ခေတ်သစ်ဆေးပညာ မည်မျှအထမြောက်နိုင်မည်နည်း
ခေတ်သစ်ဆေးပညာ မည်မျှအထမြောက်နိုင်မည်နည်း
ကလေးငယ်များစွာတို့သည် မိမိတို့လက်လှမ်းမမီသည့် ပန်းသီးတစ်လုံးကိုခူးရန် ကစားဖော်တစ်ဦး၏ပခုံးပေါ် တက်ပြီးခူးရကြောင်း ငယ်ရွယ်စဉ်ကတည်းက သိရှိကြသည်။ ဆေးပညာလောက၌လည်း အလားတူဖြစ်ပျက်လျက်ရှိ၏။ ဆေးသုတေသီများသည် အတိတ်မှ အထင်ကရဆေးပညာရှင်များ၏ အောင်မြင်ပြီးမြောက်မှုအပေါ် အခြေခံ၍ အောင်မြင်မှု မြင့်မားသည်ထက် မြင့်မားလာခဲ့ပြီ။
ထိုအစောပိုင်း ဆေးကုသသူများထဲတွင် ဟစ်ပိုကရေးတီးစ်နှင့် ပါစတာကဲ့သို့သော နာမည်ကျော်ကြားသူများအပြင် လူများစွာတို့ အကျွမ်းတဝင်မရှိကြသည့် ဗီဆာလီယပ်စ်နှင့် ဝီလျံ မော်တွန် တို့ကဲ့သို့သော ဆရာဝန်များလည်း ပါဝင်ကြ၏။ ခေတ်သစ်ဆေးပညာသည် ထိုသူတို့အပေါ် အဘယ်ကြွေးတင်ရှိနေသနည်း။
ရှေးအချိန်က ကုသနည်းပညာရပ်များသည် သိပ္ပံဆိုင်ရာ စွန့်စားဆောင်ရွက်မှုများမဟုတ်ကြဘဲ အယူသီးမှု၊ ဘာသာရေးထုံးတမ်းဓလေ့များနှင့် အဓိက ပါဝင်ပတ်သက်နေသည့် ပညာရပ်များဖြစ်ကြ၏။ ဆေးပညာ၏ မော်ကွန်းကဗျာဟူသည့် စာအုပ်ကို တည်းဖြတ်ထုတ်ဝေခဲ့သူ ဒေါက်တာ ဖီးလိဇ် မာတီအီဘန်ယက်စ်က ဤသို့ဆိုသည်– “ရောဂါဟူသည် နတ်ဘုရားများကပေးသည့် အပြစ်ဒဏ်ဟု ယုံကြည်ခဲ့ကြသောကြောင့် မက်ဆိုပိုတေးမီးယားလူမျိုးများသည် ရောဂါတိုက်ဖျက်ရေးအတွက် ဆေးနှင့် ဘာသာရေးရောနှောထားသည့် ဆေးပညာကို အသုံးပြုခဲ့ကြ၏။” ယင်းနောက်မကြာမီ ပေါ်ထွက်လာသော အီဂျစ်လူမျိုးတို့၏ ဆေးပညာသည်လည်း ဘာသာရေးနှင့်ဆက်နွှယ်ခဲ့သည်။ သို့ဖြစ်၍ ကနဦးကပင် ဆေးကုသပေးသူကို ဘာသာရေးအရ ကြည်ညိုလေးစားခဲ့ကြ၏။
