လေ့လာရန် ဆောင်းပါး ၁၆
ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်နေပါ
“လူသားလည်း . . . လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ရောက်လာတာ။”—မာ. ၁၀:၄၅။
သီချင်း ၁၈ ရွေးနုတ်ဖိုးအတွက် ကျေးဇူးတင်ပါ
အကြိုသုံးသပ်ချက် *
၁-၂။ ရွေးဖိုးဆိုတာ ဘာလဲ။ ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ။
စုံလင်တဲ့လူ အာဒံ အပြစ်လုပ်တဲ့အခါ ကိုယ်တိုင်သာမက သားစဉ်မြေးဆက်တွေပါ ထာဝစဉ် အသက်ရှင်ဖို့ အခွင့်အရေး ဆုံးရှုံးသွားတယ်။ အာဒံဟာ စိတ်လိုကိုယ်လျောက် အပြစ်လုပ်ခဲ့တာ ဖြစ်လို့ လုံးဝ ခွင့်လွှတ်ခံရစရာအကြောင်း မရှိဘူး။ ဒါပေမဲ့ သားစဉ်မြေးဆက်တွေကော။ သူတို့ကတော့ အာဒံရဲ့ အပြစ်နဲ့ ဘာမှ မပတ်သက်ကြဘူး။ (ရော. ၅:၁၂၊ ၁၄) အာဒံ ရထိုက်တဲ့ သေဒဏ် စီရင်မှုကနေ သူတို့ကို ကယ်တင်နိုင်တာ တစ်ခုခု ရှိမလား။ ရှိပါတယ်။ အာဒံ အပြစ်လုပ်ပြီးနောက် သားစဉ်မြေးဆက် သန်းပေါင်းများစွာကို အပြစ်နဲ့ သေခြင်းအောက်ကနေ ဘယ်လို ကယ်တင်မယ်ဆိုတာ ယေဟောဝါ တဖြည်းဖြည်း ဖော်ပြခဲ့တယ်။ (က. ၃:၁၅) “လူအများအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့” အချိန်တန်တဲ့အခါ သားတော်ကို ကောင်းကင်ကနေ ယေဟောဝါ စေလွှတ်ခဲ့တယ်။—မာ. ၁၀:၄၅။ ယော. ၆:၅၁။
၂ ရွေးဖိုးဆိုတာ ဘာလဲ။ ခရစ်ယာန် ဂရိကျမ်းစောင်တွေမှာ သုံးထားတဲ့ ရွေးဖိုးဆိုတာ အာဒံ ဆုံးရှုံးသွားတဲ့အရာကို ပြန်ရွေးယူဖို့ ယေရှု ပေးတဲ့ အဖိုးအခကို ဆိုလိုတယ်။ (၁ ကော. ၁၅:၂၂) ကျွန်တော်တို့ ဘာကြောင့် ရွေးဖိုး လိုအပ်သလဲ။ အသက်အတွက် အသက်ဆိုပြီး ပညတ်တရားမှာ ယေဟောဝါ ပြဋ္ဌာန်းထားတဲ့ တရားမျှတမှု စံနှုန်းနဲ့ ကိုက်ညီစေဖို့ပါ။ (ထွ. ၂၁:၂၃၊ ၂၄) အာဒံဟာ စုံလင်တဲ့အသက်ကို ဆုံးရှုံးခဲ့တယ်။ ဒါကြောင့် ယေဟောဝါရဲ့ တရားမျှတမှု စံနှုန်းနဲ့ ကိုက်ညီစေဖို့ စုံလင်တဲ့ အသက်ကို ယေရှု ပေးဆက်ခဲ့တယ်။ (ရော. ၅:၁၇) ဒီလိုနဲ့ ယေရှုဟာ ရွေးဖိုးကို ယုံကြည်သက်ဝင်သူတိုင်းရဲ့ “ထာဝရ ဖခင်” ဖြစ်လာတယ်။—ဟေရှာ. ၉:၆။ ရော. ၃:၂၃၊ ၂၄။
၃။ ယောဟန် ၁၄:၃၁ နဲ့ ၁၅:၁၃ အရ စုံလင်တဲ့ လူ့အသက်ကို ယေရှု ဘာကြောင့် လိုလိုလားလား ပေးဆက်ခဲ့သလဲ။
