ဘဝအတ္ထုပ္ပတ္တိ
ကျွန်မကို ယေဟောဝါ အမြဲ ထောက်မ
အဒေါ့ ဟစ်တလာ မိန့်ခွန်းပြောပြီးနောက် ပန်းစည်းဆက်ဖို့ ရွေးချယ်ခံရတဲ့ မိန်းကလေး လေးယောက်ထဲမှာ ကျွန်မလည်း ပါတယ်။ ကျွန်မကို ဘာကြောင့် ရွေးတာလဲ။ အဖေက နာဇီပါတီဝင်ဖြစ်ပြီး ရုံးခွဲတစ်ခုရဲ့ ပါတီခေါင်းဆောင်ဆီမှာ ယာဉ်မောင်းလုပ်တယ်။ အမေကတော့ ထက်သန်တဲ့ ကက်သလစ် ဘာသာဝင်ဖြစ်ပြီး ကျွန်မကို သီလရှင် ဖြစ်စေချင်တယ်။ အစွန်းနှစ်ဖက်ကြားမှာ သီလရှင်လည်း မဖြစ်၊ နာဇီအဖွဲ့ဝင်လည်း မဖြစ်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတာ ပြောပြပါရစေ။
ဩစတြီးယားနိုင်ငံ၊ ဂရပ်မြို့မှာ ကျွန်မ ကြီးပြင်းလာတယ်။ အသက် ခုနှစ်နှစ်မှာ ဘာသာရေးသင်တန်းကျောင်း တက်တယ်။ အဲဒီကျောင်းက ဘုန်းတော်ကြီးတွေနဲ့ သီလရှင်တွေ လိင်အကျင့်ပျက်တာကို မြင်ရလို့ လန့်သွားတယ်။ ဒါကြောင့် တစ်နှစ်အတွင်း အမေ ကျောင်းပြန်ထုတ်လိုက်တယ်။
နောက်ပိုင်း ဘော်ဒါကျောင်းမှာ တက်တယ်။ တစ်ည၊ ဂရပ်မြို့ ဗုံးကြဲခံရလို့ ဘေးကင်းရာကို အဖေ လာခေါ်သွားတယ်။ ရွှက်ဒမင်းမြို့မှာ ခိုလှုံကြတယ်။ တံတားတစ်စင်းဟာ ကျွန်မတို့ ဖြတ်ပြီးတာနဲ့ ဖောက်ခွဲခံလိုက်ရတယ်။ နောက်တစ်ကြိမ် ခြံထဲမှာ အဖွားနဲ့ ကျွန်မ ရှိနေတုန်း လေယာဉ်တွေ ပစ်ခတ်သွားတယ်။ ဒီတစ်လျှောက်လုံး ချာ့ခ်ျနဲ့ အစိုးရက ဘာမှ လုပ်မပေးနိုင်ဘူး။
တည်မြဲတဲ့ ထောက်မမှုအကြောင်း သိလာ
၁၉၅၀ မှာ ယေဟောဝါသက်သေတစ်ယောက် အမေ့ကို သက်သေခံတယ်။ သူတို့ပြောတာကို ကျွန်မ နားထောင်လေ့ရှိပြီး အသင်းတော် အစည်းအဝေးတွေကိုတောင် အမေနဲ့ လိုက်တက်တယ်။ ယေဟောဝါသက်သေတွေမှာ အမှန်တရားရှိမှန်း ယုံကြည်တဲ့အတွက် ၁၉၅၂ ခုနှစ်မှာ အမေ နှစ်ခြင်းခံခဲ့တယ်။
