မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖန်ဆင်း​ရှင် ရှိတယ်ဆိုတာ သိဖို့ အရေးကြီး

ဖန်ဆင်း​ရှင် ရှိတယ်ဆိုတာ သိဖို့ အရေးကြီး

ဖန်ဆင်း​ရှင်​တစ်ပါး ရှိ​မှန်း သိဖို့ ဘာကြောင့် အရေးကြီး​သလဲ။ အနန္တ​တန်ခိုးရှင် ဘုရားသခင်​ ရှိကြောင်း အထောက်အထား​ကို ယုံကြည်​ရင် သမ္မာကျမ်းစာ​ဟာ အဲဒီဘုရားသခင်​ဆီက လာတယ်​ဆိုတဲ့ အထောက်အထား​တွေ​ကိုလည်း သင် လေ့လာ​ဆန်းစစ်​ချင်မှာပဲ။ သမ္မာကျမ်းစာ ပြော​တာ​ကို ယုံကြည်တဲ့​အခါ အောက်ပါ​ကဏ္ဍ​တွေ​မှာ သင် အကျိုး​ခံစား​ရပါလိမ့်မယ်။

ဘဝကို ပို​ပျော်မွေ့​လာမယ်

ကျမ်းစာ​အဆို– “ဘုရားသခင်​က ခင်ဗျား​တို့ကို အစားအစာ အလျှံပယ်​ ပေးဖို့၊ ရွှင်လန်း​ဝမ်းမြောက်​စေဖို့ မိုးကောင်းကင်​ကနေ မိုးရွာ​စေတယ်၊ အသီးအနှံ​တွေ ဖြစ်ထွန်း​စေ​တဲ့ ရာသီဥတု​ကို ပေးတယ်။”—တမန်တော် ၁၄:၁၇

ဆိုလို​တာ​က– သဘာဝ​လောကမှာ ရှိသမျှဟာ ဖန်ဆင်း​ရှင်​ဆီက လက်ဆောင်​ ဖြစ်တယ်။ လက်ဆောင်​ပေး​တဲ့ အရှင်​က သင့်ကို ဘယ်လောက် ဂရုစိုက်​တယ်​ဆိုတာ သိလာတဲ့​အခါ အဲဒီလက်ဆောင်​တွေ​အတွက် ကျေးဇူး​တင် လေးမြတ်​လာပါလိမ့်မယ်။

နေ့စဉ် အသက်တာ​အတွက် စိတ်ချ​ရတဲ့​ လမ်းညွှန် ရရှိမယ်

ကျမ်းစာ​အဆို– “ဖြောင့်မတ်ခြင်း၊ မှန်ကန်​ခြင်း၊ တရား​မျှတခြင်း​စတဲ့ မွန်မြတ်တဲ့ လမ်းစဉ်​ မှန်သမျှကို မင်း နားလည်​လာလိမ့်မယ်။”—ပညာအလိမ္မာ ၂:၉

ဆိုလို​တာ​က– သင့်ကို ဖန်ဆင်း​တဲ့​အရှင် ဘုရားသခင်​က သင် ပျော်ရွှင်​ဖို့ ဘာ​လိုအပ်​တယ်​ဆိုတာ သိတယ်။ သမ္မာကျမ်းစာ​ကို လေ့လာ​မယ်​ဆိုရင် လက်ရှိ​အချိန်မှာ အကျိုး​ခံစား​ရမယ့် အကြံဉာဏ်​တွေ ရပါလိမ့်မယ်။

သင်​ သိချင်​တာ​တွေ သိလာ​ရမယ်

ကျမ်းစာ​အဆို– “ဘုရား​နဲ့​ပတ်သက်​တဲ့ အသိပညာကို ရ​လာမယ်။”—ပညာအလိမ္မာ ၂:၅

ဆိုလို​တာ​က– ဖန်ဆင်း​ရှင် တည်ရှိတယ်​ဆိုတာ သိ​ရင် အရေးကြီးတဲ့ အောက်ပါ​မေးခွန်းတွေရဲ့ အဖြေကို သိရပါလိမ့်မယ်– ဘဝ​ရည်ရွယ်ချက်​က ဘာလဲ။ ဆင်းရဲ​ဒုက္ခတွေ ဘာကြောင့် ဒီလောက်​ များ​သလဲ။ လူသေ​ရင် ဘာ​ဖြစ်သွား​သလဲ။ ကျေနပ်ဖွယ် အဖြေတွေကို သမ္မာကျမ်းစာ​မှာ တွေ့​ရပါမယ်။

အနာဂတ် မျှော်လင့်ချက် ရှိလာမယ်

ကျမ်းစာ​အဆို– “ယေဟောဝါ ပြော​တာက– ‘မင်းတို့နဲ့​ပတ်သက်ပြီး ငါ​ ဘာတွေ တွေး​နေမှန်း ငါ​ သိတာပေါ့။ မင်းတို့ကို ငြိမ်သက်​အေးချမ်း​စေချင်တယ်။ ဘေးဆိုး မကြုံ​စေ​ချင်ဘူး။ မင်းတို့​ မျှော်လင့်တဲ့ အနာဂတ်​မျိုး ပေး​ချင်​တယ်။”—ယေရမိ ၂၉:၁၁

ဆိုလို​တာ​က– အနာဂတ်​မှာ ဆိုးသွမ်းမှု​တွေ၊ ဆင်းရဲ​ဒုက္ခတွေနဲ့ သေခြင်းကိုတောင် ဖယ်ရှား​ပေး​မယ်လို့ ဘုရားသခင် ကတိပေး​ထား​တယ်။ ဘုရားသခင်ရဲ့ ကတိ​တွေ​ကို ယုံကြည်​မယ်၊ ဘုရား​ပေး​ အနာဂတ်​ကို မျှော်လင့်​နေမယ်​ဆိုရင် လက်ရှိ ကြုံတွေ့​နေရတဲ့ ပြဿနာ​တွေ​ကို သတ္တိရှိရှိ ရင်ဆိုင်​နိုင်​ပါ​လိမ့်မယ်။