ခေါင်းဆောင် ခရစ်တော်ကို ယုံကြည်စိတ်ချပါ
“ခင်ဗျားတို့မှာ ခရစ်တော်ဆိုတဲ့ ခေါင်းဆောင် တစ်ယောက်ပဲ ရှိတယ်။”—မ. ၂၃:၁၀။
၁၊ ၂။ မောရှေ သေဆုံးပြီးနောက် ဘယ်အပြောင်းအလဲတွေကို ယောရှု ရင်ဆိုင်ရသလဲ။
“ငါ့ကျွန်မောရှေ သေဆုံးသွားပြီ။ ဒါကြောင့် မင်းက အစ္စရေးလူမျိုးနဲ့အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးပြီး ငါပေးမယ့်ပြည်ထဲ ဝင်ဖို့ အသင့်ပြင်ပါ” ဆိုပြီး ယောရှုကို ယေဟောဝါ မိန့်မှာတယ်။ (ယောရှု ၁:၁၊ ၂) နှစ်ပေါင်း ၄၀ နီးပါး မောရှေရဲ့ နောက်လိုက်လုပ်ခဲ့တဲ့ ယောရှုအတွက် အပြောင်းအလဲကြီးပါပဲ။
၂ အစ္စရေးတွေကို မောရှေ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့တယ်။ အခုတော့ ယောရှု ဦးဆောင်ရတော့မယ်။ လူတွေ ဘယ်လို တုံ့ပြန်မလဲလို့ ယောရှု တွေးမိမှာပဲ။ (တရား. ၃၄:၈၊ ၁၀-၁၂) စာအုပ်တစ်အုပ်က ယောရှု ၁:၁၊ ၂ ကို ရည်ညွှန်းပြီး “ခေါင်းဆောင် အကူးအပြောင်းကာလဟာ နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုအတွက် အစိုးရိမ်ရဆုံးကာလပါပဲ” လို့ပြောတယ်။
၃၊ ၄။ ယောရှုရဲ့ ယုံကြည်ကိုးစားမှုကို ဘုရားသခင် ဘယ်လို ကောင်းချီးပေးသလဲ။ ကျွန်တော်တို့ ဘယ်လို တွေးမိနိုင်သလဲ။
၃ ယောရှု စိုးရိမ်ပေမဲ့ ယေဟောဝါကို ယုံကြည်ကိုးစားပြီး လမ်းညွှန်ချက်တွေကို ချက်ချင်း လိုက်နာခဲ့တယ်။ (ယောရှု ၁:၉-၁၁) ဒါကြောင့် ယေဟောဝါ ကောင်းချီးပေးပြီး ကောင်းကင်တမန်ကတစ်ဆင့် ယောရှုနဲ့ အစ္စရေးတွေကို ဦးဆောင်ခဲ့တယ်။ အဲဒီ ကောင်းကင်တမန်ကတော့ ဘုရားသားဦး နှုတ်ကပတ်တော် ဖြစ်နိုင်တယ်။—ထွ. ၂၃:၂၀-၂၃။ ယော. ၁:၁။
၄ ယေဟောဝါရဲ့ ကူညီမှုကြောင့် အစ္စရေးတွေဟာ ခေါင်းဆောင် အပြောင်းအလဲကာလကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်။ ကျွန်တော်တို့လည်း အပြောင်းအလဲကာလမှာ အသက်ရှင်နေရတယ်။ ‘အရှိန်အဟုန်နဲ့ တိုးတက်နေတဲ့ ဘုရားအဖွဲ့အစည်းမှာ ခန့်အပ်ခံ ခေါင်းဆောင် ယေရှုကို ယုံကြည်စိတ်ချသင့်တဲ့ အကြောင်းရင်းတွေ ရှိသလား’ လို့ တွေးမိနိုင်တယ်။ (မဿဲ ၂၃:၁၀ ကိုဖတ်ပါ။) အတိတ်ခေတ် အပြောင်းအလဲကာလတွေမှာ ယေဟောဝါ ဘယ်လို ဦးဆောင်ခဲ့ကြောင်း သုံးသပ်ကြည့်ကြစို့။
ဘုရားလူမျိုးကို ခါနန်ပြည်ထဲ ဦးဆောင်ခေါ်ခြင်း
၅။ ယေရိခေါမြို့နားမှာ ယောရှု ဘာကြုံခဲ့သလဲ။ (ဆောင်းပါးအစမှာပါတဲ့ ပုံကို ကြည့်ပါ။)
၅ ဂျော်ဒန်မြစ်ကို ဖြတ်ပြီး မကြာခင်မှာ မမျှော်လင့်တဲ့ဖြစ်ရပ်ကို ယောရှု ကြုံရတယ်။ ယေရိခေါမြို့နားမှာ ဓားကိုင်ထားသူတစ်ယောက်နဲ့ ဆုံတယ်။ ဘယ်သူမှန်း မသိလို့ “ခင်ဗျားက ကျွန်တော်တို့ဘက်ကလား၊ ရန်သူ့ဘက်ကလား” လို့မေးတဲ့အခါ ဘုရားလူမျိုးကို ကာကွယ်ပေးမယ့် “ယေဟောဝါရဲ့ ဗိုလ်ချုပ်” ဖြစ်မှန်း သိလိုက်ရတယ်။ (ယောရှု ၅:၁၃-၁၅ ကိုဖတ်ပါ။) တခြားမှတ်တမ်းတွေမှာ ယောရှုကို ယေဟောဝါ တိုက်ရိုက်စကားပြောတယ်လို့ ရေးထားပေမဲ့ အရင်တုန်းကလိုပဲ ကောင်းကင်တမန်ကတစ်ဆင့် ပြောနေတာ။—ထွ. ၃:၂-၄။ ယောရှု ၄:၁၊ ၁၅။ ၅:၂၊ ၉။ တ. ၇:၃၈။ ဂလ. ၃:၁၉။
၆-၈။ (က) ယေဟောဝါရဲ့ လမ်းညွှန်ချက်တချို့က ဘာကြောင့် အဓိပ္ပာယ်မရှိပုံပေါက်နိုင်သလဲ။ (ခ) လမ်းညွှန်ချက်တွေက ပညာရှိပြီး အချိန်ကိုက်ဖြစ်ကြောင်း ဘယ်လို သိရသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၆ ယေရိခေါမြို့ကို ဘယ်လို သိမ်းရမယ်ဆိုတာ ယောရှုကို ကောင်းကင်တမန် အတိအကျ ညွှန်ကြားတယ်။ အစပိုင်းမှာ ညွှန်ကြားချက်တချို့က လက်တွေ့မကျဘူးလို့ ထင်ရနိုင်တယ်။ ဥပမာ၊ ယောက်ျားအားလုံးကို အရေဖျားဖြတ်ခိုင်းတဲ့အတွက် အနာကြောင့် ရက်အတော်ကြာ တိုက်ပွဲဝင်နိုင်မှာ မဟုတ်ဘူး။ ဒီအချိန်ဟာ တကယ်ပဲ အရေဖျားဖြတ်သင့်တဲ့အချိန်လား။—က. ၃၄:၂၄၊ ၂၅။ ယောရှု ၅:၂၊ ၈။
၇ ‘ရန်သူတွေ လာတိုက်ရင် မိသားစုကို ဘယ်လို ကာကွယ်မလဲ’ လို့ စစ်သားတွေ တွေးမိမှာပဲ။ အဲဒီအချိန်မှာ မျှော်လင့်မထားတာ ဖြစ်လာတယ်။ ယေရိခေါမြို့သားတွေက လာတိုက်မယ့်အစား “အစ္စရေးတွေကို ကြောက်လို့ မြို့တံခါးကို လုံလုံခြုံခြုံ ပိတ်ထားတယ်။” (ယောရှု ၆:၁) မမျှော်လင့်တဲ့ ဒီအပြောင်းအလဲကြောင့် ဘုရားလမ်းညွှန်ချက်တွေကို ပိုယုံကြည်စိတ်ချလာကြတယ်။