၃ ယေရှုဟာ ကောင်းကင်ဖခင်ကိုကော ကျွန်တော်တို့ကိုပါ အလွန်ချစ်လို့ လိုလိုလားလား အသက်ပေးခဲ့တယ်။ (ယောဟန် ၁၄:၃၁။ ၁၅:၁၃ ကိုဖတ်ပါ။) အဲဒီမေတ္တာကြောင့်ပဲ အဆုံးအထိ သမာဓိ စောင့်ထိန်းဖို့၊ ဖခင်ရဲ့ အလိုတော်ကို ပြီးမြောက် အောင် လုပ်ဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။ စိတ်ပိုင်းဖြတ်ထားတဲ့အတိုင်းလည်း သမာဓိ စောင့်ထိန်းတယ်။ ဒါကြောင့် လူတွေနဲ့ပတ်သက်တဲ့၊ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာပါလိမ့်မယ်။ အကြီးအကျယ် ဝေဒနာ ခံပြီးမှ သေဆုံးဖို့ ယေရှုကို ဘုရား ဘာကြောင့် ခွင့်ပြုခဲ့ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ရွေးဖိုးကို အလွန် ကျေးဇူးတင်လေးမြတ်တဲ့ ကျမ်းရေးသူ တစ်ယောက်အကြောင်းလည်း အတိုချုပ် ဆွေးနွေးပါမယ်။ ယေဟောဝါနဲ့ ယေရှု ပြင်ဆင်ပေးတဲ့ ရွေးဖိုးအတွက် ကျေးဇူးတင်တယ်ဆိုတာ ဘယ်လို ပြနိုင်ကြောင်း၊ ကျေးဇူးတင်စိတ် တိုးများအောင် ဘယ်လို လုပ်နိုင်ကြောင်းလည်း ဆွေးနွေးပါမယ်။
ယေရှု ဝေဒနာ ခံဖို့ ဘုရား ဘာကြောင့် ခွင့်ပြု
၄။ ယေရှု ဘယ်လို သေဆုံးခဲ့သလဲ။
၄ ယေရှုရဲ့ မြေကြီးအသက်တာ နောက်ဆုံးနေ့အကြောင်း စဉ်းစားကြည့်ပါ။ မိမိကို ကာကွယ်ဖို့ ကောင်းကင်တမန်တပ်တွေကို တောင်းဆိုနိုင်ပါလျက်နဲ့ ရောမစစ်သားတွေ လက်ထဲ အဖမ်းခံခဲ့တယ်။ သူတို့က ယေရှုကို မညှာမတာ ရိုက်နှက်ကြတယ်။ (မ. ၂၆:၅၂-၅၄။ ယော. ၁၈:၃။ ၁၉:၁) အသားတွေကို စုတ်ပြဲသွားစေတဲ့ ကျာပွတ်ကို ရောမစစ်သားတွေ သုံးတယ်။ နောက်ပိုင်း၊ ဒဏ်ရာတွေနဲ့ သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ ကျောပေါ် သစ်တိုင် အလေးကြီး တင်ပေးပြီး ထမ်းသွားခိုင်းတယ်။ အသတ်ခံရမယ့် နေရာဆီ ယေရှု ထမ်းသွားနေတုန်း အားပြတ်သွားလို့ လမ်းမှာ တွေ့တဲ့ လူတစ်ယောက်ကို အတင်း ထမ်းခိုင်းကြတယ်။ (မ. ၂၇:၃၂) အသတ်ခံရမယ့် နေရာ ရောက်တဲ့အခါ စစ်သားတွေက ယေရှုရဲ့ ခြေလက်တွေကို သစ်တိုင်မှာ သံနဲ့ ရိုက်တယ်။ သစ်တိုင်ကို ထောင်လိုက်တဲ့အခါ ယေရှုရဲ့ ခန္ဓာကိုယ် အလေးချိန်ကြောင့် သံရိုက်ထားတဲ့ ဒဏ်ရာတွေ စုတ်ပြဲသွားတယ်။ မိခင် မာရိနဲ့ မိတ်ဆွေတွေ ဝမ်းနည်းငိုကြွေးနေပေမဲ့ ဂျူးခေါင်းဆောင်တွေကတော့ ယေရှုကို လှောင်ပြောင်ကြတယ်။ (လု. ၂၃:၃၂-၃၈။ ယော. ၁၉:၂၅) နာရီနဲ့ ချီပြီး ယေရှု မချိမဆံ့ ဝေဒနာ ခံစားရတယ်။ သစ်တိုင်တင်ခံရတဲ့ ခန္ဓာကိုယ် အနေအထားကြောင့် နှလုံးနဲ့ အဆုတ်ကြွက်သားတွေ တင်းလာပြီး အသက်ရှူဖို့ ခက်လာတယ်။ အသက် မထွက်ခင်လေးမှာ နောက်ဆုံးအနေနဲ့ ဆုတောင်းတယ်။ အဲဒီနောက် ခေါင်းငိုက်စိုက်ကျပြီး အသက်ထွက်သွားတယ်။ (မာ. ၁၅:၃၇။ လု. ၂၃:၄၆။ ယော. ၁၀:၁၇၊ ၁၈။ ၁၉:၃၀) အရှက်တကွဲ နာကျင်ခံစားပြီးမှ တဖြည်းဖြည်း သေစေတဲ့ နည်းပါပဲ။
၅။ မိမိ အသတ်ခံရမယ့် နည်းထက် ဘာအတွက် ယေရှု ပိုစိတ်ဒုက္ခ ရောက်သလဲ။
၅ ယေရှု စိတ်ဒုက္ခ ရောက်တာက မိမိ အသတ်ခံရမယ့် နည်းကြောင့် မဟုတ်ဘဲ အသတ်ခံရမယ့် အကြောင်းရင်းကြောင့် ဖြစ်တယ်။ ဘုရားနဲ့ ဘုရားနာမည်ကို မလေးစားသူ၊ ဘုရားကို စော်ကားပြောဆိုသူအဖြစ် ယေရှု မတရား စွပ်စွဲခံထားရတယ်။ (မ. ၂၆:၆၄-၆၆) စွပ်စွဲချက်အကြောင်း တွေးလိုက်ရုံနဲ့တင် အကြီးအကျယ် စိတ်ဒုက္ခရောက်တဲ့အတွက် အဲဒီလို အရှက်တကွဲ မသေရအောင် လွှဲဖယ်ပေးဖို့ အဖဘုရားဆီ ဆုတောင်းတယ်။ (မ. ၂၆:၃၈၊ ၃၉၊ ၄၂) မိမိသားကို ဝေဒနာ ခံပြီးမှ သေဆုံးဖို့ ယေဟောဝါ ဘာကြောင့် ခွင့်ပြုခဲ့သလဲ။ အကြောင်းရင်း သုံးခုကို ဆွေးနွေးကြည့်ကြစို့။
၆။ သစ်တိုင်ပေါ် ယေရှု ဘာကြောင့် သေဆုံးခဲ့သလဲ။
၆ ပထမ၊ ဂျူးတွေကို ကျိန်ခြင်းတစ်မျိုးကနေ လွတ်မြောက်စေဖို့ ယေရှု သစ်တိုင်ပေါ် သေဆုံးရတာ ဖြစ်တယ်။ (ဂလ. ၃:၁၀၊ ၁၃) ဂျူးတွေဟာ အာဒံရဲ့ သားစဉ်မြေးဆက်တွေ ဖြစ်လို့ သေဒဏ်ခံထိုက်တယ်။ (ရော. ၅:၁၂) အဲဒီအပြင် ဘုရားပညတ်ကို နာခံမယ်လို့ စိတ်လိုကိုယ်လျောက် ကတိပေးပြီးမှ မနာခံတဲ့အတွက် ကျိန်ခြင်းခံထိုက်တဲ့ လူမျိုးလည်း ဖြစ်နေတယ်။ သေဒဏ်ခံထိုက်တဲ့ အပြစ် ကျူးလွန်သူကို ကွပ်မျက်ပြီး အလောင်းကို သစ်တိုင်မှာ ဆွဲထားဖို့ ဘုရားပညတ်မှာ ပြဋ္ဌာန်းထားတယ်။ * “သစ်တိုင်တင်ခံရတဲ့သူဟာ ဘုရားသခင်ရဲ့ ကျိန်ခြင်းကို ခံရသူပဲ” လို့လည်း ပြောထားတယ်။ (တရား. ၂၁:၂၂၊ ၂၃။ ၂၇:၂၆) ဒါကြောင့် မိမိကို ဂျူးတွေ ငြင်းပယ်ပေမဲ့ ခရစ်တော်ဟာ သစ်တိုင်မှာ သေဆုံးခြင်းအားဖြင့် ဂျူးတွေကိုယ်စား ကျိန်ခြင်းကို ခံပြီး ပညတ်တရားရဲ့ ကျိန်ခြင်းကနေ သူတို့ကို လွတ်မြောက်စေတယ်။ ဒီလိုနည်းနဲ့ သူတို့လည်း မိမိရွေးဖိုးကနေ အကျိုးရနိုင်မှာ ဖြစ်တယ်။
