ခန့်အပ်ခံ အမျိုးသားများ—တိမောသေဆီက သင်ယူနိုင်စရာများ
လွန်ခဲ့တဲ့နှစ်က ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေ အမျိုးသားများစွာဟာ အကြီးအကဲ၊ အသင်းတော် အမှုထမ်းများအဖြစ် ခန့်အပ်ခံရတယ်။ သင်လည်း ခန့်အပ်ခံရသူထဲမှာ တစ်ယောက်အဝင် ဖြစ်မယ်ဆိုရင် အဲဒီ အခွင့်ထူးအတွက် ဝမ်းမြောက်နေမှာပဲ။
စိုးရိမ်စိတ်လည်း ရှိနေမှာပဲ။ “ခန့်အပ်ခံရတုန်းက တာဝန်သစ်တွေအတွက် ကျွန်တော် အတော်လေး စိတ်ပူခဲ့ရတာ” လို့ လူငယ် အကြီးအကဲ ဂျေဆန် ပြောတယ်။ မောရှေနဲ့ ယေရမိတို့လည်း ယေဟောဝါဆီကနေ တာဝန်အသစ် ရတုန်းက အရည်အချင်း မပြည့်မီဘူးလို့ ခံစားခဲ့ရတယ်။ (ထွ. ၄:၁၀။ ယေ. ၁:၆) သင်လည်း ထပ်တူ ခံစားနေရတယ်ဆိုရင် ဆက်တိုးတက်အောင် ဘယ်လို လုပ်နိုင်မလဲ။ ခရစ်ယာန်တစ်ယောက်ဖြစ်တဲ့ တိမောသေကို ကြည့်ရအောင်။—တ. ၁၆:၁-၃။
တိမောသေရဲ့ ပုံသက်သေကို အတုယူပါ
တိမောသေဟာ တမန်တော် ပေါလုရဲ့ နယ်လှည့်အဖော်အဖြစ် ရွေးချယ်ခံရတုန်းက အသက် ၁၉၊ ၂၀ လောက်ပဲ ရှိသေးတယ်။ ငယ်သေးတဲ့အတွက် တာဝန်အသစ်ကို ထမ်းဆောင်ဖို့ အစပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုမရှိ၊ မလုပ်ရဲမကိုင်ရဲ ဖြစ်နေမှာပဲ။ (၁ တိ. ၄:၁၁၊ ၁၂။ ၂ တိ. ၁:၁၊ ၂၊ ၇) ဒါပေမဲ့ ၁၀ နှစ်ကြာတော့ ဖိလိပ္ပိအသင်းတော်ကို ပေါလု ဒီလိုရေးတယ်– “မကြာခင် တိမောသေကို ခင်ဗျားတို့ဆီ လွှတ်မယ်လို့ သခင်ယေရှုကို အမှီပြုပြီး မျှော်လင့်နေပါတယ်။ . . . သူ့လိုမျိုး ခင်ဗျားတို့အကျိုးကို တကယ်လိုလားတဲ့သူ ကျွန်တော့်မှာ မရှိဘူး။”—ဖိ. ၂:၁၉၊ ၂၀။
ဘာက တိမောသေကို ထူးခြားတဲ့ အကြီးအကဲ ဖြစ်စေသလဲ။ သူ့ပုံနမူနာကနေ ရတဲ့ သင်ခန်းစာခြောက်ခုကို သုံးသပ်ကြည့်ရအောင်။
၁။ လူတွေကို အမှန်တကယ် ဂရုစိုက်တယ်။ ပေါလုက ဖိလိပ္ပိမြို့မှာရှိတဲ့ ညီအစ်ကိုတွေကို “[တိမောသေ] လိုမျိုး ခင်ဗျားတို့အကျိုးကို တကယ်လိုလားတဲ့သူ ကျွန်တော့်မှာ မရှိဘူး” လို့ ပြောတယ်။ (ဖိ. ၂:၂၀) တိမောသေဟာ လူတွေကို အမှန်တကယ် ဂရုစိုက်တယ်။ ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေး ရှိစေချင်တယ်။ သူတို့အတွက် လိုလိုလားလား အကျိုးဆောင်ပေးတယ်။