အဲဒီတုန်းက ဒေသခံ အသင်းတော်ဟာ ကျွန်မအတွက်တော့ အဖွားကြီးအုပ်စုလိုပဲ။ ဒါပေမဲ့ နောက်ပိုင်း လူငယ်အတော်များများရှိတဲ့ အသင်းတော်ကို သွားလည်ခဲ့တယ်။ အဖွားကြီးတွေပဲ ရှိတာမဟုတ်မှန်း သိခဲ့ရတယ်။ မကြာခင်မှာပဲ အစည်းအဝေးအားလုံး တက်ပြီး အမှန်တရားဖြစ်မှန်း ယုံကြည်လာတယ်။ ယေဟောဝါဟာ ကျေးကျွန်တွေကို အမြဲထောက်မပေးတဲ့ ဘုရားဖြစ်မှန်း သိလာတယ်။ တစ်ယောက်တည်း မကျော်လွှားနိုင်တဲ့ အခက်အခဲတွေ ကြုံရချိန်မှာတောင် ထောက်မပေးတယ်။—ဆာ. ၃:၅၊ ၆။
တခြားသူတွေကို အမှန်တရား ဝေမျှပေးချင်တဲ့အတွက် အရင်ဆုံး မောင်နှမတွေကို ပြောပြတယ်။
အစ်မကြီး လေးယောက်က ကျောင်းဆရာမတွေဖြစ်လို့ အဝေးမှာ နေကြတယ်။ သူတို့နေတဲ့ ရွာတွေဆီ သွားပြီး ကျမ်းစာလေ့လာဖို့ အားပေးတယ်။ နောက်ဆုံး မောင်နှမအားလုံး ယေဟောဝါသက်သေ ဖြစ်လာတယ်။တစ်အိမ်တက်ဆင်း အမှုဆောင်တဲ့ ဒုတိယအပတ်မှာ အသက် ၃၀ ဝန်းကျင် အမျိုးသမီးနဲ့ ဆုံပြီး ကျမ်းစာလေ့လာဖြစ်ခဲ့တယ်။ နှစ်ခြင်းခံတဲ့အထိ တိုးတက်လာတယ်။ သူ့ခင်ပွန်းနဲ့ သားနှစ်ယောက်လည်း နှစ်ခြင်းခံခဲ့တယ်။ အဲဒီသင်အံမှုက ကျွန်မအပေါ် အကြီးအကျယ် အကျိုးသက်ရောက်ခဲ့တယ်။ ဘာကြောင့်လဲ။ ကျွန်မကို အရင်က ဘယ်သူမှ သတ်သတ်မှတ်မှတ် ကျမ်းစာမသင်ပေးခဲ့ဘူး။ ဒါကြောင့် ကျမ်းစာသင်အံမှုအတွက် သေသေချာချာ ပြင်ဆင်ရတယ်။ သင်သားကို သင်ပေးနိုင်ဖို့ ကိုယ်တိုင် အရင်သင်ယူတယ်။ ဒီလိုနဲ့ အမှန်တရားကို ပိုလေးမြတ်လာတယ်။ ၁၉၅၄၊ ဧပြီလမှာ နှစ်ခြင်းခံခဲ့တယ်။
“ညှဉ်းပန်းနှိပ်စက်ခံရပေမဲ့ စွန့်ပစ်မခံရ”
၁၉၅၅ ခုနှစ်မှာ ဂျာမနီ၊ ပြင်သစ်၊ အင်္ဂလန်မှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီးတွေ တက်ခဲ့တယ်။ လန်ဒန်မြို့မှာ အဲလ်ဘတ် ရှရိုးဒါနဲ့ တွေ့တယ်။ သူက ဂိလဒ် ကျမ်းစာကျောင်းရဲ့ သင်တန်းမှူးဖြစ်ပြီး နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတယ်။ ဗြိတိသျှပြတိုက်ကို လည်ပတ်နေတုန်း ညီအစ်ကို ရှရိုးဒါက ကျမ်းလက်ရေးစာမူတချို့ ကျွန်မတို့ကို ပြတယ်။ အဲဒီထဲမှာ ဟီဘရူးစကားနဲ့ ဘုရားသခင့်နာမည် ပါတယ်။ ဘုရားသခင့်နာမည်ရဲ့ အရေးကြီးမှုအကြောင်း ရှင်းပြတယ်။ ကျွန်မ စိတ်ထိမိသွားပြီး ကျမ်းစာအမှန်တရားကို ပိုမြတ်နိုးလာတယ်။
