လေ့လာရန် ဆောင်းပါး ၄၂
ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသူတွေ ပျော်ရွှင်ကြ
“ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲ မနေဘူး။” —ဆာ. ၈၄:၁၁။
သီချင်း ၁၂၄ သစ္စာမြဲပါ
အကြိုသုံးသပ်ချက် *
၁-၂။ (က) ယေဟောဝါရဲ့ လူမျိုးကို အစိုးရတချို့ ဘယ်လို ဆန့်ကျင်ကြသလဲ။ ဘုရားလူမျိုး ဘယ်လို တုံ့ပြန်သလဲ။ (ခ) နှိပ်စက်ညှဉ်းပန်းမှုက ဘယ်လို ပျော်ရွှင်စေနိုင်သလဲ။ (မျက်နှာဖုံးပုံနဲ့ပတ်သက်ပြီး မှတ်ချက်ပေးပါ။)
ကမ္ဘာတစ်ဝန်း နိုင်ငံဒေသပေါင်း ၃၀ ကျော်မှာ အဖွဲ့အစည်း လုပ်ငန်း ကန့်သတ်၊ ပိတ်ပင်ခံထားရတယ်။ နိုင်ငံတချို့မှာ ညီအစ်ကို/မတွေ ထောင်ချခံနေရတယ်။ ဘာအပြစ် လုပ်မိလို့လဲ။ ယေဟောဝါကတော့ သူတို့မှာ အပြစ် ရှိတယ်လို့ မယူဆဘူး။ သူတို့လုပ်တာဆိုလို့ ကျမ်းစာ ဖတ်ရှုလေ့လာ၊ ယုံကြည်ချက်အကြောင်း တခြားသူတွေကို ပြောပြ၊ ယုံကြည်သူချင်းတွေနဲ့အတူ အစည်းအဝေး တက်တာပဲ ရှိတယ်။ နိုင်ငံရေး ကိစ္စတွေမှာ ဘယ်ဘက်မှ မပါကြဘူး။ ပြင်းထန်တဲ့ ဆန့်ကျင်မှု ကြုံရရင်တောင် သမာဓိ စောင့်ထိန်းကြတယ်။ * ယေဟောဝါကို အကြွင်းမဲ့ ဆည်းကပ်ဝတ်ပြုကြတယ်။ အဲဒီလို လုပ်ရတာကို သူတို့ ပျော်ရွှင်ကြတယ်။
၂ သတ္တိရှိတဲ့ အဲဒီသက်သေခံတချို့ရဲ့ ဓာတ်ပုံတွေကို သင် မြင်ဖူးမှာပါ။ သူတို့မျက်နှာ ပြုံးပျော်ရွှင်နေတာပဲ။ သူတို့ရဲ့ သမာဓိကို ယေဟောဝါ နှစ်သက်မှန်း သိထားကြလို့ပဲ။ (၁ ရာ. ၂၉:၁၇) “ဖြောင့်မှန်ရာကို လုပ်တဲ့အတွက် နှိပ်စက်ခံရသူတွေ ပျော်ရွှင်ချမ်းမြေ့တယ်။ ခင်ဗျားတို့ ရမယ့်ဆုဟာ ကြီးမြတ်တဲ့အတွက် ဝမ်းမြောက် ရွှင်လန်းကြပါ” လို့ ယေရှု ပြောတယ်။—မ. ၅:၁၀-၁၂။
ကျွန်တော်တို့အတွက် စံနမူနာ
၃။ တမန်တော် ၄:၁၉၊ ၂၀ အရ နှိပ်စက်ခံရတဲ့အခါ တမန်တော်တွေ ဘယ်လို တုံ့ပြန်သလဲ။ ဘာကြောင့်လဲ။
