မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ခွဲခြား​ဆက်ဆံ​တဲ့​သဘော သင့်​မှာ ရှိနေ​သလား

ခွဲခြား​ဆက်ဆံ​တဲ့​သဘော သင့်​မှာ ရှိနေ​သလား

ခွဲခြား​ဆက်ဆံ​တဲ့​သဘော​က ရောဂါပိုး​တစ်မျိုးနဲ့ တူတယ်။ ကူးစက်​ခံရ​ပြီ​ဆိုရင် အန္တရာယ်​ရှိတယ်။ ဒါပေမဲ့ ကူးစက်​ခံ​နေရ​မှန်း မသိဘဲ ဖြစ်နေ​နိုင်တယ်။

လူတွေက နိုင်ငံ​မတူတာ၊ လူမျိုး​မတူတာ၊ စကား​မတူတာ​ကြောင့်ပဲ ခွဲခြား​ဆက်ဆံ​ကြ​တာ မဟုတ်ဘူး။ ဘာသာ​မတူ​လို့၊ ယောက်ျား/မိန်းမ​ ဖြစ်နေ​လို့၊ လူမှုရေး​ အဆင့်အတန်း မတူ​လို့​လည်း ခွဲခြား​ဆက်ဆံ​တတ်ကြ​တယ်။ တချို့က တခြား​သူတွေရဲ့ အသက်အရွယ်၊ ပညာရေး၊ မစွမ်းဆောင်​နိုင်​မှု၊ ရုပ်ရည်​အသွင်အပြင်​ကို ကြည့်​ပြီး မကောင်းမြင်​တတ်ကြ​တယ်။ အဲဒီလိုလူ​တွေ​ဟာ သူတို့မှာ မလိုမုန်းထား ခွဲခြား​ဆက်ဆံ​တဲ့​သဘော ရှိနေတယ်​ဆိုတာ မသိကြဘူး။

သင့်​မှာ​ကော ခွဲခြား​ဆက်ဆံ​တဲ့​သဘော ရှိ​နေနိုင်​သလား။ အများစုက တခြား​သူတွေမှာ ခွဲခြား​ဆက်ဆံ​တဲ့​သဘော ရှိနေတာကို မြင်တတ်​ကြတယ်။ ကိုယ့်​မှာ ခွဲခြား​ဆက်ဆံ​တဲ့​သဘော ရှိနေတာကို​တော့ မမြင်​တတ်ကြ​ဘူး။ ကျွန်တော်​တို့ အားလုံး​ဟာ အတိုင်းအတာ​တစ်ခု​အထိ​တော့ ခွဲခြား​ဆက်ဆံ​တတ်ကြ​တယ်။ လူတွေဟာ အုပ်စု​တစ်စု​ကို မကောင်းမြင်​တယ်​ဆိုရင် အဲဒီ​အုပ်စု​ထဲ​က လူတစ်ယောက်ကို တွေ့​တဲ့​အခါ “အဲဒီ​လူကို ခွဲခြား​ဆက်ဆံ​တတ်ကြ​တယ်။ ဒါပေမဲ့ ခွဲခြား​ဆက်ဆံ​နေတယ်​ဆိုတာ​ကို​တော့ ကိုယ့်ကိုယ်ကိုယ် မသိကြဘူး” လို့ လူမှုရေး​ပညာရှင် ဒေးဗစ် ဝီလျံ ပြော​တယ်။

ဥပမာ၊ ဂျို​ဗီ​ကာ နေထိုင်တဲ့ ဥရောပ အရှေ့​တောင်ပိုင်း​က နိုင်ငံ​တစ်ခု​မှာ လူအများစု မကြိုက်​တဲ့ လူမျိုးစု​တစ်စု ရှိတယ်။ “အဲဒီ​လူမျိုးစု​ထဲမှာ လူကောင်း တစ်ယောက်မှ မရှိဘူးလို့ ကျွန်တော် လက်ခံ​ထား​တယ်။ ‘ငါ့မှာ မလိုမုန်းထား​စိတ် မရှိဘူး။ ဒါ​အမှန်တရား​ပဲ’ လို့ ပြောလိုက်​သေး​တယ်” ဆိုပြီး သူ​ဝန်ခံတယ်။

အစိုးရ​များစွာက လူမျိုးရေး မခွဲခြား​ဖို့၊ မလိုမုန်းထားတဲ့ သဘောထား မရှိဖို့ ဥပဒေ​တွေ ထုတ်​ထား​တယ်။ ဒါပေမဲ့ ခွဲခြား​ဆက်ဆံမှု​တွေ ရှိနေတုန်းပဲ။ အကြောင်းကတော့ အဲဒီ​ဥပဒေတွေက လူတစ်ယောက်ရဲ့ လုပ်ရပ်​ကိုပဲ တားမြစ်​နိုင်တယ်။ အတွေး​တွေ၊ ခံစားချက်​တွေကို မထိန်းချုပ်​ပေး​နိုင်ဘူး။ မလိုမုန်းထား ခွဲခြား​ဆက်ဆံ​တဲ့ သဘောထား​ဆိုတာ လူတစ်ယောက်ရဲ့ စိတ်နှလုံး​ကနေ စတင်​ပေါ်ပေါက်​လာတာ။ ဒါဆိုရင် အဲဒီ​သဘောထားကို မတိုက်ထုတ်​နိုင်​တော့​ဘူးလား။

နောက်​ဆောင်းပါး​တွေ​မှာ ခွဲခြား​ဆက်ဆံ​တဲ့ သဘောထား​နဲ့ ခံစားချက်​တွေ​ကို တိုက်ထုတ်​နိုင်အောင် လူများစွာကို ကူညီ​ပေး​ခဲ့​တဲ့ အခြေခံ​မူ​ငါး​ခု​ကို ဆွေးနွေး​ထား​ပါ​တယ်။