“ဘုရား ဘယ်မှာလဲ”
“ဘုရား ဘယ်မှာလဲဆိုတဲ့ မေးခွန်းပဲ အမြဲတမ်း ပေါ်လာတယ်” —ပိုလန်နိုင်ငံ၊ အော့ဇ်ဝစ် ချွေးတပ်စခန်းဟောင်းကို ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်း ဘင်နီဒစ် လည်ပတ်စဉ်
အဖြစ်ဆိုးတွေ ဖြစ်တဲ့အခါ ‘ဘုရား ဘယ်မှာလဲ’ လို့ တွေးဖူးသလား။ အဖြစ်ဆိုးတစ်ခု ကိုယ်တိုင်ကြုံလိုက်ရလို့ ဘုရား ဂရုစိုက်ရဲ့လားဆိုပြီး သံသယဝင်ဖူးသလား။
အမေရိကန်ပြည်ထောင်စုမှာ နေထိုင်တဲ့ ရှီလာလို သင် ခံစားဖူးပါလိမ့်မယ်။ ဘာသာတရား ကိုင်းရှိုင်းတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ရှီလာ ဒီလိုပြောတယ်– “ဘုရားက ဖန်ဆင်းရှင်ဖြစ်လို့ ငယ်ငယ်လေးကတည်းက ဘုရားအကြောင်း သိတယ်။ ဒါပေမဲ့ ဘုရားနဲ့ ရင်းနှီးတယ်လို့ တစ်ခါမှ မခံစားခဲ့ရဘူး။ အဝေးက ကြည့်နေရုံလောက်ပဲလို့ ထင်ခဲ့တာ။ ကျွန်မကို ဘုရား မုန်းတယ်လို့ မထင်ပေမဲ့ ချစ်တယ်လို့လည်း မခံစားရဘူး။” ဘုရားရဲ့ မေတ္တာကို ရှီလာ ဘာကြောင့် သံသယဝင်တာလဲ။ “ကျွန်မတို့မိသားစု အဖြစ်ဆိုး တစ်ခုပြီးတစ်ခု ကြုံခဲ့ရတယ်။ ဘုရား လုံးဝ မကူညီပေးဘူး” လို့ သူပြောတယ်။
ရှီလာလိုပဲ သင်လည်း အနန္တတန်ခိုးရှင် ရှိတာကို ယုံပေမဲ့ ဘုရား ဂရုစိုက်ရဲ့လားဆိုတာကို သံသယဝင်မိနိုင်တယ်။ ဖန်ဆင်းရှင်ရဲ့ တန်ခိုး၊ ဉာဏ်ပညာကို ယုံတဲ့ ဖြောင့်မတ်သူ ယောဘလည်း အလားတူ သံသယဝင်ခဲ့တယ်။ (ယောဘ ၂:၃။ ၉:၄) အဖြစ်ဆိုးတွေ ဆက်တိုက်ကြုံရပြီးနောက် လွတ်လမ်း မမြင်တဲ့အခါ “ကျွန်တော့်ကို ဘာလို့ မျက်နှာလွှဲပြီး ရန်သူလို သဘောထားရတာလဲ” လို့ ဘုရားကို မေးခဲ့တယ်။—ယောဘ ၁၃:၂၄။
ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ ဘာပြောသလဲ။ အဖြစ်ဆိုးတွေ ဖြစ်တဲ့အခါ ဘုရားကို အပြစ်တင်ရမလား။ လူအားလုံးကိုရော တစ်ဦးစီကိုပါ ဘုရား ဂရုစိုက်တဲ့ အထောက်အထား ရှိသလား။ ကျွန်တော်တို့တစ်ဦးစီကို ဘုရား သိတယ်၊ နားလည်တယ်၊ စာနာပေးတယ်၊ ပြဿနာတွေ ဖြေရှင်းဖို့ ကူညီပေးတယ်ဆိုတာ ဘယ်လို သိနိုင်မလဲ။
ကျွန်တော်တို့ကို ဘုရား ဂရုစိုက်ကြောင်း ဖန်ဆင်းရာတွေက ဘာသင်ပေးပုံကို နောက်ဆောင်းပါးတွေမှာ ဆွေးနွေးကြပါမယ်။ (ရောမ ၁:၂၀) ဘုရား ဂရုစိုက်တာနဲ့ပတ်သက်ပြီး ကျမ်းစာ သွန်သင်ရာကိုလည်း ဆန်းစစ်ကြပါမယ်။ ဖန်ဆင်းရာတွေနဲ့ သမ္မာကျမ်းစာကတစ်ဆင့် ဘုရားအကြောင်း ပို “သိကျွမ်း” လာတာနဲ့အမျှ သင့်ကို ဘုရား “ဂရုစိုက်” ကြောင်း ပိုယုံကြည်စိတ်ချလာပါလိမ့်မယ်။—၁ ယောဟန် ၂:၃။ ၁ ပေတရု ၅:၇။