၃ ယေရှုအကြောင်း ဟောလို့ နှိပ်စက်ခံရတဲ့ ပထမရာစုခေတ် တမန်တော်တွေလို ညီအစ်ကို/မတွေ ကြုံနေရတယ်။ ဂျူးတရားရုံးချုပ် တရားသူကြီးတွေက “ယေရှုရဲ့နာမည်ကို အမှီပြုပြီး မဟောပြောဖို့” တမန်တော်တွေကို အကြိမ်ကြိမ် “အမိန့်ပေးတယ်။” (တ. ၄:၁၈။ ၅:၂၇၊ ၂၈၊ ၄၀) တမန်တော်တွေ ဘယ်လို တုံ့ပြန်သလဲ။ (တမန်တော် ၄:၁၉၊ ၂၀ ကို ဖတ်ပါ။) ဂျူးတရားရုံးချုပ်ထက် ပိုကြီးမြတ်သူက ခရစ်တော်အကြောင်း ‘ဟောပြောပြီး စေ့စေ့စပ်စပ် သက်သေခံဖို့ မှာကြားခဲ့’ မှန်း သူတို့ သိတယ်။ (တ. ၁၀:၄၂) ဒါကြောင့် အဲဒီတရားသူကြီးတွေထက် ဘုရားကို နာခံမယ့်အကြောင်း၊ ယေရှုအကြောင်း မဟောဘဲ မနေမယ့်အကြောင်း တခြားတမန်တော်တွေကိုယ်စား ပေတရုနဲ့ ယောဟန် ပြောတယ်။ တကယ်တော့ ‘ဘုရားအမိန့်ထက် ခင်ဗျားတို့ရဲ့ အမိန့်ကို ပိုနာခံသင့်တယ်လို့ ထင်နေလား’ ဆိုပြီး မေးလိုက်တာပါပဲ။
၄။ တမန်တော် ၅:၂၇-၂၉ အရ ခရစ်ယာန်စစ် အားလုံးအတွက် တမန်တော်တွေ ဘယ်ပုံသက်သေ ချမှတ်သလဲ။ ကျွန်တော်တို့ ဘယ်လို အတုယူနိုင်သလဲ။
၄ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်” တဲ့ တမန်တော်တွေရဲ့ ပုံသက်သေကို ခရစ်ယာန်စစ် အားလုံး လိုက်လျှောက်နေကြတယ်။ (တမန်တော် ၅:၂၇-၂၉ ကို ဖတ်ပါ။) သမာဓိ စောင့်ထိန်းလို့ ရိုက်နှက်ခံရပြီးနောက် တမန်တော်တွေက “ယေရှုရဲ့နာမည်ကြောင့် အရှက်ခွဲခံရတာကို ဂုဏ်ယူစရာအဖြစ် ယူမှတ်ပြီး ဂျူးတရားရုံးချုပ်ကနေ ဝမ်းမြောက်ဝမ်းသာ ထွက်သွားကြတယ်။” ဆက်ဟောပြောကြတယ်။—တ. ၅:၄၀-၄၂။
၅။ ဘယ်မေးခွန်းတွေကို ဆွေးနွေးကြမလဲ။
၅ တမန်တော်တွေရဲ့ ပုံသက်သေကြောင့် မေးခွန်းတချို့ ပေါ်လာတယ်။ လူ့စကားထက် ဘုရားစကားကို နားထောင်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက်နဲ့ ‘အထက်အာဏာပိုင်တွေကို လက်အောက်ခံပါ’ ဆိုတဲ့ ကျမ်းစာမိန့်မှာချက်ကို ပထမရာစု ခရစ်ယာန်တွေ ဘယ်လို ဟန်ချက်ညီစေခဲ့သလဲ။ (ရော. ၁၃:၁) တမန်တော် ပေါလုလိုပဲ ကျွန်တော်တို့လည်း ‘အစိုးရနဲ့ အာဏာပိုင်တွေကို နာခံ’ ရင်း အကြီးမြတ်ဆုံး အုပ်စိုးရှင် ဘုရားကို ဘယ်လို ဆက်သမာဓိ စောင့်ထိန်းနိုင်သလဲ။—တိ. ၃:၁။
“အထက်အာဏာပိုင်တွေ”