၈ ယေရိခေါမြို့ကို တိုက်ခိုက်မယ့်အစား မြို့ကို တစ်ရက် တစ်ကြိမ်၊ ခြောက်ရက် လှည့်ပတ်ချီတက်ဖို့၊ ခုနစ်ရက်မြောက်နေ့မှာတော့ ခုနစ်ကြိမ် လှည့်ပတ်ချီတက်ဖို့ မိန့်မှာတယ်။ ‘အချိန်ကုန်၊ လူပန်းရုံပဲ ရှိမယ်’ လို့ စစ်သားတချို့ တွေးမိမှာပဲ။ ဒါပေမဲ့ အစ္စရေးတို့ရဲ့ မျက်မြင်မရ ခေါင်းဆောင် ယေဟောဝါကတော့ ကိုယ်ဘာလုပ်နေတယ်ဆိုတာ ကောင်းကောင်း သိတယ်။ သူ့ရဲ့လမ်းညွှန်ချက်တွေကို လိုက်ရင် အစ္စရေးတွေရဲ့ ယုံကြည်ခြင်း ခိုင်ခံ့လာမယ့်အပြင် ရန်သူတွေကိုလည်း တိုက်ခိုက်ဖို့ လိုမှာ မဟုတ်ဘူး။—ယောရှု ၆:၂-၅။ ဟီ. ၁၁:၃၀။ *
၉။ ဘုရားအဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်တွေကို ဘာကြောင့် လိုက်နာသင့်သလဲ။ ဥပမာပေးပါ။
၉ ဒီမှတ်တမ်းကနေ ဘာသင်ယူနိုင်သလဲ။ အဖွဲ့အစည်းရဲ့
လုပ်ဆောင်မှုတချို့ကို အပြည့်အဝ နားမလည်တဲ့အခါတွေ ရှိနိုင်တယ်။ ဥပမာ၊ ကိုယ်ပိုင်လေ့လာမှု၊ အမှုဆောင်လုပ်ငန်း၊ အစည်းအဝေးတွေမှာ အီလက်ထရောနစ် ပစ္စည်းတွေ သုံးတာကို အစပိုင်းမှာ သိပ်မကြိုက်တာ ဖြစ်နိုင်တယ်။ အခုတော့ အကျိုးကျေးဇူးတွေကို သိလာပါပြီ။ ဒီလိုအပြောင်းအလဲတွေရဲ့ အကျိုးရလဒ်တွေကို မြင်တဲ့အခါ ယုံကြည်ခြင်း၊ စည်းလုံးမှု တိုးများလာတယ်။ပထမရာစုမှာ ခရစ်တော်ရဲ့ ဦးဆောင်မှု
၁၀။ အရေဖျားဖြတ်ခြင်းကိစ္စ ပေါ်လာတဲ့အခါ ကိစ္စရပ်တွေကို ဘယ်သူ လမ်းညွှန်ပေးသလဲ။
၁၀ ကော်နေလိ ခရစ်ယာန်ဖြစ်လာပြီး ၁၃ နှစ်လောက်အကြာမှာ ဂျူးတချို့က အရေဖျားဖြတ်ခြင်းကို အလေးပေးနေကြတုန်းပဲ။ (တ. ၁၅:၁၊ ၂) ဒီကိစ္စကို အန္တိအုတ်မြို့မှာ အငြင်းပွားတဲ့အခါ ဂျေရုဆလင်မှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့ဆီ ပေါလု သွားမေးမြန်းဖို့ စီစဉ်ပေးကြတယ်။ ဒီလမ်းညွှန်ချက်ရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေသလဲ။ “ဗျာဒိတ်တော်ရလို့ ကျွန်တော်သွားတာပါ” လို့ ပေါလု ပြောတယ်။ အငြင်းပွားမှုကို အုပ်ချုပ်ရေးအဖွဲ့ ဖြေရှင်းနိုင်ဖို့ ခရစ်တော် လမ်းညွှန်နေတာ ထင်ရှားပါတယ်။—ဂလ. ၂:၁-၃။
