မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါလိုချင်တာတွေကို ဘာကြောင့်မရနိုင်တာလဲ

ငါလိုချင်တာတွေကို ဘာကြောင့်မရနိုင်တာလဲ

လူငယ်များအမေး . . .

ငါလိုချင်တာတွေကို ဘာကြောင့်မရနိုင်တာလဲ

“တကယ်ကောင်းတဲ့အရာတချို့ရှိတယ်၊ အဲဒါတွေကို ကျွန်တော်အရမ်းလိုချင်တယ်၊ ဒါပေမဲ့ ကျွန်တော့်မိဘတွေဝယ်မပေးနိုင်ဘူး။”—⁠မိုက်။

သင်တကယ်ရလိုသော်လည်း မရနိုင်သည့်အရာများ ရှိပါသလော။ စတီရီယိုအသစ်၊ အခြားလူငယ်လေးများအားလုံးစီးကြသည့် ရှူးဖိနပ်များ၊ သို့မဟုတ် ထုတ်လုပ်သူတံဆိပ်တစ်မျိုးပါသော ဂျင်းဝတ်စုံသစ်တစ်စုံ ဖြစ်ကောင်းဖြစ်ပေမည်။ သင့်ရွယ်တူချင်းအချို့သည် ယင်းတို့ကိုပိုင်ဆိုင်ပြီး ဟိတ်ဟန်ထုတ်ပြနေပေမည်။ ထိုကြောင့် ယင်းတို့ကို သင့်မိဘများကဝယ်မပေးနိုင်ဟု အပြောခံရလျှင် သင်စိတ်ဓာတ်ကျပေမည်။

ရုပ်ပစ္စည်းများကိုရလိုခြင်းသည် အဆန်းမဟုတ်သော်လည်း လူငယ်များစွာအတွက် ယင်းတို့ကိုပိုင်ဆိုင်လိုသည့်ဆန္ဒ အဆုံးစွန်ရောက်နေပေပြီ။ ဤသို့ဖြစ်ရခြင်းမှာ အများအားဖြင့် လူထုဆက်သွယ်ရေးစနစ်များ၏ ဝါဒဖြန့်ချိမှုကြောင့်တည်း။ အဆွယ်ကောင်းသော တီဗွီ၊ မဂ္ဂဇင်းနှင့် ရေဒီယိုကြော်ငြာများက အဝတ်အထည်တစ်မျိုးကို သင်မဝတ်ဆင်လျှင် သို့မဟုတ် ကုန်အမှတ်တံဆိပ်တစ်မျိုးပါသော ထုတ်ကုန်ပစ္စည်းများကို အသုံးမပြုလျှင် သင်အကြီးအကျယ်ဆုံးရှုံးနေပြီဟူသည့်သဘောဝင်စေသည်။ ဆယ်ကျော်သက်တို့သည် အမေရိကန်ပြည်ထောင်စုတစ်ခုထဲတွင် တစ်နှစ်လျှင် ဒေါ်လာသန်း ၁၀၀ ကျော် သုံးပစ်နေကြသည်တကား!

ရွယ်တူတို့၏ဖိအားလည်းရှိသည်။ “စာနာမှုကင်းမဲ့ပြီး လှည့်စားရလွယ်သော ဆယ်ကျော်သက်တို့၏လောကတွင် သင်အထင်ကြီးတက်လှမ်းနေသည့် ဆိုရှယ်ကျသောအုပ်စုက သင့်အား ခေတ်မမီသူပါဟု ယူမှတ်လိုက်ခြင်းသည် အဆင့်မမီခြင်း သို့မဟုတ် အပယ်ခံရခြင်းမျှသာမကပေ– ယင်းသည် အရှုံးသမားဖြစ်သွားခြင်း၏ အမှတ်သင်္ကေတဖြစ်သည်” ဟု Marketing Tools သတင်းစာမှ ဆောင်းပါးတစ်ခုတွင်ဖော်ပြသည်။ “ခေတ်မီသူ” ဖြစ်ခြင်းသည် အဓိကလော။ အသိုင်းအဝိုင်းများစွာ၏သဘောထားမှာ အကောင်းဆုံးနှင့် နောက်ဆုံးပေါ်ရုပ်ပစ္စည်းများကို ပိုင်ဆိုင်ရေးဖြစ်သည်။ အကယ်၍ ထိုအရာများကို သင်မဝယ်နိုင်လျှင်ကော။ “အဲဒါဟာ တကယ်၊ တကယ့်ကို အခံရခက်တယ်” ဟုခရစ်ယာန်လူငယ်တစ်ယောက် ဝန်ခံသည်။ “နာမည်ကြီးတံဆိပ် အဝတ်အစားမဝတ်ဘဲ ကျောင်းကိုသွားရင် အားလုံးကဝိုင်းလှောင်ကြလိမ့်မယ်။” “ပထုတ်ထားခြင်းခံရတယ်လို့ တစ်ခါတလေ ခံစားမိတယ်” ဟုအခြားလူငယ်တစ်ယောက်ကဝန်ခံသည်။