ရွှံ့စေးအောက်ခံခုံဟူသည့်စာအုပ်၌ ဒေါက်တာ သောမတ်စ် အေ. ပရက်စ်တန်က ဤသို့ဆိုသည်– “ရှေးခေတ်လူတို့၏ ယုံကြည်ချက်များစွာသည် ယနေ့အထိရှင်သန်လျက်ရှိသော ဆေးဝါးကုထုံးတို့အပေါ် အရာထင်စေခဲ့ကြ၏။ ထိုသို့သောယုံကြည်ချက်တစ်မျိုးမှာ ရောဂါဟူသည် လူနာက ထိန်းချုပ်၍မရသောအရာဖြစ်ပြီး နာလန်ပြန်ထဖို့ ဆရာဝန်၏မှော်အစွမ်းသည်သာ မျှော်လင့်စရာဖြစ်သည်ဟူ၏။”
အုတ်မြစ်များချခြင်း
သို့ရာတွင် အချိန်တန်သော် ဆေးဝါးကုထုံးသည် သိပ္ပံပညာဘက်သို့ တိုး၍တိုး၍ ချဉ်းကပ်လာခဲ့သည်။ အကျော်ကြားဆုံး ရှေးသိပ္ပံနည်းဖြင့်ကုသပေးသူမှာ ဟစ်ပိုကရေးတီးစ်ဖြစ်သည်။ သူ့ကို ဘီ.စီ.အီး. ၄၆၀ ခုနှစ်ခန့်၌ ကိုးစ်ဟူသည့် ဂရိကျွန်းတစ်ကျွန်းပေါ်တွင် မွေးဖွားခဲ့ပြီး အနောက်တိုင်းဆေးပညာ၏ဖခင်အဖြစ် အများကယူမှတ်ခဲ့ကြ၏။ ဟစ်ပိုကရေးတီးစ်သည် ဆေးပညာကို ဆင်ခြင်တုံတရားနှင့်ချဉ်းကပ်ရန် အခြေခံချမှတ်ပေးခဲ့သည်။ ရောဂါဟူသည် နတ်ဘုရားတစ်ပါးကပေးသည့် ပြစ်ဒဏ်တစ်ခုဟူသော အယူအဆကို ငြင်းပယ်ခဲ့ပြီး ရောဂါဖြစ်ရသည့် သဘာဝအကြောင်းတရားတစ်ခု ရှိခဲ့ရမည်ဟု ကျိုးကြောင်းပြပြောဆိုခဲ့သည်။ ဥပမာ၊ ဝက်ရူးပြန်ရောဂါကို နတ်ဘုရားများကသာ ပျောက်ကင်းစေနိုင်သည်ဟူသော ယုံကြည်ချက်ကြောင့် ယင်းရောဂါကို မြင့်မြတ်သောရောဂါဟု သမုတ်ခဲ့ကြသည်မှာ ကြာမြင့်ပြီဖြစ်၏။ သို့ရာတွင် ဟစ်ပိုကရေးတီးစ်က ဤသို့ရေးသားခဲ့လေသည်– “မြင့်မြတ်သောရောဂါဟုခေါ်သည့် ယင်းရောဂါသည် ကျွန်ုပ်တို့အတွက်မူ အခြားရောဂါများထက် ပို၍မြင့်မြတ်သည့်ပုံ၊ ပို၍မွန်မြတ်သည့်ပုံမပေါ်ချေ၊ သို့သော် ယင်းရောဂါဖြစ်ရသည့် သဘာဝအကြောင်းတရားတစ်ခုရှိရပေမည်။” ရောဂါအမျိုးမျိုး၏လက္ခဏာစုများကို တွေ့ရှိ၍ နောင်မှီငြမ်းရန်အတွက် မှတ်တမ်းတင်ခဲ့သည့် ပထမဦးဆုံးသော ကုသပေးသူတစ်ဦးဟုလည်း ဟစ်ပိုကရေးတီးစ်ကို သိရှိခဲ့ကြသည်။
