ကလောင်းငါးလေးတွေရဲ့ ထူးခြားချက်
ကလောင်းငါး (clown fish) တွေလို လူတွေရဲ့အာရုံကို ဖမ်းစားနိုင်တဲ့ငါး မရှိသလောက်ပဲ။ သူတို့ရဲ့အရောင်အဆင်းက ဆပ်ကပ်ထဲက လူပြက်နဲ့တူလို့ ဖြစ်နိုင်တယ်။ အဆိပ်ရှိတဲ့ ပင်လယ်မှို (anemone) စမ်းလက်တံတွေကြားမှာ နေကြလို့လည်း ဖြစ်နိုင်တယ်။ ကလောင်းငါးတွေကို ပင်လယ်မှိုငါးလို့လည်း ခေါ်ကြတယ်။
ဟောလီဝုဒ် သရုပ်ဆောင်တွေလိုပဲ ကလောင်းငါးတွေက ဓာတ်ပုံရိုက်ခံတယ်။ ကလောင်းငါးတွေဟာ သူတို့နေတဲ့နေရာကနေ အဝေးကို သိပ်မသွားကြတဲ့အပြင် အကြောက်အလန့်လည်း သိပ်မရှိတာကြောင့် ဒီငါးကို ရေငုပ်သမားတွေ အလွယ်တကူ ဓာတ်ပုံရိုက်နိုင်ကြတယ်။
ကလောင်းငါးတွေရဲ့ ထူးခြားချက်က အန္တရာယ်ရှိပုံရတဲ့ နေရာမှာ နေကြတာပဲ။ အဆိပ်ရှိတဲ့ ပင်လယ်မှို စမ်းလက်တံတွေကြားမှာ နေတာက မြွေတွင်းမှာ အသိုက်ဆောက်တာနဲ့ တူတယ်။ ဒါပေမဲ့ ကလောင်းငါးနဲ့ ပင်လယ်မှိုဟာ ခွဲခြားလို့မရတဲ့ အတွဲတွေဖြစ်တယ်။ ဘယ်လိုလုပ်ပြီး အဲဒီလိုဖြစ်နေတာလဲ။
‘သူမရှိလို့မဖြစ်’
လိုက်ဖက်ညီတဲ့ အတွဲတွေလိုပဲ ကလောင်းငါးနဲ့ ပင်လယ်မှိုတွေဟာ အပေးအယူတည့်တယ်။ အဲဒီလိုလိုက်ဖက်ညီနေတာက
ကလောင်းငါးအတွက် အရေးပါသလို အဆင်လည်းပြေတယ်။ ကလောင်းငါးတွေဟာ မဖျတ်လတ်ကြတဲ့အတွက် ပင်လယ်မှိုတွေကြားမှာသာမနေရင် ဆာလောင်နေတဲ့ ငါးကြီးတွေရဲ့ရန်ကို ရှောင်နိုင်မှာမဟုတ်ဘူးလို့ အဏ္ဏဝါဇီဝဗေဒပညာရှင်တွေ တွေ့ရှိခဲ့ကြတယ်။ ပင်လယ်မှိုတွေကြားမှာနေပြီး အန္တရာယ်တွေ့တာနဲ့ ပြေးဝင်ခိုလှုံနိုင်ကြတဲ့အတွက် ကလောင်းငါးတစ်ကောင်ဟာ အသက် ၁၀ နှစ်အထိ ရှင်နိုင်တယ်။ကလောင်းငါးတွေအတွက် ခိုလှုံရာအိမ်က ပင်လယ်မှိုတွေဖြစ်တယ်။ ပင်လယ်မှို ခြေရင်းနားမှာ ဥချပြီး မိဘနှစ်ဦးစလုံးက ကာကွယ်စောင့်ရှောက်ကြတယ်။ သိပ်မကြာခင် ပင်လယ်မှိုတစ်ဝိုက်မှာ ကလောင်းငါး မိသားစု ကူးခတ်နေတာ တွေ့မြင်နိုင်တယ်။