၇။ သားတော် ဝေဒနာ ခံစားဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ ဒုတိယ အကြောင်းရင်းက ဘာလဲ။
ဟီ. ၂:၁၇၊ ၁၈။ ၄:၁၄-၁၆။ ၅:၇-၁၀။
၇ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ ဒုတိယ အကြောင်းရင်းကို စဉ်းစားကြည့်ပါ။ အနာဂတ်မှာ ပုရောဟိတ်မင်း ဖြစ်ဖို့ ယေရှုကို ဘုရား လေ့ကျင့်ပေးနေတယ်။ အဆုံးစွန် စမ်းသပ်ခံရချိန်မှာ ဘုရားကို နာခံဖို့ ဘယ်လောက် ခက်ကြောင်း ယေရှု ကိုယ်တွေ့ သိခဲ့ရတယ်။ စိတ်ဖိစီးလွန်းလို့ “မျက်ရည်ကျပြီး အသနားခံ ဆုတောင်း” တဲ့အထိပဲ။ အဲဒီလောက်အထိ စိတ်ဒုက္ခ ခံစားဖူးတဲ့အတွက် ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို သိပြီး “စမ်းသပ်ခံရတဲ့အခါ” “ကူညီမစပေးနိုင်တယ်။” ‘ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို စာနာနိုင်တဲ့’ သနားကြင်နာတတ်တဲ့ ပုရောဟိတ်မင်းကို ခန့်အပ်ပေးထားလို့ ယေဟောဝါကို ကျေးဇူးတင်စရာပါပဲ။—၈။ ယေရှု အဆုံးစွန်အထိ စမ်းသပ်ခံရဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ တတိယ အကြောင်းရင်းက ဘာလဲ။
၈ သားတော် ဝေဒနာ ခံစားပြီး သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုရတဲ့ တတိယ အကြောင်းရင်းကတော့ လူတွေဟာ အပြင်းအထန် စမ်းသပ်ခံရချိန်မှာ ယေဟောဝါအပေါ် ဆက်သစ္စာရှိနိုင်မလားဆိုတဲ့ အရေးကြီး မေးခွန်းကို ဖြေဆိုနိုင်ဖို့ ဖြစ်တယ်။ စာတန်ကတော့ လူတွေ ဆက်သစ္စာရှိမှာ မဟုတ်ဘူးလို့ စွပ်စွဲထားတယ်။ လူတွေဟာ ကိုယ်ကျိုးအတွက်ပဲ ဘုရားကို ဝတ်ပြုနေတာ၊ ဘိုးဘေး အာဒံလိုပဲ ယေဟောဝါကို တကယ် မချစ်ကြဘူးလို့ စာတန် ထင်နေတယ်။ (ယောဘ ၁:၉-၁၁။ ၂:၄၊ ၅) သားတော်ရဲ့ သစ္စာသမာဓိကို ယေဟောဝါ အပြည့်အဝ ယုံကြည်စိတ်ချတဲ့အတွက် အဆုံးစွန်အထိ စမ်းသပ်ခံရဖို့ ခွင့်ပြုခဲ့တယ်။ ယေရှုလည်း သေတဲ့အထိ သမာဓိ စောင့်ထိန်းခြင်းအားဖြင့် စာတန်ဟာ မုသာကောင် ဖြစ်ကြောင်း သက်သေထူခဲ့တယ်။