ရာစုနှစ်များစွာကြာပြီးနောက် ဂရိဆရာဝန် ဂါလန်ကို စီ.အီး. ၁၂၉ ခုနှစ်၌ မွေးဖွားခဲ့ပြီး အလားတူ ဆန်းသစ်သော သိပ္ပံဆိုင်ရာသုတေသနကို ပြုလုပ်ခဲ့၏။ ဂါလန်သည် လူသားနှင့်တိရစ္ဆာန်တို့၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အခြေပြု၍ ဆရာဝန်များ ရာစုနှစ်များစွာ အသုံးပြုခဲ့ကြသည့် ခန္ဓာဗေဒကျမ်းတစ်စောင်ကို ပြုစုခဲ့သည်! အင်ဒရာ့စ် ဗက်ဆာလီယပ်စ်သည် ၁၅၁၄ ခုနှစ်တွင် ဘရပ်ဆဲလ်မြို့၌ မွေးဖွားခဲ့ပြီး လူ့ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်းစာအုပ်ကို ရေးသားခဲ့လေသည်။ ယင်းစာအုပ်သည် ဂါလန်၏ယူဆချက်များနှင့် များစွာဆန့်ကျင်သောကြောင့် အတိုက်အခံကြုံခဲ့ရသော်လည်း ခေတ်သစ်ခန္ဓာဗေဒအတွက် အခြေခံအုတ်မြစ်ကို ချပေးခဲ့လေသည်။ ဒီ ဂရိုဆန် (ထိတ်ထိတ်ကြဲများ) စာအုပ်၏အဆိုအရ ဗက်ဆာလီယပ်စ်သည် “လူခပ်သိမ်းနှင့် အခါခပ်သိမ်းတို့၏ အရေးပါဆုံးသော ဆေးသုတေသီတစ်ဦး” ဖြစ်လာခဲ့၏။
* အင်္ဂလိပ်လူမျိုး ဆရာဝန် ဝီလျံဟာဗေးသည် တိရစ္ဆာန်များနှင့် ငှက်များကို နှစ်နှင့်ချီ၍ ခွဲစိတ်လေ့လာခဲ့၏။ သူသည် နှလုံးအဆို့ရှင်များ၏ လုပ်ဆောင်ချက်ကို လေ့လာတွေ့ရှိခဲ့ပြီး နှလုံးသွေးညှစ်ခန်းတစ်ခုစီရှိ သွေးပမာဏကို တိုင်းတာခဲ့ကာ ခန္ဓာကိုယ်ရှိ သွေးပမာဏကို ခန့်မှန်းခဲ့သည်။ ဟာဗေးသည် မိမိ၏ရှာဖွေတွေ့ရှိချက်များကို ၁၆၂၈ ခုနှစ်၌ တိရစ္ဆာန်များ၏ နှလုံးနှင့်သွေးတို့၏ လှုပ်ရှားမှုအကြောင်းဟု ခေါ်တွင်သည့် စာအုပ်တစ်အုပ်၌ ရေးသားထုတ်ဝေခဲ့၏။ သူသည် ဝေဖန်ခြင်း၊ ဆန့်ကျင်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် စော်ကားခြင်းတို့ကို ခံခဲ့ရသည်။ သို့သော် သူ၏လုပ်ဆောင်မှုသည် ဆေးပညာ၌ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့သည်—သူသည် ကိုယ်ခန္ဓာ၏ သွေးလှည့်ပတ်မှုစနစ်ကို ရှာဖွေတွေ့ရှိခဲ့သည်တကား!