တစ်ဝမ်းတစ်ခါးစာကို နာရီပေါင်းများစွာ ပင်ပင်ပန်းပန်းလုပ်ပြီး ခက်ခက်ခဲခဲအသက်ဆက်နေရသော ဖွံ့ဖြိုးဆဲနိုင်ငံများရှိလူငယ်များစွာသည် အလားတူခံစားနိုင်သည်။ သင့်မိသားစုအတွက် ဤအချက်သည်မှန်နေလျှင် သာ၍ကောင်းသောဘဝမျိုးကို သင်တမ်းတမည်သာ။ ကြွယ်ဝသောနိုင်ငံများမှ ရုပ်ရှင်နှင့်တီဗွီပြကွက်များကို မြင်တွေ့ရခြင်းက ထိုရုပ်ရှင်ပြကွက်များပါ တန်ဖိုးကြီးသော အဝတ်များ၊ အိမ်များနှင့် ကားများကို ရလိုသောဆန္ဒ သင်၌လည်းတိုးပွားလာစေသည်။ ထိုအရာများကို ရယူနိုင်ခြေမမြင်သောကြောင့် သင့်ကိုယ်သင်နာကြည်းမည်၊ သို့မဟုတ် စိတ်ဓာတ်ကျပေမည်။

သင်သည် ဆင်းရဲသောနိုင်ငံတွင်နေထိုင်သည်ဖြစ်စေ၊ ကြွယ်ဝသောနိုင်ငံတွင်နေထိုင်သည်ဖြစ်စေ အချို့အရာများကို သင်မပိုင်ဆိုင်နိုင်ခြင်းကြောင့် ဒေါသဖြစ်နေမည် သို့မဟုတ် စိတ်အလိုမကျဖြစ်နေမည်ဆိုလျှင် ကိုယ်သာထိခိုက်မည်။ ၎င်းသည် သင့်မိဘများနှင့် တကျက်ကျက်စကားများရခြင်းကိုလည်း ဖြစ်စေနိုင်သည်။ မေးစရာမှာ သင်မည်သို့ ဖြေရှင်းနိုင်မည်နည်း။

ရုပ်ပစ္စည်းနှင့်ပတ်သက်၍ မျှတသောအမြင်

ဦးဆုံး၊ မိမိ၏လူမျိုးတော် ဆင်းရဲနွမ်းပါးစွာနေထိုင်ရခြင်း သို့မဟုတ် အမှန်တကယ်လိုအပ်ရာများ မရှိဘဲနေနေရခြင်းသည် ယေဟောဝါ၏အလိုတော်မဟုတ်ကြောင်း နားလည်ထားပါ။ အမှန်မှာ ဘုရားသခင်သည် အာဒံနှင့်ဧဝတို့ကို အမှိုက်ပုံတွင်နေရာမချထားဘဲ မျက်စိပသာဒဖြစ်ဖွယ်အပင်များနှင့်ပြည့်စုံသော လှပသည့်ဥယျာဉ်တွင် နေရာချထားတော်မူခဲ့သည်။ (ကမ္ဘာဦး ၂:⁠၉) နောက်ပိုင်းတွင် အာဗြဟံ၊ ယောဘနှင့် ရှောလမုန်ကဲ့သို့သော ဘုရားသခင်၏ကျေးကျွန်အချို့သည် စည်းစိမ်ဥစ္စာများစွာကို ပိုင်ဆိုင်ခဲ့ကြသည်။ (ကမ္ဘာဦး ၁၃:၂; ယောဘ ၁:⁠၃) ရှောလမုန်စိုးစံသည့်အချိန်အတွင်း၌ ငွေကို “အလျှင်းပမာဏမပြု” သည့်အထိ ရွှေမြောက်မြားစွာကို ပိုင်ဆိုင်ခဲ့ပါသည်တကား!—⁠၁ ဓမ္မရာဇဝင် ၁၀:၂၁၊ ၂၃

