ခြေလက်အင်္ဂါ ဆုံးရှုံးခြင်း—အန္တရာယ် အဖြစ်နည်းအောင် လုပ်ဆောင်နိုင်
ခြေလက်အင်္ဂါ ဆုံးရှုံးခြင်း—အန္တရာယ် အဖြစ်နည်းအောင် လုပ်ဆောင်နိုင်
ခြေလက်အင်္ဂါ ဆုံးရှုံးခြင်းဖြစ်ပွားမှု အများစုကို ကာကွယ်တားဆီး၍ရနိုင်သည်။ သွေးကြောစွန်းရောဂါ (PVD) ဝေဒနာခံစားရသူများအတွက်လည်း ဤအတိုင်းပင်ဖြစ်ပါသည်။ ရှေ့ဆောင်းပါးတွင် ဖော်ပြထားသည့်အတိုင်း PVD သည် ဆီးချိုရောဂါကြောင့် ဖြစ်ပွားလေ့ရှိသည်။ * ဝမ်းသာစရာမှာ ဆီးချိုရောဂါကို အများအားဖြင့် ထိန်းချုပ်၍ရနိုင်သည်။
“အင်ဆူလင်ဆေး သုံးသည်ဖြစ်စေ၊ မသုံးသည်ဖြစ်စေ ဆီးချိုရောဂါအတွက် အခရာကျသည့်ကုသနည်းမှာ ဓာတ်စာပင်ဖြစ်သည်” ဟူ၍ ဗြိတိန်နီကာ စွယ်စုံကျမ်း ကဆိုသည်။ “ဆီးချိုရောဂါသည်များအနေဖြင့် မိမိတို့၏ရောဂါကို အလေးအနက်ထားမည်၊ ဓာတ်စာကို ဂရုစိုက်မည်၊ ဆေးဝါးကုသမှု ညွှန်ကြားမှုအတိုင်း လိုက်နာမည်ဆိုလျှင် အောက်ပိုင်းကိုယ်အင်္ဂါ ဆုံးရှုံးခြင်းအန္တရာယ်ကို လျော့နည်းစေနိုင်ပါသည်” ဟု နယူးယောက်မြို့၊ ကင်းစ်ကောင်တီဆေးရုံမှ ဒေါက်တာ မာစဲလ် ဘေယိုလ်က နိုးလော့! မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။ ဤအကြံပြုချက်အတိုင်း လိုက်နာကြသည့် အမျိုးအစား ၂ ဆီးချိုရောဂါသည်များသည် သူတို့၏ ရောဂါလက္ခဏာများ တစ်နေ့တခြား တိုးတက်ကောင်းမွန်လာသည်ကိုပင် တွေ့မြင်ရန် မျှော်လင့်နိုင်သည်။ *
လေ့ကျင့်ခန်းလုပ်ခြင်းသည် အရေးပါ
လေ့ကျင့်ခန်းလုပ်ခြင်းသည်လည်း အရေးကြီးသည်။ ကိုယ်ခန္ဓာအား ဂလူးကို့စ် သို့မဟုတ် သကြားဓာတ်အဆင့်ကို ပုံမှန်အတက်အကျအတွင်း ထိန်းထားနိုင်ရန် ယင်းက ထောက်ကူပေးသည်။ PVD ရောဂါဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိလျှင် လေ့ကျင့်ခန်းလုပ်ခြင်းက မရှိမဖြစ်သည့်ခွန်အား၊ ကိုယ်ကာယပျော့ပျောင်းမှု နှင့် ထိခိုက်ပျက်စီးသည့်အပိုင်းသို့ သွေးစီးဆင်းနိုင်အောင် အထောက်အကူပြုသည်။ လေ့ကျင့်ခန်းလုပ်ခြင်းသည် PVD ရောဂါသည်များ လမ်းလျှောက်သည့်အခါ သို့မဟုတ် လေ့ကျင့်ခန်းပြုလုပ်သည့်အခါ၌ ခံစားရတတ်သည့် ခြေသလုံးကြွက်သားများ နာကျင်ခြင်းဖြစ်သည့် ပြတ်တောင်းပြတ်တောင်း ခြေဆာခြင်းဝေဒနာကိုပါ လျော့နည်းစေသည်။ သို့ရာတွင် ထိုသို့သောသူများသည် ခြေထောက်ကိုအားစိုက်ရသည့်၊ ဆတ်ခနဲဆတ်ခနဲ လှုပ်ရှားရသည့် လေ့ကျင့်ခန်းမျိုးကို ရှောင်သင့်သည်။ ထိုသူတို့အဖို့ ပိုမိုသင့်တော်သည့် လေ့ကျင့်ခန်းများတွင် လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ လှေလှော်ခြင်း၊ ရေကူးခြင်းနှင့် ရေထဲတွင်ပြုလုပ်ရသည့် အေရိုးဘစ်လေ့ကျင့်ခန်းများ ပါဝင်သည်။ အစားအစာကို အတိုင်းအချင့်နှင့်စားခြင်း၊ လေ့ကျင့်ခန်း အထူးအစီအစဉ်တစ်ခုခု စတင်ခြင်းမပြုမီ ဆရာဝန်နှင့် အမြဲတမ်း တိုင်ပင်သင့်သည်။
ကျန်းကျန်းမာမာ နေထိုင်လိုသူတိုင်း ဆေးလိပ်သောက်ခြင်းကို လုံးဝရှောင်ကြဉ်ရမည်မှာ အထူးပြောစရာမလိုပေ။ PVD ရောဂါမှာ ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်ပွားရသည့်၊ သို့မဟုတ် ပိုမိုဆိုးရွားစေသည့် ကျန်းမာရေးပြဿနာ အများအပြားထဲမှ တစ်ခုမျှသာဖြစ်သည်။ “ခြေလက်အင်္ဂါ ဖြတ်တောက်ရခြင်းတွင် ဆေးလိပ်သောက်ခြင်းက ကြီးမားသည့် အခြေခံအကြောင်းတစ်ရပ်ဖြစ်သည်၊ အထူးသဖြင့် ဆေးလိပ်သောက်သူ၌ ဆီးချိုရောဂါနှင့် PVD ရောဂါရှိနေလျှင်ဖြစ်သည်” ဟု ဒေါက်တာ ဘေယိုလ်ကဆိုသည်။ မည်မျှကြီးမားသည့် အခြေခံအကြောင်းဖြစ်သနည်း။ ခြေလက်အင်္ဂါ ဖြတ်တောက်ကုသခံရသူများအတွက် ပြန်လည်ထူထောင်ခြင်း လမ်းညွှန်စာအုပ်၌ “ခြေလက်အင်္ဂါ ဖြတ်တောက်ရမှုသည် ဆေးလိပ်သောက်သူတို့တွင် ဆေးလိပ်မသောက်သူတို့ထက် ဆယ်ဆများသည်” ဟုဆိုသည်။
ရောဂါဖြစ်သည့် ခြေလက်အင်္ဂါများကို ဂရုစိုက်ခြင်း
PVD ရောဂါသည် အောက်ပိုင်းခြေလက်အင်္ဂါများသို့ သွေးလှည့်ပတ်မှုကို လျော့နည်းစေနိုင်သဖြင့် နဗ်ကြောရောဂါ—နဗ်ကြောသေခြင်း၊ သို့မဟုတ် ထုံခြင်း—ဖြစ်စေနိုင်သည်။ သို့နှင့် လူတစ်ဦးသည် အိပ်ရာတွင် အနားယူနေစဉ်၌ပင် ခြေလက်အင်္ဂါများ အနာတရ ဖြစ်တတ်လေသည်။ သာဓကအနေဖြင့် နာကျင်မှန်း မသိသဖြင့် ဝေဒနာရှင်သည် လျှပ်စစ်ခြုံစောင် သို့မဟုတ် ရေနွေးအိတ် အပူလွန်ကဲလျှင် အပြင်းအထန် အပူလောင်သည့်ဒဏ်ရာ ရရှိနိုင်သည်။ ဤအတွက်ကြောင့် ထုတ်လုပ်သူများက ဆီးချိုရောဂါသည်များအား ဤပစ္စည်းများကိုအသုံးပြုသည့်အခါ ဂရုစိုက်ကြရန် သတိပေးထားသည်။
