၁၉၂၂—လွန်ခဲ့တဲ့ နှစ်တစ်ရာ
‘ယေရှုခရစ်အားဖြင့် ငါတို့အား အောင်ခြင်းအခွင့်ကို ဘုရားသခင် ပေးတော်မူ၏။’ (၁ ကော. ၁၅:၅၇၊ ယုဒသန်ကျမ်း) ၁၉၂၂ အတွက် နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးထားတဲ့ အဲဒီစကားတွေက သစ္စာရှိမှုကြောင့် ဆုချခံရမယ်ဆိုတာ ကျမ်းစာကျောင်းသားတွေကို ယုံကြည်စိတ်ချစေတယ်။ အဲဒီနှစ်အတွင်း ဇွဲရှိတဲ့ အဲဒီဟောပြောသူတွေကို ယေဟောဝါ ဆုချခဲ့ပါတယ်။ စာပေတွေကို ကိုယ်တိုင် ပုံနှိပ်၊ ချုပ်လုပ်တာ၊ နိုင်ငံတော် အမှန်တရား ပျံ့နှံ့စေဖို့ ရေဒီယို အစီအစဉ် စသုံးတာတွေကို ဘုရား ကောင်းချီးပေးတယ်။ ၁၉၂၂ ကုန်ခါနီးမှာ လူမျိုးတော်ကို ယေဟောဝါ ကောင်းချီးပေးတာ ထပ်ထင်ရှားလာတယ်။ အမေရိကန်နိုင်ငံ၊ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့ သမိုင်းဝင် အစည်းအဝေးကြီးကို ကျမ်းစာကျောင်းသားတွေ ကျင်းပနိုင်ခဲ့ကြတယ်။ အဲဒီအစည်းအဝေးဟာ ယေဟောဝါ အဖွဲ့အစည်းရဲ့ လုပ်ငန်းအပေါ် ဒီနေ့အထိ သက်ရောက်မှု ရှိနေဆဲပါပဲ။
“တော်တော် စိတ်လှုပ်ရှားစရာပဲ”
ဟောပြောခြင်းလုပ်ငန်း ကျယ်ပြန့်လာတာနဲ့အမျှ စာပေ တောင်းခံမှု တိုးများလာတယ်။ ဒါကြောင့် ဘရွတ်ကလင် ဗေသလက ညီအစ်ကိုတွေ မဂ္ဂဇင်းတွေ ပိုထုတ်လုပ်လာရတယ်။ ဒါပေမဲ့ အဖုံးမာ စာအုပ်တွေကိုတော့ အပြင် ပုံနှိပ်စက်တွေမှာ ပုံနှိပ်နေရတုန်းပဲ။ လအတော်များများ အဲဒီစက်တွေ စာပေ အလုံအလောက် မထုတ်ပေးနိုင်လို့ ဟောပြောခြင်းလုပ်ငန်း နှောင့်နှေးလာတယ်။ ဒါကြောင့် ညီအစ်ကို ရပ်သဖော့က ကိုယ်ပိုင် ပုံနှိပ်ဖို့ ဖြစ်နိုင်မလားလို့ စက်ရုံမန်နေဂျာ ရောဘတ် မာတင်ကို မေးတယ်။
“ကိုယ်ပိုင် အပြီးအစီး ပုံနှိပ်၊ ချုပ်လုပ်ရတော့မှာမို့ တော်တော် စိတ်လှုပ်ရှားစရာပဲ” လို့ ညီအစ်ကို မာတင် ပြောတယ်။ အမှတ် ၁၈၊ ဘရွတ်ကလင်၊ ကန်ကော့ဒ်လမ်းမှာ နေရာ ငှားရမ်းလိုက်ပြီး လိုအပ်တဲ့ ပစ္စည်းကိရိယာတွေလည်း ရလာတယ်။