၁၁။ (က) အရေဖျားဖြတ်စရာ မလိုဘူးလို့ ဆုံးဖြတ်ပြီးတာတောင် ဂျူးခရစ်ယာန်တွေ ဘာဆက်လုပ်ကြသလဲ။ (ခ) ဂျေရုဆလင်မြို့က အကြီးအကဲတွေကို ပေါလု ဘယ်လိုနည်းနဲ့ ထောက်မသလဲ။ (အောက်ခြေမှတ်ချက်ကိုလည်း ကြည့်ပါ။)
၁၁ အုပ်ချုပ်ရေးအဖွဲ့ဟာ ဂျူးမဟုတ်တဲ့ ခရစ်ယာန်တွေ အရေဖျားဖြတ်စရာမလိုဘူးလို့ ခရစ်တော်ရဲ့ လမ်းညွှန်ချက်အရ ဆုံးဖြတ်ခဲ့တယ်။ (တ. ၁၅:၁၉၊ ၂၀) ဒီလိုဆုံးဖြတ်ပြီး နှစ်နဲ့ချီကြာတာတောင် ဂျူးခရစ်ယာန်များစွာက ကလေးတွေကို အရေဖျားဖြတ်ပေးနေတုန်းပဲ။ ဂျေရုဆလင်မြို့က အကြီးအကဲတွေဟာ ပေါလု မောရှေပညတ်ကို မလိုက်နာဘူးဆိုတဲ့ ကောလာဟလ ကြားတဲ့အခါ မမျှော်လင့်ထားတာတစ်ခု လုပ်ဖို့ ညွှန်ကြားတယ်။ * (တ. ၂၁:၂၀-၂၆) “ပညတ်တရားကို လိုက်နာမှန်း” လူတွေ သိအောင် လူလေးယောက်ကို ဗိမာန်တော်ဆီ ခေါ်သွားခိုင်းတယ်။ တကယ့်ပြဿနာက အရေဖျားဖြတ် ခြင်းအကြောင်း ကောင်းကောင်းနားမလည်တဲ့ ဂျူးခရစ်ယာန်တွေပဲဆိုပြီး ပေါလု စောဒကမတက်ခဲ့ဘူး။ စည်းလုံးမှု တိုးများစေချင်တဲ့ အကြီးအကဲတွေ ပြောတဲ့အတိုင်း နှိမ့်ချစွာ လုပ်ဆောင်ခြင်းအားဖြင့် ထောက်မခဲ့တယ်။ ‘မိမိသေခြင်းအားဖြင့် မောရှေပညတ်ကို ပယ်ဖျက်ပြီး နှစ်ပေါင်းများစွာ ကြာတာတောင် အရေဖျားဖြတ်ခြင်းပြဿနာကို ယေရှု ဘာကြောင့် ခွင့်ပြုထားတာလဲ’ လို့ ကျွန်တော်တို့ တွေးမိနိုင်တယ်။—ကော. ၂:၁၃၊ ၁၄။
၁၂။ အရေဖျားဖြတ်ခြင်းပြဿနာကို ယေရှု ဘာကြောင့် ဒီလောက်ကြာကြာ ခွင့်ပြုထားတာလဲ။
၁၂ နားလည်မှုအသစ်ကို လက်ခံဖို့ ဂျူးခရစ်ယာန်တချို့အတွက် အချိန်လိုခဲ့တယ်။ (ယော. ၁၆:၁၂) အရေဖျားဖြတ်ခြင်းဟာ ဘုရားနဲ့ အထူးဆက်ဆံရေးရှိကြောင်း ဖော်ပြတဲ့ လက္ခဏာ မဟုတ်တော့မှန်း လက်ခံဖို့ ခက်နေကြတယ်။ (က. ၁၇:၉-၁၂) တချို့ကျတော့ နှိပ်စက်ခံရမှာ ကြောက်ပြီး ဂျူးတွေနဲ့ ကွဲပြားစွာ မရပ်တည်ရဲကြဘူး။ (ဂလ. ၆:၁၂) အချိန်တန်တဲ့အခါမှာတော့ ခရစ်တော်ဟာ ပေါလုရေးတဲ့ ကျမ်းစောင်တွေကတစ်ဆင့် ထပ်ဆင့်လမ်းညွှန်တယ်။—ရော. ၂:၂၈၊ ၂၉။ ဂလ. ၃:၂၃-၂၅။
