သူတို့ရဲ့ ယုံကြည်ခြင်းကို အတုယူပါ | စာရာ
‘မင်းဟာ မိန်းမချောပဲ’
စာရာဟာ အခန်းအလယ်မှာ ရပ်နေရင်း ဘေးပတ်လည်ကို ကြည့်လိုက်တယ်။ လှပတဲ့ မျက်ဝန်းနက်တစ်စုံ ပိုင်ဆိုင်ထားတဲ့ အရှေ့အလယ်ပိုင်းဒေသက အမျိုးသမီးတစ်ဦးကို ပုံဖော်ကြည့်လိုက်ပါ။ သူ့မျက်ဝန်းမှာ ဝမ်းနည်းတဲ့အရိပ်အယောင် သန်းနေလေမလား။ ဒါဆိုရင် အကြောင်းရင်းကို နားလည်ဖို့ မခက်ပါဘူး။ ဒီအိမ်မှာ သူ့အတွက် အမှတ်ရစရာတွေ ပြည့်နေခဲ့တာ။ ဒီအိမ်မှာပဲ ချစ်ရတဲ့ခင်ပွန်း အာဗြဟံနဲ့အတူ ပျော်စရာ နေ့ရက်ပေါင်းများစွာကို ဖြတ်သန်းလာခဲ့တာ။ * တူနှစ်ကိုယ် မေတ္တာရိပ်မြုံလေး တည်ဆောက်ခဲ့ကြတာ။
သူတို့နေထိုင်တဲ့ ဥရမြို့ဟာ ချမ်းသာကြွယ်ဝတဲ့မြို့၊ လက်မှုပညာသည်၊ လက်သမား၊ ကုန်သည်တွေ လက်ညှိုးထိုးမလွဲတဲ့ မြို့ပဲ။ ဒါကြောင့် သူတို့လည်း ပစ္စည်းဥစ္စာတွေ ပိုင်ဆိုင်ထားမှာ သေချာတယ်။ ဒါပေမဲ့ စာရာရဲ့အိမ်ဟာ ပိုင်ဆိုင်ရာတွေ သိမ်းဆည်းထားတဲ့နေရာလောက်ပဲ မဟုတ်ဘူး။ ဒီအိမ်ဟာ သူတို့နှစ်ဦး နှစ်ပေါင်းများစွာ အေးအတူ ပူအမျှ နေထိုင်ပြီး ချစ်ရတဲ့ဘုရား ယေဟောဝါဆီ အတူဆုတောင်းခဲ့တဲ့ နေရာပါ။ ဒါကြောင့် ဒီအိမ်ကို စာရာ သံယောဇဉ်တွယ်မယ်ဆိုလည်း တွယ်လောက်ပါတယ်။
ဒါနဲ့တောင် စာရာဟာ အမှတ်တရဖြစ်စရာတွေနဲ့ ဝေးရာကို ပြောင်းရွှေ့ဖို့ အသင့်ဖြစ်နေပြီ။ အသက် ၆၀ လောက်ရှိနေပေမဲ့ မသိကျွမ်းတဲ့နယ်မြေဆီ ခရီးနှင်ပြီး အခက်အခဲနဲ့ အန္တရာယ်တွေ ထူပြောတဲ့ဘဝထဲ ခြေချရတော့မယ်။ ဒီကိုပြန်လာနိုင်ဖို့ဆိုတာ ဝေးလာဝေးပေါ့။ ဘာက သူ့ဘဝကို ဒီလိုပြောင်းလဲပစ်လိုက်တာလဲ။ သူ့ယုံကြည်ခြင်းကနေ ကျွန်တော်တို့ ဘာတွေ သင်ယူနိုင်သလဲ။
‘နေရင်းပြည်ကနေ ထွက်သွားပါ’
စာရာဟာ ဥရမြို့မှာ ကြီးပြင်းလာပုံရတယ်။ အခုခေတ်မှာ ဥရမြို့ဟာ လူသူမရှိတော့တဲ့ အပျက်အယွင်းပုံကြီး ဖြစ်နေတယ်။ စာရာတို့ခေတ်တုန်းကတော့ ယူဖရေးတီးမြစ်နဲ့ တူးမြောင်းတွေတစ်လျှောက် ကုန်တင်သင်္ဘောတွေဟာ စုန်ချည်ဆန်ချည် သွားလာပြီး ရပ်ဝေးမြေခြားက အဖိုးတန်ကုန်စည်တွေကို စည်ကားတဲ့ ဥရမြို့ဆီ သယ်ဆောင်လာတယ်။ ဥရမြို့ရဲ့ ကွေ့ကွေ့ကောက်ကောက် လမ်းကျဉ်းတွေပေါ် လူတွေ တိုးဝှေ့သွားလာနေတယ်။ ဆိပ်ခံတံတားတွေဆီ သင်္ဘောတွေ အလုအယက် ဆိုက်ကပ်နေတယ်။ ဈေးထဲမှာ ကုန်စည်တွေ တောင်ပုံရာပုံပဲ။ စာရာဟာ ပျားပန်းခပ်စည်ကားတဲ့ ဒီမြို့မှာ ကြီးပြင်းလာတဲ့အတွက် လူအတော်များများရဲ့ နာမည်တွေကို သိထားတယ်။ မြို့သားတွေကလည်း အလှပဂေးဖြစ်တဲ့ သူ့ကို သတိရနေကြမှာ သေချာတယ်။ ဒီမြို့မှာ မိသားစုကြီးတစ်စုကို သူ ပိုင်ဆိုင်ထားတယ်။
ကျမ်းစာမှာ စာရာကို ယုံကြည်ခြင်းခိုင်မာသူအဖြစ် ဖော်ပြထားတယ်။ ဥရမြို့ရဲ့ အထင်ကရ လနတ်ဘုရားကို ယုံကြည်သူအဖြစ်တော့ မဟုတ်ဘူး။ အဲဒီမြို့မှာ လနတ်ဘုရားရဲ့ ဘုံဗိမာန်ဟာ အထင်းသားပဲ။ စာရာကတော့ စစ်မှန်တဲ့ဘုရား ယေဟောဝါကိုပဲ ကိုးကွယ်တယ်။ ဘုရားကို ယုံကြည်သူ ဘယ်လိုဖြစ်လာတယ်ဆိုတာတော့ ကျမ်းစာမှာ မဖော်ပြဘူး။ ဖခင်ဖြစ်သူကတော့ အချိန်အတန်ကြာ ရုပ်တုကိုးကွယ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ပါစေ စာရာဟာ သူ့ထက် ဆယ်နှစ်ကြီးတဲ့ အာဗြဟံနဲ့ လက်ထပ်ခဲ့တယ်။ * (ကမ္ဘာဦး ၁၇:၁၇) နောက်ပိုင်းမှာ အာဗြဟံကို ‘ယုံကြည်ခြင်းရှိသူတွေရဲ့ ဖခင်’ အဖြစ် လူသိများလာတယ်။ (ရောမ ၄:၁၁) သူတို့နှစ်ဦး တည်ဆောက်ထားတဲ့ သာယာခိုင်မြဲတဲ့ အိမ်ထောင်မှာ အပြန်အလှန် လေးစားကြတယ်။ ပြောဆိုဆက်သွယ်ရေး ကောင်းကြတယ်။ အခက်အခဲတွေကို အတူ ရင်ဆိုင်ဖြေရှင်းကြတယ်။ သူတို့ရဲ့ ပေါင်းစည်းမှုဟာ အဓိကအားဖြင့် ဘုရားကိုချစ်တဲ့ မေတ္တာကြောင့် ဖြစ်တယ်။
စာရာဟာ အာဗြဟံကို သိပ်ချစ်တယ်။ ဥရမြို့က ဆွေမျိုးတွေကြား တစ်အိုးတစ်အိမ် ထူထောင်ကြတယ်။ မကြာပါဘူး၊ စိတ်ဆင်းရဲစရာ ကြုံရတယ်။ “စာရဲက မြုံနေလို့ သားသမီး မရှိဘူး” ဆိုပြီး ကျမ်းစာပြောတယ်။ (ကမ္ဘာဦး ၁၁:၃၀) အဲဒီခေတ် ယဉ်ကျေးမှုအရ စာရာရဲ့အခြေအနေဟာ အတော့်ကို စိတ်ဆင်းရဲစရာပဲ။ ဒါပေမဲ့ စာရာဟာ ဘုရားသခင်နဲ့ ခင်ပွန်းအပေါ် သစ္စာမပျက်ခဲ့ဘူး။ မိဘမရှိတော့တဲ့ တူလေး လောတဟာ သူတို့အတွက် သားအရင်းလိုပဲ။ ဒီလိုနဲ့ တစ်ရက်ကျတော့ အရာရာ ပြောင်းလဲသွားတယ်။