၁၉၅၆၊ ဇန်နဝါရီ ၁ မှာ အချိန်ပြည့်ရှေ့ဆောင် ဖြစ်လာတယ်။ လေးလကြာပြီးနောက် ဩစတြီးယားမှာ အထူးရှေ့ဆောင်အဖြစ် ဖိတ်ခေါ်ခံရတယ်။ အဲဒီတုန်းက ကျွန်မအမှုဆောင်တဲ့ မစ်တယ်ဘစ်မြို့မှာ သက်သေခံ တစ်ယောက်မှ မရှိဘူး။ ကျွန်မ ကြုံရတဲ့ အခက်အခဲက ထူးခြားတယ်။ ရှေ့ဆောင်အဖော်နဲ့ ကျွန်မ လုံးဝစရိုက်မတူတာပဲ။ ကျွန်မက အသက် ၁၉ နှစ်လောက် ရှိတဲ့ မြို့သူ၊ သူက အသက် ၂၅ နှစ် တောသူ။ ကျွန်မက နောက်ကျမှ အိပ်ရာထတယ်၊ သူကတော့ အစောကြီး ထတတ်တယ်။ ညဆိုလည်း ကျွန်မက တော်တော်နဲ့ မအိပ်၊ သူက စောစော အိပ်တယ်။ ဒါပေမဲ့ ကျမ်းစာ အကြံဉာဏ်ကို လိုက်နာတဲ့အတွက် ပျော်ပျော်ရွှင်ရွှင် အတူ အမှုဆောင်နိုင်ခဲ့တယ်။
ပိုဆိုးတဲ့ အခက်အခဲတွေလည်း ကြုံခဲ့ရတယ်။ နှိပ်စက်ညှဉ်းပန်းမှုတချို့ ကြုံခဲ့ရပေမဲ့ “စွန့်ပစ်မခံရပါဘူး။” (၂ ကော. ၄:၇-၉) တစ်ခါက ရွာတစ်ရွာမှာ ဟောနေတုန်း ခွေးတွေနဲ့ ရှူးတိုက်ခံရတယ်။ ကျွန်မတို့နှစ်ယောက်ကို ခွေးကြီးတွေ မာန်ဖီပြီး ဝိုင်းဟောင်ကြတယ်။ လက်တွဲထားရင်း “ယေဟောဝါ၊ ခွေးကိုက်ခံရရင်လည်း အမြန်သေပါရစေ” လို့ ဆုတောင်းတဲ့ အထိပဲ။ ဒါပေမဲ့ ခွေးတွေ လက်တစ်ကမ်းလောက် အရောက်မှာ အမြီးနန့်ပြီး ပြန်ထွက်သွားကြတယ်။ ယေဟောဝါ ကာကွယ်ပေးတာလို့ ခံစားခဲ့ရတယ်။ အဲဒီနောက် ရွာအနှံ့ လိုက်ဟောတော့ လူတွေ ကောင်းကောင်း နားထောင်ကြတယ်။ ခွေးကိုက်မခံရလို့၊ မကြောက်ဘဲ ဆက်ဟောပြောလို့ ဖြစ်နိုင်တယ်။ နောက်ပိုင်း သူတို့ထဲကတချို့ သက်သေခံဖြစ်လာတယ်။
နောက်တစ်ကြိမ်မှာ အရက်မူးပြီး ပြန်လာတဲ့ အိမ်ရှင်က ကျွန်မတို့ကို သတ်မယ်လို့ ခြိမ်းခြောက်
