သင့်အနာဂတ်၊ သင့်ရွေးချယ်မှု
သင့်အနာဂတ်အတွက် တကယ်ပဲ ရွေးချယ်စရာ ရှိပါသလား။ တချို့က ကြိုတင်သတ်မှတ်ပြီးသားဆိုတဲ့ အယူအဆ၊ ကံကြမ္မာကြောင့် ရွေးချယ်လို့ မရဘူးလို့ ဆိုကြတယ်။ ပန်းတိုင်တွေ မပြည့်မီနိုင်တဲ့အခါ ကံကြမ္မာကို ပုံချပြီး “ဘယ်တတ်နိုင်မလဲ” လို့ ဆိုကြတယ်။
ဖိနှိပ်မှုတွေ၊ မတရားမှုတွေကနေ လွတ်လမ်း မမြင်တဲ့အခါ စိတ်ပျက်တတ်ကြတယ်။ ဘဝကို တိုးတက်ကောင်းမွန်ဖို့ ကြိုးစားကြပေမဲ့ စစ်မှု၊ ရာဇဝတ်မှု၊ သဘာဝဘေး၊ ဖျားနာမှုတို့ကြောင့် ခဲလေသမျှ သဲရေကျ ဖြစ်တတ်ကြတယ်။ ‘ဘာလို့ စိတ်ရှုပ်ခံမှာလဲ’ လို့ ဆိုကြတယ်။
ဘဝအခြေအနေတွေကြောင့် စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတတ်တာ မှန်ပါတယ်။ (ဒေသနာ ၉:၁၁) ဒါပေမဲ့ ထာဝရအနာဂတ်နဲ့ပတ်သက်လာရင်တော့ ရွေးချယ်စရာ ရှိပါတယ်။ သင့်အနာဂတ်ဟာ သင့်ရွေးချယ်မှုအပေါ် မူတည်တယ်လို့ ကျမ်းစာမှာ ဖော်ပြတယ်။ ကျမ်းစာအဆိုကို သုံးသပ်ကြည့်ရအောင်။
ရှေးခေတ် အစ္စရေးလူမျိုး ခေါင်းဆောင် မောရှေက ကတိထားရာပြည်ထဲ ဝင်ခါနီးမှာ လူထုကို ဒီလိုပြောခဲ့တယ်– “အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီးနဲ့ ကျိန်စာကို ခင်ဗျားတို့ရှေ့မှာ ချထားတယ်။ ကိုယ်တိုင်ရော သားမြေးတွေပါ အသက်ဆက်ရှင်နိုင်ဖို့ အသက်ရှင်ခြင်းကို ရွေးချယ်ပါ။ ယေဟောဝါဘုရားကို ချစ်မြတ်နိုးကြပါ။ ဘုရားရဲ့စကားကို နားထောင်ပါ။ ဘုရားကို တွယ်တာနေပါ။”—တရားဟောရာ ၃၀:၁၅၊ ၁၉၊ ၂၀။
“အသက်ရှင်ခြင်းနဲ့ သေခြင်း၊ ကောင်းချီးနဲ့ ကျိန်စာကို ခင်ဗျားတို့ရှေ့မှာ ချထားတယ်။ . . . အသက်ရှင်ခြင်းကို ရွေးချယ်ပါ။”—တရားဟောရာ ၃၀:၁၉။
မှန်ပါတယ်။ ဘုရားသခင်က အစ္စရေးတွေကို အီဂျစ်ကျွန်ဘဝကနေ ကယ်လွှတ်ပြီး ကတိထားရာပြည်မှာ လွတ်လပ်ပျော်ရွှင်စွာ အသက်ရှင်ခွင့် အလားအလာ ပေးခဲ့တယ်။ ဒါပေမဲ့ အလိုလို ရမှာတော့ မဟုတ်ဘူး။ ဒီကောင်းချီးတွေ ခံစားရဖို့ “အသက်ရှင်ခြင်းကို ရွေးချယ်” ရမယ်။ ဘယ်နည်းနဲ့လဲ။ ‘ယေဟောဝါဘုရားကို ချစ်မြတ်နိုးခြင်း၊ ဘုရားရဲ့စကားကို နားထောင်ခြင်း၊ ဘုရားကို တွယ်တာနေခြင်းအားဖြင့်ပါပဲ။’
ဒီနေ့လည်း အလားတူ ရွေးချယ်စရာ ရှိနေတယ်။ သင့်အနာဂတ်က သင့်ရွေးချယ်မှုအပေါ် မူတည်နေတယ်။ ဘုရားကို ချစ်ဖို့၊ ဘုရားစကားကို နားထောင်ဖို့၊ ဘုရားကို တွယ်တာနေဖို့ ရွေးချယ်မယ်ဆိုရင် မြေကြီးပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ ရွေးချယ်ရာရောက်တယ်။ ဒါပေမဲ့ ဘာတွေ ပါဝင်သလဲ။