အတော့်ကို စိတ်လှုပ်ရှားနေတဲ့ အာဗြဟံဟာ စာရာကို လာပြောပြတယ်။ အခုလေးတင် ကြုံခဲ့တာကို မယုံနိုင်အောင် ဖြစ်နေတယ်။ သူတို့ကိုးကွယ်တဲ့ ဘုရားက သူ့ရှေ့ ပေါ်လာပြီး စကားလာပြောတယ်။ ကောင်းကင်တမန်ကတစ်ဆင့် ပြောတာ သေချာတယ်။ စာရာကလည်း အာဗြဟံကို လှမျက်ဝန်းလေးနဲ့ ကြည့်ပြီး “အစ်ကို၊ သူ ဘာတွေ ပြောလိုက်လဲ။ ပြောပြပါဦး” လို့ အမောတကော မေးတယ်။ အာဗြဟံဟာ အရင်ဆုံး ထိုင်ပြီး အတွေးတွေ စုစည်းလိုက်တယ်။ အဲဒီနောက် “နေရင်းပြည်နဲ့ ဆွေမျိုးသားချင်းတွေကို ထားခဲ့ပြီး ငါပြမယ့်ပြည်ကို သွားပါ” ဆိုပြီး ယေဟောဝါ ပြောတဲ့အကြောင်း ပြောပြတယ်။ (တမန်တော် ၇:၂၊ ၃) စိတ်တည်ငြိမ်သွားတဲ့နောက် ယေဟောဝါပေးတဲ့ တာဝန်အကြောင်း သူတို့ တွေးတောမှန်းဆကြတယ်။ သက်သောင့်သက်သာဘဝကို စွန့်ပြီး အခြေတကျမရှိ၊ လှည့်လည်သွားလာရတဲ့ဘဝနဲ့ နေရတော့မယ်။ စာရာ ဘယ်လိုများ တုံ့ပြန်မလဲ။ အာဗြဟံက သူ့ကို အသေအချာ စိုက်ကြည့်နေမှာ သေချာတယ်။ ဘဝမှာ ဒီလိုမျိုး ကြီးမားတဲ့အပြောင်းအလဲ ကြုံရတဲ့အခါ သူ ကြည်ကြည်ဖြူဖြူ ထောက်မပေးပါ့မလား။
စာရာရင်ဆိုင်နေရတဲ့ ရွေးချယ်မှုဟာ ကျွန်တော်တို့နဲ့ မသက်ဆိုင်ပုံရတယ်။ ‘ဘုရားသခင်က ကျွန်တော် ဒါမှမဟုတ် ကျွန်တော့်အိမ်ထောင်ဖက်ကို အဲဒီလို လုပ်ခိုင်းမှာ မဟုတ်ပါဘူး’ လို့ တွေးမိနိုင်တယ်။ တကယ်တော့ ကျွန်တော်တို့အားလုံး အဲဒီလိုရွေးချယ်မှုမျိုး ရင်ဆိုင်နေရတယ် မဟုတ်လား။ ရုပ်ပစ္စည်းအဓိကထားတဲ့ လောကမှာ ကျွန်တော်တို့ အသက်ရှင်နေရတယ်။ ဒီလောကဟာ ကိုယ်သက်သောင့်သက်သာဖြစ်ရေး၊ စည်းစိမ်ပိုင်ဆိုင်ရေး၊ ကိုယ့်လုံခြုံမှုရှိရေးကိုပဲ ဦးစားထားဖို့ အားပေးနိုင်တယ်။ ကျမ်းစာကတော့ ဝတ်ပြုရေးကို ဦးစားထားဖို့၊ ကိုယ့်အကြိုက်ထက် ဘုရား ကြိုက်တာကို ဦးစားထားဖို့ အားပေးတယ်။ (မဿဲ ၆:၃၃) စာရာလုပ်ဆောင်ခဲ့တာကို တွေးကြည့်ရင်း ‘ငါသာဆိုရင် ဘာကို ရွေးချယ်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးနိုင်တယ်။
သူတို့ “ပြည်ကနေ ထွက်” သွားခဲ့ကြ