သို့သော်လည်း ခြုံ၍ကြည့်လျှင် ကိုယ်တော့်လူမျိုးအများစုသည် ခြိုးခြံစွာနေခဲ့ရသည်။ ယေရှုခရစ်ကိုယ်တော်တိုင် ‘ခေါင်းချရာမျှ’ ပင်မရှိသည်အထိ ဆင်းဆင်းရဲရဲနေခဲ့ရသည်။ (မဿဲ ၈:၂၀) သို့သော်လည်း ရလိုသည့်အရာများကို မတတ်နိုင်သည့်အတွက် ယေရှုညည်းညူသည်ဟု သင်တစ်ခါမျှဖတ်ဖူးမည်မဟုတ်ပေ။ ယင်းအစား ကိုယ်တော်ဤသို့သွန်သင်သည်– “‘အဘယ်သို့စားသောက်ရအံ့နည်း။’ ‘အဘယ်သို့ဝတ်ရအံ့နည်း’ ဟူ၍မစိုးရိမ်ကြနှင့်။ . . . ထိုအရာများကို သင်တို့သည်အသုံးလိုကြောင်းကို ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘသည် သိတော်မူ၏။ ဘုရားသခင်၏ နိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။”—⁠မဿဲ ၆:၃၁-၃၃

ယင်းက ပုံဆန်းအဝတ်အစားများနှင့် အီလက်ထရွန်းနစ် အထူးကိရိယာများကိုရလိုသည့် တစ်စုံတစ်ယောက်သောသူ၏ဆန္ဒကိုဖြည့်ဆည်းပေးရန် ဘုရားသခင်၌ တာဝန်ရှိသည်ဟူ၍ ဆိုလိုနေခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့လိုအပ်ရာများကို ဘုရားသခင်ပေးသည်—⁠ကျွန်ုပ်တို့လိုချင်သောအရာများကို မဟုတ်ပေ။ ထို့ကြောင့် “စားရန်၊ ဝတ်ရန်” ရှိသမျှနှင့် ရောင့်ရဲ၍နေရန် သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းထားသည်။ (၁ တိမောသေ ၆:⁠၈) သို့သော် ပကတိအခြေအနေတွင်မူ ရောင့်ရဲ၍နေရန်မှာ မလွယ်ကူပေ။ “သင်လိုချင်ရာနှင့် လိုအပ်ရာများကြားတွင် အမြဲပင်လွန်ဆွဲလျက်ရှိသည်” ဟုမိုက်အမည်ရှိ လူငယ်လေးက ဝန်ခံပြောပြသည်။ ကျွန်ုပ်တို့တွင်ရှိသော အတ္တဆန်သည့်သဘောများအပြင် ဘုရားသခင့်မဟာရန်သူကြီးဖြစ်သော စာတန့်သြဇာလွှမ်းမိုးမှုကို ကျွန်ုပ်တို့တိုက်လှန်ရမည်။ (၁ ယောဟန် ၅:၁၉) သူ၏ရှေးအကျဆုံး လှည့်ဖြားနည်းတစ်နည်းမှာ တစ်ခုခုဆုံးရှုံးနေသည်ဟု လူတို့ခံစားရရန် ပြုလုပ်ခြင်းဖြစ်သည်။ ထိုသို့ဧဝသည် ပြည့်စုံကုံလုံသည့် ပရဒိသုတွင် နေရလျက်ပင် တစ်ခုခုလက်လွတ်ဆုံးရှုံးနေသည်ဟူသည့်အတွေးဝင်ရန် လှည့်ဖြားခံခဲ့ရသည်။—⁠ကမ္ဘာဦး ၃:၂-၆

