လေ့လာရန် ဆောင်းပါး ၁၇
သင့်ကို ယေဟောဝါ တန်ဖိုးထား
“ယေဟောဝါက မိမိရဲ့ လူတွေကို နှစ်သက်တယ်။”—ဆာ. ၁၄၉:၄။
သီချင်း ၁၀၈ ဘုရားရဲ့ ခိုင်မြဲတဲ့ မေတ္တာ
အကြိုသုံးသပ်ချက် *
၁။ မိမိရဲ့ လူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ဘာသတိပြုမိသလဲ။
ယေဟောဝါဘုရားက “မိမိရဲ့ လူတွေကို နှစ်သက်တယ်။” (ဆာ. ၁၄၉:၄) ဝမ်းသာကြည်နူးစရာပါပဲ။ ကျွန်တော်တို့ရဲ့ အရည်အသွေးကောင်းတွေကို ယေဟောဝါ သတိပြုမိတယ်။ ဘယ်လို လူစားမျိုး ဖြစ်လာနိုင်တယ်ဆိုတာ သိတယ်။ မိမိဆီ ဆွဲဆောင်တယ်။ ကျွန်တော်တို့သာ သစ္စာရှိနေရင် ဘုရားနဲ့ ထာဝစဉ် ရင်းနှီးနေမှာ ဖြစ်တယ်။—ယော. ၆:၄၄။
၂။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ လက်ခံဖို့ တချို့အတွက် ဘာကြောင့် ခက်သလဲ။
၂ ‘လူမျိုးတော် တစ်စုလုံးကို ယေဟောဝါ ချစ်တယ်ဆိုတာတော့ သိပါတယ်။ ဒါပေမဲ့ တစ်ယောက်ချင်းစီကို ချစ်တယ်ဆိုတာ ဘယ်လို စိတ်ချနိုင်မလဲ’ လို့ တချို့ တွေးနိုင်တယ်။ ဘာကြောင့် အဲဒီလို တွေးမိနိုင်သလဲ။ ကလေးတုန်းက စိတ်ဒဏ်ရာ ရခဲ့တဲ့ အိုဆာနာ * ဒီလိုပြောတယ်– “နှစ်ခြင်းခံပြီး ရှေ့ဆောင် စလုပ်တုန်းက ကျွန်မ သိပ်ပျော်ခဲ့တာ။ ဒါပေမဲ့ ၁၅ နှစ်လောက် ကြာတော့ နာကြည်းစရာ အတိတ်ဖြစ်ရပ်တွေကို ပြန်တွေးမိလာတယ်။ ငါ့ကို ယေဟောဝါ မနှစ်သက်ဘူး၊ ဘုရားမေတ္တာ မခံစားထိုက်ဘူးလို့ စတွေးလာတယ်။” ငယ်ဘဝ မလှခဲ့တဲ့ ရှေ့ဆောင် ညီအစ်မ ယူအာလည်း “ယေဟောဝါကို ပျော်စေချင်လို့ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်အပ်နှံလိုက်ပေမဲ့ ဘုရား ငါ့ကို ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူးလို့ ခံစားရတယ်” ဆိုပြီး ပြောတယ်။
၃။ ဒီဆောင်းပါးမှာ ဘာအကြောင်း ဆွေးနွေးမလဲ။
၃ အထက်မှာ ဖော်ပြခဲ့တဲ့ သစ္စာရှိ ညီအစ်မ နှစ်ယောက်လိုပဲ သင်လည်း ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ပေမဲ့ ဘုရားကော ကိုယ့်ကို ချစ်ရဲ့လားလို့ သံသယ ဝင်နေနိုင်တယ်။ ကိုယ့်ကို ဘုရား တကယ် ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချဖို့ ဘာကြောင့် လိုအပ်သလဲ။ ကိုယ့်ကို ဘုရား မချစ်ဘူးလို့ စတွေးမိလာတဲ့အခါ ဘယ်ကနေ အကူအညီ ရနိုင်သလဲ။ အဲဒီမေးခွန်းတွေကို ဆွေးနွေးကြည့်ကြစို့။
