မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လမ်းများ—ယဉ်ကျေးမှု၏ အဓိကလမ်းကြောင်းများ

လမ်းများ—ယဉ်ကျေးမှု၏ အဓိကလမ်းကြောင်းများ

လမ်းများ—ယဉ်ကျေးမှု၏ အဓိကလမ်းကြောင်းများ

ရှေးမမှတ်မိနိုင်သောအချိန်ကတည်းက လူများသည် တစ်ဦးနှင့်တစ်ဦးအဆက်အသွယ်မပြတ်ရှိရန် တောဖြတ်လမ်းများ၊ လမ်းများနှင့် လမ်းမကြီးများ၏ယှက်ဖြာနေသောကွန်ရက်ပုံစံဖြင့် အဆက်အသွယ်ပြုခဲ့ကြသည်။ ယင်းတို့က လူများသည် ခရီးသွားရန်နှင့် ကုန်သွယ်မှုပြုရန်—⁠စစ်တိုက်ရန်နှင့် အင်ပါယာကြီးများတည်ထောင်လိုကြကြောင်း အထောက်အထားဖြစ်သည်။ မှန်ပါသည်၊ လမ်းများသည် လူ့သဘာဝ၏လျှို့ဝှက်မှုတစ်ခုကို တင်ပြပါသည်။

လူ့ခြေများနှင့် တိရစ္ဆာန်ခွာများသွားလာကဆုန်ပေါက်ခဲ့သည့် ရှေးအကျဆုံးတောဖြတ်လမ်းများမှ မျက်မှောက်ခေတ် ကျွန်ုပ်တို့၏ မြောက်မြားစွာသော အဝေးပြေးအမြန်သွားလမ်းမကြီးများအထိ လမ်းများ၏သမိုင်းသည် အတိတ်ကာလသို့ စိတ်ကူးဖြင့်ခရီးသွားခြင်းမျှသာမကပါ။ လူ့သဘာဝအကြောင်း လေ့လာမှုတစ်ခုလည်းဖြစ်သည်။

အစောပိုင်းလမ်းများ

“ဦးဆုံး အရေးပါသောလမ်းကို ဖောက်လုပ်သူများမှာ မက်ဆိုပိုတေးမီးယားလူမျိုးများဖြစ်နိုင်သည်” ဟုဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်ကဆိုသည်။ ထိုလူမျိုးတို့သည် တိုက်ဂရစ္စနှင့် ယူဖရေးတီးစ်မြစ်ဝှမ်းဒေသတွင် နေထိုင်ခဲ့ကြသည်။ သူတို့၏ စီတန်းနေသောလမ်းများသည် “မီးဖုတ်ထားသည့်အုတ်များနှင့် ကျောက်တုံးများကို တွင်းထွက်ကတ္တရာစေးအင်္ဂတေတွင်လောင်းထားသည့် ကျောက်ခင်းလမ်းများဖြစ်သည်” ဟုဤတွင်ထပ်၍ဆိုထားသည်။ ဤဖော်ပြချက်က ကျမ်းစာတွင်ပြောထားသော ရှေးဆောက်လုပ်ရေးအသုံးအဆောင်များကို ပြန်ပြောင်းသတိရစေသည်– “ကျောက်အရာ၌ အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ရေညှိတစ်မျိုးကို” အသုံးပြုခဲ့ကြသည်။—⁠ကမ္ဘာဦး ၁၁:⁠၃

ရှေးခေတ်ဣသရေလလူမျိုးများသည် သူတို့၏ဘာသာရေးတာဝန်များကိုဆောင်ရွက်ရန် လမ်းများသည် အရေးပါခဲ့သည်။ ယေရှုခရစ်မမွေးဖွားမီ အနှစ် ၁,၅၀၀ နီးပါးက ဣသရေလလူမျိုးများသည် ဤသို့မိန့်မှာခြင်းခံခဲ့ရသည်– “တစ်နှစ်တွင်သုံးကြိမ်မြောက်အောင် သင်တို့ယောက်ျားအပေါင်းတို့သည်၊ သင်၏ဘုရားသခင်ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်၌ [ဝိညာဉ်ရေးရာပွဲတော်ကိုကျင်းပရန်] ရှေ့တော်မှာမျက်နှာပြရကြမည်။” (တရားဟောရာ ၁၆:၁၆) ယေရုရှလင်မြို့သို့သွားခဲ့ရပြီး အများအားဖြင့် မိသားစုတစ်စုလုံး ထိုရွှင်လန်းဖွယ်အခါသမယကို တက်ရောက်ခဲ့ကြပေမည်။ ကောင်းသောလမ်းများ အမှန်ပင်လိုအပ်ခဲ့သည်!

