ဒါဟာ သူ့အလိုလို ဖြစ်လာနိုင်ပါ့မလား
ပင်လယ်ဖျံရဲ့ အမွေး
အေးစိမ့်တဲ့ရေမှာနေတဲ့ နို့တိုက်ရေသတ္တဝါ အတော်များများရဲ့ အရေပြားအောက်မှာ ခပ်ထူထူ အဆီလွှာတစ်ခု ရှိတယ်။ အဲဒီအလွှာဟာ ခန္ဓာကိုယ် အပူဓာတ်ကို ထိန်းပေးတယ်။ ပင်လယ်ဖျံမှာ အပူဓာတ် ထိန်းပေးတဲ့အရာ နောက်တစ်ခု ရှိတယ်။ အဲဒါကတော့ ထူထဲတဲ့ အမွေးတွေပဲ။
သုံးသပ်ကြည့်ပါ– ပင်လယ်ဖျံတွေဟာ နို့တိုက်သတ္တဝါတွေထဲမှာ အမွေးအထူဆုံးပဲ။ တစ်စတုရန်းလက်မမှာ အမွေးတစ်သန်းလောက် ရှိတယ်။ ဖျံတွေ ရေကူးတဲ့အခါ အမွေးတွေက ကိုယ်ခန္ဓာနဲ့ အနီးဆုံးမှာ ရှိတဲ့ လေထုအလွှာကို ဖမ်းယူထားတယ်။ အဲဒီလေက အပူဓာတ် ထိန်းပေးတယ်။ အေးစိမ့်တဲ့ရေတွေ အရေပြားနဲ့ တိုက်ရိုက် မထိတွေ့အောင်၊ ခန္ဓာကိုယ် အပူဓာတ် ဆုံးရှုံးမသွားအောင် ကာကွယ်ပေးတယ်။
ပင်လယ်ဖျံရဲ့ အမွေးကနေ သင်ယူစရာ ရှိတယ်လို့ သိပ္ပံပညာရှင်တွေ ယူဆတယ်။ အမွေးအရှည်နဲ့ အမွေးအထူ အမျိုးမျိုး ရှိတဲ့ သားမွေးကုတ်အင်္ကျီ အတော်များများကို လေ့လာစမ်းသပ်ကြတယ်။ “အမွေးထူလေ၊ ရှည်လေ အရေပြားထဲ ရေမစိမ့်ဝင်နိုင်လေပဲ” လို့ ကောက်ချက်ချကြတယ်။ တစ်နည်းပြောရရင် ပင်လယ်ဖျံတွေဟာ တကယ် လက်ရာမြောက်တဲ့ သားမွေးကုတ်အင်္ကျီကို ပိုင်ဆိုင်ထားကြတယ်။
သုတေသီတွေဟာ သူတို့ရဲ့ လေ့လာမှုကနေ ရေမစိမ့်ဝင်နိုင်တဲ့ အထည်ဆန်းဆန်းလေးတွေကို ဒီဇိုင်းထွင် ချုပ်လုပ်နိုင်မယ်လို့ မျှော်လင့်ကြတယ်။ အေးစိမ့်တဲ့ရေမှာ ရေငုပ်သမားတွေဟာ ပင်လယ်ဖျံရဲ့ ထူထဲတဲ့ သားမွေးလိုမျိုး အမွေးထူတဲ့ ဝတ်စုံ ဝတ်ရင် ပိုကောင်းမယ်လို့ အတွေးဝင်စေတယ်။
သင် ဘယ်လို ထင်ပါသလဲ။ ပင်လယ်ဖျံရဲ့ အပူဓာတ် ထိန်းတဲ့ အမွေးတွေဟာ သူ့အလိုလို ဖြစ်လာတာလား။ တစ်စုံတစ်ဦးက ပြုလုပ်ဖန်ဆင်းထားတာလား။