စာရာဟာ အထုပ်အပိုးတွေ ပြင်ရင်း ဘာတွေ သယ်သွားပြီး ဘာတွေ ထားခဲ့ရမလဲဆိုတာ ဝေခွဲမရဖြစ်နေတယ်။ မြည်းတွေ၊ ကုလားအုတ်တွေ မသယ်နိုင်တဲ့၊ လှည့်လည်သွားလာသူတွေရဲ့ ဘဝနဲ့ မအပ်စပ်တဲ့ ပစ္စည်းတွေကို ယူသွားလို့ မဖြစ်ဘူး။ ပိုင်ဆိုင်ရာအတော်များများကို ရောင်းတန်ရောင်း၊ ပေးတန်ပေး လုပ်ရတော့မယ်။ မြို့မှာနေထိုင်ရတဲ့ဘဝဟာ ဘာမဆို အဆင်ပြေတယ်။ ကောက်နှံ၊ အသား၊ သစ်သီး၊ အဝတ်အထည်နဲ့ တခြားအသုံးအဆောင် ပစ္စည်းပစ္စယတွေ အလွယ်တကူ ဝယ်ယူနိုင်တဲ့ ဈေးတွေလည်း ရှိတယ်။ အခုတော့ အဲဒါတွေကို ထားရစ်ခဲ့ရတော့မယ်။
စာရာအတွက်တော့ သူ့အိမ်ကို စွန့်ခွာဖို့က ပိုခက်ခဲနိုင်တယ်။ ရှေးဟောင်းသုတေသနပညာရှင်တွေ ဥရမြို့မှာ တူးဖော်တွေ့ရှိရတဲ့ အိမ်တွေအတိုင်းသာဆိုရင် စာရာဟာ တကယ်ဇိမ်ကျတဲ့ဘဝကို စွန့်လွှတ်ခဲ့ရမှာပဲ။ တချို့အိမ်တွေဆိုရင် အခန်းအများကြီး ရှိတယ်။ ရေပန်းနဲ့ ရေပိုက်လိုင်းစနစ်တွေလည်း ရှိတယ်။ သာမန်လူတန်းစားတွေရဲ့ အိမ်မှာတောင် အမိုးအကာ အခိုင်အခံ့ရှိတယ်။ ကန့်လန့်ကျင်ပါတဲ့ တံခါးတွေရှိတယ်။ တဲနဲ့နေမယ်ဆိုရင် သူခိုးဓားပြရန်ကနေ အကာအကွယ်ရနိုင်ပါ့မလား။ အဲဒီအချိန်တုန်းက အဲဒီနယ်မြေတွေမှာ ကျက်စားတဲ့ ခြင်္သေ့၊ ကျားသစ်၊ ဝက်ဝံ၊ ဝံပုလွေတွေရဲ့ ရန်ကနေ အကာအကွယ် ရနိုင်ပါ့မလား။
မိသားစုနဲ့ပတ်သက်ရင်ကော။ ဘယ်သူတွေကို စာရာ ထားရစ်ခဲ့ရမလဲ။ “နေရင်းပြည်နဲ့ ဆွေမျိုးသားချင်းတွေကို ထားခဲ့” ပါဆိုတဲ့ ဘုရားသခင်ရဲ့ မိန့်မှာချက်ကို နာခံဖို့ စာရာအတွက် ခက်ခဲမှာပဲ။ လှိုက်လှဲဖော်ရွေတဲ့ စာရာမှာ သံယောဇဉ်တွယ်ရမယ့် မောင်နှမ၊ တူ/တူမ၊ ဦးလေး/အဒေါ်တွေ ရှိမှာပဲ။ သူတို့နဲ့ ပြန်ဆုံချင်မှ ဆုံရတော့မယ်။ ဒါပေမဲ့ စာရာဟာ သတ္တိရှိရှိ ရှေ့ဆက်ခဲ့တယ်။ ဒီလိုနဲ့ အသင့်ပြင်ရင်း ထွက်ခွာမယ့်ရက် နီးသည်ထက် နီးလာတယ်။
စာရာဟာ အခက်အခဲတွေရှိပေမဲ့ အထုပ်အပိုးတွေနဲ့ သွားဖို့ အသင့်ဖြစ်နေတယ်။ အသက်နှစ်ရာလောက်ရှိတဲ့ ဖခင်တေရလည်း အာဗြဟံ၊ စာရာနဲ့အတူ လိုက်ပါလာတယ်။ (ကမ္ဘာဦး ၁၁:၃၁) သက်ကြီးရွယ်အို ဖခင်ကို ကြည့်ရှုစောင့်ရှောက်ဖို့ စာရာ အလုပ်များနေခဲ့မှာပဲ။ ယေဟောဝါရဲ့စကားကို နာခံပြီး “ခါလဒဲပြည်ကနေ ထွက်” လာတဲ့အခါ လောတလည်း အတူပါလာတယ်။—တမန်တော် ၇:၄။