၆။ (က) ရောမ ၁၃:၁ မှာ ပါတဲ့ “အထက်အာဏာပိုင်တွေ” ဆိုတာ ဘယ်သူတွေလဲ။ သူတို့ကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသင့်သလဲ။ (ခ) လူ့အုပ်စိုးရှင် အားလုံးမှာ အခွင့်အာဏာ ဘယ်လောက် ရှိသလဲ။
၆ ရောမ ၁၃:၁ ကို ဖတ်ပါ။ ဒီကျမ်းချက်မှာ “အထက်အာဏာပိုင်တွေ” ဆိုတာ တခြားသူတွေအပေါ် ဩဇာအာဏာ ရှိပြီး ထိန်းချုပ်နိုင်တဲ့ လူ့အုပ်စိုးရှင်တွေကို ဆိုလိုတယ်။ သူတို့ကို ခရစ်ယာန်တွေ လက်အောက်ခံရမယ်။ သူတို့က တိုင်းပြည်မှာ ငြိမ်ဝပ်ပိပြားမှု ရှိစေတယ်။ ဥပဒေကို လိုက်နာစေတယ်။ တစ်ခါတလေ ဘုရားလူမျိုးကို ကာကွယ်ပေးကြတယ်။ (ဗျာ. ၁၂:၁၆) ဒါကြောင့် သူတို့ သတ်မှတ်ထားတဲ့ အခွန်အကောက်တွေ ပေးသင့်တယ်။ သူတို့ကို ကြောက်ရွံ့ရိုသေသင့်တယ်။ (ရော. ၁၃:၇) ဒါပေမဲ့ ယေဟောဝါ ခွင့်ပြုထားလို့သာ သူတို့မှာ အခွင့်အာဏာ ရှိနေတာ။ ရောမဘုရင်ခံ ပုန္တိပိလတ် စစ်မေးချိန်မှာ အဲဒီအချက်ကို ယေရှု ရှင်းရှင်းလင်းလင်း ပြောတယ်။ ယေရှုကို လွှတ်ပေးနိုင်သလို သတ်နိုင်တယ်လို့ ပိလတ် ပြောချိန်မှာ ယေရှုက “ဘုရားသခင်ကသာ အခွင့်မပေးရင် ကျွန်တော့်ကို မင်းကြီး ဘာမှ လုပ်ပိုင်ခွင့်မရှိဘူး” လို့ ပြန်ပြောတယ်။ (ယော. ၁၉:၁၁) ပိလတ်လိုပဲ ဒီနေ့ခေတ် လူ့အုပ်စိုးရှင်တွေနဲ့ နိုင်ငံရေးသမားအားလုံးရဲ့ အခွင့်အာဏာ အကန့်အသတ် ရှိတယ်။
၇။ ဘယ်အခြေအနေတွေမှာ လူ့အုပ်စိုးရှင်တွေကို လက်အောက်မခံသင့်သလဲ။ သူတို့ ဘာကို သတိပြုသင့်သလဲ။
၇ ဘုရားပညတ်နဲ့ မဆန့်ကျင်သရွေ့ လူ့အစိုးရ ဥပဒေတွေကို ခရစ်ယာန်တွေ လက်အောက်ခံကြတယ်။ ဒါပေမဲ့ ဘုရား တားမြစ်တာကို လုပ်ဖို့၊ ဘုရား တောင်းဆိုတာကို မလုပ်ဖို့ ပြောလာရင်တော့ မနာခံကြဘူး။ ဥပမာ၊ လူငယ်တွေ လက်နက်ကိုင် တိုက်ခိုက်ဖို့ သူတို့ တောင်းဆိုလာနိုင်တယ်။ * ကျမ်းစာ၊ ကျမ်းစာအခြေပြု စာပေတွေကို ပိတ်ပင်လာနိုင်တယ်။ မဟောဖို့၊ အတူ မစည်းဝေးဖို့ တားဆီးလာနိုင်တယ်။ ခရစ်တော်ရဲ့ တပည့်တွေကို နှိပ်စက်ညှဉ်းပန်းတာလိုမျိုး အခွင့်အာဏာ တလွဲသုံးတာတွေ လုပ်ရင် ယေဟောဝါဘုရားနဲ့ သူတို့ စာရင်းရှင်းရမယ်။ ဘုရား စောင့်ကြည့်နေတယ်။—ဒေ. ၅:၈။