ရွေးဖိုးကို အလွန် ကျေးဇူးတင်လေးမြတ်တဲ့ ကျမ်းရေးသူ
၉။ ကျွန်တော်တို့အတွက် တမန်တော် ယောဟန် ဘယ်ပုံသက်သေ ချမှတ်ခဲ့သလဲ။
၉ ရွေးဖိုး သွန်သင်ချက်ကြောင့် ခရစ်ယာန်များစွာရဲ့ ယုံကြည်ခြင်း ပိုခိုင်မာလာတယ်။ ဆန့်ကျင်မှုတွေကြား ဆက်ဟောပြောကြတယ်။ အသက်အရွယ် အိုမင်းချိန်အထိ အခက်အခဲ အမျိုးမျိုးကို ခံရပ်ကြတယ်။ တမန်တော် ယောဟန်အကြောင်း စဉ်းစားကြည့်ပါ။ ခရစ်တော်အကြောင်း၊ ရွေးဖိုးအကြောင်း အမှန်တရားကို သစ္စာရှိရှိ ဟောပြောလာတာ နှစ်ပေါင်း ၆၀ ကျော်လောက် ရှိပြီ။ အသက်တစ်ရာနီးပါးကျမှ ရောမအင်ပါယာအတွက် အန္တရာယ်ရှိတဲ့သူလို့ သတ်မှတ်ခံရပြီး ပတ်မုကျွန်းကို နယ်နှင်ခံရတယ်။ ဘာပြစ်မှုကြောင့်လဲ။ “ဘုရားသခင်အကြောင်း ဟောပြောလို့၊ ယေရှုအကြောင်း သက်သေခံလို့” ပါ။ (ဗျာ. ၁:၉) ထူးခြားတဲ့ ယုံကြည်ခြင်းနဲ့ ခံနိုင်ရည် ပုံသက်သေပါပဲ။
၁၀။ ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်ကြောင်း ယောဟန်ရဲ့ စာတွေမှာ ဘယ်လို ဖော်ပြထားသလဲ။
၁၀ ယေရှုကို သိပ်ချစ်တဲ့အကြောင်း၊ ရွေးဖိုးကို ကျေးဇူးတင်လေးမြတ်တဲ့အကြောင်း မိမိရဲ့ စာတွေမှာ ယောဟန် ထည့်ရေးတယ်။ ရွေးဖိုးအကြောင်း၊ ရွေးဖိုးကြောင့် ရမယ့် အကျိုးကျေးဇူးတွေအကြောင်း အကြိမ် ၁၀၀ ကျော်လောက် ဖော်ပြထားတယ်။ ဥပမာ၊ “တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ” လို့ ယောဟန် ရေးတယ်။ (၁ ယော. ၂:၁၊ ၂) “ယေရှုအကြောင်း သက်သေခံ” ဖို့ ဘယ်လောက် အရေးကြီးကြောင်းကိုလည်း ယောဟန်ရဲ့ စာတွေမှာ အလေးပေး ဖော်ပြထားတယ်။ (ဗျာ. ၁၉:၁၀) ရွေးဖိုးကို ယောဟန် သိပ်ကျေးဇူးတင်လေးမြတ်တာ ထင်ရှားတယ်။ ကျွန်တော်တို့လည်း အဲဒီလို ကျေးဇူးတင်လေးမြတ်မှုမျိုး ဘယ်လို ပြနိုင်မလဲ။
ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ဘယ်လို ပြနိုင်သလဲ
၁၁။ သွေးဆောင်မှုကို တွန်းလှန်ဖို့ ဘာက ကူညီပေးနိုင်သလဲ။
၁၁ အပြစ်လုပ်ဖို့ သွေးဆောင်ခံရတဲ့အခါ တွန်းလှန်ပါ။ ‘သွေးဆောင်ခံရတဲ့အခါ အတင်း တွန်းလှန်နေဖို့ မလိုပါဘူး။ လုပ်ပြီးမှ ခွင့်လွှတ်မှု တောင်းခံလိုက်ရင် ရနေတာပဲ’ ဆိုတဲ့ သဘောထားမျိုး တချို့မှာ ရှိနိုင်တယ်။ ဒါပေမဲ့ မ. ၆:၁၃။