တာ ကြုံခဲ့ရတယ်။ အိမ်နီးချင်းတွေကို နှောင့်ယှက်တယ်လို့ စွပ်စွဲတယ်။ သူ့ဇနီး ကြိုးစားဖျောင်းဖျပေမဲ့ အချည်းနှီးပဲ။ သူတို့ ပြောတာတွေကို အပေါ်ထပ်ကနေ အကုန် ကြားနေရတယ်။ ချက်ချင်း တံခါးရှေ့မှာ ခုံတွေနဲ့ ကာပြီး အထုတ်ပြင်ကြတယ်။ တံခါးလည်း ဖွင့်လိုက်ရော အိမ်ရှင်က ဓားမကြီး ကိုင်ပြီး လှေကားထိပ်မှာ ရပ်နေတယ်။ ဒါနဲ့ အနောက်ပေါက်ကနေ ခြံလမ်းအတိုင်း သုတ်ခြေတင် ပြေးခဲ့ရတယ်။ဟိုတယ်မှာ အခန်းငှားနေကြတယ်။ တစ်နှစ်နီးပါး နေလိုက်ရပြီး အမှုဆောင်လုပ်ငန်းမှာ အတော်အကျိုးရှိခဲ့တယ်။ ဘာကြောင့်လဲ။ ဟိုတယ်က မြို့လယ်ခေါင်မှာ ရှိလို့ ကျမ်းစာသင်သားတချို့ လာသင်ချင်ကြတယ်။ ဟိုတယ်အခန်းထဲမှာ စာအုပ်ကြီးသင်တန်း၊ အပတ်စဉ် ကင်းမျှော်စင် သင်တန်းတွေကို ကျင်းပပြီး တက်ရောက်သူ ၁၅ ယောက်လောက် ရှိတယ်။
မစ်တယ်ဘစ်မြို့မှာ တစ်နှစ်ကျော် နေရတယ်။ အဲဒီနောက် ဂရပ်မြို့ အရှေ့တောင်ပိုင်း၊ ဖဲဘစ်မြို့မှာ ရှေ့ဆောင်အဖော်သစ်နဲ့ ပြန်တာဝန်ကျတယ်။ အသင်းတော်တော့ မရှိဘူး။ ပျဉ်ထောင်အိမ် ဒုတိယထပ် အခန်းကျဉ်းထဲမှာ နေကြတယ်။ ပျဉ်တွေကြားထဲ လေတိုးလို့ အပေါက်တွေကို သတင်းစာနဲ့ ပိတ်ရတယ်။ ရေတွင်းကနေ ရေခပ်ရတယ်။ ဒါပေမဲ့ အကျိုးနပ်ပါတယ်။ လအနည်းငယ်ကြာတော့ အုပ်စုတစ်စု ဖြစ်လာတယ်။ နောက်ဆုံး၊ ကျွန်မတို့နဲ့ ကျမ်းစာလေ့လာတဲ့ မိသားစုဝင် ၃၀ လောက် အမှန်တရားထဲ ရောက်လာကြတယ်။
ဒီအတွေ့အကြုံတွေက နိုင်ငံတော်အကျိုး ဦးစားထားသူတွေကို ယေဟောဝါ အမြဲထောက်မပေးကြောင်း သိလာစေတယ်။ လူတွေ မကူညီနိုင်တဲ့ အခြေအနေ ရောက်လာရင်တောင် ယေဟောဝါ အမြဲကူညီပေးတယ်။—ဆာ. ၁၂၁:၁-၃။
ဘုရားသခင့် “ဖြောင့်မတ်တဲ့ ညာလက်နဲ့” ထောက်မခြင်း
၁၉၅၈ မှာ နယူးယောက်မြို့၊ ရန်ကီးနဲ့ ပိုလို အားကစားကွင်းတွေမှာ အပြည်ပြည်ဆိုင်ရာ အစည်းအဝေးကြီး ကျင်းပတယ်။ အစည်းအဝေးကြီး တက်ဖို့ လျှောက်လွှာတင်တော့ ဩစတြီးယား ဌာနခွဲက ၃၂ ကြိမ်မြောက် ဂိလဒ်ကျမ်းစာကျောင်း တက်ချင်သလားလို့ မေးတယ်။ ဘယ်လိုလုပ် ငြင်းနိုင်မှာလဲ။ “တက်ချင်တယ်” လို့ ချက်ချင်း ဖြေလိုက်တယ်။