၈။ “အထက်” နဲ့ “အမြင့်မြတ်ဆုံး” ဘာကွာခြားသလဲ။ အဲဒါ ဘာကြောင့် အရေးကြီးသလဲ။
၈ “အထက်” ဆိုတဲ့ စကားလုံးဟာ “ပိုကောင်း၊ ပိုကြီးမြတ်၊ ရာထူး ပိုမြင့်” တာကို ဆိုလိုနိုင်ပေမဲ့ “အကောင်းဆုံး၊ အကြီးမြတ်ဆုံး၊ ရာထူး အမြင့်ဆုံး” ကိုတော့ မဆိုလိုဘူး။ အဲဒါတွေအတွက် “အမြင့်မြတ်ဆုံး” ဆိုတဲ့ စကားလုံးကို သုံးတယ်။ လူ့အုပ်စိုးရှင်တွေဟာ “အထက်အာဏာပိုင်တွေ” ဖြစ်ပေမဲ့ သူတို့ထက် ရာထူး ပိုမြင့်သူ ရှိတယ်။ ကျမ်းစာမှာ ယေဟောဝါဘုရားကို “အမြင့်မြတ်ဆုံးအရှင်” လို့ လေးကြိမ် ခေါ်ဆိုထားတယ်။—ဒံ. ၇:၁၈၊ ၂၂၊ ၂၅၊ ၂၇။
“အမြင့်မြတ်ဆုံးအရှင်”
၉။ စိတ်အာရုံတွေမှာ ပရောဖက် ဒံယေလ ဘာမြင်ရသလဲ။
၉ အုပ်စိုးရှင်အားလုံးထက် ယေဟောဝါ ပိုကြီးမြတ်ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြတဲ့ စိတ်အာရုံတွေ ပရောဖက် ဒံယေလ မြင်ရတယ်။ အရင် ကမ္ဘာ့အာဏာစက်တွေ ဖြစ်တဲ့ ဗာဗုလုန်၊ မီးဒီးယား-ပါးရှား၊ ဂရိ၊ ရောမ၊ ဒီနေ့ခေတ် အင်္ဂလိပ်-အမေရိကန်ကို ဖော်ပြတဲ့ သားရဲကြီး လေးကောင်ကို ဒံယေလ မြင်ရတယ်။ (ဒံ. ၇:၁-၃၊ ၁၇) ကောင်းကင် ရာဇပလ္လင်ပေါ် ယေဟောဝါဘုရား ထိုင်နေတာကိုလည်း မြင်တယ်။ (ဒံ. ၇:၉၊ ၁၀) ဒံယေလ ဆက်မြင်တဲ့အရာက ဒီနေ့ခေတ် အုပ်စိုးရှင်တွေအတွက် သတိပေးချက် ဖြစ်သင့်တယ်။
၁၀။ ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇ အရ ဘယ်သူတွေကို ယေဟောဝါ အခွင့်အာဏာ လွှဲအပ်သလဲ။ အဲဒါက ဘုရားအကြောင်း ဘာဖော်ပြသလဲ။
၁၀ ဒံယေလ ၇:၁၃၊ ၁၄၊ ၂၇ ကို ဖတ်ပါ။ လူ့အစိုးရတွေဆီက အခွင့်အာဏာအားလုံး ဘုရား ရုပ်သိမ်းလိုက်ပြီး ပိုထိုက်တန်သူ၊ ပိုတန်ခိုးကြီးသူတွေကို ပေးတယ်။ ဘယ်သူတွေလဲ။ “လူသားနဲ့တူတဲ့သူတစ်ယောက်” ဆိုတာ ယေရှုခရစ် ဖြစ်ပြီး “အမြင့်မြတ်ဆုံးအရှင်ရဲ့ သန့်ရှင်းသူတွေ” ဆိုတာ “အစဉ်ထာဝရ” အုပ်ချုပ်ခွင့် ရမယ့် ၁၄၄,၀၀၀ ဖြစ်တယ်။ (ဒံ. ၇:၁၈) အဲဒီလို လုပ်နိုင်တဲ့ အခွင့်အာဏာ ယေဟောဝါမှာပဲ ရှိတဲ့အတွက် “အမြင့်မြတ်ဆုံးအရှင်” ဟာ ယေဟောဝါဘုရား ဖြစ်တာ ထင်ရှားတယ်။
၁၁။ ယေဟောဝါ အမြင့်မြတ်ဆုံး ဖြစ်တာကို ဖော်ပြဖို့ ဒံယေလ ဘာဆက်ပြောသလဲ။