ဒီအစီအစဉ်သစ်ကို လူတိုင်း သဘောကျတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ စာပေတွေ ပုံနှိပ်ပေးခဲ့တဲ့ စက်ရုံ ဥက္ကဋ္ဌ အဆောက်အအုံသစ်ကို လာလည်တယ်။ “စက်ပစ္စည်းတွေကတော့ အပျံစားပဲ။ ဒါပေမဲ့ ဘယ်လို သုံးရမယ်ဆိုတာ တစ်ယောက်မှ မသိကြဘူး။ နောက်ခြောက်လဆို အားလုံး ပလုံတော့မှာ” လို့ သူ ပြောသွားတယ်။
“အဲဒီလို ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ယေဟောဝါ ကူညီပေးမှာ သိနေတယ်။ တကယ်လည်း ကူညီပေးခဲ့တယ်” လို့ ညီအစ်ကို မာတင် ပြောတယ်။ သူပြောတာ မှန်တယ်။ မကြာခင်မှာပဲ စက်ရုံသစ်မှာ တစ်ရက်ကို စာအုပ် ၂၀၀၀ ပုံနှိပ်ထုတ်လုပ်နိုင်ခဲ့တယ်။
ရေဒီယို အစီအစဉ်အားဖြင့် လူထောင်ပေါင်းများစွာဆီ ရောက်ရှိ
ယေဟောဝါရဲ့ လူမျိုးဟာ စာအုပ်တွေ ကိုယ်တိုင် ပုံနှိပ်တဲ့အပြင် သတင်းကောင်း ပျံ့နှံ့စေဖို့ နည်းလမ်းသစ်တစ်ခုကိုလည်း စသုံးကြတယ်။ ရေဒီယို အသံလွှင့် အစီအစဉ်ပါပဲ။ ၁၉၂၂၊ ဖေဖော်ဝါရီ ၂၆၊ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ ညီအစ်ကို ရပ်သဖော့ ဦးဆုံးအကြိမ် ရေဒီယိုကနေ အသံလွှင့်တယ်။ အမေရိကန်၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလစ်မြို့၊ ကေအိုဂျီ အသံလွှင့်ရုံကနေ
“ယနေ့ အသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မှ မသေတော့” ဆိုတဲ့ ဟောပြောချက် ထုတ်လွှင့်တယ်။အစီအစဉ်ကို လူပေါင်း ၂၅,၀၀၀ လောက် ကြားနာခဲ့ကြတယ်။ တချို့ ကျေးဇူးတင်စာတွေ ရေးပို့ကြတယ်။ တစ်စောင်ကတော့ ကယ်လီဖိုးနီးယားပြည်နယ်၊ စန်တာ အယ်နာမြို့မှာ နေတဲ့ ဝီလာ့ဒ် အက်ရှ်ဖော့ဆီကပါ။ “အပန်းလည်း ပြေ၊ စိတ်ဝင်စားစရာလည်း ကောင်းတဲ့” တင်ဆက်မှုအတွက် ညီအစ်ကို ရပ်သဖော့ကို သူ ကျေးဇူးတင်တယ်။ “အိမ်မှာ အပြင် မထွက်နိုင်တဲ့ လူမမာ သုံးယောက် ရှိနေတာ။ ဒီလိုသာ မလွှင့်ပေးရင် ဒီဟောပြောချက်ကို ကျွန်တော်တို့ ဘယ်မှာမှ သွားနားထောင်နိုင်မှာ မဟုတ်ဘူး” လို့ သူ ပြောတယ်။
နောက်သီတင်းပတ်တွေမှာ ထပ်ထုတ်လွှင့်ပေးတယ်။ နှစ်ကုန်ပိုင်းလောက်မှာ ကင်းမျှော်စင် က “ရေဒီယိုကတစ်ဆင့် အနည်းဆုံး လူ ၃၀၀,၀၀၀ လောက် သတင်းတရား ကြားခဲ့ရတယ်” လို့ ပြောတယ်။