အဓိကလမ်းများကို ကောင်းစွာဖောက်လုပ်ခဲ့ကြသည်မှာ သိသာထင်ရှားပါသည်။ ဂျူးသမိုင်းဆရာ ဖလေးဗီးယပ် ဂျိုစီဖတ်စ်က ခရစ်တော်မတိုင်မီ အနှစ်တစ်ထောင်က အုပ်စိုးခဲ့သူဖြစ်သော ရှောလမုန်နှင့်ပတ်သက်၍ ဤသို့ပြောခဲ့သည်– “သူသည် လမ်းများထိန်းသိမ်းစောင့်ရှောက်မှုကို လျစ်လျူမရှုခဲ့ပါ၊ ယေရုရှလင်မြို့သို့ဦးတည်သည့်လမ်းမကြီးတစ်လျှောက်တွင် အနက်ရောင်ကျောက်တုံးများကိုခင်းခဲ့သည်။”

ဣသရေလလူမျိုးများတွင် မတော်တဆလူအသက်သတ်မိသူများကို ခိုလှုံခွင့်ပေးသည့် ခိုလှုံရာမြို့ခြောက်မြို့ရှိသည်။ ထိုမြို့များသို့သွားသည့်လမ်းများကိုလည်း ကောင်းစွာပြင်ဆင်ထိန်းသိမ်းခဲ့ကြသည်။ ထို့ပြင် ဂျူးထုံးတမ်းစဉ်လာက လမ်းဆုံလမ်းခွတိုင်းတွင် အနီးဆုံးခိုလှုံရာမြို့သို့ညွှန်ပြသည့် လမ်းညွှန်မှတ်တိုင်ကို စိုက်ထူခဲ့ကြကြောင်းဖော်ပြသည်။—⁠တောလည်ရာ ၃၅:၆၊ ၁၁-၃၄

လမ်းများသည် ကူးသန်းရောင်းဝယ်ရေးကျယ်ပြန့်ရန် အရေးပါလာခဲ့ပြီး ရှေးခေတ်အချိန်က အနှစ်သက်ဆုံးကုန်ပစ္စည်းများမှတစ်ခုမှာ ပိုးထည်ဖြစ်သည်။ ဣသရေလလူမျိုးများ လူမျိုးတစ်မျိုးမဖြစ်မီ ကြာမြင့်စွာသောအချိန်ကတည်းက တရုတ်လူမျိုးများသည် ပိုးဇာကောင်မှ ပိုးချည်မျှင်ကိုဗိုင်းငင်ပြီး ပိုးချည်ပြုလုပ်နည်းကို ရှာဖွေတွေ့ရှိခဲ့သော်လည်း သူတို့သည် ယင်း၏ထုတ်လုပ်ပုံကို ခရစ်တော်မွေးဖွားပြီးနောက်ပိုင်းအထိ လျှို့ဝှက်ထားခဲ့ကြသည်ဟူသောအဆိုရှိသည်။ ဂျက်ဖရီ ဟင်နလီရေးသားသည့် လမ်းများ၏သမိုင်း စာအုပ်၏အဆိုအရ ထိုအချိန်မတိုင်မီကပင် ပိုးထည်သည် ကမ္ဘာ့အနောက်ခြမ်းဒေသတွင် မည်မျှခေတ်စားလာခဲ့သနည်းဟူမူ “အမျိုးသားများအသုံးပြုခြင်းကို တားမြစ်သည့်” အမိန့်ကိုထုတ်ဆင့်ခဲ့သည်၊ အကြောင်းမှာ ထိုကဲ့သို့အသုံးပြုခြင်းသည် “ယောက်ျားမပီသဟု ယူမှတ်ခံရ” သောကြောင့်ပင်။