ရောဂါဖြစ်သည့် ခြေလက်အင်္ဂါများသည် ရောဂါကူးစက်ရန်လည်း ပို၍လွယ်ကူသည်။ သေးငယ်သည့်ကုတ်ခြစ်ရာကလေးမှ အနာခွက်ဖြစ်ကာ အသားပုပ်ဆွေးနာပင် ဖြစ်သွားနိုင်သည်။ ထို့ကြောင့် ခြေထောက်ကို ကောင်းစွာဂရုစိုက်ရန် အထူးအရေးကြီးသည်။ ဂရုစိုက်သည်ဆိုရာ၌ မိမိခြေထောက်နှင့်တော်သည့်၊ သက်သောင့်သက်သာရှိသည့် ရှူးဖိနပ်ကိုစီးခြင်း၊ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့စွာထားခြင်း ပါဝင်သည်။ ဆေးရုံအများ၌ ဝေဒနာရှင်များအား ခြေထောက်ကို ဂရုစိုက်ရန် ပညာပေးသည့် ခြေအထူးကုဌာနများရှိကြသည်။
PVD ရောဂါသည် ခွဲစိတ်ကုသရမည့် အခြေအနေအထိ ဆိုးရွားလာသည့်အခါ ခွဲစိတ်ကုဆရာဝန်များသည် များသောအားဖြင့် ဖြတ်တောက်ကုသခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ကြသည်။ ရွေးစရာနည်းတစ်နည်းမှာ ပူဖောင်းဖြင့် သွေးကြောပြုပြင်ခြင်း (balloon angioplasty) ဖြစ်သည်။ သွေးကြောခွဲစိတ်ကုဆရာဝန်တစ်ဦးက ထိပ်ဝတွင် ပူဖောင်းပါရှိသည့်ပြွန်တစ်ခုကို သွေးကြောထဲသို့ ထိုးသွင်းသည်။ ပူဖောင်းကို လေမှုတ်လိုက်ခြင်းအားဖြင့် ကျဉ်းနေသည့်သွေးလွှတ်ကြောကို ချဲ့ပေးသည်။ ရွေးစရာ နောက်တစ်နည်းမှာ သွေးကြောလမ်းလွှဲ ခွဲစိတ်ကုသခြင်း—ပျက်စီးနေသည့် သွေးကြောနေရာ၌ ခန္ဓာကိုယ်တစ်နေရာရာမှ သွေးကြောဖြင့် အစားထိုးကုသခြင်း—ဖြစ်သည်။
အသက် ၅၄ နှစ်ရှိသည့် ဘာဘရာသည် လေးနှစ်အရွယ်ကတည်းက အမျိုးအစား ၁ ဆီးချိုရောဂါကို ခံစားလာခဲ့သည်။ ပထမကလေး မွေးဖွားပြီးနောက် သူ၏ခြေထောက်တွင် PVD ရောဂါဖြစ်လာသည်။ ဆရာဝန်အချို့က ဖြတ်ပစ်ရန် အကြံပေးသည်။ သို့သော် ဘာဘရာသည် သွေးကြောပြုပြင်သည့်နည်းဖြင့် သူ၏ခြေထောက်တွင် သွေးလည်ပတ်မှု တိုးတက်ကောင်းမွန်အောင် ကုသပေးသည့် နာမည်ရ သွေးကြောခွဲစိတ်ကုဆရာဝန်တစ်ဦးကို ရှာတွေ့ခဲ့သည်။ ဤနည်းသည် အတန်ကြာအောင် ထိရောက်မှုရှိခဲ့သော်လည်း နောက်ဆုံးတွင် ဘာဘရာသည် သွေးကြောလမ်းလွှဲ ခွဲစိတ်ကုသရန် လိုအပ်လာသည်၊ ခွဲစိတ်ကုသမှု အောင်မြင်ခဲ့သည်။ ယခု ဘာဘရာသည် သူ၏ခြေထောက်ကို အထူးဂရုစိုက်လျက်ရှိသည်။