ယေဟောဝါရဲ့ မေတ္တာကို သံသယ ဝင်တာဟာ အန္တရာယ်ရှိ
၄။ ယေဟောဝါရဲ့ မေတ္တာကို သံသယ ဝင်တာ ဘာကြောင့် အန္တရာယ်ရှိသလဲ။
၄ မေတ္တာဟာ အစွမ်းထက်တဲ့ တွန်းအား ဖြစ်တယ်။ ကိုယ့်ကို ယေဟောဝါ ချစ်တယ်၊ ထောက်မပေးနေတယ်ဆိုတာ ယုံကြည်စိတ်ချရင် ဘဝအခက်အခဲတွေ ကြားမှာတောင် စိတ်နှလုံး အကြွင်းမဲ့ အမှုဆောင်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်ကို ဘုရား ဂရုစိုက်ရဲ့လား၊ ချစ်ရဲ့လားလို့ သံသယ ဝင်လာရင်တော့ “အားလျော့သွားလိမ့်မယ်။” (ပညာ. ၂၄:၁၀) စိတ်ဓာတ်ကျလာပြီး စာတန်ရဲ့ တိုက်ခိုက်မှုတွေကို ခုခံနိုင်တော့မှာ မဟုတ်ဘူး။—ဧ. ၆:၁၆။
၅။ ဘုရားမေတ္တာကို သံသယ ဝင်တာက ညီအစ်ကို/မတချို့အပေါ် ဘယ်လို အကျိုးသက်ရောက်သလဲ။
၅ ဒီနေ့ခေတ် သစ္စာရှိ ခရစ်ယာန်တချို့ဟာ သံသယစိတ်ကြောင့် ဘုရားရေးရာမှာ အားနည်းသွားကြတယ်။ ဂျိမ်းလို့ ခေါ်တဲ့ အကြီးအကဲတစ်ယောက် ဒီလိုပြောတယ်– “ဗေသလမှာ အမှုဆောင်နေပြီး ဘာသာခြား စကားပြော အသင်းတော်တစ်ခုမှာ ပါဝင်နေပေမဲ့ ကိုယ်ပေးဆက်နေတာတွေကို ယေဟောဝါ တကယ် နှစ်သက်ရဲ့လားလို့ သံသယ ဝင်မိတယ်။ တစ်ခါကဆိုရင် ငါ့ဆုတောင်းချက်တွေကို ယေဟောဝါ နားထောင်ပေးရဲ့လားလို့တောင် တွေးမိတဲ့အထိပဲ။” အချိန်ပြည့် အမှုဆောင် ညီအစ်မ အီဗာကလည်း “ယေဟောဝါရဲ့ မေတ္တာကို သံသယ ဝင်ရင် ဘုရားရေးရာဘက် တဖြည်းဖြည်း အားနည်းလာနိုင်တဲ့အတွက် အန္တရာယ်ရှိတယ်။ အမှုဆောင်ချင်စိတ်၊ အမှုဆောင်လုပ်ငန်းမှာ ရွှင်လန်းစိတ် ပျောက်ဆုံးသွားစေနိုင်တယ်” လို့ ပြောတယ်။ မှန်မှန်ရှေ့ဆောင်၊ အကြီးအကဲ မိုက်ကယ်ကလည်း “ကိုယ့်ကို ဘုရား ဂရုစိုက်တယ်ဆိုတာ မယုံကြည်ရင် ဘုရားနဲ့ တဖြည်းဖြည်း ဝေးကွာသွားလိမ့်မယ်” လို့ ပြောတယ်။
၆။ ကိုယ့်ကို ဘုရား ချစ်ရဲ့လားလို့ သံသယ စဝင်လာပြီဆိုရင် ဘာလုပ်ရမလဲ။
