မေတ္တာပြပါ
ပြဿနာ
မလိုမုန်းထားတဲ့စိတ်က အလွယ်တကူ မပျောက်နိုင်ဘူး။ ရောဂါပိုး ကူးစက်ခံရရင် ပျောက်ကင်းဖို့ အချိန်ယူရသလိုပဲ မလိုမုန်းထား ခွဲခြားဆက်ဆံမှုကို ဖျောက်ဖျက်ဖို့ အချိန်ယူရတယ်။ ကိုယ့်မှာ ရှိတဲ့ အဲဒီစိတ်သဘော ပျောက်သွားအောင် ဘယ်လို လုပ်နိုင်သလဲ။
ကျမ်းစာအခြေခံမူ
“မေတ္တာကိုလည်း ဝတ်ဆင်ကြပါ။ ဘာလို့လဲဆိုတော့ မေတ္တာဟာ စည်းလုံးခြင်းအတွက် ခိုင်မြဲတဲ့ နှောင်ကြိုးပဲ။” —ကောလောသဲ ၃:၁၄။
ဘာကို ဆိုလိုသလဲ။ ကြင်နာတဲ့ လုပ်ရပ်က လူတွေကို တစည်းတလုံး ရှိစေတယ်။ တခြားသူတွေကို မေတ္တာပြဖို့ ကြိုးစားလေ မလိုမုန်းထားစိတ် နည်းသွားလေပဲ။ သူတို့ကို ပိုချစ်လာလေ သူတို့အပေါ် ထားတဲ့ အပျက်သဘောထားတွေ လျော့သွားလေပဲ။
လုပ်ဆောင်နိုင်တဲ့အချက်
ကိုယ်မကြိုက်တဲ့ လူအုပ်စုထဲက လူတွေကို မေတ္တာပြနိုင်တဲ့ သတ်သတ်မှတ်မှတ် နည်းတွေကို စဉ်းစားပါ။ ကြီးကြီးကျယ်ကျယ် ဖြစ်စရာ မလိုပါဘူး။ အောက်ပါအချက်တွေထဲက တစ်ခုနှစ်ခု လုပ်ဖို့ ကြိုးစားကြည့်ပါ။
မေတ္တာပြတဲ့ လုပ်ရပ်လေးတွေက အပျက်သဘောထားတွေကို ဖယ်ရှားပေး
အဝင်အထွက်တွေမှာ တံခါးဖွင့်ပြီး ကိုင်ထားပေးပါ။ ဘတ်စကား၊ ရထား စီးတဲ့အခါ နေရာဖယ်ပေးပါ။
ကိုယ့်ရဲ့ ဘာသာစကားကို သူတို့ ကောင်းကောင်း မပြောတတ်ရင်တောင် သူတို့ကို နှုတ်ဆက်စကား ပြောပါ။
သူတို့ရဲ့ လုပ်ရပ်ကို ကိုယ်နားမလည်တဲ့အခါ စိတ်ရှည်ပါ။
သူတို့ရဲ့ ပြဿနာအကြောင်း ပြောပြတဲ့အခါ စာနာမှု ပြပါ။