မရောင့်ရဲမှုထောင်ချောက်အတွင်းသို့ ကျရောက်ခြင်းကို မည်သို့ရှောင်ရှားနိုင်မည်နည်း။ ဓာတ်ပြားဟောင်းပြန်ဖွင့်သကဲ့သို့ဖြစ်နိုင်သော်လည်း သင်ခံစားခဲ့ရသည့်ကောင်းချီးများကို ရေတွက်ပါဟုပြောရန် အကြောင်းမြောက်မြားစွာရှိပါသည်။ မိမိတွင်မရှိသောအရာနှင့်ပတ်သက်၍ အဆိုးမြင်နွံအိုင်ထဲတွင် မနစ်စေပါနှင့်။ အပြုသဘောတွေးတောပြီး မိမိအမှန်ပိုင်ဆိုင်ရာများကို ပြန်သတိရပါ။ (ဖိလိပ္ပိ ၄:၈ နှိုင်းယှဉ်။) မိုက် ဤသို့ပြောပြသည်– “ကျွန်တော်တကယ်လိုချင်တာ တော်တော်များများရှိပေမဲ့ အဲဒါတွေကို တနုံ့နုံ့တွေးမနေဘူး။”

သင့်စိတ်လှုပ်ရှားမှုအပေါ် အခွင့်ကောင်းယူတတ်သည့် ပရိယာယ်များသော ကြော်ငြာများကို သံသယဝင်သည့်သဘောကလည်း အထောက်အကူဖြစ်စေသည်။ * (သု. ၁၄:၁၅) သင့်တွင် ယူအက်စ်ကင်းဗတ်ရွက်ဖျင်ဖိနပ်အသစ် သို့မဟုတ် လေဆာဓာတ်ပြားဖွင့်စက်မရှိလျှင် “အသက်မရှင်နိုင်တော့ပါ” ဟုရုတ်တရက်သဘောမထိုင်လိုက်မီ စိတ်အေးအေးထား၍ ဆင်ခြင်သုံးသပ်ပါ။ ကိုယ့်ကိုယ်ကိုဤသို့မေးပါ– “အဲဒါကို ငါတကယ်လိုအပ်သလား။ အကျိုးရှိရှိအသုံးချနိုင်မယ့်အရာလား။ ငါ့မှာရှိနှင့်ပြီးသားအရာနဲ့ လုံလောက်နေပြီလား။” ပိုင်ဆိုင်မှု၏ဂုဏ်ဒြပ်ကို အားပေးအားမြှောက်ပြုသော ကြော်ငြာများကို အထူးသတိပြုပါ။ ၁ ယောဟန် ၂:၁၆ ပါတမန်တော်ယောဟန်၏ စကားများသည် အပိုအလိုမပါချေ– “လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာဆိုင်ကြ၏။”

တစ်စုံတစ်ခုကို သင်တကယ်လိုအပ်လာသောအခါ

သင်အမှန်လိုအပ်ရာတစ်ခုရှိလျှင်ကော အသို့နည်း။ ယင်းအကြောင်းကို မိဘများအားမပြောမီ ကြိုတင်စဉ်းစားထားပါ။ ထိုအရာကို သင်အဘယ်ကြောင့်လိုအပ်ပုံ၊ ယင်းကိုအသုံးပြုရန် မည်သို့စိတ်ကူးထားပုံ၊ သင့်အတွက် အကျိုးရှိလိမ့်မည်ဟု အဘယ်ကြောင့်ထင်မှတ်ပုံကို တိကျစွာရှင်းပြရန် ပြင်ဆင်ထားပါ။ ၎င်းသည် မိသားစုဘတ်ဂျက် ထိခိုက်မည့်အနေအထားတွင်ရှိသည်ကို သင့်မိဘများသိမြင်လိမ့်မည်။ သို့သော် လောလောဆယ် မိဘများမတတ်နိုင်လျှင်ကော အသို့နည်း။ သင့်အနေနှင့် စိတ်ရှည်ရှည်နှင့်စောင့်ရန်မှတစ်ပါး အခြားရွေးစရာလမ်းမရှိပေ။ (ဒေ. ၇:⁠၈) ယခုအချိန်သည် “ခဲယဉ်းသောကာလ” ဖြစ်ပြီး မိဘများသည် သူတို့၏သားသမီးများ တောင်းဆိုတတ်ရာမှန်သမျှကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်ကြချေ။ (၂ တိမောသေ ၃:⁠၁) သင့်မိဘများအပေါ် မတန်တဆတောင်းဆိုမှုများပြုခြင်းကို ရှောင်ရှားလျှင် သူတို့၏ခက်ခဲသောတာဝန်ကို အတော်အတန်လွယ်ကူသွားစေနိုင်မည်ဖြစ်သည်။