၁၁ စိတ်အာရုံမှာ ဒံယေလ မြင်ရတာက အစောပိုင်းမှာ သူ ဖော်ပြတာနဲ့ ကိုက်ညီတယ်။ ‘ကောင်းကင်အုပ်စိုးရှင် ဘုရားသခင်က ဘုရင်တွေကို နန်းတင်နန်းချတယ်’ လို့ ဒံယေလ ပြောတယ်။ ‘အမြင့်ဆုံးအရှင်ဟာ လူ့နိုင်ငံတွေရဲ့ အုပ်စိုးရှင်ဖြစ်ပြီး နိုင်ငံကို သူပေးချင်တဲ့သူကို ပေးတယ်’ လို့လည်း ပြောတယ်။ (ဒံ. ၂:၁၉-၂၁။ ၄:၁၇) အုပ်စိုးရှင်တွေကို ယေဟောဝါ နန်းတင်နန်းချ လုပ်ခဲ့တာ ရှိသလား။ ရှိပါတယ်။
၁၂။ အရင်တုန်းက ဘုရင်တွေကို ယေဟောဝါ ဘယ်လို နန်းချသလဲ။ ဥပမာ ပေးပါ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၂ “အထက်အာဏာပိုင်တွေ” ထက် ကြီးမြတ်ကြောင်း ယေဟောဝါ အထင်အရှား ဖော်ပြတဲ့ ဥပမာသုံးခု သုံးသပ်ကြည့်ပါ။ အီဂျစ်ဘုရင် ဖာရောက ယေဟောဝါလူမျိုးကို ကျွန်ပြုထားပြီး လွှတ်ပေးဖို့ အကြိမ်ကြိမ် ငြင်းဆိုတယ်။ သူတို့ကို ဘုရား လွှတ်ပေးတယ်။ ဖာရောကိုတော့ ပင်လယ်နီမှာ အဆုံးစီရင်ခဲ့တယ်။ (ထွ. ၁၄:၂၆-၂၈။ ဆာ. ၁၃၆:၁၅) ဗာဗုလုန်ဘုရင် ဗေလရှာဇာ စားသောက်ပွဲ ကျင်းပနေတုန်း “ကောင်းကင်ဘုံရှင်ကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်” တဲ့အပြင် ယေဟောဝါအစား ‘ငွေဘုရား၊ ရွှေဘုရားတွေကို ချီးမွမ်းတယ်။’ (ဒံ. ၅:၂၂၊ ၂၃) ဒါပေမဲ့ အဲဒီမာနကြီးသူကို ဘုရား နှိမ့်ချလိုက်တယ်။ “အဲဒီညမှာပဲ” ဗေလရှာဇာ အသတ်ခံရတယ်။ သူ့နိုင်ငံကို မီးဒီးယား-ပါးရှားတွေ လက်ထဲ ဘုရား အပ်လိုက်တယ်။ (ဒံ. ၅:၂၈၊ ၃၀၊ ၃၁) ပါလက်စတိုင်း ဘုရင် ဟေရုဒ် အဂရိပ္ပက တမန်တော် ယာကုပ်ကို သတ်ပြီး တမန်တော် ပေတရုကို သတ်ပစ်ဖို့ ထောင်ချထားတယ်။ အဲဒီအကြံကို ဘုရား တားဆီးတယ်။ “သူ့ကို ယေဟောဝါရဲ့ ကောင်းကင်တမန် ဒဏ်ခတ်လိုက်တဲ့အတွက်” သေဆုံးသွားတယ်။—တ. ၁၂:၁-၅၊ ၂၁-၂၃။
၁၃။ အုပ်စိုးရှင်တွေ စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့တွေကို ယေဟောဝါ ဘယ်လို ရှုံးနိမ့်စေကြောင်း ဥပမာ ပေးပါ။
