မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

“ကမ္ဘာ မီးစွဲသည့်နှစ်”

“၁၉၉၇ ခုနှစ်ကို ကမ္ဘာမီးစွဲသည့်နှစ်အဖြစ် အမှတ်ရနေကြပေလိမ့်မည်” ဟုအပြည်ပြည်ဆိုင်ရာသစ်တောရေးရာအစီအစဉ် သဘာဝထိန်းသိမ်းရေးကမ္ဘာ့ရန်ပုံငွေ အကြီးအကဲ ယန်ပေါလ်ယန်ရာနိုကဆိုသည်။ အန္တာတိကတိုက်မှလွဲ၍ တိုက်တိုင်းတွင် မီးလောင်မှုဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သည်။ ဥပမာ၊ ဆွီဇာလန်နယ်မြေနှင့်ညီမျှသော အင်ဒိုနီးရှားနှင့်ဘရာဇီးနိုင်ငံတို့ရှိ အဖိုးတန်သစ်တောမြေသည် မီးဝါးမြိုခံခဲ့ရသည်။ ဖြစ်ပွားခဲ့ရသည့်အကြောင်းများတွင် စိုက်ပျိုးရေးအတွက် တမင်နယ်မြေရှင်းလင်းခြင်းမှ အယ်လ်နီညိုကြောင့် ရာသီဥတုပြင်းထန်ခြင်း၏ရလဒ်ဖြစ်သည်ဟု ယူမှတ်ကြသော မိုးခေါင်ခြင်းအထိပါဝင်သည်။ လောင်စာဆီလောင်ကျွမ်းမှုကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တိုးများလာခြင်းသည် လေထုကိုထပ်ဆင့်ညစ်ညမ်းစေကာ ကမ္ဘာကြီးပူနွေးမှုအန္တရာယ်ကိုပိုများစေသည်ဟု လန်ဒန်သတင်းစာ သည်အင်ဒီပဲန်းဒဲန့်ထ်ကဖော်ပြသည်။ မစ္စတာယန်ရာနိုက ဤသို့သတိပေးသည်– “ကျွန်ုပ်တို့သည် ပျက်စီးခြင်း၏ကြမ္မာဆိုးသံသရာကို ဖန်တီးနေကြကာ တိုးများခဲ့သော မီးလောင်မှုများသည် ရာသီဥတုပြောင်းလဲမှုများ၏ရလဒ်နှင့် ဤပြောင်းလဲမှုများအတွက် အကြောင်းရင်းဖြစ်သည်။”

ကယ်လ်စီယံပို၍လိုအပ်

“လူငယ်များသည် အရိုးကြီးထွားမှုကြောင့် ကယ်လ်စီယံလိုအပ်မှုတိုးလာသည်” ဟုဂျာမန်သတင်းလွှာ ဂက်ဇန်ဟိုက် အင် ဝေါ့ထ် အန် ဘိုင်းလ် (စကားနှင့်ပုံပြ ကျန်းမာရေး) ကသတိပေးသည်။ နေ့စဉ် ၁,၂၀၀ မီလီဂရမ်စားသုံးဖို့ ဖြစ်သော်လည်း အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြားရှိ ဂျာမနီနိုင်ငံမှ မိန်းကလေး ၅၆ ရာခိုင်နှုန်းနှင့် ယောက်ျားလေး ၇၅ ရာခိုင်နှုန်းသာ ထိုသို့သုံးဆောင်ကြသည်။ “ဥရောပတစ်ခွင်ရှိ မိန်းကလေးများသည် ကယ်လ်စီယံအလုံအလောက်မရကြချေ” ဟုဥရောပအရိုးပွရောဂါကုဌာနမှ မေရီဖရေဆာကဆို၏။ ထိုလိုအပ်မှုကို အချိန်အတန်ကြာသတိမပြုမိကြသော်လည်း ယင်းချို့တဲ့မှုကြောင့် သက်ကြီးရွယ်အိုဘဝတွင် အရိုးပွရောဂါဖြစ်စေနိုင်ပေသည်။ “ကယ်လ်စီယံကြွယ်ဝသောအစာများမှာ ဒိန်ခဲ၊ နို့၊ ဒိန်ချဉ်၊ နှမ်း၊ ခရမ်းရောင်အစေ့များ၊ ပဲပုပ်၊ ဟင်းသီးဟင်းရွက်စိမ်း၊ အခွံမာသီးများနှင့် ငါးတို့ ဖြစ်သည်” ဟုထိုဆောင်းပါးကဆို၏။