ရလဒ်ကောင်းတွေ ရလို့ ဘရွတ်ကလင် ဗေသလနဲ့ သိပ်မဝေးတဲ့ စတက်တင် အိုင်းလန်းမြို့မှာ ဒဗလျူ ဘီဘီအာရ် (WBBR) လို့ ခေါ်တဲ့ ကိုယ်ပိုင် ရေဒီယို အသံလွှင့်ရုံ ဆောက်ဖို့ ကျမ်းစာကျောင်းသားတွေ ဆုံးဖြတ်လိုက်တယ်။ နောက်ပိုင်းနှစ်တွေမှာ နိုင်ငံတော်သတင်း ကျယ်ပြန့်ဖို့ အဲဒီအသံလွှင့်ရုံကို အသုံးပြုခဲ့ကြတယ်။
“ADV”
၁၉၂၂၊ စက်တင်ဘာ ၅ ကနေ ၁၃ ရက်အထိ အိုဟိုင်အိုပြည်နယ်၊ စီဒါပွိုင့်မြို့မှာ အစည်းအဝေးကြီး ကျင်းပမယ့်အကြောင်း ၁၉၂၂၊ ဇွန် ၁၅၊ ကင်းမျှော်စင် မှာ ကြေညာတယ်။ စီဒါပွိုင့်မြို့ကို ရောက်လာတဲ့ ကျမ်းစာကျောင်းသားတွေ စိတ်လှုပ်ရှားနေကြတယ်။
အဖွင့် ဟောပြောချက်မှာ ညီအစ်ကို ရပ်သဖော့က “ဒီအစည်းအဝေးကြီးကို ဘုရားသခင် ကောင်းချီးပေးမယ်၊ ကမ္ဘာပေါ် မကြုံစဖူး အတိုင်းအတာနဲ့ ပိုကြီးမားတဲ့ သက်သေခံချက် ဖြစ်စေမယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်တယ်” လို့ ပြောတယ်။ အစည်းအဝေးကြီး ဟောပြောသူတွေက ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ဖို့ ညီအစ်ကို/မတွေကို ထပ်တလဲလဲ အားပေးသွားကြတယ်။
စက်တင်ဘာ ၈၊ သောကြာနေ့မှာ တက်ရောက်သူ ၈၀၀၀ လောက်က ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောချက်ကို မျှော်လင့်တကြီး စောင့်စားနေကြတယ်။ ဖိတ်စာပေါ် ရိုက်ထားတဲ့ “ADV” ရဲ့ အဓိပ္ပာယ် ရှင်းပြတော့မလားလို့ မျှော်နေကြတာ။ ခန်းမထဲ နေရာယူချိန်မှာ စင်မြင့်ပေါ်က အလိပ်ကြီးတစ်ခုကို သတိထားမိ
ကြတယ်။ အမေရိကန်၊ အိုကလာဟိုးမားပြည်နယ်၊ တူလ်ဆာမြို့ကနေ အစည်းအဝေး လာတက်တဲ့ အာသာ ကလော့စ်က ဟောပြောချက် ကောင်းကောင်း ကြားနိုင်မယ့် နေရာမှာ ထိုင်ခုံ ရတယ်။ အဲဒီအချိန်တုန်းက အစည်းအဝေးမှာ အသံချဲ့စက်တွေ၊ မိုက်တွေ မသုံးသေးလို့ ကောင်းကောင်း ကြားဖို့ ခက်တယ်။“စကားလုံးတိုင်းကို ကျွန်တော်တို့ စူးစိုက်နားထောင်ကြတယ်”