၁၃ ယေဟောဝါက အုပ်စိုးရှင်တွေ စုပေါင်းထားတဲ့ မဟာမိတ်အဖွဲ့တွေကိုလည်း မိမိ အမြင့်မြတ်ဆုံး ဖြစ်တာကို ဖော်ပြတယ်။ ခါနန်ဘုရင် ၃၁ ပါး အဖွဲ့ကို ဖျက်ဆီးပြီး ကတိထားရာပြည်ထဲက နယ်မြေတွေ သိမ်းပိုက်ဖို့ အစ္စရေးတွေဘက်ကနေ တိုက်ခိုက်ပေးတယ်။ (ယောရှု ၁၁:၄-၆၊ ၂၀။ ၁၂:၁၊ ၇၊ ၂၄) အစ္စရေးကို လာတိုက်တဲ့ ဘုရင် ဗင်ဟာဒဒ်နဲ့ ဆီးရီးယားဘုရင် ၃၂ ပါးကို အနိုင်ရဖို့လည်း ကူညီပေးတယ်။—၁ ဘု. ၂၀:၁၊ ၂၆-၂၉။
၁၄-၁၅။ (က) ယေဟောဝါရဲ့ အချုပ်အခြာအာဏာအကြောင်း ဘုရင် နေဗုခဒ်နေဇာနဲ့ ဒါရိ ဘာပြောသလဲ။ (ခ) ယေဟောဝါနဲ့ ဘုရားလူမျိုးအကြောင်း ဆာလံဆရာ ဘာပြောသလဲ။
၁၄ ယေဟောဝါ အမြင့်မြတ်ဆုံး ဖြစ်တာ အကြိမ်ကြိမ် သက်သေပြတယ်။ ဗာဗုလုန်ဘုရင် နေဗုခဒ်နေဇာဟာ ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမယ့်အစား မိမိ ‘ဘုန်းတန်ခိုး အစွမ်းခွန်အား’ အကြောင်း ဝါကြွားပြောဆိုတဲ့အခါ ရူးသွပ်သွားအောင် ဘုရား ဒဏ်ခတ်တယ်။ နေဗုခဒ်နေဇာ ပြန်ကောင်းလာပြီးနောက် “အမြင့်ဆုံးအရှင်ကို ချီးမွမ်း” တယ်။ ယေဟောဝါရဲ့ ‘အုပ်ချုပ်ခွင့်အာဏာ ထာဝစဉ်တည်တံ့’ ကြောင်း၊ ဘုရားကို ‘တားဆီးနိုင်တဲ့သူ တစ်ယောက်မှ မရှိ’ ကြောင်း အသိအမှတ် ပြုတယ်။ (ဒံ. ၄:၃၀၊ ၃၃-၃၅) ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းတဲ့ ဒံယေလကို ခြင်္သေ့တွင်းထဲကနေ ဘုရား ကယ်တင်ပြီးနောက် ဘုရင် ဒါရိက ‘လူအားလုံး ဒံယေလ ကိုးကွယ်တဲ့ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေကြစေ။ အဲဒီဘုရားသခင်ဟာ အသက်ရှင်တဲ့ဘုရား၊ ထာဝစဉ်တည်တဲ့အရှင် ဖြစ်တယ်။ သူ့နိုင်ငံဟာ ဘယ်တော့မှ မပျက်စီးဘူး။ အုပ်ချုပ်ခွင့်အာဏာဟာ ထာဝစဉ် တည်တံ့တယ်’ လို့ အမိန့်ထုတ်တယ်။—ဒံ. ၆:၇-၁၀၊ ၁၉-၂၂၊ ၂၆၊ ၂၇။
၁၅ “ယေဟောဝါက လူမျိုးတွေရဲ့ အကြံအစည်ကို ပျက်ပြားစေတယ်။ လူတွေရဲ့ အစီအစဉ်ကို ဖျက်ဆီးတယ်” လို့ ဆာလံဆရာ ပြောတယ်။ “ယေဟောဝါကို ဘုရားသခင်အဖြစ် ကိုးကွယ်တဲ့လူမျိုး၊ ပိုင်ဆိုင်ရာအဖြစ် ဘုရားရွေးချယ်ထားတဲ့ လူတွေဟာ ပျော်ရွှင်ချမ်းမြေ့တယ်” လို့လည်း ဆက်ပြောတယ်။ (ဆာ. ၃၃:၁၀၊ ၁၂) ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသင့်တဲ့ အကြောင်းကောင်းပါပဲ။
