မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မြို့ကြီးများ အဘယ်ကြောင့် အကျပ်အတည်းဆိုက်ရသနည်း

မြို့ကြီးများ အဘယ်ကြောင့် အကျပ်အတည်းဆိုက်ရသနည်း

မြို့ကြီးများ အဘယ်ကြောင့် အကျပ်အတည်းဆိုက်ရသနည်း

“လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ် . . . ကြကုန်အံ့။”—⁠ကမ္ဘာဦး ၁၁:⁠၄

ဤစကားများကို လွန်ခဲ့သော နှစ်ပေါင်း ၄,၀၀၀ ကျော်က ဘေဘဲလ်မြို့ကြီးတည်ဆောက်ရေးတွင် ကြွေးကြော်ခဲ့၏။

နောက်ပိုင်း ဗာဗုလုန်ဟုခေါ်ခဲ့သည့် ဘေဘဲလ်သည် တစ်ချိန်က မက်ဆိုပိုတေးမီးယားဒေသရှိ မြေသြဇာကောင်းသော ရှိနာလွင်ပြင်များပေါ်တွင် တည်ရှိခဲ့သည်။ သို့သော် ရေပန်းစားနေသော အယူအဆများနှင့်ဆန့်ကျင်လျက် ယင်းသည် သမ္မာကျမ်းစာမှတ်တမ်းမှ ပထမဦးဆုံးမြို့မဟုတ်ချေ။ စင်စစ်အားဖြင့် မြို့ကြီးများကို နောဧခေတ်ရေလွှမ်းမိုးခြင်းမတိုင်မီက စတင်တည်ထောင်ခဲ့ကြခြင်းဖြစ်သည်။ ကျမ်းစာမှတ်တမ်းအရ ပထမဦးဆုံးမြို့ကို လူသတ်သမားကာဣနက စတည်ထောင်ခဲ့သည်။ (ကမ္ဘာဦး ၄:၁၇) ဧနောက်မြို့ဟုခေါ်တွင်သည့် ယင်းမြို့သည် ခိုင်ခံ့သောနယ်မြေသစ် သို့မဟုတ် ရွာတစ်ရွာထက် အနည်းငယ်ပိုနိုင်စရာရှိခဲ့သည်။ အခြားတစ်ဖက်တွင်မူ၊ ဘေဘဲလ်သည် မြို့ကြီးတစ်မြို့—⁠ခမ်းနားထည်ဝါသော ဘာသာရေးရဲတိုက်တစ်ခုပါဝင်သည့် မှောက်မှားသောဝတ်ပြုရေး၏ အထင်ကရဗဟိုဌာနတစ်ခု—⁠ဖြစ်ခဲ့၏။ သို့ရာတွင်၊ ဘေဘဲလ်နှင့် ၎င်း၏နာမည်ပျက်ရဲတိုက်တို့သည် ဘုရားသခင်အား ပြောင်ပြောင်တင်းတင်း အာခံခဲ့ကြ၏။ (ကမ္ဘာဦး ၉:⁠၇) ထို့ကြောင့် သမ္မာကျမ်းစာအရ ဘုရားသခင်သည် သူတို့၏ရည်မှန်းချက်ကြီးသော ဘာသာရေးအကြံအစည်ကို အဆုံးတိုင်စေရန် ကြားဝင်ဆောင်ရွက်တော်မူခဲ့ပြီး ဆောက်လုပ်သူများ၏ဘာသာစကားကို ရှုပ်ထွေးစေခဲ့သည်။ ဘုရားသခင်သည် “သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူ [ခဲ့သည်]” ဟု ကမ္ဘာဦး ၁၁:၅-၉ ကဆို၏။

