မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဗာစကိုဒဂါးမား၏ မှတ်သားဖွယ် ရေကြောင်းခရီး

ဗာစကိုဒဂါးမား၏ မှတ်သားဖွယ် ရေကြောင်းခရီး

ဗာစကိုဒဂါးမား၏ မှတ်သားဖွယ် ရေကြောင်းခရီး

သင်္ဘောသစ်သားဦးပိုင်းသည် လှိုင်းလုံးတစ်လုံးပြီးတစ်လုံးကို တိုးဝှေ့ဝင်ရောက်သွားသည်နှင့်အမျှ ပင်လယ်ရေမျက်နှာပြင်သည် ခုံးထလာလေသည်။ ပင်လယ်ပြင်တွင် လပေါင်းများစွာကြာကာ အခက်အခဲများစွာကြုံတွေ့ရပြီးနောက် ဗာစကိုဒဂါးမားနှင့် သူ၏သင်္ဘောသားတို့သည် အာဖရိကတောင်ဘက်စွန်းကိုပတ်ကာ ရွက်လွှင့်ခြင်းဖြင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိလာသော ပထမဆုံးဥရောပသားများဖြစ်လေသည်။ ထိုကဲ့သို့သောပင်လယ်ရေကြောင်းခရီးရှည်တစ်ခုသည် ယနေ့ခေတ် ရေကြောင်းအတတ်ပညာနှင့် ပစ္စည်းကိရိယာများဖြင့်ပင် ခက်ခဲပေမည်။ သို့သော် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀ ကဒဂါးမား၏ သင်္ဘောငယ်သုံးစင်းပေါ်တွင်ရှိသောသူတို့အဖို့မူ ယင်းသည် လကမ္ဘာသို့သွားသည့်ခရီးစဉ်နှယ် ဖြစ်ဟန်ရှိမည်။ ဤသတ္တိပြောင်သော ပေါ်တူဂီစူးစမ်းရှာဖွေသူနှင့် သူ၏လူများအား ထိုကဲ့သို့သောစွန့်စားမှုကိုလက်ခံဆောင်ရွက်ရန် အဘယ်အရာက စေ့ဆော်တိုက်တွန်းပေးခဲ့သနည်း။ ယင်းက ကမ္ဘာကို မည်သို့အကျိုးသက်ရောက်ခဲ့သနည်း။

ဒဂါးမား မမွေးမီအချိန်က တစ်ခါတစ်ရံ ရေကြောင်းခရီးအစဖော်ပေးသူဟုခေါ်သည့် ပေါ်တူဂီမင်းသားဟင်နရီသည် ခရီးစဉ်အကြမ်းဖျင်းကို အစီအစဉ်ရေးဆွဲခဲ့ပြီးဖြစ်သည်။ ဟင်နရီ၏အားပေးမှုအောက်တွင် ပေါ်တူဂီရေကြောင်းကျွမ်းကျင်မှုနှင့် အဏ္ဏဝါကုန်သွယ်မှုလုပ်ငန်းသည် အကြီးအကျယ်တိုးတက်ခဲ့သည်။ ဟင်နရီနှင့် သူ့နောက်ပိုင်းတွင်ပေါ်လာသည့် နယ်မြေသစ်ရှာဖွေသူများအဖို့ ရှာဖွေတွေ့ရှိမှု၊ ကူးသန်းရောင်းဝယ်မှုနှင့် ဘာသာတရားတို့သည် တစ်ခုနှင့်တစ်ခု ကျစ်လစ်စွာဆက်နွှယ်ခဲ့သည်။ ဟင်နရီ၏ရည်မှန်းချက်မှာ ပေါ်တူဂီနိုင်ငံကို ချမ်းသာကြွယ်ဝစေရန်နှင့် ကက်သလစ်အယူဝါဒထွန်းကားစေရန်ဖြစ်သည်။ သူသည် ပေါ်တူဂီတွင် အကြီးမားဆုံး စစ်ဘာသာရေးဂိုဏ်းဖြစ်သည့် ခရစ်တော်ဂိုဏ်း၏ အကြီးအမှူးဖြစ်သည်။ ယင်းကို ပုပ်ရဟန်းမင်းကြီးက ကမကထပြုတည်ထောင်ပေးခဲ့ပြီး ဟင်နရီ၏စီမံကိန်းအကုန်အကျ အများစုကို ဤဂိုဏ်း၏ရန်ပုံငွေဖြင့် ထောက်ပံ့ပေးခဲ့သည်။ ထိုကြောင့် သင်္ဘောအားလုံး၏ရွက်များပေါ်တွင် အနီရောင်ကြက်ခြေခတ်အမှတ်အသားပါရှိသည်။