နှလုံး၊ သွေးလှည့်ပတ်မှုတို့နှင့်ပတ်သက်သည့် ဂါလန်၏သီအိုရီများသည်လည်း အချိန်တန်သော် မှောက်လှန်ခြင်းခံခဲ့ရလေသည်။ဆံပင်ညှပ်ခြင်းမှ ခွဲစိတ်ကုသခြင်းသို့
ခွဲစိတ်ကုပညာရပ်များ၌လည်း များစွာတိုးတက်လျက်ရှိ၏။ အလယ်ခေတ်ကာလအတွင်းက ခွဲစိတ်ကုသမှုသည် မကြာခဏပင် ဆံသသမားများ၏ အလုပ်ဖြစ်လေ့ရှိသည်။ အချို့က ခေတ်သစ်ခွဲစိတ်ကုပညာ၏ဖခင်မှာ ၁၆ ရာစုက အသက်ရှင်ခဲ့ပြီး ပြင်သစ်ဘုရင်လေးပါး၏အမှုတော်ကို ထမ်းရွက်ခဲ့သော ရှေ့ဆောင်ခွဲစိတ်ကုဆရာဝန် ပြင်သစ်အမျိုးသား အမ်ဘရွိုက်စ် ပါရာဖြစ်သည်ဟု ဆိုကြသည်မှာ အံ့ဩစရာမဟုတ်ပေ။ ပါရာသည် ခွဲစိတ်ကိရိယာအတော်များများကိုလည်း တီထွင်ခဲ့၏။
၁၉ ရာစုတွင် ထိုခွဲစိတ်ကုဆရာဝန် ရင်ဆိုင်နေရဆဲဖြစ်သည့် အဓိကပြဿနာတစ်ခုမှာ ခွဲစိတ်ကုသရာတွင် နာကျင်မှု မလျော့စေနိုင်ခြင်းဖြစ်၏။ သို့သော် ၁၈၄၆ ခုနှစ်တွင် ဝီလျံ မော်တန် အမည်ရှိသော သွားခွဲစိတ်ကုဆရာဝန်တစ်ဦးသည် ခွဲစိတ်ကုသမှုတွင် မေ့ဆေးကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသည့်နည်းလမ်းကို ဖွင့်ပေးခဲ့သည်။ *
၁၈၉၅ ခုနှစ်ရောက်သော် ဂျာမန်ရူပဗေဒပညာရှင် ဗီဟဲမ် ရွန်ဂန်သည် လျှပ်စစ်ဖြင့်စမ်းသပ်နေခိုက် အရိုးကိုမဟုတ်ဘဲ အသားကိုဖြတ်သန်းသွားသည့် ရောင်ခြည်များကို တွေ့မြင်ခဲ့သည်။ ရောင်ခြည်များ၏ဇာစ်မြစ်ကို သူမသိခဲ့ချေ၊ ထို့ကြောင့် အိတ်စ်ရေး (X rays) ဟုခေါ်ခဲ့ရာ အင်္ဂလိပ်ဘာသာစကားပြောသော လောကတွင် ယင်းအမည်ကို အသုံးပြုနေကြဆဲဖြစ်သည်။ (ဂျာမန်လူမျိုးများက ယင်းတို့ကို ရွန်ဂန်စတရာလင် [ရွန်ဂန် ရောင်ခြည်များ] ဟုသိရှိကြသည်။) ဒီ ဂရိုဆန် ဒူအီချင် (ထိတ်ထိတ်ကြဲ ဂျာမန်လူမျိုးများ) စာအုပ်အရ ရွန်ဂန်သည် မိမိ၏ဇနီးအား “လူတွေက ‘ရွန်ဂန်တော့ ရူးသွားပြီ’ လို့ပြောကြလိမ့်မယ်” ဟုဆိုခဲ့၏။ တချို့ ထိုသို့ဆိုခဲ့ကြသည်။ သို့ရာတွင် သူ၏ရှာဖွေတွေ့ရှိမှုက ခွဲစိတ်ကုသမှုကို တစ်ခေတ်ဆန်းစေခဲ့၏။ ယခုအခါ ခွဲစိတ်ကုဆရာဝန်များသည် ကိုယ်ခန္ဓာအတွင်းပိုင်းကို မခွဲစိတ်ဘဲ ကြည့်ရှုနိုင်ကြပြီဖြစ်သည်။