ဦးဆုံး၊ ယူဖရေးတီးမြစ်ကြောင်းအတိုင်း သွားပြီး အနောက်မြောက်ဘက် မိုင် ၆၀၀ (၉၆၀ ကီလိုမီတာ) လောက်မှာရှိတဲ့ ခါရန်မြို့ကို ရောက်လာတယ်။ အဲဒီမှာ အချိန်အတော်ကြာ နေထိုင်ကြတယ်။ တေရဟာ နေမကောင်းဖြစ်ပြီး ခရီးမဆက်နိုင်တော့ဘူး။ တေရ အသက် ၂၀၅ နှစ်မှာ ကွယ်လွန်သွားတယ်။ အဲဒီအချိန်ထိ ခါရန်မြို့မှာ သူတို့ နေထိုင်ခဲ့ကြတယ်။ ခရီးမဆက်ခင် တစ်ချိန်ချိန်မှာ ယေဟောဝါက အာဗြဟံကို ဒီပြည်ကနေ ထွက်ပြီး သူပြမယ့်ပြည်ကို သွားဖို့ ပြောတယ်။ ဒီတစ်ကြိမ်မှာတော့ ဘုရားသခင်က ‘မင်းကို လူမျိုးကြီးဖြစ်စေမယ်’ ဆိုပြီး စိတ်လှုပ်ရှားစရာ ကတိတစ်ခု ပေးခဲ့တယ်။ (ကမ္ဘာဦး ၁၂:၂-၄) ခါရန်မြို့ကနေ ထွက်ခွာလာချိန်မှာ အာဗြဟံအသက် ၇၅ နှစ်၊ စာရာအသက် ၆၅ နှစ်ရှိနေပြီး ကလေးတော့ မရှိဘူး။ အာဗြဟံဟာ ဘယ်လိုလုပ်ပြီး လူမျိုးကြီး ဖြစ်နိုင်မှာလဲ။ နောက်မိန်းမ ယူရမှာလား။ အဲဒီအချိန်တုန်းက မယားအများယူတာဟာ သာမန်ဓလေ့ပဲ။ ဒါကြောင့် စာရာဟာ အဲဒီအကြောင်း တွေးနေမှာပဲ။
ဘာပဲဖြစ်ပါစေ သူတို့ ခါရန်မြို့ကထွက်ပြီး ခရီးဆက်ခဲ့တယ်။ သူတို့နဲ့အတူ ဘယ်သူတွေ ပါလာသလဲ။ အာဗြဟံဟာ စုဆောင်းထားတဲ့ ပစ္စည်းဥစ္စာတွေ၊ “ခါရန်မြို့မှာရရှိခဲ့တဲ့ လူတွေ” နဲ့အတူ ထွက်ခွာသွားတယ်လို့ ကျမ်းစာပြောတယ်။ (ကမ္ဘာဦး ၁၂:၅) အဲဒီလူတွေဟာ ဘယ်သူတွေလဲ။ အများအားဖြင့် ကျွန်တွေဖြစ်နိုင်တယ်။ အာဗြဟံနဲ့ စာရာဟာ သူတို့ရဲ့ယုံကြည်ချက်အကြောင်း နားထောင်ချင်သူတွေကို ပြောပြခဲ့မှာပဲ။ ရှေးခေတ် ဂျူးလူမျိုး ကျမ်းပညာရှင်တချို့က ဒီအခန်းငယ်မှာ ဖော်ပြထားတဲ့လူတွေဟာ အာဗြဟံ၊ စာရာတို့နဲ့အတူ ယေဟောဝါကို ကိုးကွယ်လာတဲ့ ဘာသာပြောင်းဝင်လာသူတွေ ဖြစ်တယ်လို့ ပြောကြတယ်။ ခိုင်မာတဲ့ယုံကြည်ခြင်းရှိသူ စာရာဟာ သူ့ရဲ့ဘုရား၊ သူ့ရဲ့မျှော်လင့်ချက်အကြောင်း တခြားသူတွေကို ပြောပြတဲ့အခါ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ပြောခဲ့မှာပဲ။ ယုံကြည်ခြင်းနဲ့ မျှော်လင့်ခြင်း အလွန်ကင်းမဲ့နေတဲ့ခေတ်မှာ အသက်ရှင်နေရတဲ့ ကျွန်တော်တို့ဟာ စာရာရဲ့ပုံနမူနာကို တွေးတောဆင်ခြင်သင့်တယ်။ ကျမ်းစာကနေ တစ်ခုခုသိလာတဲ့အခါ သူတစ်ပါးကို ပြောပြနိုင်မလား။