ရွေးဖိုးကို တကယ် ကျေးဇူးတင်လေးမြတ်တယ်ဆိုရင် အဲဒီလို သဘောထား ရှိမှာမဟုတ်ဘူး။ အဲဒီအစား ‘ငါ့အတွက် ယေဟောဝါနဲ့ ယေရှု ဒီလောက် လုပ်ပေးထားတာ ဘာလို့ ဒီလို အမှားမျိုး လုပ်ရမှာလဲ’ လို့ တွေးပါလိမ့်မယ်။ အဲဒီအပြင် ‘သွေးဆောင်မှုနောက် ပါမသွားအောင် ကူညီပေးပါ’ ဆိုပြီး ယေဟောဝါဆီ ခွန်အား တောင်းပါလိမ့်မယ်။—၁၂။ ၁ ယောဟန် ၃:၁၆-၁၈ မှာ ပါတဲ့ အကြံဉာဏ်ကို ဘယ်လို လိုက်နာနိုင်သလဲ။
၁၂ ညီအစ်ကို/မတွေကို ချစ်ပါ။ ညီအစ်ကို/မတွေကို ချစ်တာက ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း ပြရာရောက်တယ်။ ဘာကြောင့်လဲ။ ယေရှုက ကျွန်တော်တို့အတွက်သာ မဟုတ်ဘဲ ညီအစ်ကို/မတွေအတွက်ပါ အသက်ပေးခဲ့လို့ပဲ။ အသက်ပေးဖို့ အသင့်ရှိတယ် ဆိုကတည်းက သူတို့ကို သိပ်ချစ်လို့ပဲ။ (၁ ယောဟန် ၃:၁၆-၁၈ ဖတ်ပါ။) ညီအစ်ကို/မတွေကို ချစ်ကြောင်း ကျွန်တော်တို့ရဲ့ ပြုမူဆက်ဆံပုံအားဖြင့် ပြနိုင်တယ်။ (ဧ. ၄:၂၉၊ ၃၁–၅:၂) ဥပမာ၊ သူတို့ နေမကောင်းတဲ့အခါ၊ သဘာဝဘေးလိုမျိုး ဆိုးရွားတဲ့ ပြဿနာတွေ ကြုံရတဲ့အခါ ကူညီပေးကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိတ်ထိခိုက်အောင် သူတို့ ပြောမိလုပ်မိတဲ့အခါမှာကော ဘာလုပ်သင့်သလဲ။
၁၃။ ဘာကြောင့် ခွင့်လွှတ်ရမလဲ။
၁၃ ညီအစ်ကို/မ တစ်ယောက်ယောက်ကို မကျေမချမ်း ဖြစ်နေသလား။ (ဝတ်. ၁၉:၁၈) ဒါဆိုရင် “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီး သည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။ ယေဟောဝါက ခင်ဗျားတို့ကို ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်သလို ခင်ဗျားတို့လည်း အဲဒီလိုပဲ ခွင့်လွှတ်ကြပါ” ဆိုတဲ့ ကျမ်းစာအကြံဉာဏ်ကို လိုက်နာပါ။ (ကော. ၃:၁၃) ညီအစ်ကို/မတွေကို ခွင့်လွှတ်လိုက်တဲ့ အကြိမ်တိုင်း ရွေးဖိုးအတွက် တကယ် ကျေးဇူးတင်လေးမြတ်ကြောင်း ကောင်းကင်ဖခင်ကို ဖော်ပြရာရောက်တယ်။ ဒီဘုရားပေး လက်ဆောင်အတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများအောင် ဘယ်လို လုပ်နိုင်သလဲ။
ရွေးဖိုးအတွက် ကျေးဇူးတင်စိတ် ဘယ်လို တိုးများစေနိုင်သလဲ