ပိုးချည်ကို တရုတ်ပြည်မှ သယ်ယူပို့ဆောင်ခဲ့သည့် ကုန်သွယ်ရေးလမ်းကြောင်းကို ပိုးလမ်းမကြီးဟု လူသိများလာသည်။ စီ.အီး. ၁၃ ရာစုနှစ်အဆုံးပိုင်းတွင် မာကိုပိုလိုသည် တရုတ်ပြည်သို့ ထိုလမ်းမအတိုင်းခရီးသွားချိန်တွင် ယင်းသည် နှစ်ပေါင်း ၁,၄၀၀ တိုင်တည်ရှိခဲ့ပြီးဖြစ်သည်။ နှစ်ပေါင်း ၂,၀၀၀ ကျော်အချိန်အထိ ပိုးလမ်းမကြီးသည် ကမ္ဘာတွင် အရှည်ဆုံးလမ်းဖြစ်ခဲ့သည်။ ၎င်းသည် ပိုးချည်၏ဇာတိဖြစ်သည့် တရုတ်ပြည် ရှန်ဟဲမှ စပိန်နိုင်ငံ ဂါးဒစ် (မျက်မှောက်ခေတ် ကားဒစ်) အထိမိုင်ပေါင်း ၈,၀၀၀ နီးပါးခန့်ရှည်သည်။

စစ်တပ်အတွက် အရေးပါမှု

လမ်းဖောက်လုပ်ခြင်းတွင် အကြီးမားဆုံးတိုးတက်မှုခြေလှမ်းများမှာ အင်ပါယာတစ်ခုဖြစ်လိုခြင်းမှ ကြီးထွားလာခဲ့သည်။ စီဇာဘုရင်များလက်အောက်ရှိ ရောမအင်ပါယာ၏ လမ်းစနစ်သည် ဥပမာအနေနှင့် ဥရောပတစ်ခွင်လုံး၊ မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်းဒေသအထိ ခန့်မှန်းခြေစုစုပေါင်း ၅၃,၀၀၀ မိုင်ကျယ်ပြန့်ခဲ့သည်။ ရောမစစ်သားများသည် စစ်တိုက်ခိုက်မှုမရှိသည့်အခါ တစ်ခါတစ်ရံ လမ်းဖောက်ခြင်းနှင့် လမ်းပြင်ခြင်းများကို လုပ်ကိုင်ခဲ့ရသည်။

အောင်နိုင်ရေးတွင် လမ်းများ၏အရေးပါမှုကိုလည်း မကြာသေးမီက ဖော်ပြခဲ့ကြသည်။ အခြားသူများကိုစိုးမိုးလိုသည့် အဒေါ့ဖ်ဟစ်တလာ၏ဆန္ဒသည် ၁၉၃၄ ခုနှစ်တွင်စတင်သည့် အဝေးပြေးလမ်းမကြီးများဖောက်လုပ်သော သူ၏အစီအစဉ်များကို အရှိန်အဟုန်ပြင်းထန်စေခဲ့သည်။ သမိုင်းဆရာဟင်နလီ၏အဆိုအရ ဤအစီအစဉ်သည် ဂျာမနီနိုင်ငံကို “ကမ္ဘာ့ပထမဆုံး အဝေးပြေးအမြန်သွားကားလမ်းမကြီးများ၏ကွန်ရက်” ကိုပိုင်ဆိုင်ခွင့်ရသွားစေသည်။

လမ်းဖောက်လုပ်ခြင်း—⁠သိပ္ပံပညာရပ်တစ်ခု

ရောမမြေတိုင်းများသည် ဂရိုမာဟုခေါ်သည့်ကိရိယာတစ်မျိုးကိုအသုံးပြုကာ မြားများတမျှ ဖြောင့်တန်းသည့်လမ်းများခင်းခဲ့ကြသည်။ ပန်းရန်သမားများက အလွန်တရာလက်ရာမြောက်သော မိုင်တိုင်များကို ထွင်းထုခဲ့ကြပြီး အင်ဂျင်နီယာများက သယ်ယူပို့ဆောင်သည့်ကုန်ပစ္စည်းအလေးချိန်ကို သတ်မှတ်ပေးခဲ့ကြသည်။ လမ်းများသည် အုတ်မြစ်နှင့်ရေရှည်ခိုင်ခံ့သည့် မျက်နှာပြင်ရှိသည်။ သို့သော် ရေရှည်ခံခြင်းတွင်ပါဝင်သည့်အဓိကအချက်မှာ အနည်းငယ်ခုံးထားခြင်းနှင့် ပတ်ဝန်းကျင်နယ်မြေထက် လမ်း၏မြင့်နေခြင်းဖြင့်ပိုကောင်းစေသည့် ပြောင်မြောက်သောရေနုတ်မြောင်းစနစ်ဖြစ်သည်။ သို့ဖြင့် “ဟိုက်ဝေး” (highway) ဟူသည့်ဝေါဟာရကို တီထွင်ခဲ့သည်။ ဈေးဆိုင်များတွင် လမ်းမြေပုံများကိုပင် ရောင်းချခဲ့ကြသည်။