လူတို့အရပ်ရပ်ကွဲပြားခြင်းကြောင့် မြို့ကြီးများပျံ့နှံ့လာသည်မှာ အံ့ဩစရာမဟုတ်ပေ။ အမှန်ဆိုရလျှင် မြို့ကြီးများသည် ရန်သူတိုက်ခိုက်မှုမှ အကာအကွယ်ရစေသည်။ မြို့ကြီးများသည် လယ်သမားများ၏ လယ်ယာခြံထွက်ပစ္စည်းများ သိုလှောင်ဖြန့်ဝေနိုင်သည့်နေရာများဖြစ်ကြ၏။ ထို့အပြင် ဈေးကွက်စီးပွားရေးပေါ်ပေါက်လာခြင်းက မြို့နေလူများစွာတို့ကို လယ်ယာစိုက်ပျိုးရေးအပြင် အခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်းများကိုလည်း လိုက်စားစေခဲ့သည်။ “တစ်ချိန်တစ်ခါက လက်လုပ်လက်စားဘဝ၏ ကန့်သတ်ချုပ်ချယ်မှုမှ လွတ်မြောက်လာခဲ့ကြသည့် မြို့နေလူထုသည် အလားအလာကောင်းသည့် များစွာသောစီးပွားရေးလုပ်ငန်းများ—⁠အထူးလုပ်ငန်းများဖြစ်သည့် တောင်းရက်ခြင်း၊ အိုးလုပ်ခြင်း၊ ဗိုင်းငင်ခြင်း၊ ရက်ကန်းရက်ခြင်း၊ သားရေနယ်ခြင်း၊ လက်သမားလုပ်ခြင်းနှင့် ပန်းရံလုပ်ခြင်း—⁠တို့ကိုလုပ်ကိုင်နိုင်ကြသည်” ဟုမြို့ကြီးများထွန်းကားလာခြင်းမဂ္ဂဇင်းကဆိုသည်။

မြို့ကြီးများသည် ထိုသို့သောကုန်စည်များကို ထိထိရောက်ရောက်ဖြန့်ဖြူးပေးသည့်အချက်အချာနေရာ ဖြစ်လာခဲ့သည်။ အီဂျစ်ပြည်၌ အကြီးအကျယ် ငတ်မွတ်ခေါင်းပါးမှုနှင့်ပတ်သက်၍ ကျမ်းစာမှတ်တမ်းကို သုံးသပ်ကြည့်ပါ။ ဝန်ကြီးချုပ်ယောသပ်သည် မြို့တွင်းရှိလူတို့အတွက် တော်သင့်သောဖြေရှင်းနည်းကို တွေ့ရှိခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ကျန်ရှိနေသေးသော စားနပ်ရိက္ခာများကို ထိထိရောက်ရောက်ဖြန့်ဖြူးခဲ့သည်မှာ ထင်ရှားပါသည်။—⁠ကမ္ဘာဦး ၄၇:⁠၂၁

သယ်ယူပို့ဆောင်ရေး နှေးကွေးပြီး အကန့်အသတ်ရှိသောအခါလူထုစပ်ကြားရှိ ဆက်သွယ်ရေးနှင့် အပြန်အလှန်အကျိုးသက်ရောက်မှုတို့ကိုလည်း မြို့ကြီးများက တိုးမြှင့်ပေးခဲ့သည်။ တစ်ဖန် လူမှုရေးနှင့် ယဉ်ကျေးမှုပြောင်းလဲမှုနှုန်းကိုလည်း အရှိန်တိုးမြှင့်ပေးခဲ့သည်။ မြို့ကြီးများသည် ဆန်းသစ်တီထွင်မှု၏ အချက်အချာနေရာများဖြစ်လာကြပြီး စက်မှုနည်းပညာဖွံ့ဖြိုးတိုးတက်မှုကို တိုးမြှင့်ပေးခဲ့ကြသည်။ အယူအဆသစ်များ လွတ်လပ်စွာပေါ်ပေါက်လာသည်နှင့်အမျှ သိပ္ပံပညာ၊ ဘာသာရေးနှင့် အတွေးအခေါ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုစိတ်ကူးစိတ်သန်းများ ထွက်ပေါ်လာခဲ့သည်။