ကြီးစိုးနေသောဒေါ်လာ

“ယူ.အက်စ်. ငွေကြေးလည်ပတ်မှုသည် ယူနိုက်တက်စတိတ်ပြည်တွင်း၌ထက် ပြည်ပ၌ပိုများကြောင်းကို အမေရိကန်အများစုက သိကြမည်မဟုတ်” ဟုယူ.အက်စ်.သတင်းနှင့်ကမ္ဘာ့မှတ်တမ်း ကဆိုသည်။ ယခုအခါ လူတို့၏ပိုက်ဆံအိတ်များ၊ ငွေစက္ကူမှတ်ပုံတင်စက်များ၊ ဘဏ်ငွေတိုက်များ၊ မွေ့ရာအောက်များရှိ ငွေစက္ကူနှင့် ဒ င်္ဂါးပြား ဒေါ်လာ ၄၅၀ ဘီလီယံအနက် သုံးပုံနှစ်ပုံ—⁠ဒေါ်လာ ၃၀၀ ဘီလီယံ—⁠ခန့်သည် ပြည်ပ၌ရှိ၏။” ထိုပမာဏသည် တစ်နှစ်လျှင် ဒေါ်လာ ၁၅ ဘီလီယံမှ ၂၀ ဘီလီယံအထိတိုးများလျက်ရှိသည်။ ယူနိုက်တက်စတိတ်၌ငွေသားသည် အများအားဖြင့် ဒေါ်လာ ၂၀ တန်ငွေစက္ကူဖြင့်လည်ပတ်နေသော်လည်း ပြည်ပ၌ငွေသားအများစုသည် ဒေါ်လာ ၁၀၀ တန်ဖြင့်လည်ပတ်နေရာ နေ့စဉ်သာမန်ဝယ်ခြမ်းရေးအတွက်မဟုတ်ဘဲ စုဆောင်းခြင်းနှင့် စီးပွားရေးရောင်းဝယ်ဖောက်ကားခြင်းတို့အတွက် ငွေကိုအသုံးပြုခြင်းဖြစ်ကြောင်း ထင်ရှား၏။ ယင်းသည် ငွေကြေးဖောင်းပွမှုအလွန်ဖြစ်ပြီး ဘဏ်များကိုလူတို့ယုံကြည်စိတ်ချမှုမရှိသည့် နိုင်ငံများတွင် အထူးသဖြင့် မှန်ကန်လျက်ရှိသည်။ လွန်ခဲ့သောနှစ်ကထုတ်ဝေခဲ့သော ဒေါ်လာ ၁၀၀ တန်ငွေစက္ကူအသစ် ၆၀ ရာခိုင်နှုန်းခန့်သည် နိုင်ငံရပ်ခြားသို့တိုက်ရိုက်ရောက်ရှိခဲ့သည်။ ယူ.အက်စ်. အမြင်အရ ပြည်ပတွင်လည်ပတ်နေသော အတော်အတန်များသည့် ငွေကြေးပမာဏသည် ကုန်စည်များနှင့် ဝန်ဆောင်မှုပေးစရာမလိုဘဲ ယူ. အက်စ်. အစိုးရကို အတိုးမဲ့ငွေချေးပေးထားသကဲ့သို့ဖြစ်ရာ အစိုးရအားဒေါ်လာဘီလီယံများစွာကိုသက်သာစေသည်။