သမိုင်းဆရာတစ်ဦးက “စာရေးဆရာတစ်ဦးသည် လမ်းဖောက်လုပ်သူများအနေနှင့် ရောမများ၏အောင်မြင်မှုကိုဖော်ပြရန် အကြီးကျယ်ဆုံးအသုံးအနှုန်းများကိုရှာဖွေခြင်းဖြင့် ခြေချုပ်မိနေသည်။ အီတလီရှိလမ်းများထက် သက်တမ်းပိုကြာသည့် လူသားတို့၏အတိတ်ကာလက အထိမ်းအမှတ်တစ်ခုခုရှိပါလေစဟု သံသယဝင်စရာဖြစ်” ကြောင်းဆိုထားသည်။

ရောမနိုင်ငံမှ တောင်ပိုင်းသို့သွားသည့် အက်ပီယန်းလမ်းမကြီးသည် လမ်းများ၏သမိုင်းစာအုပ်အဆိုအရ “အနောက်တိုင်းလူ့သမိုင်း၏ လမ်းအရှည်အတိုများထဲတွင် ပထမဦးဆုံးကျောက်ခင်းလမ်းအပိုင်းဖြစ်သည်။” ဤနာမည်ကျော်ကြားသည့် အဝေးပြေးလမ်းမကြီးသည် ပျမ်းမျှအားဖြင့်အကျယ်ပေ ၂၀ ရှိပြီး ကြီးမားသည့်ချော်တုံးများဖြင့်ခင်းထားသည်။ အကျဉ်းသားတစ်ဦးအနေဖြင့် ရောမမြို့သို့သွားသည့်ခရီးစဉ်အတွင်း တမန်တော်ပေါလုခရီးသွားခဲ့သည့် ဤလမ်း၏အချို့အစိတ်အပိုင်းကို ယနေ့ထက်တိုင် အသုံးပြုနေဆဲဖြစ်သည်။—⁠တမန်တော် ၂၈:၁၅၊ ၁၆

အစောပိုင်းအမေရိကန်အင်ဒီးယန်းတို့၏ တန်းတူအံ့သြဖွယ်ကောင်းလောက်သည့် လမ်းဖောက်ကျင်လည်မှုများစွာကို တွေ့ရှိနိုင်သည်။ ခရစ်သက္ကရာဇ် ၁၂၀၀ ပြည့်လွန်နှစ်များမှ ၁၅၀၀ ပြည့်လွန်နှစ်အထိ အင်ကာတို့သည် လူပေါင်း ၁၀,၀၀၀,၀၀၀ နီးပါးရှိနိုင်ငံကိုစည်းလုံးစေသည့် မိုင်ပေါင်း ၁၀,၀၀၀ ရှိလမ်းများကို ဖောက်လုပ်ခဲ့သည်။ ထိုလမ်းများသည် နေချင့်စဖွယ်မရှိဆုံးနှင့် ကြမ်းပေ့ဆိုသည့်မျက်နှာပြင်များကိုဖောက်ထွင်းကာ ကန္တာရနှင့် မိုးသစ်တောများကိုကျော်ဖြတ်၍ ကြီးမားလှသည့် ပီရူးပီယန် အင်းဒီးစ်တောင်တန်းကိုပင် ဖြတ်ဖောက်ထားလေသည်!