ရောဂါများကို အနိုင်ယူခြင်း
ခေတ်ကာလများတစ်လျှောက် ကျောက်ရောဂါကဲ့သို့သော ကူးစက်တတ်သည့်ရောဂါများသည် မကြာခဏဆိုသလိုပင် ကူးစက်ရောဂါ
များ၊ ထိတ်လန့်ကြောက်ရွံ့မှုနှင့် သေခြင်းတို့ကို ဖြစ်စေခဲ့၏။ အစ္စလာမ်လောက၏ အကျော်ကြားဆုံးသောဆရာဝန်ဟု လူအချို့၏ ယူမှတ်ခြင်းခံခဲ့ရသည့် ၉ ရာစုက ပါရှန်းလူမျိုးတစ်ဦးဖြစ်သူ အာရာဇာသည် ကျောက်ရောဂါအကြောင်းကို ဆေးပညာနှင့်အညီ ပထမဦးဆုံး တိတိကျကျ ရေးသားဖော်ပြခဲ့သည်။ သို့သော် ရာစုနှစ်များစွာကြာပြီးနောက် အက်ဒွပ် ဂျန်နာဟု ခေါ်တွင်သည့် ဗြိတိသျှလူမျိုး ဆရာဝန်တစ်ဦးသည် ကျောက်ရောဂါကုသနည်းကို တွေ့ရှိခဲ့၏။ တစ်ဦးတစ်ယောက်သည် နွားကျောက်အရေပြားရောဂါ—အန္တရာယ်မရှိသောရောဂါ—တစ်ကြိမ်ကူးစက်ခံရသော်လည်း ကျောက်ရောဂါပြီးကြောင်း ဂျန်နာသတိပြုမိခဲ့၏။ ဤရှာဖွေတွေ့ရှိမှုကို အခြေခံ၍ ဂျန်နာသည် ကျောက်ရောဂါကာကွယ်ဆေး ဖော်ထုတ်ရန် နွားကျောက်အရေပြားရောဂါကို အသုံးပြုခဲ့သည်။ ၎င်းအချိန်မှာ ၁၇၉၆ ခုနှစ်ကဖြစ်၏။ ဂျန်နာသည်လည်း သူ့အရင် အခြားဆန်းသစ်တီထွင်သူများနည်းတူ ဝေဖန်ဆန့်ကျင်ခံခဲ့ရသည်။ သို့သော် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ သူ၏ရှာဖွေတွေ့ရှိမှုသည် နောက်ဆုံး၌ ရောဂါကိုဖယ်ရှားပေးကာ အစွမ်းထက်သော ဆေးဝါးတစ်လက်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရ၏။ပြင်သစ်လူမျိုး လူးဝစ်ပါစတာသည် ခွေးရူးပြန်ရောဂါနှင့် ထောင့်သန်းရောဂါကို တိုက်ဖျက်ရန် ကာကွယ်ဆေးထိုးခြင်းကို အသုံးပြုခဲ့သည်။ ထို့အပြင် ပိုးမွှားများသည် ရောဂါဖြစ်ရသည့်အကြောင်းရင်းတွင် အဓိကကျကြောင်းကိုလည်း သက်သေပြခဲ့၏။ ၁၈၈၂ ခုနှစ်၌ ရောဘတ် ကို့ခ်ျ သည် “၁၉ ရာစု၏ ကြောက်စရာအကောင်းဆုံး လူသတ်ကောင်” အဖြစ် သမိုင်းပညာရှင်တစ်ဦးဖော်ပြခဲ့သော တီဘီရောဂါပိုးကို ခွဲခြားဖော်ထုတ်ခဲ့သည်။ တစ်နှစ်ခန့်ကြာပြီးနောက် ကို့ခ်ျသည် ကာလဝမ်းရောဂါပိုးကို ခွဲခြားဖော်ထုတ်ခဲ့ပြန်၏။ အသက်မဂ္ဂဇင်းက ဤသို့ဆိုသည်– “ပါစတာနှင့်ကို့ခ်ျတို့၏ လုပ်ဆောင်မှုက သိပ္ပံအဏုဇီဝဗေဒကဏ္ဍကို ဖွင့်ပေးလိုက်ပြီး ရောဂါပြီးစနစ်ဗေဒ၊ ကျန်းမာသန့်ရှင်းရေးနှင့် တစ်ကိုယ်ရေကျန်းမာရေးတို့တွင် တိုးတက်လာစေခဲ့သည်၊ ယင်းတို့က လွန်ခဲ့သောအနှစ်တစ်ထောင်အချိန်ကာလ၏ အခြားသိပ္ပံပညာတိုးတက်မှုမှန်သမျှထက် လူ့သက်တမ်းကို ပို၍တိုးမြှင့်စေခဲ့ပြီ။”