လုယက်ခိုးယူခွင့်လိုင်စင်

“ဘရာဇီးချာ့ခ်ျခေါင်းဆောင်များသည် ဆင်းရဲပြီးငတ်ပြတ်သူများ အသက်ဆက်ရှင်ရေးအတွက် အစားအစာခိုးသူတို့ဘက်မှ အတည့်အလင်းပြောဆို ကာကွယ်ခဲ့ကြသည်” ဟုအီးအဲန်အိုင်ဘူလေတင် သတင်းက ဖော်ပြသည်။ ဘရာဇီးအရှေ့မြောက်ဘက်တွင် ဆိုးဆိုးရွားရွားမိုးခေါင်မှုကြောင့် ကုန်ပဒေသာဆိုင်ကြီးများနှင့် သိုလှောင်ရုံများဖောက်ထွင်းခိုးဝှက်ခြင်းများကို ခွင့်ပြုခဲ့ကြသည်။ ဘီလိုဟိုရီဇန်တီမှ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ကာဒီနယ် ဆာရာဖင်းဖာနန်ဒီးစ် ဒီအရိုးဇူ၏အဆိုအရ “မငတ်ပြတ်ရန် မည်သည့်နေရာ၌မဆိုတွေ့သည့် အစားအစာကို ခိုးယူသူ မည်သူ့ကိုမဆို ချာ့ခ်ျကအပြစ်မတင်ပါ။” ကာဒီနယ်ပေါလို အီဗာရစ္စတိုအန်းစ်က ဤသို့ပြောဆိုခဲ့သည်ဟုဆို၏– “ဆင်းရဲသူကို ဆင်းရဲသည်ထက်ဆင်းရဲစေ၍ အခွင့်သာသူလူနည်းစု၏လက်ထဲ ဥစ္စာဓနတိုးပွားစေသည့် ဤလစ်ဘရယ်ဝါဒအသစ်ကို ကျွန်ုပ်တို့တိုက်ဖျက်ရမည်။” သူက ဤသို့ထပ်ဆင့်သည်– “မြို့များနှင့် ကျေးလက်ဒေသရှိလူတို့ကိုနိုးကြားရမည့် အချိန်တန်ပြီ။”

အကြွေးဝန်

“သာမန် [ကနေဒါနိုင်ငံသား] သည် အားလပ်ရာသီအတွင်း လက်ဆောင်ပစ္စည်းများ၊ အပန်းဖြေမှုနှင့် ခရီးသွားလာမှုအတွက် ဒေါ်လာ ၁,၂၃၆ သုံးစွဲကာ ထိုအသုံးစရိတ်အများစုကို ခရက်ဒစ်ကတ်ဖြင့် ပေးဆောင်ကြသည်” ဟုဗန်ကိုဗာဆန်း သတင်းစာကဆိုသည်။ ခရစ္စမတ်အချိန်အခါတွင် ငွေဖြုန်းရန် အကြီးအကျယ်စိတ်ပိုင်းဆိုင်ရာဖိစီးမှုခံကြရရာ ဈေးသုံးငွေမလောက်သည့်အခါ အကြွေးကတ်များဖြင့် ဆက်သုံးဖြုန်းကြဖို့လွယ်ကူ၏ဟု ငွေကြေးအကြံပေးပုဂ္ဂိုလ်များကဆိုကြသည်။ အလုပ်အာမခံရှိခြင်းသည် စားသုံးသူများအား “အကြွေးပေးဆပ်ကြမည့်အစား အကြွေးပို၍ယူကြရန် စိတ်ချလက်ချ” ရှိစေပုံပေါ်သည်ဟု အကြံပေးပုဂ္ဂိုလ်တစ်ဦးကယူဆသည်။ ၁၉၉၇ ကုန်ပိုင်းတွင် ကနေဒါနိုင်ငံသားများသည် မဆပ်ရသေးသောခရက်ဒစ်ကတ်ဒေါ်လာ ၂၀.၄၂ ဘီလီယံရှိခဲ့ရာ ၁၉၉၁ ခုနှစ်ကိန်းဂဏန်း၏နှစ်ဆဖြစ်သည်။ သာမန်ဈေးဝယ်သူသည် အားလပ်ရက်အတွင်းသုံးခဲ့သည့်စရိတ်ကိုဆပ်ရန် ခြောက်လကြာပြီး လူများစွာသည် နောက်လာမည့်ခရစ္စမတ်ရာသီတွင် “ဖောဖောသီသီသုံးစွဲမှု” ပြန်စတင်သည့်အခါ ယခင်အကြွေးကျန်ဦးမည်ဖြစ်သည်ဟု ကျွမ်းကျင်သူများကခန့်မှန်းကြသည်။

