ခြေလက်အင်္ဂါဆုံးရှုံးခြင်း—သင်လည်း ဖြစ်နိုင်သလော
ခြေလက်အင်္ဂါဆုံးရှုံးခြင်း—သင်လည်း ဖြစ်နိုင်သလော
ဘင်ဂျမင်သည် ဆာရာယေဗိုမြို့ကို အနွေးဓာတ်ပေးသည့် နွေဦးရာသီ၏နေရောင်ခြည်အရသာကို ခံစားနေစဉ် မြေမြုပ်မိုင်းတစ်လုံးကို တက်နင်းမိသည်။ သူ၏ဘယ်ခြေထောက်မှာ ကြေမွသွားသည်။
“ကျွန်တော်မတ်တတ်ထဖို့ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ထလို့ကိုမရဘူး” ဟုဘင်ဂျမင်က ပြန်ပြောင်းပြောပြခဲ့သည်။ ဘင်ဂျမင်သည် နှစ်စဉ်မြေမြုပ်မိုင်းများကြောင့် အသက်ဆုံးရသူ သို့မဟုတ် ကိုယ်အင်္ဂါချို့တဲ့ခဲ့ရသူ ၂၀,၀၀ အနက်မှတစ်ဦးမျှသာဖြစ်သည်။
အင်ဂိုလာသည် တိုင်းပြည်ရှိယောက်ျား၊ မိန်းမ၊ ကလေးတစ်ယောက်စီတွင် တစ်လုံးကျထက်မကသော—မြေမြှုပ်မိုင်း ၁၅ သန်းခန့်နှင့် ပြန့်ကျဲလျက်ရှိသည်။ ယခု အင်ဂိုလာနိုင်ငံတွင် ခြေလက်အင်္ဂါဆုံးရှုံးသွားရသူ ၇၀,၀၀၀ ရှိသည်။ မြေမြှုပ်မိုင်းပေါင်း ရှစ်သန်းမှ ဆယ်သန်းအထိချထားသည့် ကမ္ဘောဒီးယားနိုင်ငံတွင် ကမ္ဘာပေါ်၌ ခြေလက်အင်္ဂါများဆုံးရှုံးရသူ ရာခိုင်နှုန်းအမြင့်မားဆုံးဖြစ်သည်—ခန့်မှန်းခြေတစ်ရပ်အနေနှင့် ၂၃၆ ယောက်တွင် ၁ ယောက်ဖြစ်သည်။ အစီရင်ခံစာအရ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားတွင် မိုင်းအလုံးပေါင်းသုံးသန်းကျော်ရှိရာ—တစ်စတုရန်းမိုင်လျှင် ၁၅၂ လုံးနှုန်းဖြစ်သည်။
သို့သော် ခြေလက်အင်္ဂါဆုံးရှုံးရသူများမှာ စစ်ဒဏ်ခံရသည့်နိုင်ငံများတွင်သာမကပါ။ ဥပမာ၊ အမေရိကန်နိုင်ငံတွင် ခြေလက်အင်္ဂါဆုံးရှုံးမှုကိုခံစားနေရသူပေါင်း ၄၀၀,၀၀၀ ခန့်ရှိသည်။ ထိုကိန်းဂဏန်းတွင် အရွယ်ရောက်သူအများစုအကြား၌ ခြေလက်အင်္ဂါဆုံးရှုံးမှုသည် “သွေးကြောစွန်းရောဂါ” (peripheral vascular disease) သို့မဟုတ် PVD ဟုအမည်အတိအကျမပေးသေးသည့် နာတာရှည်အခြေအနေတစ်ရပ်ကြောင့် ဖြစ်သည်။ ယင်းသည် ဝေဒနာအတော်များများပါဝင်သည့် ယေဘုယျဝေါဟာရတစ်ခုဖြစ်သည်။ တေဘာစ် ဆိုင်ကလိုဖတ်ဒစ်ခ် ဆေးဘက်ဆိုင်ရာအဘိဓာန်က PVDကို “သွေးလွှတ်ကြောများနှင့်သွေးပြန်ကြောများ၏ အစွန်းတွင်ဖြစ်ပွားသောရောဂါများ၊ အထူး[သဖြင့်] အစွန်များသို့ သွေးအဝင်အထွက် အလုံအလောက်စီးဆင်းမှုကို ဟန့်တားသည့် အခြေအနေများ” အကျုံးဝင်သော မရေရာသည့်ဝေါဟာရတစ်ခုအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုသည်။ PVD ဖြစ်စေသည့်အဓိကအကြောင်းရင်းတစ်ခုမှာ ဆီးချိုရောဂါဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအစီရင်ခံစာ ၁၉၉၈ အရ “အရွယ်ရောက်သူများ၌ ဆီးချိုရောဂါဖြစ်ပွားသူသည် ကမ္ဘာတစ်ဝန်း ၁၉၉၇ ခုနှစ် တွင် ၁၄၃ သန်းရှိခဲ့ရာမှ ၂၀၂၅ ခုနှစ်အရောက်တွင် သန်းပေါင်း ၃၀၀ အထိ နှစ်ဆကျော်ရှိသွားမည်။”
အမေရိကန်ပြည်ထောင်စု၌ ယာဉ်များ၊ စက်ယန္တရားများ၊ လျှပ်စစ်အားသုံးကိရိယာများနှင့် လက်နက်များကြောင့် မတော်တဆမှုများအပါအဝင် ဒဏ်ရာရမှုသည် ခြေလက်အင်္ဂါဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေသည့် ဒုတိယအကြောင်းရင်းဖြစ်ကာ ခြေလက်အင်္ဂါခွဲစိတ်ဖြတ်တောက်မှုများအားလုံး၏ ၂၀ မှ ၃၀ ရာခိုင်နှုန်း ရှိသည်။ ခြေလက်အင်္ဂါဆုံးရှုံးစေသည့် အခြားအကြောင်းရင်းများတွင် အကျိတ်အခဲများ (၆ ရာခိုင်နှုန်းခန့်) နှင့် အင်္ဂါမစုံမွေးဖွားမှုများ (၄ ရာခိုင်နှုန်းခန့်) ပါဝင်သည်။
အဖိုးတန်သောခြေလက်အင်္ဂါတစ်ခု ဆုံးရှုံးသွားပြီဟူသည့်အတွေးသည် အခြေပျက်သွားစေရုံထက်ပင်မကပေ။ ထိုအန္တရာယ်လျော့ပါးစေသည့်နည်း ရှိပါသလော။ ထို့အပြင် ခြေလက်အင်္ဂါဆုံးရှုံးမှုကို သင်ခံစားခဲ့ရပြီးပါက ဘဝအရည်အသွေးကောင်းတစ်ခုကို သင်မည်သို့ ခံစားနိုင်မည်နည်း။ နောက်လာမည့်ဆောင်းပါးများက ဤမေးခွန်းများနှင့် အခြားမေးခွန်းများကို ဆွေးနွေးပါမည်။