လမ်းတစ်လမ်းနှင့်ပတ်သက်၍ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်တွင် ဤသို့မှတ်သားထားသည်– “အင်ဒီးစ်လမ်းသည် တစ်မူထူးခြားခဲ့သည်။ လမ်းအကျယ်သည် ၂၅ ပေ (၇.၅ မီတာ) ရှိကာ ကွေ့ကောက်ပြီး ပြေပြစ်သည့်ဆင်ခြေလျှောများဖြင့် မြင့်မားပြီးစီတန်းနေသည့်တောင်တန်းများကို ဖြတ်ကျော်ဖောက်လုပ်ခဲ့သည်။ ယင်းတွင် ကျောက်သားထုကိုတူးဖောက်ထားသည့် ဥမင်လိုဏ်ခေါင်းများနှင့် ကားလမ်းမကို အထောက်အကူပြုစေရန် ပေပေါင်းရာနှင့်ချီ၍ တည်ဆောက်ခဲ့ကြသည့် အထိန်းနံရံများပါဝင်သည်။ လျှိုမြောင်များနှင့် ချောက်နက်များကို အုတ်ခဲ၊ ကျောက်ခဲများဖြည့်ကာ ပိုမိုကျယ်သောတောင်ကျချောင်းများကိုသက္ကလတ် သို့မဟုတ် ဖိုင်ဘာကြိုး ယာယီတံတားများဖြင့် ဖြတ်ကူးခဲ့ကြသည်။ မျက်နှာပြင်မှာ အများအားဖြင့် ကျောက်တုံးများဖြစ်ပြီး နိုင်လွန်ကတ္တရာပစ္စည်းများကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုခဲ့ကြသည်။”

အင်ကာတို့သည် မြင်းကိုမသိခဲ့သော်လည်း ယှက်ဖြာနေသောသူတို့၏လမ်းမများက “ဘုရင့်သတင်းတမန်များအတွက် အမှန်တကယ်ပြေးရသည့်ပြေးလမ်း” ဟုခေါ်တွင်သည့်လမ်းများကိုဖြစ်စေခဲ့သည်။ သမိုင်းဆရာတစ်ဦးက ဤသို့မှတ်သားထားသည်– “ထိုလမ်းတစ်လျှောက်လုံးတွင် တစ်မိုင်ခွဲအကွာအဝေးခန့်တိုင်း၌ ခရီးတစ်ထောက်နားစာတိုက်များရှိပြီး ထိုစာတိုက်တိုင်း၌ မြို့စောင့်တပ်အနည်းငယ်၊ ကြေးစားလက်ဆင့်ကမ်းအပြေးသမားများကို ထားရှိသည်။ ခရီးတစ်ထောက်စီသည် အလျင်အမြန်လက်ဆင့်ကမ်းပြေးဖို့အတွက် အတော်အတန်တိုတောင်းသည့်အပြင် နေ့ရောညပါလုပ်ဆောင်သည်။ ဤဝန်ဆောင်လုပ်ငန်းသည် ကူဇကိုမြို့တော်မှ ကီတိုမြို့အထိ ၁,၂၅၀ မိုင်ခရီးကို ငါးရက်ဖြင့် သတင်းသယ်ဆောင်သွားနိုင်သည်။ ယင်းက ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၁၅,၀၀၀ ကျော်မြင့်သောလမ်းတစ်လျှောက် ပျမ်းမျှ တစ်နာရီလျှင် ဆယ်မိုင်နှုန်းဖြင့် မရပ်မနားသွားသည့်အဓိပ္ပာယ်ပင်—⁠မည်သည့်အခါကမျှ ပုံမှန်ရောမအစိုးရစာပို့စနစ်မမီခဲ့သောနှုန်းပင်!”

ကြေကွဲဖွယ်ဖြစ်ရပ်များ၏မူလ

လူ့ခန္ဓာ၏သွေးလွှတ်ကြောလမ်းကြောင်းများသည် ပိတ်ဆို့လာနိုင်ပြီး ယင်းသည် ဝမ်းနည်းဖွယ်ကောင်းသောအကျိုးဆက်များကို ဖြစ်စေနိုင်သည်။ အလားတူပင် ဘဝအရည်အချင်းများတိုးတက်ရန် အထောက်အကူပြုခဲ့သောလမ်းများသည်လည်း ပိတ်ဆို့လာနိုင်ပြီး ဘဝအရည်အသွေးများကို ကျဆင်းစေနိုင်သည်။ မိုးသစ်တော၊ တောကန္တာရ၊ တောရိုင်းမြေနှင့် အမျိုးသားဥယျာဉ်တို့ကိုဖြတ်ဖောက်ထားသည့်လမ်းများသည် တောရိုင်းတိရစ္ဆာန်များကို ထိခိုက်စေသည်။ ထို့ပြင် ဇာတိသားများနှင့် သူတို့၏တောတောင်ရိပ်မြုံကိုလည်းထိခိုက်သည်။ လမ်းများကိုဖောက်လုပ်ပုံ စာအုပ်တွင် ဤကဲ့သို့ဆိုထားသည်– “တိုးတက်မှုအတွက် ထရန့်စ်-အမေဇုန် အဝေးပြေးလမ်းမကြီးကို တာဝန်ယူဖောက်လုပ်ခဲ့ကြသော်လည်း ကြီးမားလှသောမိုးသစ်တောနယ်မြေများစွာကို ဖျက်ဆီးခဲ့ရပြီး သစ်တောတွင်နေထိုင်သည့်လူများအတွက် အခက်အခဲဖြစ်စေခဲ့သည်၊ အကြောင်းမှာ သူတို့၏ဘဝတစ်ခုလုံးကို ထိခိုက်သောကြောင့်ပင်။”