သေခြင်းကိုပေါ့ပေါ့သဘောထားခြင်း

“သေခြင်းကိုပေါ့ပေါ့သဘောမထားမိရေးအတွက် ရုပ်ရှင်များနှင့် တီဗွီများတွင်မြှောက်ပေးနေသော သူရဲကောင်းပုံစံကို အားမကျစေရန် မိဘများနှင့်ဆရာများက အတတ်နိုင်ဆုံးပြုလုပ်ပေးသင့်သည်” ဟုဂျာနယ်ဒိုဘရာဇီး ကရှင်းပြသည်။ ၁၃ နှစ်အောက်ကလေးငယ်များသည် ရာဇဝတ်မှု ၁၀ ရာခိုင်နှုန်းကိုကျူးလွန်ကြသည်ဟု ရီယိုဒီဂျနေရိုမြို့မှ လေ့လာမှုတစ်ရပ်ကဖော်ပြ၏။ “ဤကလေးသူငယ်များသည် သေနတ်များကိုင်ဆောင်ကြကာ ကျောင်းနေဖက်များကို ရန်ပြုတိုက်ခိုက်၊ ထိခိုက်ဒဏ်ရာရစေ သို့မဟုတ် သတ်ပင်သတ်ပစ်ကြပြီး ပို၍ငယ်ရွယ်သူများကို မတော်မတရားပြုကျင့်ကြသည်” ဟုထိုဆောင်းပါးကဖော်ပြ၏။ စိတ်ရောဂါကုဆရာဝန် အယ်လ်ဖရယ်ဒို ကက်စထရိုနီတိုးက ဤသို့ဆိုသည်– “ပြိုင်ဆိုင်မှုကိုအားပေးပြီး မိမိအလိုရှိသည်ကိုရရန် သတ်ဖြတ်နိုင်ကြောင်းကို ရုပ်ရှင်များတွင်ဖော်ပြသည့် ကျွန်ုပ်တို့၏လက်ရှိယဉ်ကျေးမှုသည် ဤကလေးငယ်များ၏စိတ်ကိုပို၍ရှုပ်ထွေးစေသည်။” သေနတ်များအစား ပညာပေးကစားစရာအရုပ်များကိုထောက်ခံအကြံပြုကာ “ဒ င်္ဂါးတကာကိုသတ်ဖြတ်သည့် သူရဲကောင်းပုံဖမ်းသူသည် မိုက်မဲကာအစစ်အမှန်မဟုတ်ကြောင်း၊ ထိုလက်နက်များသည် ဂုဏ်အဆင့်အတန်း၊ သို့မဟုတ် အင်အား၏သင်္ကေတများမဟုတ်ဘဲ လူတို့ကိုသတ်ဖြတ်သည့်လက်နက်များသာဖြစ်ကြောင်း” ကလေးများအားသိရှိစေရန် အလွန်အရေးကြီး၏ဟု ဂျိုစီဖာ ပက်ခ်ျကဆိုသည်။