ဟင်နရီသေဆုံးချိန်ဖြစ်သော ၁၄၆၀ ပြည့်နှစ်တွင် ပေါ်တူဂီတို့သည် စီအဲရာလေယွန်ဟု ယနေ့အများသိကြသည့် တောင်ဖျားပိုင်း အာဖရိကအနောက်ဘက်ကမ်းခြေဒေသအထိ နယ်သစ်ရှာဖွေခဲ့ပြီးဖြစ်သည်။ ၁၄၈၈ ခုနှစ်တွင် ဘာသိုလိုမြူး ဒီးယပ်စ်သည် အာဖရိကအစွန်းကို ပတ်၍ရွက်လွှင့်ခဲ့သည်။ ထိုအချိန်က ဂျွန်ဘုရင် ၂ သည် အိန္ဒိယနိုင်ငံကိုစူးစမ်းရှာဖွေရန် ယုံကြည်စိတ်ချမှုအပြည့်ဖြင့် ပြင်ဆင်မှုအစီအစဉ်ကိုဆွဲခဲ့သည်။ ဂျွန်ကိုဆက်ခံသူ ဘုရင်မန်နွယ်လ် ၁ သည် ပြင်ဆင်မှုများကို ဆက်၍ပြုလုပ်ခဲ့သည်။ ထိုအချိန်က အိန္ဒိယမှ ဟင်းခတ်အမွှေးအကြိုင်များကို အီတလီနှင့် အာရပ်ကုန်သည်များလွှမ်းမိုးထားသည့် ကုန်းလမ်းခရီးများဖြင့်သာ ဥရောပနိုင်ငံများတွင် ရရှိနိုင်ခဲ့သည်။ အိန္ဒိယသမုဒ္ဒရာ ကုန်သွယ်မှုကို အာရပ်မွတ်စလင်ကုန်သည်များက လွှမ်းမိုးချုပ်ကိုင်ခဲ့သည်။ သမိုင်းဆရာတစ်ဦး၏စကားများတွင်တွေ့ရသကဲ့သို့ စူးစမ်းရှာဖွေမှု၏ခေါင်းဆောင်မှာ “စစ်သားလိုသတ္တိရှိသူ၊ ကုန်သည်လိုဉာဏ်များသူနှင့် သံတမန်လိုလိမ္မာပါးနပ်သူ” ဖြစ်ရမည်ကို မန်နွယ်လ်သိခဲ့သည်။ ယင်းတို့ကိုစိတ်ထဲတွင်စွဲမှတ်ကာ မန်နွယ်လ်သည် ဗာစကိုဒဂါးမားကို ရွေးခဲ့ပုံရသည်။

မော်ကွန်းဝင်ရေကြောင်းခရီးရှည်

၁၄၉၇ ခုနှစ်၊ ဇူလိုင် ၈ ရက်က ခရစ်တော်ဂိုဏ်း၏တံခွန်အောက်တွင် ဒဂါးမားနှင့် သူ၏သင်္ဘောသား ၁၇၀ တို့သည် အသစ်တည်ဆောက်ထားသည့် ရွက်သင်္ဘောသစ်များဆီသို့ နှစ်ယောက်တစ်တွဲ ချီတက်လာခဲ့ကြသည်။ ကမ်းခြေတွင် ဘုန်းတော်ကြီးတစ်ပါးက သူနှင့် သူ၏သင်္ဘောသားတို့ကို အပြစ်ဖြေလွှတ်ပေးလိုက်သည်။ သူတို့ထဲမှတစ်ဦးတစ်ယောက်သည် ပင်လယ်ရေကြောင်းခရီးရှည်အတွင်းတွင် သေဆုံးခဲ့သော် လမ်းခရီးတစ်လျှောက်တွင် သူတို့ကျူးလွန်မိနိုင်သည့် မည်သည့်အပြစ်များကိုမဆို လွတ်ခြင်းကိုခံရမည်ဖြစ်သည်။ ဒဂါးမားသည် အခက်အခဲများတွေ့မည်ကို အသေအချာယုံကြည်ကာ—⁠သူသည် အမြောက်များနှင့်အတူ ဒူးလေးများ၊ ရှေးစစ်သုံးလှံများကိုအပြည့်ပြင်ဆင်ကာ ခရီးထွက်ခဲ့သည်။

