သမ္မာကျမ်းစာ ပြောဆိုရာ
“ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါဘုရား ဖန်ဆင်းတဲ့နေ့မှာ ကောင်းကင်နဲ့ မြေကြီး ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း။” (ကမ္ဘာဦး ၂:၄) ကမ္ဘာဂြိုဟ် ဖြစ်ပေါ်လာပုံကို သမ္မာကျမ်းစာက အထက်ပါအတိုင်း ရှင်းပြထားတယ်။ သမ္မာကျမ်းစာအဆိုနဲ့ သိပ္ပံပညာ တွေ့ရှိချက်တွေ ကိုက်ညီသလား။ ဥပမာ တချို့ကို သုံးသပ်ကြည့်ပါ။
စကြဝဠာဟာ အစဉ်အဆက် တည်ရှိခဲ့သလား
ကမ္ဘာဦး ၁:၁ မှာ “အစအဦးမှာ ဘုရားသခင်က ကောင်းကင်နဲ့ မြေကြီးကို ဖန်ဆင်းတယ်” လို့ ဆိုတယ်။
၁၉၅၀ ပြည့်နှစ် မတိုင်ခင်အထိ နာမည်ကြီး သိပ္ပံပညာရှင်တွေက စကြဝဠာဟာ အစဉ်အဆက် တည်ရှိခဲ့တယ်လို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ လတ်တလော ရှာဖွေတွေ့ရှိချက်တွေအရ စကြဝဠာမှာ အစရှိတယ်လို့ သိပ္ပံပညာရှင် အများစု အသိအမှတ် ပြုလာကြပြီ။
အစတုန်းက ကမ္ဘာမြေကြီးဟာ ဘာနဲ့ တူသလဲ
ကမ္ဘာဦး ၁:၂၊ ၉ မှာ မြေကြီးဟာ ရေပြင် ဖုံးလွှမ်းနေပြီး “ပုံစံ မပီပြင်သေးဘူး။ လဟာပြင်ကြီး ဖြစ်နေတယ်” လို့ ဖော်ပြထားတယ်။
အဲဒီဖော်ပြချက်ကို လတ်တလော သိပ္ပံတွေ့ရှိချက်တွေက ထောက်ခံတယ်။ ဇီဝဗေဒ ပညာရှင် ပက်ထရစ်ရှီးက ကမ္ဘာဂြိုဟ်နဲ့ပတ်သက်ပြီး ဒီလိုဆိုတယ်– “အောက်ဆီဂျင် လုံးဝ မရှိ၊ ရှူလို့ မရတဲ့ လေထုနဲ့ အစပြုပြီး . . . သိပ္ပံရုပ်ရှင်ထဲက မြင်ကွင်းတစ်ခုနဲ့ တူနေတယ်။” မဂ္ဂဇင်းတစ်စောင် (Astronomy) က ဒီလိုဆိုတယ်– “ရှာဖွေတွေ့ရှိချက် အသစ်အရ ရှေးဟောင်းကမ္ဘာဟာ ကုန်းမြေ မမြင်ရသလောက် ရေပြင်နဲ့ ဖုံးလွှမ်းနေတယ်။”
အချိန်ကြာလာတာနဲ့အမျှ လေထု ဘယ်လို ပြောင်းလဲသွားသလဲ
ကမ္ဘာဦး ၁:၃-၅ အရ အစပိုင်းမှာ လေထုက သိပ်သည်းနေလို့ မြေကြီးပေါ် အလင်း မှိန်ပျပျပဲ ရှိတယ်။ နောက်ပိုင်းမှာ ကမ္ဘာကနေ နေနဲ့ လကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရတယ်။—ကမ္ဘာဦး ၁:၁၄-၁၈။
ကမ္ဘာပေါ်က သက်ရှိတွေကို တစ်ရက်မှာ ၂၄ နာရီစီ ရှိတဲ့ ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့တယ်လို့ ကျမ်းစာ မဆို
အစပိုင်းမှာ လေထုကြောင့် ကမ္ဘာပေါ်မှာ အလင်း မှိန်ပျပျပဲ ရှိတယ်လို့ စမစ်ဆိုနီယံ သဘာဝ ပတ်ဝန်းကျင် လေ့လာရေး ဌာနက ဆိုတယ်။ “မီသိန်းဓာတ်ငွေ့တွေက ကမ္ဘာမြေကြီးကို ဖုံးလွှမ်းထားတယ်။” နောက်ပိုင်း “မီသိန်းဓာတ်ငွေ့တွေ ပြယ်သွားပြီး ကောင်းကင်က အပြာရောင် သန်းလာတယ်” လို့ ဆိုတယ်။
ကမ္ဘာပေါ်မှာ သက်ရှိတွေ ဘယ်လို အစဉ်လိုက် ဖြစ်ပေါ်လာသလဲ
ကမ္ဘာဦး ၁:၂၀-၂၇ မှာ ငါးတွေ၊ ငှက်တွေ၊ ကုန်းသတ္တဝါတွေကို ဖန်ဆင်းတယ်၊ နောက်ဆုံးမှ လူကို ဖန်ဆင်းတယ်လို့ ဆိုတယ်။ ပထမဦးဆုံး နို့တိုက်သတ္တဝါတွေ မရှိခင် ငါးတွေ ဖြစ်ပေါ်လာတယ်၊ အတော်ကြာပြီးမှ လူဖြစ်လာတယ်လို့ သိပ္ပံပညာရှင်တွေ ဆိုကြတယ်။