၆ ဘုရားမေတ္တာကို သံသယ ဝင်တာ ဘယ်လောက် အန္တရာယ်ရှိကြောင်း အဲဒီတွေ့ကြုံမှုတွေက ဖော်ပြတယ်။ ဒါဆိုရင် ကိုယ့်ကို ဘုရား ချစ်ရဲ့လားလို့ သံသယ စဝင်လာပြီဆိုရင် ဘာလုပ်သင့်သလဲ။ အဲဒီအတွေးကို စိတ်ထဲကနေ ချက်ချင်း ထုတ်ပစ်ပါ။ “ပူပန်သောကတွေ” ဖယ်ရှားပေးပြီး “စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေး” မယ့် “ဘုရားသခင့် ငြိမ်သက်ခြင်း” ပေးဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ (ဆာ. ၁၃၉:၂၃။ ဖိ. ၄:၆၊ ၇) ဒါ့အပြင် သင် တစ်ယောက်တည်း မဟုတ်ဘဲ တခြားသစ္စာရှိ ညီအစ်ကို/မတွေလည်း အဲဒီလို ခံစားချက်မျိုးကို တိုက်လှန်နေရတယ်ဆိုတာ သတိရပါ။ အတိတ်က ဘုရားကျေးကျွန်တွေတောင် အဲဒီလို ခံစားချက်ကို တိုက်လှန်ခဲ့ရတယ်။ တမန်တော် ပေါလုရဲ့ ပုံသက်သေကနေ ဘာသင်ယူနိုင်ကြောင်း သုံးသပ်ကြည့်ကြစို့။
ပေါလုဆီကနေ သင်ယူနိုင်ရာ
၇။ ပေါလုမှာ ဘာပြဿနာတွေ ရှိသလဲ။
၇ တာဝန်တွေ များလွန်းလို့ ဝန်ပိနေတယ်လို့ သင် ခံစားရသလား။ ဒါဆိုရင် ပေါလုကို ကိုယ်ချင်းစာနိုင်ပါလိမ့်မယ်။ ပေါလုဟာ အသင်းတော်တစ်ခုတည်းအတွက် မဟုတ်ဘဲ “အသင်းတော်တွေအတွက်” စိတ်ပူနေရတယ်။ (၂ ကော. ၁၁:၂၃-၂၈) နာတာရှည် ကျန်းမာရေး ပြဿနာကြောင့် သင် ရွှင်လန်းမှု ပျောက်ဆုံးနေသလား။ ပေါလုဟာ “ကိုယ်ခန္ဓာမှာ စူးတဲ့ ဆူး” ကြောင့် အမြဲ စူးရှနာကျင်နေရတယ်။ အဲဒီဆူးဟာ ကျန်းမာရေး ပြဿနာ ဖြစ်ပုံရပြီး ပေါလုခမျာ ဝေဒနာ သက်သာပျောက်ကင်းချင်နေတယ်။ (၂ ကော. ၁၂:၇-၁၀) ကိုယ်တိုင်ရဲ့ အားနည်းချက်တွေကြောင့် သင် စိတ်ဓာတ်ကျနေသလား။ ပေါလုလည်း စိတ်ဓာတ်ကျတဲ့အချိန်တွေ ရှိတယ်။ အားနည်းချက်တွေကို တစ်ချိန်လုံး တိုက်လှန်နေရတဲ့အတွက် “ကျွန်တော့်အဖြစ် ဆိုးလိုက်တာ” လို့ ပြောခဲ့တယ်။—ရော. ၇:၂၁-၂၄။
၈။ ပြဿနာတွေကို ခံရပ်နိုင်ဖို့ ပေါလုကို ဘာက ကူညီပေးသလဲ။