ထိခိုက်ဒဏ်ရာမရအောင် ရှောင်ပါ
ထိခိုက်ဒဏ်ရာသည် ခြေလက်အင်္ဂါဆုံးရှုံးမှုဖြစ်ပွားစေသည့် ဒုတိယအကြောင်းရင်းဖြစ်သည်။ ထိခိုက်ဒဏ်ရာသည် ကိုယ်အင်္ဂါအစိတ်အပိုင်းရွေးပြီး ဖြစ်တတ်ခြင်းမရှိသောကြောင့် မည်သည့်ကိုယ်အင်္ဂါအစိတ်အပိုင်းကိုမဆို ပျက်စီးစေနိုင်သည်။ သို့သော်၊ အသက်နှင့်ပတ်သက်သည့် ဘုရားသခင့်အမြင်သည် လူတစ်ဦးကိုထိခိုက်ဒဏ်ရာရမှုအန္တရာယ် လျော့နည်းအောင် များစွာထောက်ကူနိုင်သည်။ အလုပ်လုပ်ခြင်း၊ ကားမောင်းခြင်းဖြစ်စေ၊ အပန်းဖြေမှုတွင်ပျော်မွေ့သည်ဖြစ်စေ၊ ခရစ်ယာန်များအနေနှင့် မိမိတို့၏ကိုယ်ခန္ဓာများသည် ဘုရားသခင်ထံမှလက်ဆောင်ဖြစ်သည်ဟု သဘောထားသင့်သည်။ ထို့ကြောင့်၊ သူတို့သည် အန္တရာယ်ကင်းပြဋ္ဌာန်းချက်အားလုံးကို လေးမြတ်တန်ဖိုးထားကြပြီး မိုက်မဲသောစွန့်စားမှုများပြုလုပ်ခြင်းမှ ရှောင်ကြဉ်ကြသည်။—ရောမ ၁၂:၁; ၂ ကောရိန္တု ၇:၁။
မိုင်းများမြှုပ်ထားသည့်နိုင်ငံများတွင် ထိခိုက်မှုအန္တရာယ်လျော့နည်းအောင် မည်သို့ လုပ်ဆောင်ထားသနည်း။ အစိုးရဦးဆောင်သည့် မိုင်းသတိပြုခြင်းအစီအစဉ်များသည် နိုင်ငံများစွာတွင်ထားရှိနေပြီဖြစ်သည်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အစီရင်ခံစာတစ်စောင်အရ ဤအစီအစဉ်များက “အန္တရာယ်တွင်းနေထိုင်ရသော ပြည်သူလူထုတို့သည် မိုင်းမြှုပ်ထားသည့်နယ်ပယ်တွင် နေထိုင်ပြီးအလုပ်လုပ်စဉ်တွင် သားကောင်များဖြစ်နိုင်ခြေအား မည်သို့လျော့နည်းစေနိုင်ပုံ” ကိုသင်ကြားပို့ချပေးသည်။
ဝမ်းနည်းစွာပင်၊ ကုလသမဂ္ဂအစီရင်ခံစာတစ်ရပ်က “လူတို့သည် မိုင်းများရှိနေသည်ဆိုသည့်အချက်နှင့် ယဉ်ပါးနေရာ ဂရုမစိုက်မှုတိုးများလာသည်” ဟုဆိုသည်။ “တစ်ခါတစ်ရံ ဘာသာတရားအခြေခံအကြောင်းများက [လူတို့] အား ဘေးအန္တရာယ်ဟူသည် အကြောင်းမလှ၍ဖြစ်သည်ဟူသော သဘောထားတစ်ခုကိုခံယူရန် အားပေးတိုက်တွန်းသည်။” သို့သော်လည်း အကြောင်းမလှ၍ဖြစ်သည်ဟူသောသဘောထားကို ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် ထောက်ခံထားခြင်းမတွေ့ရပါ။ ယင်းနှင့်ဆန့်ကျင်၍ သမ္မာကျမ်းစာက သတိပြုကာ ဘေးကင်းရန်နေဖို့ကိုသာ အားပေးတိုက်တွန်းထားသည်။—တရားဟောရာ ၂၂:၈; ဒေ. ၁၀:၉။