အနှောင့်အယှက် မဖြစ်စေဖို့ ညီအစ်ကို ရပ်သဖော့ ဟောပြောနေချိန်အတွင်း နောက်ကျလာသူ ဘယ်သူ့ကိုမှ ခန်းမထဲ ဝင်ခွင့်မပြုတော့ဘူးလို့ သဘာပတိ ကြေညာတယ်။ မနက် ၉:၃၀ မှာ ညီအစ်ကို ရပ်သဖော့က မဿဲ ၄:၁၇ မှာ ပါတဲ့ “ကောင်းကင်နိုင်ငံတော် တည်လုနီးပြီ” (ယုဒသန်ကျမ်း) ဆိုတဲ့ ယေရှုရဲ့ စကားနဲ့ ဟောပြောချက်ကို အစပြုတယ်။ အဲဒီနိုင်ငံတော်အကြောင်း လူတွေ ဘယ်လို ကြားမလဲဆိုတာ ဆွေးနွေးချိန်မှာ “ယေရှုက မိမိရောက်ရှိနေချိန်အတွင်း ရိတ်သိမ်းခြင်းလုပ်ငန်း လုပ်ဆောင်မယ်၊ စစ်မှန်တဲ့ သစ္စာရှိသူတွေကို စုသိမ်းမယ်လို့ ပြောခဲ့တယ်” ဆိုပြီး ညီအစ်ကို ရပ်သဖော့ ပြောတယ်။
“စကားလုံးတိုင်းကို ကျွန်တော်တို့ စူးစိုက်နားထောင်ကြတယ်” လို့ ခန်းမထဲ ထိုင်နေတဲ့ ညီအစ်ကို ကလော့စ် ပြောတယ်။ ဒါပေမဲ့ ရုတ်တရက် နေမကောင်း ဖြစ်လာလို့ ခန်းမထဲ ပြန်ဝင်လို့ မရမှန်း သိပေမဲ့ ထွက်သွားလိုက်ရတယ်။
မိနစ် အနည်းငယ် ကြာတော့ ပြန်သက်သာသွားတယ်။ ခန်းမဘက် ပြန်လျှောက်လာနေတုန်း လက်ခုပ်သံ အကျယ်ကြီး ကြားလို့ သိပ်စိတ်လှုပ်ရှားသွားတယ်။ ကျန်တဲ့ ဟောပြောချက် ကြားနိုင်ဖို့ ခေါင်မိုးပေါ် တက်ကြည့်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီတုန်းက ၂၃ နှစ်ပဲ ရှိသေးတဲ့ လူငယ်ညီအစ်ကို ကလော့စ် ခေါင်မိုးပေါ် တက်မယ့်လမ်း ရှာတွေ့သွားတယ်။ ခေါင်မိုး ပြတင်းပေါက်တွေ ဖွင့်ထားတယ်။ အနားတိုးသွားလေ “ရှင်းရှင်းလင်းလင်း ကြားရလေပဲ” လို့ ပြောတယ်။
ဒါပေမဲ့ အာသာ တစ်ယောက်တည်း မဟုတ်ဘူး။ ခေါင်မိုးပေါ်မှာ မိတ်ဆွေတချို့လည်း ရှိနေတယ်။ အဲဒီထဲက တစ်ယောက် ဖြစ်တဲ့ ဖရန့် ဂျွန်ဆင်က အာသာဆီ ပြေးလာပြီး “ခင်ဗျားမှာ အိတ်ဆောင်ဓား ပါလား” လို့ မေးတယ်။
“ပါတာပေါ့” လို့ အာသာ ဖြေလိုက်တယ်။
“ခင်ဗျားက ကျွန်တော်တို့ ဆုတောင်းချက်ရဲ့ အဖြေပဲ” လို့ ဖရန့် ပြောတယ်။ “ဒီအလိပ်ကြီးကို တွေ့လား။ အဲဒါ ဒီသံချောင်းတွေနဲ့ တွဲချည်ထားတဲ့ စာတန်း။ တရားသူကြီး * ပြောတာကို သေသေချာချာ နားထောင်။ ‘ကြေညာကြ၊ ကြေညာကြ’ လို့ ပြောတာနဲ့ ဒီကြိုးလေးချောင်းကို ဖြတ်လိုက်” လို့ သူ ဆက်ပြောတယ်။