၈ ပေါလုဟာ စမ်းသပ်မှု အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျစေတဲ့ အခြေအနေတွေကြား ယေဟောဝါအတွက် ဆက်အမှုဆောင်တယ်။ ပေါလုကို ဘာက ကူညီပေးသလဲ။ ကိုယ့်အားနည်းချက်တွေကို သိပေမဲ့ ရွေးဖိုးကို အပြည့်အဝ ယုံကြည်တယ်။ ‘[ယေရှု] ကို ယုံကြည်သက်ဝင်သူတိုင်း ထာဝရအသက် ရ’ မယ်ဆိုတဲ့ ကတိကိုလည်း ကောင်းကောင်း သိတယ်။ (ယော. ၃:၁၆။ ရော. ၆:၂၃) ရွေးဖိုးကို ပေါလု တကယ် ယုံကြည်တယ်။ ကြီးလေးတဲ့ အပြစ် ကျူးလွန်ခဲ့ရင်တောင် နောင်တယူမယ်ဆိုရင် ယေဟောဝါ ခွင့်လွှတ်ဖို့ အသင့်ရှိတယ်ဆိုတာ ပေါလု ယုံတယ်။—ဆာ. ၈၆:၅။
၉။ ဂလာတိ ၂:၂၀ မှာ ပါတဲ့ ပေါလုရဲ့ စကားတွေကနေ ဘာသိရသလဲ။
၉ ခရစ်တော်ကတစ်ဆင့် ဖော်ပြတဲ့ ဘုရားရဲ့ မေတ္တာစွမ်းအားကိုလည်း ပေါလု ယုံကြည်တယ်။ (ဂလာတိ ၂:၂၀ ကိုဖတ်ပါ။) အဲဒီအခန်းငယ် အဆုံးပိုင်းမှာ ပါတဲ့ အားရှိစရာ စကားတွေကို သတိပြုပါ။ “ကျွန်တော့်ကို ချစ်ပြီး ကျွန်တော့်အတွက် အသက်စွန့်ခဲ့တဲ့ ဘုရားသခင့် သားတော်” လို့ ပေါလု ပြောတယ်။ ဘုရားမေတ္တာ မခံစားထိုက်လောက်အောင် ကိုယ့်ကိုယ်ကိုယ် ဆိုးလှပြီလို့ ပေါလု မယူဆဘူး။ ‘တခြားညီအစ်ကို/မတွေကို ယေဟောဝါ ဘာကြောင့် ချစ်တယ်ဆိုတာ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ ငါ့ကိုတော့ ဘုရား ချစ်မှာ မဟုတ်ပါဘူး’ လို့ မတွေးဘူး။ “ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့တယ်” လို့ ရောမအသင်းတော်မှာ ရှိသူတွေကို ပေါလု သတိပေးတယ်။ (ရော. ၅:၈) ဘုရားမေတ္တာဟာ အကန့်အသတ် မရှိဘူး။
၁၀။ ရောမ ၈:၃၈၊ ၃၉ ကနေ ဘာသိရသလဲ။
၁၀ ရောမ ၈:၃၈၊ ၃၉ ကိုဖတ်ပါ။ ဘုရားရဲ့ မေတ္တာစွမ်းအားကို ပေါလု အကြွင်းမဲ့ ယုံကြည်စိတ်ချတယ်။ ‘ဘုရားသခင် ပြတဲ့ မေတ္တာကို ကျွန်တော်တို့ မခံစားရအောင် ဘယ်အရာ ကမှ မတားဆီးနိုင်ဘူး’ လို့ ပြောတယ်။ အစ္စရေးလူမျိုးကို ယေဟောဝါ ဘယ်လောက် စိတ်ရှည်ကြောင်း၊ မိမိကိုလည်း ဘယ်လောက် ကရုဏာ ပြကြောင်း သိတယ်။ ‘ငါ့အတွက် သားတော်ကိုတောင် ယေဟောဝါ အသေခံစေမှတော့ ဘုရားမေတ္တာကို သံသယ ဝင်စရာအကြောင်း မရှိဘူး’ လို့ ပေါလု ပြောလိုက်တဲ့ သဘောပဲ။—ရော. ၈:၃၂။
၁၁။ ၁ တိမောသေ ၁:၁၂-၁၅ မှာ ဖော်ပြထားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ပေမဲ့ မိမိကို ဘုရား ချစ်တယ်ဆိုတာ ပေါလု ဘာကြောင့် ယုံကြည်စိတ်ချသလဲ။