လွန်ခဲ့သည့်ဆယ်နှစ်က ဒီးယပ်စ်ကြုံတွေ့ခဲ့ရသည့် လေကြောင်းနှင့်ရေကြောင်းမသင့်မှုကိုရှောင်မည်ဟု ဒဂါးမားဆုံးဖြတ်ခဲ့သည်။ စီအဲရာလေယွန်တွင် သူ၏သင်္ဘောများကို အာဖရိကဘက်မှ မသွားဘဲ ဘရားဇီးနှင့် အလွန်နီးကပ်သည်အထိ အနောက်တောင်ဘက်သို့ပဲ့ကိုင်မောင်းနှင်ခဲ့သည်။ တောင်အတ္တလန္တိတ်တွင်တိုက်ခတ်သည့် တိုက်မြဲလေက အာဖရိကသို့ပြန်ပို့ဆောင်ပေးပြီး ဂွတ်ဟုတ်ပ်အငူအနီးသို့သယ်ဆောင်ပေးခဲ့သည်။ ယခင်က ဤလမ်းကြောင်းဖြင့်သွားခဲ့သည့်မှတ်တမ်းမျိုးမရှိပါ၊ သို့သော် နောက်ပိုင်းတွင် ရွက်သင်္ဘောတိုင်းသည် ထို့အငူဆီသို့ဦးတည်သွားရာတွင် ယင်းလမ်းကြောင်းအသုံးပြုခဲ့ကြသည်။

ဒီးယပ်စ်ပြန်လှည့်ခဲ့ရသည့်နေရာကိုဖြတ်ကျော်ကာ ဒဂါးမားသည် သူ၏ရေယာဉ်စုကို အာဖရိကအရှေ့ဘက်ကမ်းခြေအတိုင်း ရွက်လွှင့်ခဲ့ကြသည်။ မိုဇမ်ဘစ်နှင့် မွန်ဘာဆာတွင် ဒေသခံစူလတန်စော်ဘွားတို့က ဒဂါးမားနှင့် သူ၏သင်္ဘောသားများကိုသတ်ရန် လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ ထို့ကြောင့် ဒဂါးမားသည် မလင်းဒိ (ယခု ကင်ညာနိုင်ငံအရှေ့တောင်ပိုင်း) သို့ပြောင်းရွှေ့ခဲ့သည်။ နောက်ဆုံးတွင် အိန္ဒိယသမုဒ္ဒရာကိုဖြတ်ကျော်ရာတွင် သူတို့ကိုလမ်းပြပေးရန် အတွေ့အကြုံရှိသည့် မာလိန်မှူးတစ်ဦးကို ထိုနေရာ၌ သူတွေ့ရှိခဲ့ကြသည်။