မပြည့်ဝသောအိပ်မက်များ

မျက်မှောက်ခေတ်ကာလ၌ မြို့ကြီးများသည် အလားတူအကျိုးအမြတ်များသော အခွင့်အလမ်းများစွာကို ဆက်လက်ကမ်းလှမ်းနေဆဲပင်။ သို့ဖြစ်၍ မြို့ကြီးများသည် လူသန်းပေါင်းများစွာကို—⁠အထူးသဖြင့် ကျေးလက်ဒေသဘဝသည် သည်းမခံနိုင်လောက်အောင်ခက်ခဲလာသည့် နိုင်ငံများရှိ လူတို့ကို—⁠ဆက်လက်ဆွဲဆောင်လျက်ရှိနေသည်မှာ အံ့ဩစရာမဟုတ်ချေ။ သို့ရာတွင် မြို့ကြီးများသို့ ပြောင်းရွှေ့နေထိုင်ကြသောလူများစွာအတွက် ပို၍ကောင်းသောဘဝအိပ်မက်များမှာ မှန်းချက်နှင့်နှမ်းထွက်မကိုက်ဘဲဖြစ်နေ၏။ “ကမ္ဘာ့လူဦးရေကောင်စီ၏ မကြာသေးမီကပြုလုပ်သော လေ့လာချက်တစ်ရပ်အရ ဖွံ့ဖြိုးဆဲကမ္ဘာမှ မြို့ပြအချက်အချာဒေသများရှိ ဘဝအရည်အသွေးသည် ယနေ့ကျေးလက်ဒေသများထက် ပို၍ညံ့ဖျင်းနေသည်” ဟု ၁၉၉၈ အရေးပါသောလက္ခဏာရပ်များစာအုပ်ကဆို၏။ ထိုသို့အဘယ်ကြောင့်ဖြစ်ရသနည်း။

ဟင်နရီ ဂျီ. စစ်နာရိုစ်က မြို့ပြပတ်ဝန်းကျင်၏ လူ့ရှုထောင့်စာအုပ်တွင် ဤသို့ရေးသားသည်– “ကျူးကျော်ရပ်ကွက်များ၌ ဆင်းရဲသားများ စုပြုံလာကြသောအခါ သူတို့၏ပြဿနာများမှာ လျင်မြန်စွာကြီးထွားလာခဲ့သည်။ . . . အများအားဖြင့် ဆင်းရဲသားများ စုပြုံတိုးပွားလာမှုနှင့်အတူ အလုပ်လက်မဲ့ပြဿနာ၊ တိုးပွားလာသည့် ရေရှည်မှီခိုအားထားမှု၊ ပေါများလာသည့် လူထုကျန်းမာရေးပြဿနာနှင့် ထိတ်လန့်စရာအကောင်းဆုံးမှာ မြင့်တက်လာသည့်ရာဇဝတ်မှုတို့ ဒွန်တွဲလိုက်ပါလာသည်။” အလားတူ ကြီးမားသောမြို့ပြ တိုးပွားလာမှုနှင့် အနာဂတ်စာအုပ်ကလည်း ဤသို့ဆိုသည်– “လူတို့အလုံးအရင်းနှင့်ဝင်ရောက်ခြင်းက အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ပုံမှန်အလုပ်မရှိခြင်းတို့ကို တိုးများစေသည်၊ အကြောင်းရင်းမှာ အလုပ်ဈေးကွက်က အလုပ်ရှာဖွေသူများပြားခြင်း၏ဒဏ်ကို မခံနိုင်သောကြောင့်ဖြစ်ပေမည်။”

လမ်းပေါ်နေကလေး တိုးများလာခြင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏မြို့ကြီးများ၌ရှိနေသည့် ဆင်းရဲတွင်းနက်မှု၏ နှလုံးကြေကွဲဖွယ်ရာ သက်သေသာဓကပင်။ ခန့်မှန်းချက်တချို့အရ ကမ္ဘာတစ်ဝန်းတွင် လမ်းပေါ်နေကလေးပေါင်း သန်း ၃၀ ခန့်ရှိသည်! ကြီးမားသောမြို့ပြ တိုးပွားလာမှုနှင့်အနာဂတ်စာအုပ်က ဤသို့ဆိုသည်– “ဆင်းရဲနွမ်းပါးမှုနှင့် အခြားပြဿနာများက မိသားစုနှောင်ကြိုးများကို တဖြည်းဖြည်းတိုက်စားခဲ့သောကြောင့် လမ်းပေါ်နေကလေးများသည် ကိုယ့်ခြေပေါ်ကိုယ်ရပ်တည်ရန် ဖိအားပေးခံခဲ့ကြရသည်။” ထိုသို့သောကလေးများသည် အမှိုက်ပုံများ၌ရှာဖွေခြင်း၊ တောင်းရမ်းခြင်း သို့မဟုတ် ဒေသန္တရဈေးများ၌ အခိုင်းအစေလုပ်ခြင်းတို့အားဖြင့် စိတ်ဆင်းရဲဖွယ်ဘဝကို မနည်းအသက်ဆက်နေကြရှာသည်။