၁၄။ ရွေးဖိုးအတွက် ကျေးဇူးတင်စိတ် တိုးများစေနိုင်တဲ့ နည်းတစ်နည်းက ဘာလဲ။
၁၄ ရွေးဖိုးအတွက် ယေဟောဝါကို ကျေးဇူးတင်ပါ။ “နေ့တိုင်း ဆုတောင်းတဲ့အခါ ရွေးဖိုးအတွက် ယေဟောဝါကို ကျေးဇူးတင်စကား ပြောဖို့ အရေးကြီးတယ်” လို့ အိန္ဒိယမှာ နေတဲ့ အသက် ၈၃ နှစ်အရွယ် ညီအစ်မ ဂျိုအန်နာ ပြောတယ်။ ဆုတောင်းတဲ့အခါ တစ်နေ့တာအတွင်း ကိုယ်လုပ်မိတဲ့ အမှားတွေအကြောင်း ယေဟောဝါကို ပြောပြပြီး ခွင့်လွှတ်မှု တောင်းခံပါ။ ကြီးလေးတဲ့ အပြစ် ကျူးလွန်မိတာမျိုး ဆိုရင်တော့ အကြီးအကဲတွေဆီလည်း အကူအညီ တောင်းဖို့ လိုတယ်။ သူတို့က သင် ပြောတာကို ကောင်းကောင်း နားထောင်ပြီး ကျမ်းစာအကြံဉာဏ်တွေ ပေးမယ်။ ယေရှုရဲ့ ယာ. ၅:၁၄-၁၆။
ရွေးဖိုးကို သုံးပြီး ခွင့်လွှတ်ပေးဖို့ ယေဟောဝါဆီ သင်နဲ့အတူ ဆုတောင်းပေးမယ်။ ဒါမှ သင် ဘုရားရေးရာဘက် “ပြန်ကျန်းမာလာ” မယ်။—၁၅။ ရွေးဖိုးအကြောင်း လေ့လာ၊ တွေးတောဖို့ ဘာကြောင့် အချိန်ယူသင့်သလဲ။
၁၅ ရွေးဖိုးအကြောင်း တွေးတောဆင်ခြင်ပါ။ “ယေရှု ဘယ်လောက် ဝေဒနာ ခံခဲ့တယ်ဆိုတာ ဖတ်ရတိုင်း ငိုမိတယ်” ဆိုပြီး အသက် ၇၃ နှစ်အရွယ် ညီအစ်မ ရာဂျာမာနီ ပြောတယ်။ သင်လည်း ဘုရားသားတော် ဘယ်လောက် ဝေဒနာ ခံစားခဲ့တယ်ဆိုတာ တွေးလိုက်တိုင်း စိတ်မကောင်း ဖြစ်မိမှာပဲ။ ဒါပေမဲ့ စိတ်မကောင်း ဖြစ်ရုံလောက်သာ မဟုတ်ဘူး။ ယေရှုရဲ့ ရွေးဖိုးအကြောင်း တွေးတောလေ ယေရှုနဲ့ ဘုရားအပေါ် ထားတဲ့ မေတ္တာ တိုးများလေ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရွေးဖိုးအကြောင်း သတ်သတ်မှတ်မှတ် လေ့လာ၊ တွေးတောဖို့ အစီအစဉ် ဆွဲပါ။
၁၆။ ရွေးဖိုးအကြောင်း တခြားသူတွေကို ပြောပြတာက ကျွန်တော်တို့ကို ဘယ်လို အကျိုးရှိစေသလဲ။ (မျက်နှာဖုံးပုံကို ကြည့်ပါ။)
၁၆ ရွေးဖိုးအကြောင်း တခြားသူတွေကို ပြောပြပါ။ ရွေးဖိုးအကြောင်း တခြားသူတွေကို ပြောပြတဲ့အချိန်တိုင်း ကျွန်တော်တို့ရဲ့ ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာပါလိမ့်မယ်။ ကျွန်တော်တို့အတွက် ယေရှု ဘာကြောင့် အသေခံခဲ့ကြောင်း ရှင်းပြဖို့ အကောင်းဆုံး ကိရိယာတွေ ရှိတယ်။ ဥပမာ၊ လူမျိုးအားလုံးအတွက် သတင်းကောင်း စာစောင်၊ “ယေရှုခရစ်က ဘယ်သူလဲ” ဆိုတဲ့ အခန်း ၄ ကို သုံးနိုင်တယ်။ သမ္မာကျမ်းစာ သွန်သင်ရာများ စာအုပ်၊ “ရွေးဖိုး—ဘုရား ပေးတဲ့ အဖိုးထိုက်ဆုံး လက်ဆောင်” ဆိုတဲ့ အခန်း ၅ ကို သုံးနိုင်တယ်။ နှစ်တိုင်း ယေရှုရဲ့ သေခြင်း အောက်မေ့ရာပွဲကို တက်ခြင်း၊ တခြားသူတွေကိုလည်း ထက်ထက်သန်သန် ဖိတ်ခေါ်ခြင်းအားဖြင့် ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာမယ်။ သားတော်အကြောင်း တခြားသူတွေကို ပြောပြရတာ ယေဟောဝါ ပေးထားတဲ့ အခွင့်ထူးပါပဲ။
၁၇။ ရွေးဖိုးဟာ လူသားတွေအတွက် ဘုရား ပေးထားတဲ့ အကြီးမားဆုံး လက်ဆောင် ဘာကြောင့် ဖြစ်သလဲ။
၁၇ ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်သင့်တဲ့ အကြောင်းရင်းတွေ ရှိတာ သေချာပါတယ်။ မစုံလင်တဲ့ ကျွန်တော်တို့ဟာ ရွေးဖိုးကြောင့်သာ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနိုင်တာ။ မာရ်နတ် လုပ်သမျှလည်း ရွေးဖိုးကြောင့်သာ အပြီးအပိုင် ချေဖျက်ခံရမှာ။ (၁ ယော. ၃:၈) ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ မူလရည်ရွယ်ချက် ပြည့်စုံလာပြီး တစ်ကမ္ဘာလုံး ပရဒိသု ဖြစ်လာမယ်။ ကိုယ်ဆုံတွေ့တဲ့ လူတိုင်းဟာ ယေဟောဝါကို ချစ်ပြီး ဝတ်ပြုသူတွေပဲ ဖြစ်နေမယ်။ ဒါကြောင့် လူသားတွေကို ပေးထားတဲ့ ယေဟောဝါရဲ့ အကြီးမားဆုံး လက်ဆောင် ရွေးဖိုးအတွက် ကျေးဇူးတင်လေးမြတ်ကြောင်း နေ့ရက်တိုင်း ဖော်ပြကြပါစို့။
သီချင်း ၂၀ အချစ်ဆုံးသားကို ပေးခဲ့
^ အပိုဒ်၊ 5 ယေရှု ဘာကြောင့် သစ်တိုင်ပေါ် ဝေဒနာခံပြီး သေဆုံးခဲ့သလဲ။ အဲဒီမေးခွန်းကို ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒါက ရွေးဖိုးအတွက် ကျေးဇူးတင်စိတ် တိုးများစေပါလိမ့်မယ်။
^ အပိုဒ်၊ 6 ရာဇဝတ်သားတွေ အသက်ရှင်နေတုန်း သစ်တိုင်မှာ သံနဲ့ ရိုက်တာ၊ ချည်နှောင်တာ ရောမထုံးစံ ဖြစ်တယ်။ အဲဒီနည်းအတိုင်း သားတော် သေဆုံးဖို့ ယေဟောဝါ ခွင့်ပြုခဲ့တယ်။
^ အပိုဒ်၊ 55 ပုံအညွှန်း– ညစ်ညမ်းရုပ်ပုံ ကြည့်ဖို့၊ ဆေးလိပ် သောက်ဖို့၊ လာဘ်စားဖို့ သွေးဆောင်ခံရတဲ့အခါ ညီအစ်ကိုတွေ တွန်းလှန်နေ။