ခရီးသည်တွေ တင်ဖို့ထက် ကားမှတ်တိုင်ကို အချိန် တိတိကျကျရောက်ဖို့ပဲ ဂရုစိုက်တဲ့ ယာဉ်မောင်းလို မဖြစ်ပါနဲ့။ အကြီးအကဲဖြစ်တာ အနှစ် ၂၀ ကျော်ပြီဖြစ်တဲ့ ညီအစ်ကိုဝီလျံက ခန့်အပ်ခံရခါစ ညီအစ်ကိုတွေကို ဒီလို အကြံပေးတယ်– “ညီအစ်ကိုတွေကို ချစ်ပါ။ လုပ်ငန်းစီမံခန့်ခွဲရေးထက် ညီအစ်ကိုတွေရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးဖို့ အာရုံစိုက်ပါ။”
၂။ ဟောပြောခြင်းလုပ်ငန်းကို ဦးစားထားတယ်။ တိမောသေနဲ့မတူဘဲ “တခြားသူတွေကျတော့ ယေရှုခရစ်ရဲ့ အကျိုးကို မရှာဘဲ ကိုယ့်အကျိုးကိုပဲ ရှာနေကြတယ်” လို့ ပေါလုပြောတယ်။ (ဖိ. ၂:၂၁) ဒီစာကို ရောမမြို့ကနေ ပေါလု ရေးနေတာ။ အဲဒီက ညီအစ်ကိုတွေဟာ ကိုယ်ကျိုးအတွက်ပဲ အလုပ်များနေကြတယ်။ တိမောသေကတော့ အဲဒီလို မဟုတ်ဘူး။ သတင်းကောင်း ကြေညာဖို့ အခွင့်အရေးရတဲ့အခါ “ကျွန်တော် ရှိပါတယ်။ ကျွန်တော့်ကို စေလွှတ်ပါ” ဆိုတဲ့ ဟေရှာယလို စိတ်ထားမျိုး သူ့မှာ ရှိတယ်။—ဟေရှာ. ၆:၈။
ကိုယ်ရေးကိုယ်တာနဲ့ ဘုရားရေးရာ တာဝန်တွေကို ဘယ်လို ဟန်ချက်ညီစေနိုင်မလဲ။ ပထမ၊ ဦးစားထားသင့်ရာကို ဦးစားထားပါ။ “ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိနိုင်ကြဖို့” ပေါလု တိုက်တွန်းခဲ့တယ်။ (ဖိ. ၁:၁၀) ဘုရားရေးရာကို ဦးစားထားပါ။ ဒုတိယ၊ ရိုးရိုးရှင်းရှင်း နေပါ။ အချိန်ကုန် လူပန်းဖြစ်စေတဲ့ အရာတွေကို ရှောင် ပါ။ “လူငယ်တွေမှာ ဖြစ်တတ်တဲ့ အလိုဆန္ဒတွေကို ဝေးဝေးရှောင်ပါ။ . . . ဖြောင့်မတ်ခြင်း၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ ငြိမ်သက်ခြင်း ရှိနိုင်ဖို့ အမြဲ ကြိုးစားပါ” လို့ တိမောသေကို ပေါလု တိုက်တွန်းခဲ့တယ်။—၂ တိ. ၂:၂၂။