‘အီဂျစ်ပြည်ကို ဆင်းသွား’
ဘီစီ ၁၉၄၃၊ နိသန်လ ၁၄ ရက်လောက်မှာ သူတို့ဟာ ယူဖရေးတီးမြစ်ကို ဖြတ်ကူးပြီးနောက် တောင်ဘက်အတိုင်း ဘုရားသခင် ကတိပေးထားတဲ့ပြည်ကို သွားကြတယ်။ (ထွက်မြောက်ရာ ၁၂:၄၀၊ ၄၁) အဲဒီပြည်ရဲ့ အလှအပ၊ မျိုးပေါင်းစုံလင်မှု၊ သာယာတဲ့ရာသီဥတုကို ခံစားရင်း ဟိုဟိုဒီဒီကြည့်နေတဲ့ စာရာကို မြင်ယောင်ကြည့်ပါ။ ရှေခင်မြို့အနီး မောရေဒေသက သစ်ပင်ကြီးတွေနားမှာ အာဗြဟံဆီ ယေဟောဝါ ရောက်လာတယ်။ ဒီတစ်ခေါက်မှာတော့ “မင်းရဲ့မျိုးနွယ်ကို ဒီပြည် ငါပေးမယ်” လို့ပြောတယ်။ “မျိုးနွယ်” ဆိုတဲ့စကားလုံးဟာ အာဗြဟံအတွက် အဓိပ္ပာယ်အများကြီး ရှိခဲ့မှာပဲ။ တစ်နေ့ကျရင် မျိုးနွယ်တစ်ဦးက စာတန်ကို ဖျက်ဆီးပစ်မယ်ဆိုပြီး ဧဒင်ဥယျာဉ်မှာ ယေဟောဝါ ကြိုဟောခဲ့တဲ့အကြောင်း သူပြန်တွေးမိမှာ သေချာတယ်။ အာဗြဟံဆီက ဆင်းသက်လာမယ့် လူမျိုးဟာ လူအားလုံး ကောင်ချီးခံစားရဖို့ လမ်းဖွင့်ပေးမယ်လို့ ယေဟောဝါ ပြောခဲ့ပြီးသားပဲ။—ကမ္ဘာဦး ၃:၁၅။ ၁၂:၂၊ ၃၊ ၆၊ ၇။
ဒါပေမဲ့ သူတို့ဟာ ဒီလောကရဲ့ ဒုက္ခတွေကနေ မလွတ်ကင်းခဲ့ဘူး။ ခါနန်ပြည်မှာ အငတ်ဘေးဆိုက်တဲ့အခါ အာဗြဟံဟာ မိသားစုနဲ့အတူ တောင်ဘက်မှာရှိတဲ့ အီဂျစ်ကိုသွားဖို့ ဆုံးဖြတ်တယ်။ ဒါပေမဲ့ အဲဒီဒေသမှာ အန္တရာယ်ကြုံရနိုင်တယ်ဆိုတာ သူသိတယ်။ ဒါကြောင့် “မိန်းမရေ၊ နားထောင်ပါဦး။ မင်းဟာ မိန်းမချောဆိုတော့၊ အီဂျစ်ပြည်သားတွေ မြင်ရင် ‘ဒါ သူ့မိန်းမပဲ’ ဆိုပြီး ကိုယ့်ကို သတ်မှာပေါ့။ မင်းကိုတော့ အသက်ချမ်းသာပေးမှာ။ ဒီတော့ ကိုယ့်ညီမလို့ပြောပါ မိန်းမရာ။ ဒါမှ ကိုယ်လည်း မင်းကြောင့် ကောင်းစားပြီး အသက်ချမ်းသာရာရမှာ” လို့ စာရာကို ပြောတယ်။ (ကမ္ဘာဦး ၁၂:၁၀-၁၃) အာဗြဟံ ဘာကြောင့် အဲဒီလိုတောင်းဆိုရတာလဲ။