၁၁ ၁ တိမောသေ ၁:၁၂-၁၅ ကိုဖတ်ပါ။ အတိတ်က လုပ်ရပ်တွေအကြောင်း တွေးပြီး ပေါလု စိတ်မကောင်း ဖြစ်တဲ့အချိန်တွေ ရှိမှာပဲ။ ဒါကြောင့် “ငါဟာ အပြစ်အများဆုံးပဲ” လို့ ပြောခဲ့တာ ဖြစ်တယ်။ အမှန်တရား မသိခင်မှာ ပေါလု ခရစ်ယာန်တွေကို တစ်မြို့ပြီး တစ်မြို့ လိုက်ညှဉ်းဆဲတယ်။ ထောင်ချတယ်။ သူတို့ကို ကွပ်မျက်ဖို့ ထောက်ခံတယ်။ (တ. ၂၆:၁၀၊ ၁၁) မိမိကြောင့် အသတ်ခံလိုက်ရသူတွေရဲ့ သားသမီး တစ်ယောက်ယောက်နဲ့ တွေ့တဲ့အခါ ပေါလု ဘယ်လို ခံစားရမယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ပေါလုဟာ အမှားတွေအတွက် နောင်တရပေမဲ့ အတိတ်ကို ပြောင်းပစ်လို့ မရမှန်း သိတယ်။ မိမိအတွက် ခရစ်တော် အသေခံခဲ့တယ်ဆိုတာ ယုံကြည်လက်ခံတယ်။ ဒါကြောင့်လည်း “ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ယုံကြည်စိတ်ချစွာ ပြောခဲ့တာ ဖြစ်တယ်။ (၁ ကော. ၁၅:၃၊ ၁၀) ဘာသင်ခန်းစာ ရသလဲ။ သင့်အတွက် ခရစ်တော် အသေခံခဲ့တယ်၊ ယေဟောဝါနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိဖို့ လမ်းဖွင့်ပေးခဲ့တယ်ဆိုတာ လက်ခံပါ။ (တ. ၃:၁၉) ယေဟောဝါသက်သေ မဖြစ်ခင် ဖြစ်စေ၊ ဖြစ်ပြီးမှ ဖြစ်စေ အတိတ်မှာ သင် ဘာအမှားတွေ ကျူးလွန်ခဲ့တယ်ဆိုတာကို ဘုရား အာရုံမစိုက်ဘူး။ လက်ရှိနဲ့ အနာဂတ်မှာ သင် ဘာလုပ်သလဲဆိုတာကသာ ဘုရားအတွက် အရေးပါတယ်။—ဟေရှာ. ၁:၁၈။
၁၂။ တန်ဖိုးမရှိဘူး၊ အချစ်မခံထိုက်ဘူးလို့ ခံစားရတဲ့အခါ ၁ ယောဟန် ၃:၁၉၊ ၂၀ မှာ ပါတဲ့ စကားတွေက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၂ သင့်အပြစ်တွေအတွက် ယေရှု အသေခံခဲ့တယ်ဆိုတာ စဉ်းစားလိုက်တဲ့အခါ ‘ဒီအဖိုးတန် ဆုကျေးဇူးကို ငါ မရထိုက်ဘူး’ ၁ ယောဟန် ၃:၁၉၊ ၂၀ ကိုဖတ်ပါ။) အဲဒီလို ခံစားရတဲ့အခါ “ဘုရားသခင်ဟာ ကျွန်တော်တို့ရဲ့ စိတ်နှလုံးထက် ပိုကြီးမြတ်တယ်” ဆိုတာကို သတိရပါ။ ကောင်းကင်ဖခင်ရဲ့ မေတ္တာနဲ့ ခွင့်လွှတ်နိုင်စွမ်းဟာ ကျွန်တော်တို့ စိတ်နှလုံးမှာ ရှိနေနိုင်တဲ့ သံသယစိတ်ထက် ပိုကြီးမားတယ်။ ကိုယ့်ကို ယေဟောဝါ မြင်သလို မြင်တတ်အောင် ကြိုးစားရမယ်။ အဲဒီလို ဖြစ်ဖို့ ကျမ်းစာ မှန်မှန် လေ့လာရမယ်။ မပြတ် ဆုတောင်းရမယ်။ ဘုရားရဲ့ သစ္စာရှိ ကျေးကျွန်တွေနဲ့ မှန်မှန် ပေါင်းသင်းရမယ်။ အဲဒါတွေ လုပ်ဖို့ ဘာကြောင့် အရေးကြီးသလဲ။