သို့ရာတွင် သင်အစပြုလုပ်ဆောင်ရကောင်း လုပ်ရမည်။ ဥပမာ သင်သည် ပုံသေအသုံးစရိတ် ရရှိသလော။ သို့ဖြစ်လျှင် လစဉ် ၎င်းထဲမှအချို့ကို စုဆောင်းရန် သင့်ငွေကို မည်သို့အသေအချာ စီမံခန့်ခွဲသုံးစွဲရမည်ကို ကြိုးစားသင်ယူပါ။ ၎င်းက အနီးနားဘဏ် တစ်ခုတွင် စုငွေစာရင်းဖွင့်ရန်ပင် ဖြစ်လာနိုင်ပေမည်။ (လုကာ ၁၉:၂၃ နှိုင်းယှဉ်။) အဘိဂဲအမည်ရှိ မိန်းမငယ်လေး ထိုသို့ပြုလုပ်ခဲ့သည်။ သူဤသို့ပြောသည်– “ကျွန်မရဲ့ပိုက်ဆံကို နှစ်ပုံခွဲလိုက်တယ်—⁠တစ်ပုံကဘဏ်မှာထည့်ဖို့ဖြစ်ပြီး အခြားတစ်ပုံကတော့ သုံးစွဲဖို့ဖြစ်တယ်။” သင်သည် အရွယ်ရောက်သူဖြစ်လျှင် ကြားပေါက်အလုပ် သို့မဟုတ် အချိန်ပိုင်းအလုပ်အချို့ကိုပင် လုပ်နိုင်သည်။ * မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ခုကိုဝယ်ရန် သင်အမှန်လိုလားကြောင်းနှင့် ငွေစုခြင်းဖြင့် တာဝန်သိသိလုပ်ဆောင်နေသည်ကို သင့်မိဘများတွေ့လျှင် အတတ်နိုင်ဆုံး သင့်ကုန်ကျစရိတ်အချို့ကို မျှခံဖို့ရန် သူတို့လှုံ့ဆော်ခံရပေမည်။

သင်ဈေးဝယ်သည့်နည်းလမ်းအချို့ကို ပြောင်းလဲခြင်းဖြင့်လည်း အကျိုးရှိနိုင်သည်။ ဥပမာ၊ ပစ္စည်းတန်ဖိုးသည် အလွန်မြင့်နေလျှင် တန်ဖိုးလျော့ရန်အတွက် ညှိနှိုင်းနိုင်ပေသည်။ ဈေးညှိ၍မရလျှင်၊ ထိုပစ္စည်းကို ဈေးလျှော့၍ရောင်းမရောင်းစောင့်ကြည့်ပါ။ ယင်းပစ္စည်းကို တန်ဖိုးသက်သာစွာရနိုင် မနိုင်သိရန် အခြားဆိုင်ခန်းများကို လှည့်ပတ်ကြည့်ရှုပါ။ ပစ္စည်း၏အရည်အသွေးကို သေချာစွာစစ်ဆေးတတ်ရန်သင်ယူပါ; တစ်ခါတစ်ရံ အမျိုးတူပစ္စည်းများသည် အလွန်ဈေးသက်သာတတ်သည်။ *