သင်တန်းမှာ မာတင် ပိုစင်ဂါ ဘေးနား ထိုင်ရတယ်။ သူဟာ နာဇီ ချွေးတပ်စခန်းမှာ ဒုက္ခတွေ ခံခဲ့ရပြီး နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတယ်။ သင်တန်းအတွင်း “အယ်ရီကာ၊ အဲဒါ ဘာပြောတာလဲ” ဆိုပြီး တိုးတိုးလေး မေးတတ်တယ်။
သင်တန်းတစ်ဝက်မှာ နေသန်နောရ်က တာဝန်ကျတဲ့ နေရာတွေကို ကြေညာတယ်။ ကျွန်မက ပါရာဂွေးမှာ တာဝန်ကျတယ်။ ကျွန်မ အသက်ငယ်သေးတော့ ပြည်ဝင်ခွင့်ရဖို့ အဖေ့ခွင့်ပြုချက် လိုတယ်။ ပြည်ဝင်ခွင့်ရပြီး ၁၉၅၉၊ မတ်လမှာ ပါရာဂွေးကို ရောက်လာတယ်။ အာဆွန်စီယွန်မြို့က သာသနာပြုအိမ်မှာ အဖော်သစ်နဲ့ နေရတယ်။
မကြာခင်မှာပဲ အကြိမ် ၃၀ မြောက် ကျောင်းဆင်း သာသနာပြု ဝေါ်တာဘရိုက်နဲ့ ဆုံတယ်။ နောက်ပိုင်း သူနဲ့ လက်ထပ်လိုက်ပြီး ဘဝအခက်အခဲတွေကို အတူရင်ဆိုင်ကြတယ်။ ဘယ်ပြဿနာပဲ ကြုံရပါစေ “မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်” ဆိုတဲ့ ဟေရှာယ ၄၁:၁၀ မှာပါတဲ့ ကတိကို ဖတ်ကြတယ်။ အဲဒါက ဘုရားအပေါ် သစ္စာရှိပြီး နိုင်ငံတော်ကို ဦးစားထားနေသရွေ့ အမြဲကူညီပေးမယ်ဆိုတာ စိတ်ချစေတယ်။
နောက်ပိုင်း ဘရာဇီးနယ်စပ်နားမှာ တာဝန်ကျတယ်။ နဂိုကမှ ယိုင်နဲ့နဲ့ သာသနာပြုအိမ်ကို ကျောက်ခဲနဲ့ပေါက်ဖို့ လူငယ်တွေကို ဘုန်းတော်ကြီးတွေ သွေးထိုးပေးကြတယ်။ ဝေါ်တာရဲ့ သင်သားတစ်ယောက်က ရဲမှူးဆိုတော့ ကျွန်မတို့ကို မနှောင့်ယှက်နိုင်အောင် ရဲတွေ တစ်ပတ်လောက် စောင့်ကြပ်ပေးတယ်။ မကြာခင် ဘရာဇီးဘက်က ပိုကောင်းတဲ့အိမ်ကို ပြောင်းခဲ့ကြတယ်။ အဲဒီမှာ အစည်းအဝေးတွေကို ပါရာဂွေးလိုရော ဘရာဇီးလိုပါ ကျင်းပနိုင်လို့ အကျိုးရှိခဲ့တယ်။ အဲဒီကနေ မပြောင်းရွှေ့ခင် အသင်းတော်ငယ်လေး နှစ်ခု တည်ထောင်နိုင်ခဲ့တယ်။
ယေဟောဝါ ဆက်ထောက်မပေး