လို့ ခံစားရနိုင်တယ်။ ဘာကြောင့် အဲဒီလို ခံစားရတာ ဖြစ်နိုင်သလဲ။ ကျွန်တော်တို့ရဲ့ မစုံလင်တဲ့ စိတ်နှလုံးက လှည့်စားတတ်ပြီး ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူး၊ အချစ်မခံထိုက်ဘူးလို့ ခံစားရစေနိုင်လို့ပဲ။ (ကျမ်းစာလေ့လာခြင်း၊ ဆုတောင်းခြင်းနဲ့ သစ္စာရှိ မိတ်ဆွေတွေ ကူညီပေးနိုင်ပုံ
၁၃။ ကျမ်းစာလေ့လာခြင်းက ကျွန်တော်တို့ကို ဘယ်လို ကူညီပေးနိုင်သလဲ။ (“ ကျမ်းစာက သူတို့ကို ကူညီပေးပုံ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)
၁၃ ကျမ်းစာကို နေ့စဉ် လေ့လာပါ။ ဒါဆိုရင် ယေဟောဝါရဲ့ အရည်အသွေးများစွာအကြောင်း ပိုသိလာမယ်။ ကိုယ့်ကို ဘုရား ဘယ်လောက် ချစ်ကြောင်း နားလည်လာမယ်။ ကျမ်းစာကို နေ့စဉ် ဖတ်ရှုတွေးတောတာက စိတ်နှလုံးကို “ပဲ့ပြင်” ပေးတဲ့အတွက် ရှင်းရှင်းလင်းလင်း တွေးခေါ်တတ်လာမယ်။ (၂ တိ. ၃:၁၆) ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို တိုက်လှန်ခဲ့ရတဲ့ အကြီးအကဲ ကယ်ဗင်က “ဆာလံ ၁၀၃ ကို ဖတ်ရှုတွေးတောတာက ကျွန်တော့်အမြင်ကို တည့်မတ်ပေးတယ်။ ကိုယ့်အပေါ် ထားတဲ့ ယေဟောဝါရဲ့ ခံစားချက် အစစ်အမှန်ကို နားလည်ဖို့ ကူညီပေးတယ်” လို့ ပြောတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ အီဗာကလည်း “ညတိုင်း ယေဟောဝါရဲ့ ခံစားချက်ကို တွေးတောဆင်ခြင်တယ်။ ဒါက ကျွန်မကို စိတ်တည်ငြိမ်စေပြီး ယုံကြည်ခြင်း ခိုင်ခံ့စေတယ်” လို့ ပြောတယ်။
၁၄။ ဆုတောင်းခြင်းက ဘယ်လို ကူညီပေးနိုင်သလဲ။