နောက်ဆုံးစစ်ပွဲ
၁၆။ “ကြီးစွာသောဒုက္ခ” နဲ့ပတ်သက်ပြီး ဘာကို စိတ်ချနိုင်သလဲ။ ဘာကြောင့်လဲ။ (ရုပ်ပုံကို ကြည့်ပါ။)
၁၆ အတိတ်က ယေဟောဝါ လုပ်ဆောင်ခဲ့တာတွေအကြောင်း သိခဲ့ရပြီ။ မဝေးတော့တဲ့ အနာဂတ်မှာ ဘာဖြစ် လာမယ်လို့ မျှော်လင့်နိုင်သလဲ။ လာမယ့် “ကြီးစွာသောဒုက္ခ” အတွင်း သစ္စာရှိ ကျေးကျွန်တွေကို ယေဟောဝါ ကယ်တင်မယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ (မ. ၂၄:၂၁။ ဒံ. ၁၂:၁) ယေဟောဝါရဲ့ သစ္စာရှိ ကျေးကျွန်တွေကို မာဂေါဂပြည်က ဂေါဂမင်းလို့ သိထားတဲ့ နိုင်ငံပေါင်းစုံ မဟာမိတ်အဖွဲ့ ကမ္ဘာချီ ရက်ရက်စက်စက် တိုက်ခိုက်ချိန်မှာ အဲဒီလို ကယ်တင်လိမ့်မယ်။ အဲဒီအဖွဲ့ထဲမှာ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံအားလုံး ပါရင်တောင် အမြင့်မြတ်ဆုံးအရှင်နဲ့ ကောင်းကင်စစ်တပ်ကို လုံးဝ ယှဉ်နိုင်မှာ မဟုတ်ဘူး။ “လူမျိုးအမြောက်အမြားရှေ့ ငါ့ကိုယ်ငါ ဂုဏ်တင်ချီးမြှောက်မယ်။ ငါ့ကိုယ်ငါ သန့်ရှင်းမြင့်မြတ်စေပြီး ငါဘယ်သူလဲဆိုတာ သိစေမယ်။ ငါဟာ ယေဟောဝါပဲဆိုတာ သူတို့ သိရလိမ့်မယ်” လို့ ယေဟောဝါ ကတိပေးထားတယ်။—ယေဇ. ၃၈:၁၄-၁၆၊ ၂၃။ ဆာ. ၄၆:၁၀။
၁၇။ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေအကြောင်း၊ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းသူတွေရဲ့ အနာဂတ်အကြောင်း ကျမ်းစာ ဘာကြိုပြောသလဲ။
၁၇ ဂေါဂရဲ့ တိုက်ခိုက်မှုက အာမဂေဒုန်စစ်ပွဲကို ဦးတည်စေလိမ့်မယ်။ အဲဒီစစ်ပွဲမှာ “လူနေထိုင်ရာ မြေတစ်ပြင်လုံးမှာရှိတဲ့ ဘုရင်တွေ” ကို ယေဟောဝါ ဖျက်ဆီးမယ်။ (ဗျာ. ၁၆:၁၄၊ ၁၆။ ၁၉:၁၉-၂၁) ပြီးနောက် ‘ကမ္ဘာမြေပေါ်မှာ စိတ်ရိုးဖြောင့်သူတွေပဲ နေထိုင်ရလိမ့်မယ်။ အပြစ်ပြောစရာ မရှိသူတွေ [တစ်နည်းအားဖြင့်၊ သမာဓိ စောင့်ထိန်းသူတွေ] ပဲ အမြဲ နေရလိမ့်မယ်။’—ပညာ. ၂:၂၁။
သမာဓိ စောင့်ထိန်းရမယ်
၁၈။ ခရစ်ယာန်စစ်များစွာ ဘာလုပ်ဖို့ လိုလိုလားလား ရှိကြသလဲ။ ဘာကြောင့်လဲ။ (ဒံယေလ ၃:၂၈)