အနောက်နှင့်အရှေ့ဆုံရာ

မလင်းဒိမှထွက်၍ ၂၃ ရက်ရွက်လွှင့်ပြီးနောက် ၁၄၉၈ မေ ၂၀ ရက်နေ့တွင် အလွန့်အလွန်ပျော်ရွှင်နေကြသည့် ဗာစကိုဒဂါးမားနှင့် သူ၏သင်္ဘောသားတို့သည် အိန္ဒိယနိုင်ငံ ကာလီကတ်မြို့တွင်ကျောက်ချရပ်နားခဲ့ကြသည်။ ဟိန္ဒူလူမျိုး ဇမ်မရီး သို့မဟုတ် ဘုရင်သည် စီးပွားချမ်းသာကုံလုံကြွယ်ဝပြီး ဇိမ်ခံပစ္စည်းများနှင့်နေထိုင်ကြောင်းကို ဒဂါးမားတွေ့ရှိခဲ့သည်။ သင်္ဘောသားက သူ၏တာဝန်မှာ မိတ်ဖွဲ့ရန်ဖြစ်ပြီး သူနှင့်သူ၏လူများသည် ခရစ်ယာန်များကို ရှာဖွေနေသူများဖြစ်ကြောင်း ရှင်းပြခဲ့သည်။ သူသည် အစပထမပိုင်းတွင် ဟင်းခတ်အမွှေးအကြိုင်ကုန်သွယ်မှုအကြောင်းကို မဖော်ပြခဲ့ပါ။ သို့သော် ထိုဒေသတွင် ကုန်သွယ်မှုကိုလွှမ်းမိုးထားသည့်ကုန်သည်များက သူတို့၏အခြေအနေကို ချက်ချင်းပင်ရိပ်မိသွားပြီး ထိုဝင်ရောက်လာသူများကိုရှင်းပစ်ရန် ဘုရင်ကိုအကြံပေးခဲ့ကြသည်။ ပေါ်တူဂီများနှင့်ကုန်သွယ်မှုကိုပြုလုပ်ပါက အရာခပ်သိမ်းဆုံးရှုံးသွားမည်ဖြစ်ကြောင်း သူတို့သတိပေးခဲ့ကြသည်။ ဤအကြံပေးချက်ကြောင့် ဘုရင်သည် မဝေခွဲနိုင်ဖြစ်ခဲ့သည်။ သို့သော် နောက်ဆုံးတွင် ဒဂါးမားအလိုရှိရာကိုပေးပြီး ပေါ်တူဂီဘုရင်အား ဘုရင်နှင့်ကုန်သွယ်မှုပြုရန် ဇမ်မရီးကသဘောတူကြောင်း သဝဏ်လွှာတစ်စောင်ကိုပေးလိုက်သည်။

ပြောင်းလဲသွားသည့်ကမ္ဘာလောက

ဒဂါးမားသည် ၁၄၉၉ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် သူရဲကောင်းတစ်ဦးအဖြစ် ဝမ်းမြောက်ဝမ်းသာစွာကြိုဆိုခံရကာ လစ္စဘွန်းမြို့သို့ ပြန်ရောက်ခဲ့ကြသည်။ ချက်ချင်းပင် ဘုရင်မန်နွယ်လ်သည် အဖွဲ့သားများထပ်၍ စေလွှတ်ရန် အစီအစဉ်ပြုလုပ်ခဲ့သည်။ နောက်အဖွဲ့ကို ပက်ဒရို အယ်လ်ဗာရပ်စ် ကေဘရယ်လ်က ဦးဆောင်သည်၊ သူသည် ပေါ်တူဂီ၏အကျိုးစီးပွားကိုကာကွယ်ရန် ကာလီကတ်တွင် လူအယောက် ၇၀ ကျော်ကိုထားခဲ့သည်။ သို့သော် ကုန်သည်များသည် သူတို့၏ကုန်သွယ်မှုတွင် ထိုကဲ့သို့ဝင်စွက်သည်ကို သည်းမခံနိုင်တော့လောက်အောင်ဖြစ်ခဲ့ကြသည်။ ညတစ်ညတွင် လူအုပ်ကြီးတစ်အုပ်သည် လူတစ်ဝက်ကျော်ကို သတ်ဖြတ်ခဲ့ကြသည်။ ဒဂါးမားသည် တတိယအကြိမ်သွားသည့်အဖွဲ့၏ ခေါင်းဆောင်အဖြစ် အိန္ဒိယသို့ ပြန်ရောက်လာသည့်အခါ လက်နက်အစုံတပ်ဆင်ထားသည့် သူ၏သင်္ဘော ၁၄ စင်းမှနေ၍ ကာလီကတ်ကို လက်နက်များဖြင့်ပစ်ခတ်ကာ လက်စားချေခဲ့သည်။ သူသည် မကာမှပြန်လာသည့် သင်္ဘောတစ်စီးကိုလည်းဖမ်းကာ မီးရှို့ပစ်ခဲ့ပြီး ရာနှင့်ချီသော ယောက်ျား၊ မိန်းမနှင့် ကလေးများကို သတ်ပစ်ခဲ့သည်။ သူတို့က ချမ်းသာပေးပါရန် အသနားခံကြသော်လည်း ဒဂါးမားသည် သနားညှာတာမှုကင်းမဲ့စွာဖြင့် လက်ပိုက်ကြည့်ခဲ့သည်။