ကလေးမရနိုင်ဘူးလို့ ဆရာဝန်ပြောထားပေမဲ့ ၁၉၆၂ မှာ ကိုယ်ဝန်ရှိလာလို့ အံ့သြခဲ့ရတယ်။ ဝေါ်တာရဲ့ မိသားစုနဲ့နီးတဲ့ ဖလော်ရီဒါပြည်နယ်၊ ဟောလိဝုဒ်မှာ အခြေချခဲ့တယ်။ ကလေးရှိလာတော့ ကျွန်မတို့နှစ်ယောက် နှစ်အတော်ကြာ ရှေ့ဆောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံတော်ကို ဆက်ဦးစားထားခဲ့တယ်။—မ. ၆:၃၃။
ဖလော်ရီဒါကိုရောက်တဲ့ ၁၉၆၂၊ နိုဝင်ဘာမှာ ဒေသခံတွေက လူဖြူလူမည်း အတူဝတ်ပြုတာ၊ အတူအမှုဆောင်တာကို မနှစ်သက်မှန်း သိရလို့ အံ့သြခဲ့ရတယ်။ ဒါပေမဲ့ ယေဟောဝါက လူမျိုးရေး ခွဲခြားတာ မရှိဘူး။ မကြာခင် အသင်းတော်မှာ လူဖြူလူမည်း မခွဲခြားတော့ဘူး။ ယေဟောဝါရဲ့ အစီအစဉ်ဖြစ်မှန်း ထင်ရှားတယ်။ အခု အဲဒီဒေသမှာ အသင်းတော်များစွာ ရှိနေပြီ။
၅၅ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် ၂၀၁၅ မှာ ဝေါ်တာ ဦးနှောက်ကင်ဆာနဲ့ ဆုံးသွားတယ်။ သူဟာ ယေဟောဝါကို ချစ်ပြီး ညီအစ်ကို/မတွေကို ကူညီပေးတတ်တဲ့ ခင်ပွန်းကောင်းပါပဲ။ ကျန်းကျန်းမာမာ ထမြောက်လာမယ့် အချိန်ကို စောင့်မျှော်နေပါတယ်။—တ. ၂၄:၁၅။
အချိန်ပြည့်သက်တမ်း အနှစ် ၄၀ ကျော်အတွင်း ပျော်ရွှင်မှုနဲ့ ကောင်းချီးများစွာ ခံစားခဲ့ရတယ်။ ဥပမာ၊ ကျမ်းစာသင်သား ၁၃၆ ယောက် နှစ်ခြင်းခံတာကို ဝေါ်တာနဲ့ ကျွန်မ မြင်ခွင့်ရခဲ့တယ်။ အခက်အခဲတွေ ရှိပေမဲ့ သစ္စာရှိရှိ ဆက်အမှုဆောင်တဲ့အတွက် ဘုရားနဲ့ ပိုရင်းနှီးလာတယ်။ ဘုရားသခင်ဟာ သတ်မှတ်ထားတဲ့အချိန်မှာ မိမိနည်းလမ်းအတိုင်း ဖြေရှင်းပေးမယ်ဆိုတာ စိတ်ချလာတယ်။ အဲဒီအတိုင်းလည်း လုပ်ပေးခဲ့တယ်။—၂ တိ. ၄:၁၆၊ ၁၇။
ဝေါ်တာကို သိပ်လွမ်းပေမဲ့ ရှေ့ဆောင်လုပ်နေလို့ ဖြေသာပါတယ်။ အထူးသဖြင့် တခြားသူတွေကို ရှင်ပြန်ထမြောက်ခြင်းအကြောင်း သင်ပေးတဲ့အခါ စိတ်သက်သာရာ ရတယ်။ ယေဟောဝါ ထောက်မပေးတဲ့ နည်းလမ်းတွေဟာ မရေတွက်နိုင်အောင်ပါပဲ။ ကတိအတိုင်း ယေဟောဝါ ကျွန်မကို ထောက်မပေးတယ်၊ ခိုင်ခံ့စေတယ်၊ “ဖြောင့်မတ်တဲ့ ညာလက်နဲ့” မြဲမြဲကိုင်ထားပါတယ်။—ဟေရှာ. ၄၁:၁၀။