အသင်းတော်ကို ခရစ်တော် ဦးဆောင်နေဆဲ
၁၃။ ဒီနေ့ခေတ် ခရစ်တော်ရဲ့ ဦးဆောင်မှုကို လေးမြတ်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၃ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတချို့ကို ကျွန်တော်တို့ အပြည့်အဝ နားမလည်တဲ့အခါ အရင်တုန်းက ခရစ်တော် ဦးဆောင်ပုံကို ပြန်စဉ်းစားသင့်တယ်။ ယောရှုခေတ်မှာဖြစ်စေ၊ ပထမရာစုခေတ်မှာဖြစ်စေ ခရစ်တော်ဟာ ဘုရားလူမျိုးကို ကာကွယ်ဖို့၊ ယုံကြည်ခြင်း ခိုင်ခံ့စေဖို့၊ စည်းလုံးနေစေဖို့ လမ်းညွှန်ချက်တွေ အမြဲပေးခဲ့တယ်။—ဟီ. ၁၃:၈။
၁၄-၁၆။ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ဆီကရတဲ့ လမ်းညွှန်ချက်တွေက ကျွန်တော်တို့ရဲ့အကျိုးကို ခရစ်တော် ဂရုစိုက်ကြောင်း ဘယ်လို ဖော်ပြသလဲ။
၁၄ “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်” ကတစ်ဆင့် အချိန်တန် လမ်းညွှန်ချက်တွေ ပေးနေတာက ကျွန်တော်တို့ရဲ့အကျိုးကို ယေရှု မေတ္တာပါပါ ဂရုစိုက်နေကြောင်း ဖော်ပြတယ်။ (မ. ၂၄:၄၅) သားသမီးလေးယောက်ရှိတဲ့ မာ့ခ်က “အသင်းတော် အားနည်းအောင် မိသားစုတွေကို စာတန် တိုက်ခိုက်နေတယ်။ မိသားစုဝတ်ပြုမှု ပတ်စဉ်လုပ်ပါဆိုတဲ့ အားပေးချက်က မိသားစုကို ကာကွယ်စောင့်ရှောက်ဖို့ အိမ်ထောင်ဦးစီးတွေကို သတိပေးလိုက်တာပဲ” လို့ပြောတယ်။
၁၅ ခရစ်တော်ရဲ့ ဦးဆောင်ပုံက ကျွန်တော်တို့ကို ယုံကြည်ခြင်း ခိုင်ခံ့စေချင်ကြောင်း နားလည်စေတယ်။ “စနေ၊ တနင်္ဂနွေနေ့တွေမှာ လယ်ကွင်းစုဆုံမှုအတွက် အုပ်စုလေးတွေ ခွဲလိုက်တာကို အစပိုင်းမှာ တချို့ မကြိုက်ကြဘူး” လို့ အကြီးအကဲ ပက်ထရစ် ပြောတယ်။ ဒါပေမဲ့ ယောက်တိုင်းကို ယေရှု စိတ်ဝင်စားကြောင်း ဒီအစီအစဉ်က ဖော်ပြတယ်။ အခုဆို ရှက်တတ်တဲ့၊ အမှုဆောင်မှာ သိပ်မပါဝင်တဲ့ ညီအစ်ကို/မတွေဟာ တန်ဖိုးရှိတယ်၊ အသုံးဝင်တယ်လို့ ခံစားရပြီး အမှုဆောင်မှာ ပိုပါဝင်လာကြတယ်။