အာဗြဟံဟာ ဝေဖန်ရေးသမားတွေ စွပ်စွဲသလို လူလိမ်လူညာ၊ သူရဲဘောကြောင်သူ မဟုတ်ပါဘူး။ တကယ်လည်း စာရာဟာ သူ့ရဲ့ အဖေတူ အမေကွဲ ညီမပါပဲ။ အာဗြဟံ သတိရှိတာဟာ အကြောင်းကောင်းရှိတယ်။ အာဗြဟံဆီကနေ အထူးမျိုးနွယ်နဲ့ လူမျိုးတစ်မျိုး ဆင်းသက်လာမယ်ဆိုတဲ့ ဘုရားသခင့်ရည်ရွယ်ချက်ထက် အရေးကြီးတာ ဘာမှမရှိမှန်း အာဗြဟံနဲ့ စာရာ သိထားတယ်။ ဒါကြောင့် အာဗြဟံ ဘေးကင်းလုံခြုံဖို့ဟာ အဓိကဖြစ်နေတယ်။ ရှေးဟောင်းသုတေသန တွေ့ရှိချက်တွေအရ အီဂျစ်နိုင်ငံမှာရှိတဲ့ ဩဇာအာဏာရှိသူတွေဟာ သူတစ်ပါးဇနီးကို သိမ်းယူပြီး ခင်ပွန်းကို သတ်ပစ်တဲ့ထုံးစံ ရှိတယ်။ ဒါကြောင့် အာဗြဟံဟာ အမြော်အမြင်ရှိရှိ လုပ်ဆောင်ခဲ့တယ်။ စာရာလည်း နှိမ့်ချစိတ်နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။
မကြာပါဘူး၊ အာဗြဟံ စိုးရိမ်တဲ့အတိုင်း တကယ်ဖြစ်လာတယ်။ ဖာရောရဲ့ မှူးမတ်တွေက စာရာ အရွယ်နဲ့မလိုက်အောင် သိပ်လှနေတာကို သတိထားမိတယ်။ ဒါကြောင့် ဖာရောကို လျှောက်တင်တဲ့အခါ စာရာကို ခေါ်ခဲ့ဖို့ ဖာရော အမိန့်ပေးတယ်။ အာဗြဟံ ဘယ်လောက် စိတ်သောကရောက်နေမလဲ၊ စာရာ ဘယ်လောက် စိုးရိမ်ကြောက်ရွံ့နေမလဲဆိုတာ မြင်ယောင်ကြည့်နိုင်တယ်။ ဒါပေမဲ့ စာရာကို ဓားစာခံတစ်ယောက်လို မဟုတ်ဘဲ ဂုဏ်အသရေရှိ ဧည့်သည်လို ဆက်ဆံပုံရတယ်။ ဖာရောဟာ စည်းစိမ်ချမ်းသာတွေ ပြပြီး ဆွဲဆောင်မယ်၊ အဲဒီနောက် အစ်ကိုဖြစ်သူနဲ့ ညှိနှိုင်းပြီး ဇနီးအဖြစ် သိမ်းပိုက်မယ်လို့ စီစဉ်ထားပုံရတယ်။—ကမ္ဘာဦး ၁၂:၁၄-၁၆။
နန်းတော်ပြတင်းပေါက် ဒါမှမဟုတ် လသာဆောင်ကနေ အီဂျစ်ရဲ့ ရှုခင်းတွေကို ကြည့်နေတဲ့ စာရာရဲ့အဖြစ်ကို တွေးကြည့်လိုက်ပါဦး။ စားကောင်းသောက်ဖွယ် အလျှံပယ်နဲ့ အမိုးအကာအောက် လုံလုံခြုံခြုံနေရတဲ့ဘဝ ပြန်ရောက်သွားတဲ့အခါ သူ ဘယ်လိုခံစားရမလဲ။ ဇိမ်ကျတဲ့ဘဝ၊ ဥရမြို့မှာ နေတုန်းကထက် ခမ်းနားထည်ဝါတဲ့ဘဝမျိုးမှာ နေချင်စိတ်တွေ ပေါ်လာမလား။ အာဗြဟံကို ထားခဲ့ပြီး ဖာရောနဲ့လက်ထပ်လိုက်ရင် စာတန် ဘယ်လောက် သဘောကျမလဲဆိုတာ မြင်ယောင်ကြည့်လိုက်ပါ။ စာရာ အဲဒီလို မလုပ်ခဲ့ဘူး။ ခင်ပွန်းအာဗြဟံနဲ့ ဘုရားသခင်အပေါ် သစ္စာစောင့်သိခဲ့တယ်။ အကျင့်ပျက်တဲ့ ဒီလောကမှာ အိမ်ထောင်သည်တိုင်းသာ အဲဒီလို သစ္စာရှိရင် သိပ်ကောင်းမှာပဲ။ သင်ချစ်ရသူတွေ၊ မိတ်ဆွေတွေအပေါ် စာရာလိုပဲ သစ္စာစောင့်သိနိုင်မလား။