မရဏမှတ်တမ်း

“ဆေးလိပ်သောက်ခြင်းသည် ဒုတိယကမ္ဘာစစ်နှင့် ဗီယက်နမ်စစ်ပွဲကာလအတွင်း စစ်တိုက်စဉ်သေဆုံးခဲ့သူတို့ထက် အမေရိကန်နိုင်ငံသားများကို နှစ်စဉ်ပို၍သေစေသည်” ဟုကယ်လီဖိုးနီးယားဘာကီလီတက္ကသိုလ်ကောင်းမှုစာစောင် ကဖော်ပြသည်။ “နေ့စဉ် အမေရိကန်နိုင်ငံသား ၁,၂၀၀ ကျော်သည် ဆေးလိပ်သောက်ခြင်းနှင့်ဆက်နွှယ်သောအကြောင်းရင်းများကြောင့်သေဆုံးကြရာ လွတ်မြောက်သူမရှိသည့် ခရီးသည်အပြည့်တင်ဆောင်ထားသော ဂျမ်ဘိုဂျက်လေယာဉ်သုံးစီး သို့မဟုတ် လေးစီးပျက်ကျခြင်းနှင့်ညီမျှသည်။”

လယ်မင်မြေကြွက်ဒဏ္ဍာရီမမှန်ကန်

လယ်မင်မြေကြွက်များ—⁠အေးမြသောမြောက်ပိုင်းဒေသတွင်နေထိုင်သည့် ကြွက်ငယ်များ—⁠သည် အစုလိုက်အပြုံလိုက်ရေနစ်သတ်သေကြပါသလော။ လူများစွာ ထိုသို့ယူမှတ်ကြဆဲဖြစ်သည်။ သို့ရာတွင် သိပ္ပံပညာရှင်များသည် အတန်ကြာသံသယရှိခဲ့ကြရာ ယခုအခါ ဗြိတိသျှအသံလွှင့်ဌာန၏ တောရိုင်းတိရစ္ဆာန်တစ်မျိုး ရိုက်ကူးရေးအဖွဲ့က ကနေဒါအာတိတ်အနောက်ဘက်တွင် ခြောက်လကြာရုပ်ရှင်ရိုက်ခဲ့ရာ ထိုဒဏ္ဍာရီမမှန်ကန်ကြောင်းဖော်ပြခဲ့သည်။ အစားအစာရှိနေသမျှကာလပတ်လုံး ထိုမြေကြွက်များသည် အများအပြားရှင်သန်ကြသည်။ သို့ဆိုလျှင် အစုလိုက်အပြုံလိုက်သတ်သေသည့်ပုံပြင်သည် မည်သို့ပေါ်လာသနည်း။ နော်ဝေးရှိ ၎င်းမြေကြွက်များသည် စိမ်းလန်းသောကျက်စားရာသို့ အုပ်လိုက်ပြောင်းရွှေ့ကြသောအခါ မတော်တဆရေထဲကျသွားသည်ကို တွေ့ မြင်ခဲ့ကြခြင်းဖြစ်သည်ဟု လန်ဒန်သတင်းစာ သည်ဂါဒီယန်းကဖော်ပြထားသည်။

