အမြစ်ပြတ် ကုသမှု
သန်းနဲ့ချီတဲ့သူတွေဟာ ရှေ့ဆောင်းပါးတွေမှာ ပါတဲ့ ကျမ်းစာအခြေခံမူတွေကို လိုက်နာကျင့်သုံးပြီး စိတ်နှလုံးထဲမှာ အမြစ်စွဲနေတဲ့ မလိုမုန်းထား ခွဲခြားဆက်ဆံမှုကို တဖြည်းဖြည်း ထုတ်ပယ်နိုင်ခဲ့ကြတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီသဘောထားကို လုံးဝ ပျောက်သွားအောင် ကိုယ့်ဘာသာကိုယ် မဖယ်ထုတ်နိုင်ဘူး။ ဒါဆိုရင် မျှော်လင့်ချက် မရှိတော့ဘူးလား။
အကောင်းဆုံး အစိုးရတစ်ခု
လူ့အစိုးရတွေကတော့ ခွဲခြားဆက်ဆံတတ်တဲ့ လူ့သဘောထားကို မပြောင်းလဲပေးနိုင်ဘူးဆိုတာ တွေ့ရတယ်။ ဒါပေမဲ့ ဘယ်အစိုးရကမှ မလုပ်ပေးနိုင်ဘူး ဆိုတဲ့သဘော မဟုတ်ပါဘူး။
မလိုမုန်းထားမှုကို လုံးဝ ပျောက်သွားအောင် လုပ်ပေးနိုင်တဲ့ အစိုးရတစ်ခု ရှိတယ်။ အဲဒီအစိုးရဟာ
၁။ တခြားသူတွေအပေါ် ထားတဲ့ လူတွေရဲ့ အတွေးအခေါ်နဲ့ ခံစားချက်ကို ပြောင်းလဲပေးမယ်။
၂။ ခွဲခြားဆက်ဆံခံရသူတွေရဲ့ စိတ်ဒဏ်ရာကို ကုစားပေးမယ်။
၃။ နိုင်ငံသားတွေကို ကျောသားရင်သား မခွဲခြားဘဲ မျှမျှတတ ဆက်ဆံမယ့် ခေါင်းဆောင်ကောင်းတွေ ရှိမယ်။
၄။ လူမျိုးအားလုံးကို စည်းလုံးစေမယ်။
အဲဒီအစိုးရကို ဘုရားသခင် တည်ထောင်ထားပြီးပြီလို့ ကျမ်းစာမှာ ပြောထားတယ်။ အဲဒါက “ဘုရားသခင့် နိုင်ငံတော်” ပဲ။ —လုကာ ၄:၄၃။
ဘုရားနိုင်ငံတော်က လုပ်ပေးမယ့်အရာတွေကို သုံးသပ်ကြည့်ပါ။
၁။ အကောင်းဆုံး ပညာရေး
“ပြည်သူပြည်သားတွေက ဖြောင့်မတ်ခြင်းအကြောင်း သင်ယူကြတယ်။”—ဟေရှာယ ၂၆:၉။
“စစ်မှန်တဲ့ ဖြောင့်မတ်မှုကြောင့် ငြိမ်းချမ်းလာမယ်။ စစ်မှန်တဲ့ ဖြောင့်မတ်မှုရဲ့ အသီးအပွင့်တွေက တည်မြဲတဲ့ အေးချမ်းမှုနဲ့ လုံခြုံမှုပဲ။”—ဟေရှာယ ၃၂:၁၇။
ဘာကို ဆိုလိုသလဲ။ ဘုရားသခင့်နိုင်ငံတော်က လူတွေကို မှန်ကန်တဲ့အရာတွေ သင်ပေးမယ်။ လူတွေဟာ မှန်ကန်တဲ့အရာနဲ့ တရားမျှတမှုကို သိလာတဲ့အခါ တခြားသူတွေအပေါ် ထားတဲ့ သူတို့ရဲ့ သဘောထား ပြောင်းသွားတယ်။ အဲဒီအခါ လူအားလုံးကို ချစ်ရမယ်ဆိုတာ အသိအမှတ်ပြု လက်ခံလာကြမယ်။
၂။ ကုသမှု
“ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်း ရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်က ဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။”—ဗျာဒိတ် ၂၁:၄။
ဘာကို ဆိုလိုသလဲ။ မတရားမှုကြောင့် ဖြစ်ပေါ်လာတဲ့ နာကျင်မှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်က ဖယ်ရှားပေးပါလိမ့်မယ်။ အရင်က မတရား ဆက်ဆံခံခဲ့ရသူတွေလည်း နာကြည်းမုန်းတီးစရာအကြောင်း မရှိတော့ဘူး။
၃။ ခေါင်းဆောင်ကောင်း
“အပြင်ပန်းကိုပဲ ကြည့်ပြီး တရားမစီရင်ဘူး။ ကြားတဲ့ စကားကိုပဲ မူတည်ပြီး ဆုံးမမှာ မဟုတ်ဘူး။ နိမ့်ကျသူတွေကို မျှမျှတတ တရားစီရင်မယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ စိတ်နူးညံ့သူတွေရဲ့ အကျိုးအတွက် ဖြောင့်မှန်စွာ ပဲ့ပြင်မယ်။”—ဟေရှာယ ၁၁:၃၊ ၄။
ဘာကို ဆိုလိုသလဲ။ ဘုရားသခင့် ကောင်းကင်နိုင်ငံတော် ဘုရင် ယေရှုခရစ်ဟာ ကမ္ဘာပေါ်က လူတွေကို မျက်နှာမလိုက်ဘဲ မျှမျှတတ အုပ်ချုပ်မယ်။ ယေရှုဟာ လူမျိုးတစ်မျိုးကို တခြားလူမျိုးထက် ပိုမျက်နှာသာပေးမှာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံးက လူတွေဟာ ဖြောင့်မတ်တဲ့ ဥပဒေကို လိုက်နာကြမယ်။
၄။ စည်းလုံးမှု
ဘုရားသခင့် နိုင်ငံတော်က လူတွေကို ‘တစ်စိတ်တစ်သဘောတည်း ရှိဖို့၊ အပြန်အလှန် ချစ်ဖို့၊ တစည်းတလုံးတည်း ရှိဖို့၊ စိတ်သဘော တညီတညွတ်တည်း ရှိဖို့’ သင်ပေးမယ်။—ဖိလိပ္ပိ ၂:၂။
ဘာကို ဆိုလိုသလဲ။ ဘုရားသခင့်နိုင်ငံတော်သားတွေရဲ့ စည်းလုံးမှုဟာ ဟန်ပြလောက်ပဲ မဟုတ်ဘူး။ သူတို့အချင်းချင်း အမှန်တကယ် ချစ်တဲ့အတွက်ကြောင့် စိတ်သဘော တညီတညွတ်တည်း ရှိကြမယ်။