၃။ မြင့်မြတ်တဲ့ အမှုတော်မှာ ကြိုးစားတယ်။ “တိမောသေကတော့ . . . သတင်းကောင်း ပျံ့နှံ့စေဖို့ ကျွန်တော်နဲ့အတူ သားအဖလို ကြိုးစားအမှုဆောင်ခဲ့မှန်း ခင်ဗျားတို့ သိပါတယ်” ဆိုပြီး ဖိလိပ္ပိမြို့သားတွေကို ပေါလုပြောခဲ့တယ်။ (ဖိ. ၂:၂၂) တိမောသေဟာ မပျင်းရိဘူး။ ပေါလုနဲ့ တွဲပြီး ကြိုးစားခဲ့လို့ တစ်ဦးနဲ့တစ်ဦး ပိုချစ်ခင်ရင်းနှီးလာကြတယ်။
ဒီနေ့ ဘုရားသခင့် အဖွဲ့အစည်းမှာ အလုပ် အမြဲရှိနေပါတယ်။ တကယ် ကျေနပ်စရာကောင်းပြီး ညီအစ်ကို/မ တွေနဲ့ ရင်းနှီးစေတဲ့ အလုပ်ပဲ။ ဒါကြောင့် “သခင့်အလုပ်မှာ အမြဲအလုပ်များနေကြ” ဖို့ ပန်းတိုင်ထားပါ။—၁ ကော. ၁၅:၅၈။
၄။ သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးတယ်။ “မင်းကတော့ ငါ့ရဲ့ သွန်သင်ခြင်း၊ ဘဝလမ်းစဉ်၊ ရည်မှန်းချက်၊ စိတ်ရှည်ခြင်း၊ ချစ်ခြင်းမေတ္တာ၊ ခံနိုင်ရည်တွေကို အနီးကပ် လိုက်လျှောက်ခဲ့ပြီ” လို့ တိမောသေဆီ ပေါလုရေးခဲ့တယ်။ (၂ တိ. ၃:၁၀) တိမောသေဟာ သိရှိလာတာတွေကို လက်တွေ့ကျင့်သုံးတဲ့အတွက် ကြီးလေးတဲ့ တာဝန်ကို ထမ်းဆောင်ဖို့ အရည်အချင်း ပြည့်မီလာတယ်။—၁ ကော. ၄:၁၇။
ဘုရားရေးရာဘက် သင် အတုယူထိုက်သူ ရှိသလား။ မရှိသေးဘူးဆိုရင် ရှာကြည့်လိုက်ပါ။ နှစ်ပေါင်းများစွာ အကြီးအကဲလုပ်ခဲ့တဲ့ တွမ် ဒီလိုပြောတယ်– “ဝါရင့် အကြီးအကဲတစ်ယောက်က ကျွန်တော့်ကို အနီးကပ် လေ့ကျင့်ပေးတယ်။ သူ့ဆီ အကြံဉာဏ် အမြဲတောင်းတယ်။ သူပေးတဲ့ အကြံဉာဏ်အတိုင်း လိုက်လုပ်တယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိလာတယ်။”
၅။ ကိုယ့်ကိုယ်ကိုယ် အမြဲလေ့ကျင့်ပေးတယ်။ “ဘုရားတရား ကိုင်းရှိုင်းတတ်ဖို့ ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပါ” လို့ တိမောသေကို ပေါလုတိုက်တွန်းခဲ့တယ်။ (၁ တိ. ၄:၇) အားကစားသမားမှာ နည်းပြရှိပေမဲ့ ကိုယ်တိုင်လည်း လေ့ကျင့်ဖို့ လိုတယ်။ ပေါလုက တိမောသေကို ဒီလိုပြောတယ်– “လူတွေရှေ့ ကျမ်းစာဖတ်တာ၊ အားပေးနှိုးဆော်တာ၊ သွန်သင်တာတွေကို အမြဲကြိုးစားလုပ်ဆောင်ပါ။ . . . အဲဒီအရာတွေကို ဆင်ခြင်သုံးသပ်ပါ။ လူအားလုံးရှေ့ မင်းရဲ့တိုးတက်မှုကို ထင်ရှားမြင်သာစေဖို့ အဲဒီအရာတွေမှာ အာရုံနှစ်ထားပါ။”—၁ တိ. ၄:၁၃-၁၅။
