မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်လှုပ်ရှားမှုဝဲသြဃထဲ ကျရောက်နေခြင်း

စိတ်လှုပ်ရှားမှုဝဲသြဃထဲ ကျရောက်နေခြင်း

စိတ်လှုပ်ရှားမှုဝဲသြဃထဲ ကျရောက်နေခြင်း

“သေစေနိုင်တဲ့ရောဂါ ကျွန်တော့်မှာရှိတယ်လို့ သိလိုက်ရတဲ့နောက်မှာ ကြောက်စိတ်တွေကို ဘေးချိတ်ထားဖို့ ကြိုးစားခဲ့ပေမဲ့ ရေရေရာရာမသိရတဲ့ ခံစားချက်တွေကြောင့် ကျွန်တော် အတော်လေးအားလျော့ခဲ့တယ်” ဟုသက်ကြီးအမျိုးသားတစ်ဦး ပြန်ပြောပြသည်။ ရောဂါဖိစီးခြင်းသည် ရုပ်ပိုင်းထိခိုက်မှုကိုသာမက စိတ်ပိုင်းထိခိုက်မှုကိုလည်း ခံစားရစေကြောင်း သူ၏စကားများက ပေါ်လွင်စေသည်။ သို့တိုင် ထိုသို့သော စိတ်ဓာတ်ကျစရာများကို အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်းနိုင်သူများ ရှိပါသည်။ သူတို့ထဲမှအများစုက နာတာရှည်ရောဂါကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် နည်းလမ်းများရှိကြောင်း သင့်အား သိစေလိုကြသည်။ သို့သော် သင်အဘယ်အရာပြုလုပ်နိုင်သည်ကို မဆွေးနွေးမီ အစောပိုင်းကတည်းက သင်တွေ့ကြုံခံစားနိုင်သည့် စိတ်လှုပ်ရှားမှုအချို့ကို ဦးဆုံးလေ့လာကြည့်ကြစို့။

မယုံနိုင်ခြင်း၊ လက်မခံနိုင်ခြင်း၊ စိတ်မရွှင်နိုင်ခြင်း

သင့်ခံစားချက်များသည် အခြားသူများ၏ခံစားချက်များနှင့် အတော်အတန်ကွာခြားပေလိမ့်မည်။ သို့ဖြစ်စေကာမူ ကျန်းမာရေး စိုးရိမ်ဖွယ်အခြေအနေရှိသူများသည် စိတ်လှုပ်ရှားမှုများ ခံစားရစမြဲပင်ဖြစ်ကြောင်း ကျန်းမာရေးဆိုင်ရာ ပါရဂူများနှင့် ဝေဒနာသည်များကိုယ်တိုင် သတိပြုမိကြသည်။ ဦးဆုံး တုန်လှုပ်ချောက်ချား၍ မယုံနိုင်စိတ်များဖြစ်ပေါ်ပြီးနောက် ‘မဖြစ်နိုင်ပါဘူး’ ဟူ၍ လက်မခံနိုင်ဘဲနေပေမည်။ ‘မှားနေတာဖြစ်ရမယ်။’ ‘ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေ ရောသွားတာဖြစ်မယ်’ ဟူ၍စဉ်းစားမိပေမည်။ အမျိုးသမီးတစ်ဦးသည် ကင်ဆာရောဂါရှိသည်ဟု သိလိုက်ရချိန်၌ သူတုံ့ပြန်ခဲ့ပုံကို ဤသို့ပြောပြသည်– “ခေါင်းမြီးခြုံလိုက်ပြီး နောက်မှပြန်ဖွင့်ကြည့်လိုက်တဲ့အခါ ဘာမှမဖြစ်ဘူးလို့ ကြားချင်တာ။”

သို့ရာတွင် အဖြစ်မှန်ကို စလက်ခံလာသည့်အခါ ငြင်းပယ်ခြင်းမှတစ်ဆင့် စိတ်မရွှင်နိုင်တော့သည့်ခံစားချက်က တိမ်မည်းညိုသဖွယ် သင့်အားရစ်ပတ်လွှမ်းခြုံထားလေတော့သည်။ ‘ကြာကြာမှ အသက်ရှင်ရပါ့မလား၊’ ‘ငါသေတဲ့အထိ ဝေဒနာခံစားသွားရတော့မှာလား’ အစရှိသော ဆင်တူယိုးမှားမေးခွန်းများက သင့်အားထိုးနှက်နေပေလိမ့်မည်။ ရောဂါမျိုးမည်မသိရသေးသည့်အချိန်ကို သင်ပြန်ရောက်သွားလိုမည်ဖြစ်သော်လည်း ထိုသို့မဖြစ်နိုင်ပေ။ မကြာမီပင် သင်သည် အခြားအခြားသောနာကျင်မှုများ၊ ပြင်းထန်သည့်စိတ်လှုပ်ရှားမှုများကို ခံနေရပေမည်။ ယင်းတို့အနက် အချို့ကားအဘယ်နည်း။

ရေရေရာရာမသိရခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ ကြောက်ရွံ့ခြင်း

အကြီးအကျယ်ဖျားနာမှုက အလွန်အမင်း စိုးရိမ်ပူပန်မှုများနှင့် အနာဂတ်အတွက် မသေချာမှုတို့ကို ဖြစ်ပေါ်စေပေမည်။ “ကြိုတင်ခန့်မှန်းလို့မရတဲ့ ကျွန်တော့်ရဲ့အခြေအနေက တစ်ခါတလေ စိတ်ပျက်စရာဖြစ်တယ်၊ နေ့တိုင်း ဘာဖြစ်လာမလဲလို့ စောင့်ကြည့်နေရရုံပဲရှိတယ်” ဟု ပါကင်ဆန်ရောဂါသည်တစ်ဦးကဆိုသည်။ ရောဂါကြောင့် သင်ထိတ်လန့်ပေမည်။ ရောဂါလက္ခဏာမပြဘဲ ရုတ်တရက်ဖြစ်လာပါက အကြီးအကျယ် ထိတ်လန့်တုန်လှုပ်သွားနိုင်သည်။ သို့ရာတွင် အကဲခတ်မှားခဲ့သော ရောဂါလက္ခဏာများကို နှစ်ချီခံစားရပြီးမှ သင့်ရောဂါအမှန်ကိုသိရပါက သင့်စိုးရိမ်မှုသည် ပိုပြင်းထန်လာနိုင်ပေသည်။ အစပိုင်းမှာမူ သင်သည်အမှန်ပင် မကျန်းမာကြောင်း၊ လုပ်ကြံပြောခြင်းမဟုတ်ကြောင်းကို လူများအသိအမှတ်ပြုလက်ခံလာသည့်အတွက် စိတ်သက်သာရာရရှိပေမည်။ သို့သော် မကြာမီပင် ထိုစိတ်သက်သာရာရမှုသည် ရောဂါ၏အကျိုးဆက်ကို သိရှိလိုက်ရ၍ စိုးရွံ့ဖွယ်ဖြစ်သွားစေပေမည်။

ကိုယ့်ဘဝကိုယ် မပိုင်တော့မည်ကိုလည်း သင်စိုးရိမ်ပေမည်။ အထူးသဖြင့် သင်သည် ကိုယ့်အားကိုယ်ကိုးတတ်သူဖြစ်လျှင် အခြားသူများကို ပို၍ပို၍ မှီခိုအားထားရမည်ကို စိုးရိမ်နေပေမည်။ သင့်ရောဂါက သင့်အသက်တာကို စတင်လွှမ်းမိုးလာပြီး သင်လုပ်ဆောင်လေသမျှကို ညွှန်ကြားတော့မည်ဟု သင်စိုးရိမ်ပူပန်ပေလိမ့်မည်။

ဒေါသထွက်ခြင်း၊ ရှက်ကြောက်ခြင်း၊ အထီးကျန်ဖြစ်ခြင်း

မိမိကိုယ်ကို တဖြည်းဖြည်း မထိန်းချုပ်နိုင်တော့ကြောင်းသိရခြင်းက ဒေါသထွက်စေနိုင်သည်။ ‘ငါ့ကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒီလိုဖြစ်ရအောင် ငါဘာလုပ်ခဲ့မိလို့လဲ’ ဟုကိုယ့်ကိုယ်ကို ပြန်မေးကောင်းမေးမိပေမည်။ သင့်ကျန်းမာရေး ဤသို့ဖြစ်လာရခြင်းသည် မတရားပုံပေါက်ပြီး အဓိပ္ပာယ်မရှိဟုယူမှတ်စေမည်။ ရှက်ကြောက်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတို့ကိုလည်း သင်ခံစားလာရပေမည်။ လေဖြတ်သွားသူတစ်ဦးက ဤသို့ပြောပြသည်– “ခံပြင်းစရာ မတော်တဆဖြစ်မှုကလေးတစ်ခုကြောင့် ကျွန်တော်ဒီလိုဖြစ်သွားရတာကို အရမ်းရှက်တာပဲ။”

