မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပြောဆို​ဆက်သွယ်ခြင်းက တံတား​နဲ့ တူတယ်။ မိဘနဲ့သားသမီး​ကြား ပေါင်းစည်းပေးတယ်။

၅– ပြောဆိုဆက်သွယ်ခြင်း

၅– ပြောဆိုဆက်သွယ်ခြင်း

မိဘများ​အတွက်

၅ ပြောဆို​ဆက်သွယ်ခြင်း

ဆိုလိုရင်း

ပြောဆို​ဆက်သွယ်​မှု​ကောင်း​ရှိတဲ့ မိဘနဲ့​သားသမီးတွေ​က အတွေးအခေါ်၊ ခံစားချက်တွေကို အပြန်အလှန် ဝေမျှ​ကြတယ်။

ဘာကြောင့် အရေးကြီးသလဲ

အထူး​သဖြင့် ဆယ်ကျော်သက်​တွေ​နဲ့ ပြောဆို​ဆက်သွယ်ဖို့ ခက်နိုင်တယ်။ သားသမီးတွေ ငယ်ရွယ်ချိန်​တုန်းက အရာရာကို ပြောပြတတ်ကြတယ်။ ဆယ်ကျော်သက်​အရွယ် ရောက်လာ​တဲ့​အခါ သိပ်​မ​ပြောတော့​လို့ သားသမီးတွေရဲ့ အတွေး​တွေ၊ ခံစားချက်တွေကို မသိရဘူး။ မြစ်​ကြီး​တစ်ခု ခြားနေသလို ဖြစ်​သွားပြီ။ တကယ်တော့ ဒီ​အရွယ်မှာ ပြောဆို​ဆက်သွယ်ဖို့ ပိုလိုအပ်တယ်။

လုပ်ဆောင်နိုင်ရာ

သားသမီး ပြောချင်တဲ့​အချိန်မှာ နားထောင်​ပေးပါ။ ညဉ့်နက်မှ စကားပြောချင်တယ်​ဆိုရင်တောင် နားထောင်​ပေး​လိုက်ပါ။

“‘တစ်​နေ​ကုန် ပြော​လို့​ရ​ရဲ့​သားနဲ့ အခုမှ ပြောချင်ရသလား’ လို့ တွေးမိနိုင်တယ်။ ဒါပေမဲ့ သားသမီးတွေ​ဘက်​က ရင်ဖွင့်​ပြောပြချင်နေတာကို အပြစ်တင်​လို့ မရဘူး။ အဲဒီလို ရင်ဖွင့်တာကို မိဘ​တိုင်း လိုချင်ကြတယ် မဟုတ်လား။”—လီဇာ။

“ကျွန်တော်က စောစော​အိပ်ချင်တာ။ ဒါပေမဲ့ ညသန်းခေါင်​ကျော်မှ ဆယ်ကျော်သက်​ကလေးတွေက ကျွန်တော်နဲ့ စကား ကောင်းကောင်း ပြော​ဖြစ်တယ်။”—ဟားဘတ်။

ကျမ်းစာ အခြေခံမူ။ “လူတိုင်း ကိုယ့်​အကျိုးကို မ​ရှာ​ဘဲ သူတစ်ပါး​အကျိုးကို ရှာကြပါ။”—၁ ကောရိန္သု ၁၀:၂၄

အာရုံ​မပျံ့လွင့်စေပါနဲ့။ ဖခင်​တစ်ယောက် ဒီလို​ဝန်ခံတယ်– “သားသမီးတွေ စကားပြော​နေတုန်း ကျွန်တော့်​စိတ်​တွေ တခြား​ကို ရောက်သွားတဲ့​အခါတွေ ရှိတယ်။ သူတို့ကို လိမ်လို့​မရဘူး။ သူတို့ သိတယ်။”

အဲဒီလို ဖြစ်တတ်​ရင် တီဗီ ပိတ်​ထားပါ။ အီလက်ထရောနစ်​ပစ္စည်းတွေ ချထား​ပါ။ ကလေး ပြောနေတာ အသေးအဖွဲ​ကိစ္စ ဖြစ်ပုံရ​ရင်တောင် အပြည့်အဝ အာရုံစိုက်​နားထောင်​ပေးပါ။

“သားသမီးတွေရဲ့ ခံစားချက်တွေကို မိဘတွေ အလေးထားကြောင်း သိစေပါ။ မဟုတ်ရင် သူတို့ရဲ့ ခံစားချက်တွေကို ထုတ်​မ​ပြောတော့​ဘဲ တခြားသူတွေကို​ပဲ ပြောပြ​ကြလိမ့်မယ်။”—မာရန်ဒါ။

“သားသမီးတွေရဲ့ အတွေးအခေါ် မှားနေရင်​တောင် လွန်လွန်ကဲကဲ မတုံ့ပြန်ပါနဲ့။”—အန်ထော်နီ။

ကျမ်းစာ အခြေခံမူ။ “အာရုံစိုက်​နားထောင်​နေရဲ့​လား​ဆိုတာ သတိပြု​ပါ။”—လုကာ ၈:၁၈

ပေါ်လာတဲ့​အခွင့်အရေးကို အမိ​အရ ယူပါ။ တစ်ခါတလေ သားသမီးတွေဟာ မိဘတွေ​နဲ့ မျက်နှာချင်းဆိုင် မဟုတ်တဲ့​အခါတွေမှာ ပို​ပြောဆိုတတ်​ကြတယ်။

“ကားစီး​တဲ့​အခါတွေမှာ စကားပြော​ဖြစ်တယ်။ မျက်နှာချင်းဆိုင် မဟုတ်ဘဲ ဘေးချင်းယှဉ် ထိုင်တဲ့အခါ​မှာ ပြော​လို့​ဆို​လို့ ပိုကောင်းတယ်။”—နီကိုး။

ထမင်းစားချိန်မှာလည်း စကားလက်ဆုံကျဖို့ အခွင့်အရေး​ရနိုင်တယ်။

“ညစာ​စားချိန်​မှာ တစ်နေ့တာ​ရဲ့ အကောင်းဆုံး၊ အဆိုးဆုံး ဖြစ်ရပ်တွေကို ပြော​ဖြစ်ကြတယ်။ ဒါက စည်းလုံးစေတယ်။ ပြဿနာတွေကို တစ်ယောက်တည်း ရင်ဆိုင်​နေ​ရတာ မဟုတ်မှန်း သိစေတယ်။”—ရော်ဘင်။

ကျမ်းစာ အခြေခံမူ။ “နားထောင်ဖို့ အမြဲ​အသင့်​ဖြစ်​နေ​ရမယ်။ စကားပြောတဲ့အခါမှာ မစဉ်းစားမဆင်ခြင်ဘဲ မပြောရဘူး။”—ယာကုပ် ၁:၁၉