မြို့များသည်လည်း နှစ်စဉ်နှစ်တိုင်း ပို့ဆောင်ရေးယာဉ်များ မြို့လမ်းများတွင်ပိတ်ဆို့နေခြင်းကြောင့် တိုးတက်ပြောင်းလဲမှု၏ဆန့်ကျင်ဘက်ကို ကြုံတွေ့နေရကြသည်။ ငွေကြေးအသုံးပြုနိုင်ပါက နောက်ဆုံး၌ အဝေးပြေးအမြန်သွားကားလမ်းမကြီးကို တည်ဆောက်ကြသည်။ သို့သော် ရေရှည်တွင် ထိုအဝေးပြေးအမြန်သွားလမ်းမကြီးများသည် ယာဉ်သွားလာမှုကို တိုးမြှင့်စေကာ ယင်းကတစ်ဖန် သန်းပေါင်းများစွာကိုဖျားနာစေသည့် ညစ်ညမ်းမှုကိုတိုးပွားစေသည်။ ထို့အပြင် ကမ္ဘာတစ်ဝန်းရှိ ၅၀၀,၀၀၀ ခန့်သောသူများသည် နှစ်စဉ် လမ်းပေါ်မတော်တဆထိခိုက်မှုကြောင့် အသက်ဆုံးရှုံးရပြီး အခြား ၁၅ သန်းသည် ထိခိုက်ဒဏ်ရာရကာ အချို့ဆိုလျှင် ပြင်းထန်သည့်ထိခိုက်ဒဏ်ရာများရရှိကြသည်။ နှိုင်းယှဉ်ကြည့်လျှင် ပထမကမ္ဘာစစ်သည် တိုက်ခိုက်သူကိုးသန်း၏အသက်ကို ခြွေယူခဲ့သည်။ သို့သော် ၎င်းနောက်ထိုစစ်ပွဲပြီးဆုံးခဲ့သည်။ အခြားတစ်ဖက်တွင်မူ လမ်းပေါ်လူသေဆုံးခြင်းသည် အရစ်ကျဖြစ်သည်—⁠နေ့တိုင်း တစ်နေ့လျှင် ၁,၀၀၀ ကျော်သောသူများ သေဆုံးကြကာ နေ့စဉ်ပင်ဆက်တိုက်ဖြစ်ပျက်နေသည်!

မှန်ပါသည်၊ ကျွန်ုပ်တို့၏လမ်းများသည် နည်းများစွာဖြင့် လူသားများအကြောင်း—⁠ကျွန်ုပ်တို့၏ခွန်အားနှင့် ကျွန်ုပ်တို့၏အားနည်းချက် လူ့ပင်ကိုစရိုက်ကိုဖော်ပြပေးချက်တစ်ခုဖြစ်သည်။ ယင်းတို့က ကျွန်ုပ်တို့ပြုစုစောင့်ရှောက်ရန် အပ်နှင်းခံထားရသည့် ဤကြီးကျယ်ခမ်းနားလှသည့်ဂြိုဟ်အပေါ် ကျွန်ုပ်တို့၏ရှုမြင်ပုံကိုလည်း ဖော်ပြသည်။

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

တမန်တော်ပေါလု ခရီးသွားခဲ့သည့် အက်ပီယန်းလမ်းကို အသုံးပြုနေဆဲဖြစ်

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

နှစ်စဉ် ကမ္ဘာတစ်ဝန်းရှိ ၅၀၀,၀၀၀ နီးပါးသောသူများသည် လမ်းပေါ်မတော်တဆမှုကြောင့် အသက်ဆုံးရှုံးရကြ