အခြားမနှစ်မြို့ဖွယ်ရာအမှန်တရားများ

ဆင်းရဲမွဲတေမှုက ရာဇဝတ်မှုကို ဖြစ်ပွားစေနိုင်သည်။ ၎င်း၏ဆန်းသစ်သော ခေတ်မီနည်းစနစ်ကြောင့် ကျော်ကြားခဲ့သည့် တောင်အမေရိကရှိမြို့တစ်မြို့သည် ရာဇဝတ်မှုအလွန်ထူပြောလာသဖြင့် အဆိုပါမြို့သည် သံလက်ရန်းဝင်းခြံများရှိသည့်နယ်မြေ လျင်မြန်စွာဖြစ်လာနေသည်။ သူဌေးသူကြွယ်များမှအစ ဆင်းရဲသားများအဆုံး နိုင်ငံသားများသည် မိမိတို့၏ပစ္စည်းဥစ္စာနှင့် အေးအေးဆေးဆေးနေလိုခြင်းကို ကာကွယ်ရန် သံစည်းရိုးများကာရံထားကြသည်။ တစ်နည်းဆိုရလျှင် သူတို့သည် လှောင်အိမ်များ၌ နေထိုင်ကြသည်။ အချို့မှာ မိမိတို့၏အိမ် ဆောက်လုပ်၍မပြီးစီးမီမှာပင် သံခြံဝင်းများကာရံထားကြသည်။

ထို့ပြင် ဧရာမလူဦးရေက ရေနှင့် ကျန်းမာသန့်ရှင်းရေးကဲ့သို့သော မြို့ကြီး၏ အခြေခံဝန်ဆောင်မှုများပေးနိုင်စွမ်းကို ပျက်ပြားစေသည်။ ခန့်မှန်းခြေအရ အာရှမြို့တစ်မြို့တွင် အများသုံးအိမ်သာ ၅၀၀,၀၀၀ လိုအပ်လျက်ရှိသည်။ သို့တိုင် အိမ်သာ ၂၀၀ မျှသာအသုံးပြုလျက်နေသည်ကို တွေ့ရှိနိုင်ကြောင်း မကြာသေးမီကပြုလုပ်သော စူးစမ်းလေ့လာမှုတစ်ရပ်ကဆိုသည်!

လူဦးရေများလွန်းမှုက ဒေသန္တရပတ်ဝန်းကျင်အပေါ် အကြီးအကျယ်ဂယက်ရိုက်ကြောင်းကို လျစ်လျူရှု၍မဖြစ်ပါ။ မြို့ပြနယ်နိမိတ်များ တိုးချဲ့လာခြင်းကြောင့် အနီးအနားရှိ လယ်ယာခြံမြေများ ကွယ်ပျောက်ကုန်၏။ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့၏ ဖဲဒရီကို မေယာချုပ်ဟောင်းက ဤသို့ဆိုသည်– “မြို့ကြီးများသည် စွမ်းအင်အများအပြားကို သုံးစွဲပစ်သည်၊ ရေပေးဝေမှုများကို ကုန်ခန်းစေပြီး အစားအစာနှင့် ရုပ်ဝတ္ထုပစ္စည်းများကို ဝါးမျိုပစ်သည် . . . ၎င်းတို့၏ရုပ်ပိုင်းဆိုင်ရာပတ်ဝန်းကျင်သည် အဝင်အထွက်ကို ထောက်ပံ့မပေးနိုင်တော့သည့်အတွက် ပျက်ပြုန်းသွားခဲ့သည်။”