၁၈ နှစ်တွေတစ်လျှောက် ခရစ်ယာန်စစ်များစွာဟာ အချုပ်အခြာ အာဏာရှင် ယေဟောဝါကို ချစ်တဲ့ မေတ္တာကြောင့် လွတ်လပ်မှုနဲ့ အသက်ကိုတောင် စတေးခဲ့ကြတယ်။ အမြင့်မြတ်ဆုံးအရှင်ကို သစ္စာစောင့်သိလို့ မီးထဲကနေ ကယ်တင်ခံရတဲ့ ဟီဘရူး သုံးယောက်လိုပဲ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းဖို့ သူတို့ စိတ်ပိုင်းဖြတ်ထားကြတယ်။—ဒံယေလ ၃:၂၈ ကို ဖတ်ပါ။
၁၉။ လူတွေကို ဘာအပေါ် မူတည်ပြီး ယေဟောဝါ တရားစီရင်မလဲ။ အခုကတည်းက ဘာလုပ်ဖို့ လိုသလဲ။
၁၉ ဘုရားအပေါ် သမာဓိ စောင့်ထိန်းခြင်းရဲ့ အရေးကြီးမှုကို ဆာလံဆရာ ဒါဝိဒ် ဒီလို ပြောတယ်– “လူတွေကို ယေဟောဝါ ပြစ်ဒဏ်ချမှတ်လိမ့်မယ်။ အို ယေဟောဝါ၊ ကျွန်တော် ဖြောင့်မတ်တဲ့အတိုင်း၊ သမာဓိရှိတဲ့အတိုင်း တရားစီရင်ပေးပါ။” (ဆာ. ၇:၈) “သမာဓိနဲ့ ဖြောင့်မှန်မှုက ကျွန်တော့်ကို ကာကွယ်စောင့်ရှောက်ပါစေ” လို့လည်း ဒါဝိဒ် ပြောတယ်။ (ဆာ. ၂၅:၂၁) ဘာပဲ ကြုံရပါစေ ယေဟောဝါအပေါ် ဆက်သစ္စာရှိနေတာ အကောင်းဆုံး ဘဝလမ်းစဉ် ဖြစ်တယ်။ ဒါဆိုရင် “ယေဟောဝါက သမာဓိရှိတဲ့လမ်းစဉ်မှာ လျှောက်လှမ်းသူတွေကို ကောင်းမွန်ရာတွေ မပေးဘဲမနေဘူး” လို့ ပြောတဲ့ ဆာလံဆရာလိုပဲ ခံစားရပါလိမ့်မယ်။—ဆာ. ၁၁၉:၁။
သီချင်း ၁၂၂ မယိမ်းမယိုင် ကြံ့ကြံ့ခံရပ်တည်နေကြ
^ ဒီလောက အုပ်စိုးရှင်တွေ၊ အထက်အာဏာပိုင်တွေကို နာခံဖို့ ခရစ်ယာန်တွေကို ကျမ်းစာ တိုက်တွန်းတယ်။ ဒါပေမဲ့ အစိုးရတချို့က ယေဟောဝါနဲ့ ဘုရားကျေးကျွန်တွေကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကြတယ်။ ယေဟောဝါအပေါ် သမာဓိ စောင့်ထိန်းရင်း တစ်ချိန်တည်းမှာ လူ့အုပ်စိုးရှင်တွေကို ကျွန်တော်တို့ ဘယ်လို နာခံနိုင်သလဲ။
^ စကားလုံး ရှင်းလင်းချက်– ခက်ခဲချိန်မှာတောင် ယေဟောဝါနဲ့ ဘုရားရဲ့ အုပ်ချုပ်ပိုင်ခွင့်အပေါ် ဆက်သစ္စာစောင့်သိခြင်းအားဖြင့် ကျွန်တော်တို့ သမာဓိ စောင့်ထိန်းကြတယ်။
^ ဒီစာစောင်မှာ ပါတဲ့ “ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ” ဆောင်းပါးကို ကြည့်ပါ။