ပေါ်တူဂီတို့သည် အိန္ဒိယသမုဒ္ဒရာတွင် ကြီးစိုးခြယ်လှယ်သူဖြစ်လာသည်။ အတန်ကြာသော် သူတို့သည် စူးစမ်းရှာဖွေရေးခရီးစဉ်များကို မလက္ကာ၊ တရုတ်၊ ဂျပန်၊ မော်လူးကပ်စ်ကျွန်းများ (ဟင်းခတ်အမွှေးအကြိုင်ထွက်ရာကျွန်းများ) သို့တိုးချဲ့ခဲ့ကြသည်။ သူတို့တွေ့ဆုံခဲ့သည့်သူများမှာ “ခရစ်တော်ပညတ်၏ဘောင်အပြင်ဘက်ရှိသူများ” ဖြစ်သောကြောင့် “ထာဝရမီးငရဲတွင် ပြစ်ဒဏ်ချမှတ်ခံရသည်” ဟုသူတို့ယူမှတ်ခဲ့ကြကြောင်း ၁၆ ရာစုမှ သမိုင်းမှတ်တမ်းရေးသူ ဇွာအု ဒဘာရိုစ် ရေးသားခဲ့သည်။ ထို့ကြောင့် နယ်မြေသစ်စူးစမ်းရှာဖွေသူများသည် လိုအပ်သည်ဟု သူတို့ယူဆသည့်အခါတိုင်း အကြမ်းဖက်မှုကို စိတ်လွတ်ကိုယ်လွတ်အသုံးပြုခဲ့ကြသည်။ ထိုကဲ့သို့သော ခရစ်ယာန်မဆန်သည့်အပြုအမူများကြောင့် အာရှတိုက်တွင် ခရစ်ယာန်ဘာသာကို အလွန့်အလွန်နာကြည်းခဲ့ကြသည်။

ဒဂါးမား၏ ပြီးမြောက်အောင်မြင်မှုသည် ဥရောပနှင့် အာရှတိုက်ကို ပင်လယ်ရေကြောင်းခရီးလမ်းဖွင့်ပေးခဲ့သည်။ ထို့ကြောင့် နယ်မြေစူးစမ်းရှာဖွေခြင်း ခေတ်သစ်ကာလတစ်ခုကို အစပြုခဲ့ပေးပြီး စူးစမ်းရှာဖွေသူများအားဖြင့် လူများကို အယူအဆအသစ်များနှင့် ထိတွေ့ဆက်သွယ်ပေးခဲ့ကြသည်။ ပါမောက္ခ ဂျေ.အိပ်ခ်ျ. ပယ်ရီ ဤသို့ရေးသားထားသည်– “လူမှုရေး၊ ဘာသာရေး၊ စီးပွားရေး သို့မဟုတ် စက်မှုလုပ်ငန်းများတွင် ဥရောပသြဇာလွှမ်းမိုးမှုနှင့်လွတ်သူ တစ်ယောက်မျှမရှိပါ။” အရှေ့တိုင်းအယူအဆများသည် အတိုင်းအတာတစ်ခုအထိ စူးစမ်းရှာဖွေသူများနှင့်အတူ ပြန်ပါသွားကာ ဥရောပတွင် ဩဇာလွှမ်းသည်ထက်လွှမ်းရန် စတင်ကြိုးပမ်းလေတော့သည်။ နောက်ဆုံး၌ ဤအယူအဆများကို အပြန်အလှန်ဖလှယ်ခြင်းသည် လူ့ယဉ်ကျေးမှု အလွန့်အလွန်ကွဲပြားခြားမှုကို တိုး၍သိရှိရန် အကူအညီဖြစ်စေခဲ့သည်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မျက်မှောက်ကမ္ဘာသည် ဗာစကိုဒဂါးမား၏ မှတ်သားဖွယ်ကောင်းသော ရေကြောင်းခရီးရှည်၏အကျိုးဆက်ကို အမှန်ပင်ခံစားနေရဆဲဖြစ်သည်။

[စာမျက်နှာ ၁၉ ပါ မြေပုံ]

ဗာစကိုဒဂါးမား၏ ပထမ ရေကြောင်း ခရီးလမ်းကြောင်း

[Credit Line]

Mountain High Maps® Copyright © 1997 Digital Wisdom, Inc.

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဗာစကိုဒဂါးမား၏ရွက်သင်္ဘောတစ်စင်းပုံ

[Credit Line]

Cortesia da Academia das Ciências de Lisboa, Portugal

[Picture Credit Line on page 24]

Cortesia do Museu Nacional da Arte Antiga, Lisboa, Portugal, fotografia de Francisco Matias, Divisão de Documentação Fotográfica - IPM