ဘုရားသခင်ကို ချစ်ဖို့ ရွေးချယ်ပါ
ချစ်ခြင်းမေတ္တာဆိုတာ ဘုရားသခင့် အဓိကဂုဏ်ရည်တော်ပါ။ “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဖြစ်လို့ပဲ” လို့ စွမ်းအားတော် လှုံ့ဆော်မှုကြောင့် တမန်တော် ယောဟန် ရေးသားခဲ့တယ်။ (၁ ယောဟန် ၄:၈) ဒါကြောင့် ဘယ်ပညတ်က အရေးကြီးဆုံးလဲလို့ မေးတဲ့အခါ ယေရှုက “ယေဟောဝါဘုရားကို စိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ ဉာဏ်စွမ်းရှိသမျှနဲ့ ချစ်ပါ” လို့ ပြောခဲ့တယ်။ (မဿဲ ၂၂:၃၇) ယေဟောဝါဘုရားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးဟာ ကြောက်စိတ်၊ မျက်စိမှိတ်နာခံမှုကြောင့် မဟုတ်ဘဲ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ရမယ်။ ဘုရားကို ချစ်ဖို့ ဘာကြောင့် ရွေးချယ်သင့်သလဲ။
လူသားတွေအပေါ်ထားတဲ့ ယေဟောဝါရဲ့ မေတ္တာဟာ မိဘမေတ္တာနဲ့ တူတယ်။ မေတ္တာပြည့်ဝတဲ့ မိဘတွေဟာ မစုံလင်ကြပေမဲ့ သားသမီးတွေကို ပျော်ရွှင်အောင်မြင်စေချင်လို့ ထောက်မပေးကြတယ်၊ ဆုံးမသွန်သင်ပေးကြတယ်။ မိဘတွေ ဘာပြန်ရချင်လို့လဲ။ သားသမီးတွေရဲ့ မေတ္တာကို ရချင်ကြတယ်။ သူတို့ရဲ့ ကောင်းကျိုးအတွက် မိဘတွေ သွန်သင်ပေးတယ်လို့ ယူဆစေချင်ကြတယ်။ ကောင်းကင်ဘုံစံဖခင်အနေနဲ့ လုပ်ပေးထားသမျှအတွက် ကျွန်တော်တို့ရဲ့ ချစ်ခြင်း၊ ကျေးဇူးတင်လေးမြတ်ခြင်းကို ပြန်မျှော်လင့်သင့်တယ် မဟုတ်လား။
ဘုရားစကားကို နားထောင်ပါ
ကျမ်းစာမူရင်းဘာသာစကားမှာ “နားထောင်ပါ” ဆိုတဲ့ စကားလုံးဟာ “နာခံပါ” ဆိုတဲ့သဘောလည်း သက်ရောက်တယ်။ “မိဘစကားကို နားထောင်ပါ” လို့ ပြောတဲ့အခါ နာခံပါလို့ ဆိုလိုတာ မဟုတ်လား။ ဒါကြောင့် ဘုရားစကားကို နားထောင်ခြင်းဆိုတာ ဘုရားစကားကို သင်ယူခြင်း၊ နာခံခြင်းဆိုတဲ့သဘောလည်း ပါတယ်။ ဘုရားစကားကို ပကတိ မကြားနိုင်တဲ့အတွက် ကျမ်းစာကို ဖတ်ရှုကျင့်သုံးခြင်းအားဖြင့် နားထောင်ကြတယ်။—၁ ယောဟန် ၅:၃။
ဘုရားစကားကို နားထောင်ခြင်းရဲ့ အရေးကြီးမှုကို ဖော်ပြဖို့ “လူဟာ အစားအစာနဲ့ပဲ အသက်ရှင်ရမှာ မဟုတ်ဘူး၊ ယေဟောဝါရဲ့ နှုတ်ထွက်စကား မှန်သမျှနဲ့ အသက်ရှင်ရမယ်” ဆိုပြီး ယေရှု ပြောခဲ့တယ်။ (မဿဲ ၄:၄) ပကတိအစာဟာ ကျွန်တော်တို့အတွက် အရေးကြီးသလို ဘုရားအကြောင်း သင်ယူဆည်းပူးခြင်းက ပိုအရေးကြီးတယ်။ ဘာကြောင့်လဲ။ ပညာရှိဘုရင် ရှောလမုန် ဒီလိုရှင်းပြတယ်– “ငွေက ကာကွယ်ပေးသလို ဉာဏ်ပညာကလည်း ကာကွယ်ပေးတယ်။ ဒါပေမဲ့ အသိပညာနဲ့ ဉာဏ်ပညာရဲ့ အားသာချက်ကတော့ ပိုင်ဆိုင်တဲ့သူကို အသက်ဆက်ရှင်စေတယ်။” (ဒေသနာ ၇:၁၂) ဘုရားသခင်ဆီက အသိပညာနဲ့ ဉာဏ်ပညာက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်သလို အနာဂတ်မှာ ထာဝရအသက် ရရှိနိုင်အောင် ပညာရှိရှိ ရွေးချယ်တတ်ဖို့ ကူညီပေးနိုင်တယ်။
ဘုရားကို တွယ်တာနေပါ
ရှေ့ဆောင်းပါးမှာ သုံးသပ်ခဲ့တဲ့ ယေရှုရဲ့ စကားကို သတိရပါ– “အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်” လို့ ပြောခဲ့တယ်။ (မဿဲ ၇:၁၃၊ ၁၄) အဲဒီလမ်းပေါ် လျှောက်လှမ်းမယ်ဆိုရင် ထာဝရအသက်ပန်းတိုင် ရောက်ဖို့ လမ်းပြကောင်း ရှိထားမှ၊ လမ်းပြနဲ့ အနီးကပ်နေမှ အကျိုးခံစားရမယ်။ ဒါကြောင့် ဘုရားသခင်နဲ့ ရင်းရင်းနှီးနှီးနေဖို့ အရေးကြီးတယ်။ (ဆာလံ ၁၆:၈) ဘယ်လို ရင်းနှီးနိုင်မလဲ။
နေ့စဉ် လုပ်စရာတွေ၊ လုပ်ချင်တာတွေ အများကြီး ရှိတယ်။ အဲဒါတွေနဲ့ အချိန်ကုန်နေရင်၊ အာရုံပျံ့လွင့်နေမယ်ဆိုရင် ဘုရား လုပ်စေချင်တာကို မစဉ်းစားအားတော့ဘူး။ ဒါကြောင့် ကျမ်းစာမှာ ဒီလိုသတိပေးထားတယ်– “ဉာဏ်ပညာမဲ့သူတွေလို မဟုတ်ဘဲ ဉာဏ်ပညာရှိသူတွေလို ကျင့်ကြံပြုမူနေရဲ့လားဆိုတာ အထူးသတိပြုကြပါ။ ဆိုးယုတ်တဲ့အချိန်မှာ အသက်ရှင်နေရတဲ့အတွက် အချိန်ကို အကျိုးရှိရှိ အသုံးချကြပါ။” (ဧ ၅:၁၅၊ ၁၆) ဘုရားနဲ့ဆက်ဆံရေးဟာ ဘဝမှာ အရေးကြီးဆုံးအရာ ဖြစ်နေမယ်ဆိုရင် ဘုရားသခင်နဲ့ ရင်းနှီးနေမယ်။—မဿဲ ၆:၃၃။
ကိုယ်တိုင် ရွေးချယ်ပါ
အတိတ်ကို မပြောင်းလဲနိုင်ပေမဲ့ သင်နဲ့ ချစ်ရသူတွေအတွက် ကောင်းမွန်လုံခြုံတဲ့ အနာဂတ်ကို ရွေးချယ်နိုင်ပါတယ်။ ကောင်းကင်ဘုံစံဖခင် ယေဟောဝါဘုရားက ကျွန်တော်တို့ကို အလွန်ချစ်ကြောင်း၊ ဘာလုပ်စေချင်တယ်ဆိုတာကိုလည်း အသိပေးထားကြောင်း ကျမ်းစာမှာ ဖော်ပြတယ်။ ပရောဖက် မိက္ခာရဲ့ စကားတွေကို သတိပြုကြည့်ပါ–
“ဘယ်အရာ ကောင်းတယ်ဆိုတာ ဘုရားသခင် ပြောပြပြီးပြီပဲ။ တရားမျှတစွာ ကျင့်ဖို့၊ သစ္စာစောင့်သိမှုကို မြတ်နိုးဖို့၊ ဘုရားသခင်နဲ့အတူ ကျိုးနွံစွာ လျှောက်လှမ်းဖို့ကလွဲလို့ ယေဟောဝါ ဘာများတောင်းဆိုနေလို့လဲ။”—မိက္ခာ ၆:၈။
ဘုရားသခင်နဲ့အတူ လျှောက်လှမ်းပြီး ထာဝရကောင်းချီးတွေ ခံစားပါဆိုတဲ့ ယေဟောဝါရဲ့ ဖိတ်ခေါ်ချက်ကို သင်လက်ခံမလား။ ကိုယ်တိုင် ရွေးချယ်ပါ။