ပင်လယ်မှိုတွေအတွက်ရော ဘာအကျိုးရှိပါသလဲ။ ကလောင်းငါးတွေဟာ ကိုယ်ရံတော်တွေလိုပဲ ပင်လယ်မှို စမ်းလက်တံတွေကိုစားတဲ့ ငါးလိပ်ပြာတွေကို မောင်းထုတ်ပေးတယ်။ ပင်လယ်မှိုတစ်မျိုးဆိုရင် ကလောင်းငါးတွေမရှိဘဲနဲ့ မရှင်သန်နိုင်ဘူး။ သုတေသီတွေက ကလောင်းငါးတွေကို ဖယ်ရှားလိုက်တဲ့အခါ ၂၄ နာရီအတွင်း ပင်လယ်မှိုတွေ လုံးဝပျောက်သွားတယ်။ ငါးလိပ်ပြာတွေ စားလိုက်ကြပုံရတယ်။
ကလောင်းငါးတွေဟာ ပင်လယ်မှိုတွေလိုအပ်တာကို ထောက်ပံ့ပေးပုံရတယ်။ ကလောင်းငါးတွေ စွန့်ထုတ်လိုက်တဲ့ အမိုးနီးယမ်းဓာတ်ဟာ ပင်လယ်မှိုတွေကို ကြီးထွားစေတယ်။ ပင်လယ်မှို စမ်းလက်တံတွေကြား ကလောင်းငါးတွေ ကူးခတ်သွားလာတဲ့အခါ အောက်စီဂျင်ပါတဲ့ရေကို လှည့်ပတ်စေတယ်။
တခြားငါးတွေ မကူးခတ်ရဲတဲ့နေရာမှာ ကူးခတ်ကြ
ကလောင်းငါးတွေကို ကာကွယ်ပေးတာက သူတို့ရဲ့အရေခွံပဲ။ သူတို့အရေခွံမှာ အကျိအချွဲတွေရှိတဲ့အတွက် ပင်လယ်မှိုစမ်းလက်တံတွေ မစူးနိုင်ဘူး။ အဲဒီ ဓာတုအကျိအချွဲတွေကြောင့် ကလောင်းငါးကို ပင်လယ်မှိုတွေက သူတို့လိုပဲ ပင်လယ်မှိုလို့ ထင်တယ်။ အဏ္ဏဝါဇီဝဗေဒ ပညာရှင်တစ်ဦးက ကလောင်းငါးတွေကို “ပင်လယ်မှိုအယောင်ဆောင်တဲ့ငါး” လို့ခေါ်တယ်။
ကလောင်းငါးတွေ နေရာသစ်ရှာတဲ့အခါ နေသားကျအောင် အလိုက်သင့်လုပ်တတ်တယ်ဆိုတာ လေ့လာမှုတချို့အရ သိရတယ်။ ပင်လယ်မှိုတစ်ကောင်ဆီ ဦးဆုံးအကြိမ် ရောက်လာတဲ့အခါ နာရီအနည်းငယ်ကြာ ပင်လယ်မှိုနဲ့ ထိလိုက် ခွာလိုက် လုပ်တာတွေ့ရတယ်။ အဲဒီလိုလုပ်တာက ပင်လယ်မှိုအသစ်ရဲ့ အဆိပ်ပြီးဖို့ သူ့ရဲ့အရေခွံ အကျိအချွဲကို ပြင်ဆင်နေတာဖြစ်တယ်။ ဒီလိုလုပ်ချိန်အတွင်းမှာ အဆိပ်ဆူးစူးတာ ခံရနိုင်တယ်။ နောက်တော့ နှစ်ဦးနှစ်ဖက် အဆင်ပြေသွားကြတယ်။
မတူညီတဲ့သက်ရှိနှစ်ခု ခုလိုယှဉ်တွဲနေနိုင်အောင် လုပ်ဆောင်ပုံက အုပ်စုလိုက် လုပ်ဆောင်သူတွေ အတုယူစရာဖြစ်တယ်။ ယဉ်ကျေးမှု၊ နောက်ခံ မတူတဲ့သူတွေ ကိုယ့်မှာရှိတာတွေကို အတူတကွ မျှသုံးမယ်ဆိုရင် လူတွေရဲ့ ကြိုးစားလုပ်ဆောင်မှုတွေဟာ အကျိုးဖြစ်ထွန်းသွားမယ်။ ကလောင်းငါးတွေလိုပဲ တခြားသူနဲ့ တွဲလုပ်နိုင်ဖို့ အချိန်ပေး လုပ်ဆောင်မယ်ဆိုရင် အကျိုးအများကြီးရှိပါလိမ့်မယ်။