လူနာများကိုလုယက်ခြင်း

ဂျာမနီနိုင်ငံရှိဆေးရုံများတွင် သူခိုးများကျက်စားနေကြသည်။ “ကိုလုံးမြို့ရှိတက္ကသိုလ်ဆေးရုံများက တစ်နှစ်လျှင် ခိုးမှုသုံးရာဖြစ်ပွားသည်ဟုသတင်းပို့” ကြောင်းအမ်စဒက်တနာ တဂျီဘလက် ကဖော်ပြသည်။ “လက်ထဲတွင်ပန်းတစ်ခိုင်၊ နှုတ်ခမ်းပေါ်နှစ်လိုဖွယ်အပြုံးနှင့် ဆေးရုံသူခိုးသည် ပစ္စည်းခိုးယူရရှိရန် သေချာလျက်ရှိ၏။” လူနာ၏ဧည့်သည်များအဖြစ်ဟန်ဆောင်ကာ ၎င်းတို့ကျက်စားရာသည် ခုတင်ဘေးရှိစားပွဲများမှ ကုတ်အင်္ကျီစင်များအထိဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုလူနာများသည် သူခိုးများအတွက်လွယ်ကူ၏။ ဥပမာ၊ သက်ကြီးရွယ်အိုတစ်ယောက်သည် ဆေးရုံခုတင်ရှိသူ၏ခေါင်းအုံးအောက်တွင် မတ်ငွေထောင်နှင့်ချီထားလေ့ရှိကြောင်း တွေ့ရှိခဲ့၏။ ဧည့်သည်များ အချိန်မရွေး ဝင်ထွက်နိုင်ခြင်းက သူခိုးများကိုလွတ်လပ်စွာလှုပ်ရှားခွင့်ရရှိစေပြီး လူတိုင်းနီးပါးသည် ဆေးရုံထဲသို့ အတားအဆီးမရှိဝင်ရောက်နိုင်၏။ ထို့ကြောင့် ငွေနှင့်အဖိုးတန်ပစ္စည်းများကို ဆေးရုံတွင် လုံခြုံသည့်နေရာတစ်နေရာ၌ သော့ခတ်သိမ်းထားကြရန် သို့မဟုတ် တစ်စုံတစ်ယောက်ကိုသိမ်းထားစေကြရန် လူနာများကို သတိပေးထားလေသည်။

နားရွက်ရာများ

မကြာမီက လန်ဒန်တွင် ဖောက်ထွင်းသူခိုးတစ်ဦးခိုးမှုကျူးလွန်ခဲ့ရာ သူ၏နားရွက်ကဖော်ကောင်လုပ်ခဲ့သည်။ မည်သို့နည်း။ သူသည် ရာဇဝတ်မှုကျူးလွန်ရာ၌ လက်ဗွေရာလုံးဝမကျန်စေရန် လွန်စွာဂရုစိုက်ခဲ့သော်လည်း မခိုးမီ အိမ်ထဲတွင် တစ်ယောက်ယောက်ရှိမရှိစစ်ဆေးရန် ပြတင်းပေါက် သို့မဟုတ် သော့ပေါက်ကိုနားကပ်ပြီးနားထောင်လေ့ရှိရာ သူ၏နားရွက်ရာများကျန်ခဲ့သည်။ “နားရွက်ရာများသည် လက်ဗွေရာများကဲ့သို့ပင် သူမတူထူးခြားလှ၏” ဟုစကော့တလန်ဂလပ်စ်ကောတက္ကသိုလ်မှ ဥပဒေဆိုင်ရာရောဂါဗေဒပညာရှင် ပရောဖက်ဆာပီတာဗာနစကဆိုသည်။ သို့သော် နားရွက်များသည် လက်ဗွေရာများနှင့်မတူဘဲ ဆံပင်နှင့်လက်သည်းတို့ကဲ့သို လူကြီးဘဝတစ်လျှောက် ဆက်ကြီးထွားသည်ဟု လန်ဒန်မြို့၏ သည်ဒေးလီးတယ်လီဂရပ်ဖ် သတင်းစာကဆိုသည်။ သို့ရာတွင် ကျွန်ုပ်တို့၏နားရွက်များသည် မည်သည့်အရွယ်အစားပင်ရှိရှိ ဤဖောက်ထွင်းသူခိုး၏နားရွက်ကဲ့သို့ သူမတူထူးခြားကြောင်းကို ရဲတို့ကသိထားကြသည်။ သူသည် နားရွက်ရာဖြင့် ပထမဆုံးဖော်ထုတ်ခံရသည့် ဗြိတိန်နိုင်ငံရှိ ပြစ်မှုကျူးလွန်သူဖြစ်ပြီး ဖောက်ထွင်းခိုးမှုငါးမှုကျူးလွန်ကြောင်းဝန်ခံခဲ့သည်။