၁၆ ကမ္ဘာပေါ်မှာ အရေးကြီးဆုံးဖြစ်တဲ့ ဟောပြောခြင်းလုပ်ငန်းကို အာရုံစိုက်နိုင်အောင်လည်း ခရစ်တော် ကူညီပေးနေတယ်။ (မာကု ၁၃:၁၀ ကိုဖတ်ပါ။) အကြီးအကဲဖြစ်ခါစ အန်ဒရေဟာ အဖွဲ့အစည်းရဲ့ အပြောင်းအလဲတွေကို အမြဲ အာရုံစိုက်တယ်။ “ဌာနခွဲတွေမှာ လူလျှော့လိုက်တာက လက်ရှိအချိန်ရဲ့ အရေးကြီးမှုကို သိရှိစေပြီး ဟောပြောခြင်းလုပ်ငန်းမှာ ပိုအာရုံစိုက်ဖို့ ကူညီပေးတယ်” လို့ သူပြောတယ်။
ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို သစ္စာရှိရှိ ထောက်ခံပါ
၁၇၊ ၁၈။ လက်ရှိအပြောင်းအလဲတွေနဲ့အညီ အလိုက်သင့် လုပ်ဆောင်ခြင်းရဲ့ အကျိုးကျေးဇူးကို ဘာကြောင့် စဉ်းစားသင့်သလဲ။
၁၇ နန်းထိုင်ဘုရင် ယေရှုခရစ်ရဲ့ ဦးဆောင်မှုက အခုရော၊ အနာဂတ်မှာပါ အကျိုးပြုပါလိမ့်မယ်။ လက်ရှိအပြောင်းအလဲတွေနဲ့အညီ အလိုက်သင့် လုပ်ဆောင်ခြင်း
ရဲ့ အကျိုးကျေးဇူးကို အာရုံစိုက်ပါ။ ပတ်စဉ်အစည်းအဝေးနဲ့ အမှုဆောင် အပြောင်းအလဲတွေကနေ အကျိုးရပုံကို မိသားစုဝတ်ပြုမှုမှာ ဆွေးနွေးပါ။၁၈ အဖွဲ့အစည်းကလာတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာခြင်းက အကျိုးဖြစ်ထွန်းစေကြောင်း အမှတ်ရမယ်ဆိုရင် ဝမ်းမြောက်ဝမ်းသာ လိုက်နာဖို့ လွယ်ကူပါလိမ့်မယ်။ ဥပမာ၊ စာပေပုံနှိပ်ခြင်းကို လျှော့ချပြီး ခေတ်သစ်နည်းပညာတွေကို ပိုသုံးခြင်းက ငွေချွေတာရာရောက်တဲ့အပြင် သတင်းကောင်း ပိုပျံ့နှံ့စေတယ်။ ဒါကြောင့် အီလက်ထရောနစ်စာပေနဲ့ မီဒီယာကဏ္ဍကို ပိုအသုံးပြုပါ။ ဒီနည်းအားဖြင့် အဖွဲ့အစည်းရဲ့ ငွေကြေးဥစ္စာကို အမြော်အမြင်ရှိရှိ သုံးစေချင်တဲ့ ခရစ်တော်ကို ထောက်မနိုင်ပါတယ်။
၁၉။ ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို ဘာကြောင့် ထောက်မသင့်သလဲ။
၁၉ ခရစ်တော်ရဲ့ လမ်းညွှန်ချက်ကို ထောက်မမယ်ဆိုရင် တခြားသူတွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ပိုစည်းလုံးစေတယ်။ ကမ္ဘာတစ်ဝန်း ဗေသလအိမ်သား လျှော့ချတာနဲ့ပတ်သက်ပြီး အန်ဒရေက “ဒီအပြောင်းအလဲကို လက်ခံခဲ့တဲ့ ဗေသလအိမ်သားတွေရဲ့ စိတ်ဓာတ်က ကျွန်တော့် ယုံကြည်စိတ်ချမှုနဲ့ လေးစားမှုကို တိုးများစေတယ်။ ဘယ်တာဝန်ကိုမဆို လက်ခံခြင်းအားဖြင့် ယေဟောဝါရဲ့ ကောင်းကင်ရထားနဲ့ အမီလိုက်နေကြတယ်” လို့ပြောတယ်။
