ကျေနပ်ရောင့်ရဲနိုင်ပုံ
အိမ်ထောင်သည်၊ တစ်ကိုယ်ရေ၊ လူကြီး၊ လူငယ်အားလုံး ပျော်ရွှင်မှုနဲ့ ကျေနပ်ရောင့်ရဲမှု ခံစားချင်ကြတယ်။ ဖန်ဆင်းရှင်ကလည်း အဲဒီအတိုင်း ဖြစ်စေချင်တဲ့အတွက် အကြံဉာဏ်ကောင်းတွေ ပေးထားတယ်။
အလုပ် ကြိုးစားပါ
“ခိုးတတ်တဲ့သူလည်း မခိုးပါနဲ့တော့။ ကောင်းတဲ့အလုပ်ကို ကိုယ်တိုင် ကြိုးစားလုပ်ဆောင်ပါ။ ဒါမှ လိုအပ်သူကို ပေးကမ်းနိုင်မယ်။”—ဧဖက် ၄:၂၈။
အလုပ်လုပ်တာကို ပျော်စရာလို့ ဖန်ဆင်းရှင် ယူမှတ်စေချင်တယ်။ ဘာကြောင့်လဲဆိုတော့ အလုပ် ကြိုးစားလုပ်ရင် ကိုယ်တိုင်နဲ့ မိသားစုကို ထောက်ပံ့နိုင်လို့ ပျော်ရွှင်မယ်။ လိုအပ်နေတဲ့သူကိုတောင် ကူညီပေးနိုင်တယ်။ အလုပ်ရှင်လည်း ကြိုက်တယ်။ အလုပ်ကြိုးစားသူဟာ အလုပ်မြဲတယ်။ ကြိုးစားပမ်းစား လုပ်ကိုင်မှုကြောင့် ပျော်ရွှင်ကျေနပ်တာဟာ “ဘုရားသခင်ဆီက ရတဲ့ လက်ဆောင်ပဲ” လို့ ကျမ်းစာက ဆိုတယ်။—ဒေသနာ ၃:၁၃။
ရိုးသားပါ
“ကျွန်တော်တို့ဟာ အရာရာမှာ ရိုးရိုးသားသား ကျင့်ကြံပြုမူချင်စိတ် ရှိနေတဲ့အတွက် အမှားအမှန်သိစိတ် ကြည်လင်နေမှန်း ကိုယ့်ကိုယ်ကိုယ် ယုံတယ်။”—ဟီဘရူး ၁၃:၁၈။
ရိုးသားတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် လေးစားမှု ရှိတယ်။ စိတ်ငြိမ်သက်မှု ရှိပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မယ်။ အဲဒီအပြင် တခြားသူတွေက သူ့ကို ယုံကြည်ပြီး လေးစားမယ်။ မရိုးသားသူကတော့ အဲဒါတွေ မရဘူး။ သိစိတ် အနှောင့်အယှက်ပေးပြီး မရိုးသားမှု ပေါ်သွားမှာကို ကြောက်နေမယ်။
ငွေနောက်ပဲ မလိုက်ပါနဲ့
“ခင်ဗျားတို့ရဲ့ ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။”—ဟီဘရူး ၁၃:၅။
အစားအသောက်နဲ့ တခြားအရာတွေ ဝယ်ဖို့ ငွေလိုတယ်။ ဒါပေမဲ့ “ငွေတပ်မက်တာ” က တကယ့်ကို အန္တရာယ် များတယ်။ ငွေရဖို့ပဲ အချိန်ပြည့် လုံးပန်းနေနိုင်တယ်။ အိမ်ထောင်ရေးကို ထိခိုက်လာနိုင်တယ်။ ကလေးတွေကိုလည်း အချိန်မပေးနိုင်တော့ဘူး။ ကျန်းမာရေးလည်း ထိခိုက်လာနိုင်တယ်။ (၁ တိမောသေ ၆:၉၊ ၁၀) အဲဒီအပြင် ငွေတပ်မက်တဲ့သူဟာ မရိုးမသား လုပ်မိနိုင်တယ်။ ပညာရှိတစ်ယောက် ဒီလိုပြောခဲ့တယ်– “သစ္စာရှိသူက ကောင်းချီး အများကြီး ရလိမ့်မယ်။ ဖြတ်လမ်းနည်းနဲ့ ချမ်းသာဖို့ ကြိုးစားသူကတော့ အပြစ်ကင်းမှာ မဟုတ်ဘူး။”—ပညာအလိမ္မာ ၂၈:၂၀။
အကောင်းဆုံး ပညာရေးကို ရွေးချယ်ပါ
“လက်တွေ့ကျ ဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁။
ပညာရေးကောင်းမှ ယုံကြည်စိတ်ချထိုက်သူတွေ၊ မိဘကောင်းတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ လောကမှာ ရနိုင်တဲ့ ပညာရေး တစ်ခုတည်းနဲ့တော့ တည်မြဲတဲ့ လုံခြုံမှုနဲ့ ပျော်ရွှင်မှု မရနိုင်ဘူး။ ဘဝကဏ္ဍတိုင်းမှာ တကယ် အောင်မြင်ဖို့ဆိုရင် ဘုရား ပေးတဲ့ ပညာရေး လိုတယ်။ ဘုရားစကား နားထောင်တဲ့သူဟာ “လုပ်သမျှ အောင်မြင်လိမ့်မယ်” လို့ ကျမ်းစာက ဆိုတယ်။—ဆာလံ ၁:၁-၃။