ကိုယ့်စွမ်းရည်ကို ထက်မြက်အောင် အမြဲသွေးပေးနေရမယ်။ ဘုရားရေးရာမှာ တန့်မနေဘဲ အသင်းတော်ရဲ့ နောက်ဆုံးလမ်းညွှန်ချက်တွေနဲ့ အကျွမ်းတဝင် ရှိနေရမယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ချလွန်းတာမျိုး မဖြစ်စေပါနဲ့။ အတွေ့အကြုံရှိတာပဲဆိုပြီး ရှာဖွေလေ့လာမှု မလုပ်ဘဲ မနေပါနဲ့။ တိမောသေကို အတုယူပြီး “ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ရဲ့သွန်သင်ချက်ကိုပါ အမြဲဂရုစိုက်ပါ။”—၁ တိ. ၄:၁၆။
၆။ ယေဟောဝါရဲ့စွမ်းအားတော်ကို အားကိုးတယ်။ အမှုဆောင်လုပ်ငန်းနဲ့ပတ်သက်ပြီး တိမောသေကို ပေါလု ဒီလိုပြောတယ်– “အဲဒီဘဏ္ဍာကို ငါတို့ဆီမှာ ကိန်းအောင်းနေတဲ့ သန့်ရှင်းသောစွမ်းအားတော် အကူအညီနဲ့ ထိန်းသိမ်းစောင့်ရှောက်ပါ။” (၂ တိ. ၁:၁၄) တိမောသေအနေနဲ့ အမှုဆောင်လုပ်ငန်း အခွင့်ထူးကို ထိန်းသိမ်းဖို့ ဘုရားသခင့် စွမ်းအားတော်ကို အားကိုးဖို့ လိုတယ်။
နှစ်ပေါင်းများစွာ အကြီးအကဲလုပ်ခဲ့တဲ့ ဒေါ်နယ် ဒီလိုပြောတယ်– “ခန့်အပ်ခံ အမျိုးသားတွေဟာ ဘုရားနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို တန်ဖိုးထားရမယ်။ အဲဒီလို တန်ဖိုးထားရင် ‘အားသစ်အင်သစ်တွေ’ ရှိလာမယ်။ စွမ်းအားတော်ရဖို့ ဆုတောင်းပြီး အရည်အသွေးကောင်းတွေ မွေးမြူမယ်ဆိုရင် ညီအစ်ကိုတွေ တကယ့်ကို အားကိုးရသူတွေ ဖြစ်ပါလိမ့်မယ်။”—ဆာ. ၈၄:၇။ ၁ ပေ. ၄:၁၁။
အခွင့်ထူးကို တန်ဖိုးထားပါ
ခန့်အပ်ခံရခါစ ညီအစ်ကိုတွေ ဘုရားရေးရာဘက် တိုးတက်နေတာကို တွေ့ရတာ သိပ်အားရှိစရာပဲ။ ဆောင်းပါးအစမှာပါတဲ့ ဂျေဆန်က “အကြီးအကဲဘဝမှာ ကျွန်တော် တတ်သိလာတာတွေ အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှုလည်း ရှိလာတယ်။ အခုတော့ ကိုယ့်တာဝန်ကို ထမ်းဆောင်ရတာ ပျော်တယ်။ အခွင့်ထူးတစ်ခုလို့ ယူမှတ်ပါတယ်” လို့ ပြောတယ်။
သင်ကော ဘုရားရေးရာဘက်မှာ တိုးတက်နေသလား။ တိမောသေဆီကနေ သင်ယူဖို့ ကြိုးစားပါ။ ဒါဆိုရင် ညီအစ်ကို/မတွေ အားကိုးရတဲ့သူ ဖြစ်လာပါလိမ့်မယ်။