ရောင့်ရဲတတ်ရန် သင်ယူပါ

နယပုံပြင် ၂၇:၂၀ ကဤသို့သတိပေးသည်– “မရဏာနိုင်ငံနှင့် အဗဒ္ဒုန်နိုင်ငံသည် အလိုမပြည့်စုံသကဲ့သို့၊ လူတို့မျက်စိသည် အလိုမပြည့်စုံတတ်။” မှန်ပါသည်၊ မရဏာနိုင်ငံသည် မရောင့်ရဲနိုင်သကဲ့သို့ အချို့သည်—⁠သူတို့တွင် မည်မျှပင်ပိုင်ဆိုင်နှင့်ပြီးဖြစ်ပါစေ—⁠အမြဲလို ပို၍ပို၍ရလိုကြသည်။ တစ်ကိုယ်ကောင်းဆန်သော တွေးတောခြင်းကိုရှောင်ပါ။ နောက်ဆုံးတွင် တပ်မက်လုံးကြီးမှုသည် စိတ်ပျက်အားလျော့ခြင်းနှင့် ပျော်ရွှင်ခြင်းကင်းမဲ့မှုကိုသာ ဖြစ်စေသည်။ ဂျော်နသန်အမည်ရှိ လူငယ်တစ်ယောက်က ဤသို့သုံးသပ်ပြသည်– “သင့်ပျော်ရွှင်မှုကို သင်ပိုင်ဆိုင်ရာများပေါ် အမြဲအခြေပြုထားမည်ဆိုလျှင် ဘယ်တော့မျှပျော်ရွှင်မည်မဟုတ်ပေ။ သင်ရလိုသည့် အသစ်သောအရာများသည် အမြဲရှိနေလိမ့်မည်။ သင်၌ရှိသောအရာနှင့် ပျော်ရွှင်တတ်ရန် သင်ယူဖို့လိုသည်။”

သင်သည်ရောင့်ရဲမှုရှိလျှင် ရွယ်တူများ၏ဖိအားကို တွန်းလှန်နိုင်မည်ဖြစ်သည်။ လူငယ်ဗင်းစန့်ကဤသို့ဆိုသည်– “နာမည်ကြီး ကုန်အမှတ်တံဆိပ်ပါတဲ့ ယူအက်စ်ကင်းဗတ်ရွက်ဖျင်ဖိနပ်ဝတ်ထားတဲ့ တစ်ယောက်ယောက်ကိုတွေ့လိုက်တာနဲ့ မိမိအတွက်လည်း ဖိနပ်တစ်ရန်သွားဝယ်ရမယ်ဆိုတဲ့အဓိပ္ပာယ် မဟုတ်ပါဘူး။” ရံဖန်ရံခါ သင်လိုချင်သောအရာကိုမရနိုင်သောကြောင့် စိတ်အနှောင့်အယှက်ဖြစ်မည်မှာ သေချာပါသည်။ သို့သော် သင့်လိုအပ်ရာများကို ယေဟောဝါသိကြောင်း ဘယ်တော့မှမမေ့ပါနှင့်။ (မဿဲ ၆: ၃၂) မဝေးတော့သောအနာဂတ်တွင် ကိုယ်တော်သည် “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေတော်မူ” မည်ဖြစ်သည်။—⁠ဆာလံ ၁၄၅: ၁၆

[အောက်ခြေမှတ်ချက်များ]

^ အပိုဒ်၊ 14 သြဂုတ် ၈၊ ၁၉၉၉ ခုနှစ်ထုတ် နိုးလော့! ပါ “ကြော်ငြာ—⁠သင့်အပေါ် မည်သို့အကျိုးသက်ရောက်သနည်း” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 17 သြဂုတ် ၂၂၊ ၁၉၉၈၊ ထုတ် [လိပ်] “လူငယ်များအမေး ဝင်ငွေရအောင် ဘယ်လိုလုပ်ရမလဲ၊” ဆောင်းပါးကိုရှု။

^ အပိုဒ်၊ 18 ထပ်ဆင့်အထောက်အကူပြု အကြံပေးချက်များအတွက် ဇန်နဝါရီ ၂၂၊ ၁၉၉၅ [လိပ်] “လူငယ်များအမေး . . . ကျွန်တော်ရဲ့အဝတ်အစားဗီရိုကို ဘယ်လိုတိုးတက်ကောင်းမွန်စေနိုင်မလဲ” ဆောင်းပါးကိုရှု။

[စာမျက်နှာ ၁၂ ပါ အကျဉ်းဖော်ပြချက်]

“နာမည်ကြီးတံဆိပ် အဝတ်အစား မဝတ်ဘဲ ကျောင်းကိုသွားတော့ အားလုံးကဝိုင်းလှောင်ကြတယ်။”

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

သင်ရလိုရာအားလုံး မရရှိဘဲနှင့် ပျော်ရွှင်နိုင်သည်