၁၄ မကြာခဏ ဆုတောင်းပါ။ (၁ သက်. ၅:၁၇) တစ်ယောက်ယောက်နဲ့ ရင်းနှီးချင်ရင် မကြာခဏ စကားပြောဖို့၊ ခံစားချက်တွေ ရင်ဖွင့်ဖို့ လိုတယ်။ ယေဟောဝါနဲ့လည်း အဲဒီလိုပဲ။ ကိုယ့်ခံစားချက်၊ အတွေး၊ ပူပင်သောကတွေကို ယေဟောဝါဆီ ဆုတောင်းပြောပြတဲ့အခါ ဘုရားကို ယုံကြည်စိတ်ချကြောင်း၊ ကိုယ့်ကို ဘုရား ချစ်တယ်ဆိုတာ သိကြောင်း ဖော်ပြရာ ရောက်တယ်။ (ဆာ. ၉၄:၁၇-၁၉။ ၁ ယော. ၅:၁၄၊ ၁၅) အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်မ ယူအာ ဒီလိုပြောတယ်– “ယေဟောဝါဆီ ဆုတောင်းတဲ့အခါ တစ်နေ့တာ ဘာတွေ လုပ်ခဲ့တယ်ဆိုတာ ပြောပြရုံလောက်သာ မဟုတ်ဘဲ ကိုယ့်အတွေး၊ ခံစားချက်တွေကို ရင်ဖွင့်တယ်။ ဒီလိုနဲ့ ယေဟောဝါကို ကုမ္ပဏီ ပိုင်ရှင်အဖြစ် မဟုတ်ဘဲ သားသမီးတွေကို တကယ် ချစ်မြတ်နိုးတဲ့ ဖခင်လို မြင်လာတယ်။”—“ သင် ဖတ်ပြီးပြီလား” လေးထောင့်ကွက်ကို ကြည့်ပါ။
၁၅။ ကျွန်တော်တို့ကို ဂရုစိုက်ကြောင်း ယေဟောဝါ ဘယ်လို ပြသလဲ။
၁၅ သစ္စာရှိ မိတ်ဆွေတွေနဲ့ ပေါင်းသင်းပါ။ သူတို့ဟာ ယေဟောဝါဆီက လက်ဆောင် ဖြစ်တယ်။ (ယာ. ၁:၁၇) ကောင်းကင်ဖခင်က “အချိန်အခါမရွေး မေတ္တာပြတတ်” တဲ့ ညီအစ်ကို/မတွေ ပေးထားခြင်းအားဖြင့် ကျွန်တော်တို့ကို ဂရုစိုက်ကြောင်း ပြတယ်။ (ပညာ. ၁၇:၁၇) ကောလောသဲ အသင်းတော်ဆီ ရေးတဲ့ စာမှာ ပေါလုက မိမိကို ထောက်မပေးတဲ့ ညီအစ်ကို/မတွေနဲ့ပတ်သက်ပြီး “ကျွန်တော့်ကို တကယ် အားပေးထောက်မခဲ့သူတွေပါ” လို့ ပြောခဲ့တယ်။ (ကော. ၄:၁၀၊ ၁၁) ခရစ်တော် ယေရှုတောင် မိတ်ဆွေတွေ ဖြစ်တဲ့ ကောင်းကင်တမန်တွေ၊ လူတွေဆီက ထောက်မမှုကို လိုအပ်ခဲ့တယ်။ ရလာတဲ့ ထောက်မမှုကို တန်ဖိုးထားတယ်။—လု. ၂၂:၂၈၊ ၄၃။
၁၆။ ယေဟောဝါနဲ့ ပိုရင်းနှီးဖို့ ကျွန်တော်တို့ကို သစ္စာရှိ မိတ်ဆွေတွေ ဘယ်လို ကူညီပေးနိုင်သလဲ။
၁၆ အသင်းတော်မှာ ရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီကနေ သင် အကျိုးရနေသလား။ ရင့်ကျက်တဲ့ မိတ်ဆွေဆီ ကိုယ့်ပူပင်သောကတွေ ရင်ဖွင့်တာဟာ ပျော့ညံ့တာ မဟုတ်ဘူး။ အကာအကွယ်တောင် ဖြစ်စေတယ်။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ ညီအစ်ကို ဂျိမ်း ဒီလိုပြောတယ်– “ရင့်ကျက်တဲ့ ညီအစ်ကို/မတွေနဲ့ ဆက်ဆံရေးကောင်း ရှိတာ သိပ်အထောက်အကူ ဖြစ်တယ်။ အပျက်သဘောတွေ ဝင်လာတဲ့အခါ ကျွန်တော် ပြောတာကို သူတို့ စိတ်ရှည်ရှည် နားထောင်ပေးတယ်။ ကျွန်တော့်ကို ချစ်တယ်ဆိုတာ ပြောပြကြတယ်။ ကျွန်တော့်ကို ယေဟောဝါ ချစ်ပြီး ဂရုစိုက်တယ်ဆိုတာ သူတို့ရဲ့ လုပ်ရပ်ကတစ်ဆင့် ခံစားရတယ်။” ကျွန်တော်တို့လည်း ညီအစ်ကို/မတွေနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေဖို့ သိပ်အရေးကြီးတယ်။
ယေဟောဝါရဲ့ မေတ္တာကို ဆက်ခံစားနေပါ
၁၇-၁၈။ ဘယ်သူ့စကားကို နားထောင်ရမလဲ။ ဘာကြောင့်လဲ။
၁၇ မှန်ရာ လုပ်ဖို့ တိုက်ပွဲဝင်နေတဲ့ ကျွန်တော်တို့ကို စာတန် လက်လျှော့သွားစေချင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ မချစ်ဘူး၊ ကျွန်တော်တို့ ကယ်တင်မခံထိုက်ဘူးလို့ စာတန် ထင်စေချင်တယ်။ ဒါပေမဲ့ အဲဒီလိုထင်တာ မှားတယ်။
၁၈ သင့်ကို ယေဟောဝါ ချစ်တယ်။ တန်ဖိုးထားတယ်။ သင်သာ ဘုရားကို နာခံနေမယ်ဆိုရင် ယေရှုလိုပဲ “အဖဘုရားရဲ့ မေတ္တာကို အမြဲ ခံစားရမယ်။” (ယော. ၁၅:၁၀) ဒါကြောင့် စာတန့်စကားကို နားမယောင်ပါနဲ့။ ကိုယ့်ကို ယေဟောဝါ မချစ်ဘူးဆိုတဲ့ အတွေးဝင်လာတဲ့အခါ စိတ်ထဲကနေ ချက်ချင်း ထုတ်ပစ်ပါ။ ကျွန်တော်တို့ တစ်ယောက်စီရဲ့ ကောင်းကွက်ကို မြင်တဲ့ ယေဟောဝါရဲ့ စကားကို နားထောင်ပါ။ သင် အပါအဝင် “မိမိရဲ့ လူတွေကို” ယေဟောဝါ “နှစ်သက်တယ်” ဆိုတာ ယုံကြည်စိတ်ချနေပါ။
သီချင်း ၁၄၁ အံ့ဖွယ်အသက်
^ အပိုဒ်၊ 5 ညီအစ်ကို/မတချို့ဟာ ကိုယ့်ကို ယေဟောဝါ ချစ်တယ်ဆိုတာ လက်ခံဖို့ ခက်နေကြတယ်။ ကျွန်တော်တို့ တစ်ယောက်စီကို ယေဟောဝါ ချစ်တယ်ဆိုတာ ဘာကြောင့် စိတ်ချနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ကိုယ့်ကို ဘုရား မချစ်ဘူးလို့ စတွေးမိလာတဲ့အခါ ဘယ်ကနေ အကူအညီ ရနိုင်ကြောင်းကိုလည်း ဆွေးနွေးပါမယ်။
^ အပိုဒ်၊ 2 အမည်လွှဲများ။
^ အပိုဒ်၊ 67 ပုံအညွှန်း– အမှန်တရား မသိခင်က ပေါလုဟာ ခရစ်ယာန်များစွာကို ထောင်ချတယ်။ မိမိအတွက် ယေရှု လုပ်ပေးခဲ့တာကို လက်ခံပြီးနောက်မှာတော့ ပြောင်းလဲလာတယ်။ ခရစ်ယာန် ညီအစ်ကို/မတွေကို အားပေးတယ်။ သူတို့ထဲက တချို့ဟာ မိမိ နှိပ်စက်ညှဉ်းပန်းခဲ့သူတွေရဲ့ ဆွေမျိုးတွေ ဖြစ်နိုင်တယ်။