ဒါနဲ့ အာသာလည်း လက်ထဲမှာ ဓားကိုင်ပြီး အချက်ပြမယ့်အချိန်ကို တခြားသူတွေနဲ့အတူ စောင့်နေလိုက်တယ်။ မကြာခင်မှာပဲ ညီအစ်ကို ရပ်သဖော့ရဲ့ ဟောပြောချက် အထွတ်အထိပ် ရောက်လာတယ်။ “သခင့်အတွက် သစ္စာရှိတဲ့ သက်သေစစ်တွေ ဖြစ်ကြပါ။ ဗာဗုလုန် လုံးဝ ပျက်စီးသွားတဲ့အထိ ဆက်တိုက်ပွဲဝင်ကြပါ။ နေရာအနှံ့ သတင်းကောင်း ကြေညာကြပါ။ ယေဟောဝါဟာ ဘုရားသခင် ဖြစ်တယ်၊ ယေရှုခရစ်ဟာ ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင် ဖြစ်တယ်ဆိုတာ တစ်လောကလုံး သိကြရမယ်။ ဒီနေ့ဟာ အထူးမြတ်ဆုံးနေ့ ဖြစ်တယ်။ ကြည့်ပါ၊ ဘုရင် အုပ်စိုးနေပြီ။ ခင်ဗျားတို့က ကြေညာရေး ကိုယ်စားလှယ်တွေ ဖြစ်တယ်။ ဒါကြောင့် ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ၊ ကြေညာကြ၊ ကြေညာကြ” လို့ စိတ်လှုပ်ရှားမှု အပြည့်နဲ့ အားမာန်ပါပါ ပြောလိုက်တယ်။
အာသာနဲ့ တခြား ညီအစ်ကိုတွေလည်း ကြိုးဖြတ်လိုက်တော့ စာတန်းပါတဲ့ အလိပ်ကြီး ရှောခနဲ ကျလာတယ်။ “ADV” ဆိုတဲ့ စာလုံးတွေအတိုင်း “ဘုရင်နဲ့ နိုင်ငံတော်ကို ကြေညာကြ” ဆိုတဲ့ စာတန်းလိပ်ကြီး ကျလာတယ်။ “ADV” ဆိုတာ “ကြေညာကြ” လို့ ပြန်ဆိုထားတဲ့ အင်္ဂလိပ် စကားလုံး “advertise” ရဲ့ အတိုကောက် ဖြစ်တယ်။
အရေးကြီးတဲ့ လုပ်ငန်း
စီဒါပွိုင့်မြို့ အစည်းအဝေးကြီးက ပိုအရေးကြီးတဲ့ နိုင်ငံတော်သတင်း ဟောပြောခြင်းကို အာရုံစိုက်ဖို့ ညီအစ်ကိုတွေကို ကူညီပေးတယ်။ တလိုတလားစိတ် ရှိသူတွေ ဒီလုပ်ငန်းမှာ ဝမ်းမြောက်ဝမ်းသာ ပါဝင်လာကြတယ်။ အမေရိကန်၊ အိုကလာဟိုးမားက ကော်ပေါ်တာ (အခုအခေါ် ရှေ့ဆောင်) တစ်ယောက်က “ကျောက်မီးသွေးတွင်း ဒေသမှာ ကျွန်တော်တို့ ဟောပြောကြတာ။ လူတွေ သိပ်ဆင်းရဲကြတယ်” လို့ ရေးတယ်။ ရွှေခေတ် မဂ္ဂဇင်းမှာ ပါတဲ့ သတင်းကို လူတွေ ဖတ်ရတဲ့အခါ “မျက်ရည်ပေါက်ပေါက် ကျလေ့ရှိတယ်။” “လူတွေကို နှစ်သိမ့်ပေးခွင့် ရတာ တကယ့်ကောင်းချီးပဲ” လို့ ပြောတယ်။
“စပါးရိတ်စရာ အများကြီးရှိတယ်။ လုပ်သားတွေကတော့ နည်းနေတယ်” ဆိုတဲ့ လုကာ ၁၀:၂ ပါ ယေရှုစကားတွေရဲ့ အရေးကြီးမှုကို အဲဒီကျမ်းစာကျောင်းသားတွေ သိတယ်။ နှစ်ကုန်ပိုင်း ရောက်တော့ နိုင်ငံတော်သတင်းကို အရပ်ရပ် ပျံ့နှံ့စေဖို့ သူတို့ ပိုစိတ်ပိုင်းဖြတ်ထားကြတယ်။
^ ညီအစ်ကို ရပ်သဖော့ကို တစ်ခါတလေ “တရားသူကြီး” လို့ ခေါ်တယ်။ အမေရိကန်၊ မစ်ဆူရီပြည်နယ်မှာ တရားသူကြီး လုပ်ခဲ့ဖူးလို့ပဲ။