အနောက်နိုင်ငံများရှိ မြို့ကြီးပြဿနာများ

အနောက်နိုင်ငံများ၏အခြေအနေသည် သိပ်မဆိုးရွားလှသော်လည်း မြို့ပြအကျပ်အတည်းမှာမူ ရှိနေဆဲပင်။ ဥပမာ၊ အမေရိကန်မြို့ကြီးများ၏အကျပ်အတည်းစာအုပ်က ဤသို့ဆိုသည်– “ယနေ့ အမေရိကန်မြို့ကြီးများသည် အတိုင်းထက်အလွန်ဖြစ်ပွားနေသည့် အကြမ်းဖက်မှုကြောင့် သိသာထင်ရှားလျက်ရှိသည်။ . . . အမေရိကန်မြို့ကြီးများတွင် အကြမ်းဖက်မှုပျံ့နှံ့ခြင်းသည် အလွန်ဆိုးဝါးလှသဖြင့် ဆေးဘက်ဆိုင်ရာဂျာနယ်များက ကျွန်ုပ်တို့ခေတ်ကာလ၏ လူထုကျန်းမာရေးကိစ္စကြီးများအနက်တစ်ခုအဖြစ် အလေးပေးရေးသားခဲ့ကြသည်။” မှန်ပါသည်၊ ကမ္ဘာတစ်ဝန်းရှိ အဓိကမြို့ကြီးများတွင် အကြမ်းဖက်မှုကပ်ဆိုက်လျက်ရှိသည်။

မြို့ကြီးများစွာသည် အလုပ်ရှင်များကို မဆွဲဆောင်နိုင်အောင်ဖြစ်လာရသည့် အကြောင်းရင်းတစ်ခုမှာ မြို့နေဘဝယိုယွင်းပျက်စီးမှုကြောင့်ဖြစ်သည်။ မြို့ပြဝန်းကျင်၏လူ့ရှုထောင့်စာအုပ်က ဤသို့ဆိုသည်– “စီးပွားရေးလုပ်ငန်းများသည် စက်ရုံများကို ပိတ်ပစ်လိုက်ပြီး ‘ပျက်စီးယိုယွင်းနေသောမြေများ’—⁠ဖွံ့ ဖြိုးတိုးတက်မှုအတွက် လုံးလုံးမသင့်တော်သည့် အဆိပ်သင့်ပစ္စည်းများ မြှုပ်နှံထားရာမြေများပေါ်မှ လူသူမဲ့အဆောက်အအုံများ—⁠ကိုစွန့်ခွာသွားကြကာ ဆင်ခြေဖုံးရပ်ကွက်များ သို့မဟုတ် ပင်လယ်ရပ်ခြားသို့ ပြောင်းရွှေ့ခဲ့ကြသည်။” ရလဒ်အနေနှင့်၊ မြို့ကြီးများရှိ “ဝန်းကျင်ဆိုင်ရာပြဿနာများ—⁠မိလ္လာပြွန်စနစ်များ ပျက်စီးသည့်နေရာ; ရေသန့်ရှင်းမှုချို့တဲ့သည့်နေရာ; ကြွက်များ၊ ပိုးမွှားများမင်းမူသည့်အမှိုက်ပုံများ ပြည့်နေသည့်မြေကွက်များနှင့် ကျူးကျော်ရပ်ကွက်များရှိသည့်နေရာ; ပျက်စီးယိုယွင်းနေသည့် အခန်းတွဲအဆောက်အအုံနံရံများမှ သုတ်ဆေးများကို ကလေးငယ်များစားသုံးမိသည့်နေရာ . . . မည်သူမျှဂရုစိုက်ပုံမပေါ်သည့်နေရာ—⁠ကို အလွယ်တကူလျစ်လျူရှုလိုက်ကြသည့်” ဒေသများတွင် ဆင်းရဲသားများစုပြုံနေကြသည်ကို တွေ့ရှိလာကြသည်။” ထိုကဲ့သို့သော ပတ်ဝန်းကျင်မျိုးတွင် ရာဇဝတ်မှု၊ အကြမ်းဖက်မှုနှင့် မျှော်လင့်ချက်ကင်းမဲ့မှုတို့ တည်ရှိလျက်ရှိသည်။