ခေါင်းဆောင်ကို ယုံကြည်စိတ်ချပါ
၂၀၊ ၂၁။ (က) ခေါင်းဆောင် ခရစ်တော်ကို ဘာကြောင့် ယုံကြည်စိတ်ချနိုင်သလဲ။ (ခ) နောက်ဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးကြမလဲ။
၂၀ ခေါင်းဆောင် ယေရှုခရစ်ဟာ မကြာခင် “အပြီးသတ်အောင်ပွဲခံ” ပြီး “အံ့ဩစရာတွေ လုပ်ဆောင်” ပါတော့မယ်။ (ဗျာ. ၆:၂။ ဆာ. ၄၅:၄) ထမြောက်လာမယ့်သူတွေကို သွန်သင်ပြီး တစ်ကမ္ဘာလုံးကို ပရဒိသုဖြစ်စေရမယ့် ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက ကျွန်တော်တို့ကို ပြင်ဆင်ပေးနေတယ်။
၂၁ ဘာအပြောင်းအလဲပဲ ကြုံရပါစေ ဘိသိက်ခံဘုရင်ကို အကြွင်းမဲ့ကိုးစားမယ်ဆိုရင် ကမ္ဘာသစ်ထဲ ကျွန်တော်တို့ကို ဦးဆောင်သွားပါလိမ့်မယ်။ (ဆာလံ ၄၆:၁-၃ ကိုဖတ်ပါ။) ဘဝမှာ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ကြုံရတဲ့အခါ ခက်ခဲနိုင်တယ်။ အဲဒီအခါ စိတ်ငြိမ်သက်မှု၊ ယေဟောဝါအပေါ် အပြည့်အဝ ယုံကြည်စိတ်ချမှုကို ဘယ်လို ဆက်ထိန်းနိုင်မလဲ။ နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
^ အပိုဒ်၊ 8 ရှေးဟောင်းသုတေသီတွေက ယေရိခေါမြို့ အပျက်အယွင်းပုံတွေထဲမှာ ဂျုံစပါး အမြောက်အမြားကို တွေ့ရှိခဲ့ကြတယ်။ ဒါက မြို့ဟာ အကြာကြီး ပိတ်ဆို့မခံရကြောင်း၊ အစာရေစာ မပြတ်လပ်ခဲ့ကြောင်း ဖော်ပြတယ်။ အစ္စရေးတွေ ပြည်ကို ဝင်ရောက်သိမ်းပိုက်တာ အချိန်ကောင်းပါပဲ။ ယေရိခေါမြို့ထဲကနေ ဘာမှ ယူခွင့်မရှိပေမဲ့ ရိတ်သိမ်းချိန်ဖြစ်လို့ လယ်ကွင်းတွေမှာ စားစရာတွေ အလျှံအပယ် ရှိနေတယ်။—ယောရှု ၅:၁၀-၁၂။
^ အပိုဒ်၊ 11 ၂၀၀၃၊ မတ် ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၄ ပါ “စမ်းသပ်မှုတစ်ခုကို ပေါလု နှိမ့်ချစွာ တုံ့ပြန်ပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။