။) အဲဒီကျမ်းချက်တွေက ဘုရားသခင့် စဉ်းစားပုံအကြောင်း ဘာဖော်ပြသလဲ။ ဒါက သင့်ဦးစားထားရာတွေ၊ အင်တာနက် အသုံးပြုပုံ၊ အပေါင်းအသင်းနဲ့ ဖျော်ဖြေမှု ရွေးချယ်ပုံအပေါ် ဘယ်လို အကျိုးသက်ရောက်သင့်သလဲ။ သင့်အဖြေက ယေဟောဝါကို ဘယ်လောက် သိကျွမ်းထားကြောင်း နားလည်အောင် ကူညီပေးနိုင်တယ်။ ရှုပ်ထွေးဆိုးညစ်တဲ့ ဒီနေ့ လောကမှာ အပြစ်ကင်းနေဖို့ “ပိုင်းခြားသိမြင်နိုင်စွမ်း” ကို လေ့ကျင့်ရမယ်။ ဒါမှ အမှားအမှန်သာမက ပညာရှိတဲ့အရာ၊ မရှိတဲ့အရာတွေကို ခွဲခြားသိမြင်တတ်လာမယ်။—ဟီ. ၅:၁၄။ ဧ. ၅:၁၅။
၂၁။ ကောင်းကင်ဘုံစံ ဖခင်ရဲ့ နှစ်သက်မှု ရရှိအောင် လိုအပ်တဲ့ “အရာအားလုံးကို နားလည်နိုင်” ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၂၁ နောဧ၊ ဒံယေလ၊ ယောဘတို့ဟာ ယေဟောဝါကို စိတ်နှလုံး အကြွင်းမဲ့ ရှာဖွေခဲ့ကြတဲ့အတွက် ယေဟောဝါ အတွေ့ခံခဲ့တယ်။ ဘုရားသခင့် နှစ်သက်မှု ရဖို့ လိုအပ်တဲ့ “အရာအားလုံးကို နားလည်နိုင်” အောင် ကူညီပေးခဲ့တယ်။ ဒါကြောင့် သူတို့ဟာ ဖြောင့်မတ်ခြင်း ပုံသက်သေတွေ ဖြစ်လာပြီး တကယ်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ခဲ့ကြတယ်။ (ဆာ. ၁:၁-၃) ဒါကြောင့် ‘ယေဟောဝါကို နောဧ၊ ဒံယေလ၊ ယောဘတို့လို သိပါသလား’ လို့ ကိုယ့်ကိုယ်ကိုယ် မေးပါ။ ကျမ်းစာအသိပညာ ထွန်းလင်းလာတဲ့အတွက် ဘုရားအကြောင်း ပိုသိလာနိုင်တယ်။ (ပညာ. ၄:၁၈) ဒါကြောင့် ဘုရားသခင့် စကားတော်ကို နက်နက်နဲနဲ လေ့လာပါ။ တွေးတောဆင်ခြင်ပါ။ သန့်ရှင်းသောစွမ်းအားတော် ရဖို့ ဆုတောင်းပါ။ ဒါဆိုရင် ကောင်းကင်ဘုံစံဖခင်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ ဘုရားတရားမဲ့တဲ့ ဒီနေ့ လောကမှာ ပညာရှိရှိ ပြုမူလုပ်ဆောင်နိုင်ပါလိမ့်မယ်။—ပညာ. ၂:၄-၇။
^ စာပိုဒ်၊ 5 နောဧရဲ့ အဘေး ဧနောက်လည်း “စစ်မှန်တဲ့ ဘုရားသခင်ရဲ့ လမ်းစဉ်အတိုင်း ဆက်လျှောက်လှမ်းတယ်။” ဒါပေမဲ့ နောဧ မမွေးခင် ၆၉ နှစ်လောက်မှာ သူ့ကို “ဘုရားသခင် သိမ်းယူ” ခဲ့တယ်။—က. ၅:၂၃၊ ၂၄။
^ စာပိုဒ်၊ 19 နောဧလည်း အလားတူပဲ။ ဧဒင်ပုန်ကန်မှု ပြီးတဲ့နောက် မကြာခင်မှာပဲ မယားအများယူစနစ် စတင်ခဲ့ပေမဲ့ နောဧမှာ မိန်းမတစ်ယောက်ပဲ ရှိတယ်။—က. ၄:၁၉။