ထို့ပြင် အနောက်တိုင်းမြို့ကြီးများသည် အခြေခံဝန်ဆောင်မှုများစီမံပေးရေးတွင် အခက်အခဲများရှိနေသည်။ ၁၉၈၁ ခုနှစ်က စာရေးဆရာများဖြစ်ကြသော ပတ် ချိုအေ့တ်နှင့် စူဇန် ဝေါလ်တာတို့သည် ပျက်စီးယိုယွင်းနေသည့် အမေရိကန်—⁠ဆွေးမြေ့နေသော အခြေခံအဆောက်အအုံဟူ၍ ထူးခြားသည့်ခေါင်းစဉ်ဖြင့် စာအုပ်တစ်အုပ် ရေးသားခဲ့ကြသည်။ ထိုစာအုပ်တွင် သူတို့ ဤသို့ဆိုသည်– “အမေရိကန်၏ ပြည်သူပိုင်ပစ္စည်းများ ပျက်ပြုန်းခြင်းသည် ပြန်လည်အစားထိုးပေးထားခြင်းထက် ပို၍လျင်မြန်နေသည်။” စာရေးဆရာများသည် အဓိကမြို့ကြီးများ၏ သံချေးတက်နေသည့်တံတားများ၊ ပျက်စီးယိုယွင်းနေသည့်လမ်းမများ၊ ပျက်စီးနေသည့် မိလ္လာပြွန်စနစ်များနှင့်ပတ်သက်၍ အထိတ်တလန့်ဖော်ပြခဲ့ကြသည်။

အနှစ်နှစ်ဆယ်ကျော်လွန်ပြီးနောက် နယူးယောက်မြို့ကဲ့သို့သော မြို့ကြီးများတွင် ယိုယွင်းနေသောအခြေခံအဆောက်အအုံများ ရှိနေဆဲပင်။ နယူးယောက်မဂ္ဂဇင်းမှဆောင်းပါးတစ်ပုဒ်က တတိယ ရေဥမင်လိုဏ်ခေါင်းစီမံကိန်းကြီးအကြောင်းကို ဖော်ပြခဲ့သည်။ ယခုအခါ ယင်းသည် နှစ်ပေါင်း ၃၀ ခန့်ကြာညောင်းခဲ့ပြီး အနောက်ကမ္ဘာခြမ်းတွင် တစ်ခုတည်းသော အကြီးမားဆုံးအခြေခံအဆောက်အအုံစီမံကိန်း ဟုခေါ်ဆိုကြသည်။ ယင်းစီမံကိန်း၌ ဒေါ်လာ ငါးဘီလီယံခန့် သုံးစွဲမည်ဖြစ်သည်။ ထိုဥမင်လိုဏ်ခေါင်း ပြီးစီးသွားသည့်အခါ နယူးယောက်မြို့ကို တစ်နေ့လျှင် ရေချိုဂါလံ တစ်ဘီလီယံ ဖြန့်ဝေပေးမည်ဖြစ်သည်။ “သို့သော် အလွန်ကြီးမားသော ဤတူးဖော်မှုအားလုံးအတွက် ထိုဥမင်လိုဏ်ခေါင်းသည် လက်ရှိပိုက်များကို ဖြည့်စွက်ပေးမှုအတွက်သာဖြစ်ရာ ယင်းပိုက်များကို နှစ်ဆယ်ရာစုအစပိုင်း၌ ဆောက်လုပ်ပြီးကတည်းက ပထမဦးဆုံးအကြိမ်အနေနှင့် ပြန်လည်ပြုပြင်နိုင်ခဲ့သည်” ဟုစာရေးဆရာကဆိုသည်။ သည်နယူးယောက်တိုင်းမ်စ် မဂ္ဂဇင်းမှဆောင်းပါးတစ်ပုဒ်အဆိုအရ ကျန်ရှိနေသည့် ထိုမြို့၏ပျက်စီးယိုယွင်းနေသည့် အခြေခံအဆောက်အအုံ—⁠၎င်း၏မြေအောက်လမ်းများ၊ ရေပြွန်မကြီးများ၊ လမ်းမကြီးများ၊ တံတားများ—⁠ကို ပြန်လည်ပြုပြင်ရေးတွင် ခန့်မှန်းခြေအားဖြင့် ဒေါ်လာ ၉၀ ဘီလီယံခန့် ကုန်ကျမည်ဖြစ်သည်။