သင်သည် ပိုမို၍ ထီးတည်းဖြစ်လာပေမည်။ တစ်ဦးတည်းထီးထီးနေရလေ ပေါင်းသင်းဆက်ဆံမှု လျော့နည်းလာလေဖြစ်မည်။ သင့်ရောဂါကြောင့် အိမ်တွင်းအောင်းနေရပါက မိတ်ဆွေဟောင်းများနှင့် အဆက်ပြတ်သွားပေမည်။ အမှန်မှာ သင်သည် ယခင်ကထက် ယခုအချိန်တွင် လူတို့နှင့်တွေ့ဆုံဆက်သွယ်မှု ပိုမိုရှိလို၏။ ရောဂါဖြစ်ဖြစ်ချင်းတွင် အလည်လာ၍ ကြည့်ရှုအားပေးသူ၊ ဖုန်းဆက်သတင်းမေးသူ များစွာရှိမည်ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် လာကြည့်သူ၊ ဖုန်းဆက်သူနည်းသွားပေလိမ့်မည်။

မိတ်ဆွေသူငယ်ချင်းများက သင့်ကိုရှောင်ဖယ်သွားကြသည့်အတွက် သင်စိတ်ထိခိုက်သောကြောင့် လူတို့နှင့်ခပ်ခွာခွာနေလာပေမည်။ အခြားသူများနှင့် ပြန်လည်တွေ့ဆုံရင်ဆိုင်ဖို့ အချိန်အခိုက်အတန့်လိုမည်ကား မှန်သော်လည်း ဤအချိန်အခါတွင် အခြားသူများနှင့် ပို၍ကင်းကွာစွာနေလိုပါက သင်သည် လူမှုရေးကင်းကွာမှု (သင့်ထံ အခြားသူများ မလာတော့ခြင်း) မှ စိတ်ပိုင်းဆိုင်ရာအထီးကျန်ခြင်း (အခြားသူများကို သင်မတွေ့လိုတော့ခြင်း) အဖြစ်သို့ ဆိုက်ရောက်သွားပေမည်။ မည်သို့ဆိုစေ အမှန်မှာ သင်သည် ပြင်းထန်သည့် အထီးကျန်ဝေဒနာနှင့် လုံးပန်းနေရခြင်းဖြစ်သည်။ * ရံဖန်ရံခါ နောက်တစ်နေ့ကိုပင် သင်ဖြတ်သန်းနိုင်ပါ့မလားဟု စိုးရိမ်ပေမည်။

အခြားသူတို့ထံမှ သင်ယူခြင်း

သို့ရာတွင် မျှော်လင့်စရာရှိပါသည်။ သင်သည် မကြာမီကမှ ကျန်းမာရေးအတွက် စိုးရိမ်ရသောအဖြစ်ကို ကြုံခဲ့ရလျှင် သင့်ကိုယ်သင် အတော်အတန်ထိန်းချုပ်နိုင်စွမ်း ပြန်လည်ရရှိရန် လက်တွေ့ကျကျ သင်ပြုလုပ်နိုင်သောနည်းလမ်းများရှိသည်။

ဤအခန်းဆက်ဆောင်းပါးများက သင်ခံစားနေရသည့် နာတာရှည်ရောဂါကို ပျောက်ကင်းစေနိုင်မည်မဟုတ်သည်ကား အမှန်ပင်။ သို့တိုင် တင်ပြထားသောအချက်အလက်များက ရောဂါခံစားနေရစဉ် ၎င်းနှင့်အလိုက်သင့်နေနိုင်ရန် ထောက်ကူပေးပေမည်။ ကင်ဆာရောဂါသည်တစ်ဦးက သူ၏အတွေးအခေါ်နှင့် ခံစားချက်တို့ တိုးတက်လာပုံကို ဤသို့အကျဉ်းချုံးဖော်ပြသည်– “ကျွန်မရောဂါရှိတာကို လက်မခံနိုင် ဖြစ်ပြီးမှ ဒေါသတွေထွက်လာရော၊ အဲ့ဒီနောက် ကျွန်မအတွက် အထောက်အကူဖြစ်မယ့်အရာတွေကို စစ်ဆေးခဲ့တယ်။” အသင်လည်း သင့်အရင် ထပ်တူဝေဒနာခံစားရသူများကို စူးစမ်းမေးမြန်းပြီး သင်လက်လှမ်းမီနိုင်သည့် အကူအညီဖြစ်မည့်အရာများကို မည်သို့အသုံးပြုနိုင်ကြောင်း သင်ယူနိုင်သည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 12 လူများစွာသည် ဤခံစားချက်များကို အမျိုးမျိုးအဖုံဖုံ မတူညီသော အတိုင်းအတာများအထိ တွေ့ကြုံခံစားရကြသည်။

‘ငါ့ကျမှ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ၊’ ‘ဒီလိုဖြစ်ရအောင် ငါဘာလုပ် ခဲ့မိလို့လဲ’ ဟု ကိုယ့်ကိုယ်ကို ပြန်မေးကောင်း မေးမိပေမည်