ထို့ကြောင့် သင့်ကျန်းမာရေးကိုကာကွယ်ရန် သတိပြုခြင်းနှင့် အကျိုးသင့်အကြောင်းသင့်ရှိသည့်နည်းလမ်းများကို အသုံးပြုခြင်းတို့အားဖြင့် သင်၏ခြေလက်အင်္ဂါဆုံးရှုံးခြင်းအန္တရာယ်ကို ကြီးမားစွာလျော့ကျစေနိုင်သည်။ သို့သော် ခြေလက်အင်္ဂါများဆုံးရှုံးသွားပြီဖြစ်သော သူတို့အတွက်ကော။ ဘဝအရည်အသွေးမွန်ကို သူတို့ခံစားနိုင်ဆဲပင်လော။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 2 အကယ်၍ လူတစ်ဦးသည် ကိုယ်အောက်ပိုင်းတွင် ကိုယ်ကျပ်အဝတ်အစားများ ဝတ်ဆင်မည်၊ သို့မဟုတ် မတော်သည့်ဖိနပ်စီးမည်၊ သို့မဟုတ် အချိန်ကြာမြင့်စွာထိုင်မည် (အထူးသဖြင့် တင်ပျဉ်ခွေထိုင်ခြင်း) သို့မဟုတ် မတ်တတ်ရပ်မည်ဆိုလျှင်လည်း အောက်ပိုင်းကိုယ်အင်္ဂါအစွန်းအဖျားတို့တွင် သွေးကြောပြဿနာများ စရလာနိုင် သို့မဟုတ် ယခင်ထက်ပိုဆိုးလာနိုင်သည်။
^ အပိုဒ်၊ 3 အမျိုးအစား ၁ ဆီးချိုရောဂါသည်များသည် အင်ဆူလင်ကို နေ့စဉ်ထိုးရသည်။ အမျိုးအစား ၂ ဆီးချိုရောဂါသည်များ (အင်ဆူလင် အားထားစရာမလိုသည့် ဆီးချိုရောဂါ) သည် သူတို့၏ရောဂါအခြေအနေကို များသောအားဖြင့် ဓာတ်စာနှင့် လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ထိန်းပေးထားနိုင်သည်။ အမေရိကန်ပြည်ထောင်စုရှိ ဆီးချိုရောဂါသည် ၉၅ ရာခိုင်နှုန်းတွင် အမျိုးအစား ၂ ဆီးချိုရောဂါ ရှိနေကြသည်။
[စာမျက်နှာ ၄ ပါ ရုပ်ပုံ]
ဆေးလိပ်သောက်ခြင်းသည် ခြေလက်အင်္ဂါဆုံးရှုံးမှုအန္တရာယ်ကို အကြီးအကျယ်များပြားစေသည်၊ အထူးသဖြင့် သွေးကြောရောဂါသည်များ ဖြစ်နေလျှင်ဖြစ်သည်
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
သင့်တော်သောလေ့ကျင့်ခန်းလုပ်ခြင်းနှင့် အစားအစာအတိုင်းအချင့်နှင့်စားခြင်းတို့က ကျန်းမာသော သွေးကြောစနစ်ကို ဖြစ်စေ