သက်ရှိတွေဟာ အချိန်ကြာလာတာနဲ့အမျှ မပြောင်းလဲနိုင်ဘူးလို့ သမ္မာကျမ်းစာ မဆို
သမ္မာကျမ်းစာ မပြောတဲ့အရာ
သမ္မာကျမ်းစာဟာ သိပ္ပံပညာ နောက်ဆုံး တွေ့ရှိချက်တွေနဲ့ မကိုက်ညီဘူးလို့ လူတချို့ ပြောကြတယ်။ အဲဒါက သမ္မာကျမ်းစာ အဆိုကို နားလည်မှု လွဲနေတာပါ။
စကြဝဠာ ဒါမှမဟုတ် ကမ္ဘာမြေကြီးရဲ့ သက်တမ်းဟာ အနှစ် ၆,၀၀၀ ပဲ ရှိသေးတယ်လို့ သမ္မာကျမ်းစာ မဆိုဘူး။ “အစအဦးမှာ” စကြဝဠာနဲ့ မြေကြီးကို ဖန်ဆင်းတယ်လို့ပဲ ဆိုထားတယ်။ (ကမ္ဘာဦး ၁:၁) အစအဦးက အချိန် ဘယ်လောက် ကြာတယ်ဆိုတာ ကျမ်းစာ မဖော်ပြဘူး။
ကမ္ဘာပေါ်က သက်ရှိတွေကို တစ်ရက်မှာ ၂၄ နာရီစီ ရှိတဲ့ ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့တယ်လို့ သမ္မာကျမ်းစာ မဆိုဘူး။ သမ္မာကျမ်းစာမှာ သုံးထားတဲ့ “နေ့” ရက်ဆိုတာ အချိန်ကာလတစ်ခုကို ရည်ညွှန်းတာ ဖြစ်တယ်။ ဥပမာ၊ ကမ္ဘာဂြိုဟ်နဲ့ ကမ္ဘာပေါ်က သက်ရှိတွေကို ဖန်ဆင်းတဲ့ ဖန်ဆင်းခြင်း ခြောက်ရက်ကို “ကောင်းကင်နဲ့ မြေကြီးကို ယေဟောဝါ * ဘုရား ဖန်ဆင်းတဲ့ နေ့” ဆိုပြီး ကမ္ဘာဦးကျမ်း အခန်းကြီး ၁ မှာ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၂:၄) ဘုရားသခင်က ဖန်ဆင်းရာနေ့ ခြောက်ရက်အတွင်းမှာ သက်ရှိတွေ နေဖို့ ကမ္ဘာကို ပြင်ဆင်တယ်၊ သက်ရှိတွေကို ဖန်ဆင်းတယ်။ အဲဒီနေ့ တစ် “နေ့” စီဟာ အချိန်အတော်ကြာတဲ့ ကာလရှည်တစ်ခု ဖြစ်တယ်။
သက်ရှိတွေဟာ အချိန်ကြာလာတာနဲ့အမျှ မပြောင်းလဲနိုင်ဘူးလို့ သမ္မာကျမ်းစာ မဆိုဘူး။ ကမ္ဘာဦးကျမ်းမှာ တိရစ္ဆာန်တွေကို “အမျိုးအလိုက်” ဖန်ဆင်းတယ်လို့ ဖော်ပြထားတယ်။ (ကမ္ဘာဦး ၁:၂၄၊ ၂၅) “အမျိုးအလိုက်” ဆိုတဲ့ ကျမ်းစာ အသုံးအနှုန်းဟာ သိပ္ပံ ဝေါဟာရ မဟုတ်ပါဘူး။ သက်ရှိအမျိုးမျိုးကို ဆိုလိုပုံရတယ်။ ဒါကြောင့် “အမျိုး” တစ်မျိုးထဲမှာ မျိုးကွဲတွေ၊ မျိုးစိတ်တွေ ပါဝင်နိုင်တယ်။ အချိန်ကြာလာတဲ့အခါ ဒေသတစ်ခုမှာ တွေ့ရတဲ့ “အမျိုး” တစ်မျိုးထဲကနေ မျိုးကွဲတွေ၊ မျိုးစိတ်တွေ ထပ်ပေါ်လာနိုင်တယ်။
သင် ဘယ်လို ထင်သလဲ
အထက်မှာ ဖော်ပြထားတဲ့အတိုင်း သမ္မာကျမ်းစာမှာ စကြဝဠာ အစပြုပုံ၊ ကမ္ဘာမြေကြီးရဲ့ မူလအခြေအနေ၊ သက်ရှိတွေ ဖြစ်ပေါ်လာပုံနဲ့ပတ်သက်ပြီး ရိုးရိုးရှင်းရှင်း၊ တိတိကျကျ ဖော်ပြထားတယ်။ ဒါဆိုရင် ဒီအရာတွေ အားလုံးကို ဖန်ဆင်းတဲ့ အရှင်အကြောင်း သမ္မာကျမ်းစာမှာ တိတိကျကျ ဖော်ပြထားမယ် မဟုတ်လား။ ဒါကြောင့် “သက်ရှိတွေရဲ့ မူလအစဟာ သဘာဝလွန် ဖြစ်ရပ်ဆိုပြီး ယူမှတ်တာက ခေတ်သစ် သိပ္ပံပညာ ရှာဖွေတွေ့ရှိချက်တွေနဲ့ မကွဲလွဲဘူး” လို့ ဗြိတိန်နီကာ စွယ်စုံကျမ်းက ဆိုတယ်။ *
^ အပိုဒ်၊ 17 ယေဟောဝါဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဘုရားသခင့်နာမည် ဖြစ်တယ်။
^ အပိုဒ်၊ 20 သက်ရှိတွေဟာ ဖန်ဆင်းခံရတယ်ဆိုတဲ့ အယူအဆကို ဗြိတိန်နီကာ စွယ်စုံကျမ်းက ထောက်ခံနေတာ မဟုတ်ပါဘူး။