နယူးယောက်မြို့သည် လိုအပ်သောဝန်ဆောင်မှုများကို ခက်ခက်ခဲခဲပေးနေသည့် တစ်ခုတည်းသောမြို့ကားမဟုတ်ချေ။ အမှန်အားဖြင့် မြို့ကြီးများစွာသည် အကြောင်းရင်းအမျိုးမျိုးကြောင့် ဖရိုဖရဲပြိုကွဲသွားနိုင်ကြောင်း သက်သေထူခဲ့ကြပြီ။ ၁၉၉၈ ဖေဖော်ဝါရီလတွင် နယူးဇီလန်၊ အော့ကလန်မြို့သည် လျှပ်စစ်စွမ်းအားအကြီးအကျယ်ပျက်ပြားမှုကြောင့် နှစ်ပတ်ကျော်ကျော် ထိခိုက်နစ်နာခဲ့သည်။ ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်လည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်သည့်စက်ရုံတစ်ရုံ၌ စက်မှုပိုင်းဆိုင်ရာ မတော်တဆမှုတစ်ခုကြောင့် ဓာတ်ငွေ့ထောက်ပံ့မှုများ ပြတ်တောက်သွားသောအခါ မြို့သူမြို့သားများသည် ၁၃ ရက်ကြာ ရေပူမရဘဲ စခန်းသွားခဲ့ကြရသည်။

ထို့ပြင် မြို့ကြီးအားလုံးနီးပါးသည် ယာဉ်ပိတ်ဆို့မှုပြဿနာများကို ခံစားနေကြရသည်။ “မြို့ကြီးများ၏အတိုင်းအတာနှင့် သယ်ယူပို့ဆောင်ရေးစနစ်များအကြားတွင် အခြေခံကျသည့်ပဋိပက္ခ—⁠တလွဲတချော်ဖြစ်မှု—⁠တည်ရှိနေသည်။ . . . သက်တမ်းကြာမြို့ကြီးများသည် ၎င်းတို့တည်ထောင်ချိန်က ထည့်မစဉ်းစားမိခဲ့ကြသည့် ယာဉ်အသွားအလာပမာဏအတွက် မြို့လယ်ကောင်များကို အလိုက်သင့်ပြုပြင်ခဲ့ကြပြီ” ဟု ဗိသုကာပညာရှင် မိုရှီ ဆာဖ်ဒီကဆိုသည်။ သည်နယူးယောက်တိုင်းမ်စ်မဂ္ဂဇင်းအဆိုအရ ကိုင်ရို၊ ဘန်ကောက်နှင့် ဆောပိုလိုအစရှိသောမြို့ကြီးများတွင် ယာဉ်ပိတ်ဆို့မှုများသည် “ထုံးစံ” ဖြစ်နေသည်။

ဤပြဿနာများရှိလျက်နှင့် မြို့ကြီးများသို့ ရွှေ့ပြောင်းခြင်းသည် အတောသတ်နိုင်မည့်ပုံမပေါ်ချေ။ “မှားမှားမှန်မှန်၊ မြို့ကြီးသည် တိုးတက်မှုနှင့်လွတ်လပ်မှု၊ အခွင့်အလမ်းမြင်ကွင်း၊ မတွန်းလှန်နိုင်သော သွေးဆောင်မှုတို့ကို ကမ်းလှမ်းမည့်ပုံပေါ်သည်” ဟုသည်ယူနက်စကို ကူရီယာ မှ ဆောင်းပါးတစ်ပုဒ်ဆိုသည့်အတိုင်း သတ်မှတ်ရပေမည်။ သို့သော် ကမ္ဘာပေါ်ရှိ မြို့ကြီးများအတွက် အဘယ်အနာဂတ်ရှိသနည်း။ ၎င်းတို့၏ပြဿနာများအတွက် အမှန်လက်တွေ့ကျသောဖြေရှင်းချက် တစ်စုံတစ်ရာရှိပါသလော။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“လူတို့အလုံးအရင်းနှင့်ဝင်ရောက်ခြင်းက အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ပုံမှန်အလုပ်မရှိခြင်းတို့ကို တိုးများစေ”

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယာဉ်ပိတ်ဆို့မှုများသည် မြို့ကြီးများစွာကို ဘေးသင့်နေ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သန်းနှင့်ချီသော လမ်းပေါ်နေကလေးများသည် ကိုယ့်ခြေပေါ်ကိုယ် ရပ်တည်နေကြရ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မြို့နေလူထုများစွာအတွက် သာ၍ကောင်းသော ဘဝအိပ်မက်များသည် မှန်းချက်နှင့်နှမ်းထွက်မကိုက်ဖြစ်နေ