ဖာရောမင်းနဲ့ သူ့မိသားစုကို ဘေးဆိုးတွေနဲ့ ဒဏ်ခတ်ခြင်းအားဖြင့် ဒီချစ်စရာကောင်းတဲ့ အမျိုးသမီးကို ယေဟောဝါ ကာကွယ်ပေးခဲ့တယ်။ စာရာဟာ အာဗြဟံရဲ့ဇနီးဖြစ်မှန်း ဖာရောသိသွားတဲ့အခါ သူ့ယောက်ျားဆီ ပြန်ပို့ပြီး တစ်မိသားစုလုံးကို အီဂျစ်ပြည်က ထွက်ခွာခိုင်းတယ်။ (ကမ္ဘာဦး ၁၂:၁၇-၂၀) သူ့ရဲ့ချစ်ဇနီး ပြန်ရောက်လာတဲ့အတွက် အာဗြဟံ ဘယ်လောက်တောင် ဝမ်းသာလိုက်မလဲ။ ‘မင်းဟာ မိန်းမချောဆိုတာ ကိုယ်သိတယ်’ လို့ သူပြောခဲ့ဖူးတယ်။ တကယ်တော့ စာရာမှာရှိတဲ့ နောက်အလှတစ်မျိုးကို သူပိုတန်ဖိုးထားတယ်။ သူ့ဇနီးဟာ ရုပ်အဆင်းသာမက စိတ်ထားပါ လှတဲ့သူပဲ။ အဲဒီလိုစိတ်ထားအလှဟာ ယေဟောဝါရှေ့မှာ အဖိုးတန်တယ်။ (၁ ပေတရု ၃:၁-၅) အဲဒီလိုစိတ်ထားလှအောင် ကျွန်တော်တို့အားလုံး ကြိုးစားနိုင်တယ်။ ရုပ်ပစ္စည်းထက် ဘုရားနဲ့ဆက်ဆံရေးကောင်းရှိဖို့ ဦးစားထားမယ်၊ ဘုရားသခင်အကြောင်း တခြားသူတွေကို ပြောပြမယ်၊ သွေးဆောင်မှုတွေ ကြုံရရင်လည်း ဘုရားချမှတ်ထားတဲ့ စာရိတ္တစံနှုန်းတွေကို သစ္စာရှိရှိ လိုက်နာမယ်ဆိုရင် စာရာရဲ့ယုံကြည်ခြင်းကို အတုယူရာ ရောက်ပါလိမ့်မယ်။
^ စာပိုဒ်၊ 3 အရင်တုန်းက သူတို့ကို အာဗြံနဲ့ စာရဲလို့ ခေါ်တယ်။ နောက်ပိုင်း ယေဟောဝါပေးတဲ့နာမည်ကိုပဲ လူသိများတယ်။—ကမ္ဘာဦး ၁၇:၅၊ ၁၅။
^ စာပိုဒ်၊ 8 စာရာဟာ အာဗြဟံရဲ့ အဖေတူ အမေကွဲ ညီမဖြစ်တယ်။ (ကမ္ဘာဦး ၂၀:၁၂) အခုခေတ်မှာ အဖေတူ အမေကွဲ ညီမနဲ့ လက်ထပ်တာဟာ မသင့်တော်ဘူး။ အဲဒီခေတ်တုန်းက အခုခေတ်နဲ့ မတူဘူးဆိုတာ သိထားဖို့ အရေးကြီးတယ်။ လူသားတွေဟာ အာဒံနဲ့ ဧဝ ရရှိပြီး ဆုံးၡုံးခဲ့တဲ့ စုံလင်မှုနဲ့ နီးနေသေးတယ်။ ကျန်းမာကြံ့ခိုင်တဲ့လူတွေ သွေးနီးသူချင်း လက်ထပ်လိုက်လို့ မွေးလာတဲ့ကလေး မျိုးရိုးဗီဇချို့ယွင်းတဲ့ အန္တရာယ် မရှိနိုင်ဘူး။ နောက်အနှစ် ၄၀၀ လောက်အကြာမှာ လူတွေဟာ စုံလင်မှုနဲ့ အလှမ်းဝေးသွားပြီ။ အဲဒီအချိန်မှာတော့ သွေးနီးသူချင်း ပေါင်းဖက်တာကို မောရှေပညတ်က တားမြစ်တယ်။—ဝတ်ပြုရာ ၁၈:၆။