နှစ်ဆယ်ရာစုဆေးပညာ
၂၀ ရာစုအစောပိုင်း၌ ဆေးပညာသည် အောင်မြင်ကျော်ကြားသော ဆရာဝန်များနှင့် အခြားကျွမ်းကျင်သော အထွေထွေကုဆရာဝန်များ၏ အောင်မြင်မှုများအပေါ်၌ ရပ်တည်လျက်ရှိနေသည်ကို တွေ့ရှိရ၏။ ထိုအချိန်မှစ၍ ဆေးပညာသည် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် တိုးတက်လာခဲ့သည်။ ဥပမာအနည်းငယ်ပေးရမည်ဆိုလျှင်၊ ဆီးချိုရောဂါအတွက် အင်ဆူလင်ဆေး၊ ကင်ဆာအတွက် ဓာတုကုထုံး၊ အကျိတ်ရောင်ရောဂါအတွက် ဟော်မုန်းကုထုံး၊ တီဘီရောဂါအတွက် ပဋိဇီဝဆေး၊ တချို့သောငှက်ဖျားရောဂါများအတွက် ကလိုရိုကွင်းနှင့် ကျောက်ကပ်ရောဂါအတွက် ကျောက်ကပ်သန့်စင်သည့် ကုထုံးတို့အပြင် နှလုံးခွဲစိတ်ကုသခြင်းနှင့် အင်္ဂါအစားထိုးကုသခြင်းတို့ဖြစ်သည်။
သို့သော် ယခုအခါ ကျွန်ုပ်တို့သည် ၂၁ ရာစု၏အစတွင် တည်ရှိနေကြ၏၊ ဆေးပညာသည် “ကမ္ဘာ့လူသားအားလုံးအတွက် နှစ်လိုဖွယ်ကျန်းမာရေးအဆင့်” ဟူ၍အာမခံထားသည့် ပန်းတိုင်သို့ရောက်ရှိရန် မည်မျှနီးကပ်သနည်း။
လက်လှမ်းမမီနိုင်သော ပန်းတိုင်လော
ကစားဖော်တစ်ဦး၏ပခုံးပေါ် တွယ်တက်၍ ပန်းသီးတိုင်းကို လက်လှမ်းမမီနိုင်ကြောင်း ကလေးငယ်များသိရှိကြ၏။ အရည်အရွှမ်းဆုံး ပန်းသီးအချို့သည် အပင်ဖျားတွင်ရှိကြရာ အလှမ်းဝေးနေဆဲပင်။ ထိုနည်းထပ်တူ ဆေးပညာသည် အောင်မြင်မှုတစ်ခုပြီး တစ်ခုရလာကာ မြင့်မားသည်ထက် မြင့်မားလာခဲ့၏။ သို့သော် တန်ဖိုးအထိုက်ဆုံးပန်းတိုင်—လူခပ်သိမ်းအတွက် ကောင်းသောကျန်းမာရေး—ကိုမူ လက်လှမ်းမမီနိုင်ဘဲဖြစ်နေ၏။
သို့ဖြစ်၍ ၁၉၉၈ ခုနှစ်တွင် ဥရောပကော်မရှင်အဖွဲ့က “ဥရောပတိုက်သားများသည် တစ်ခါမျှ ထိုသို့ကြာရှည်ပြီး ကျန်းမာသည့်အသက်တာကို မခံစားခဲ့ကြရ” ကြောင်း အစီရင်ခံခဲ့သော်လည်း “လူငါးဦးတွင် တစ်ဦးသည် အသက် ၆၅ နှစ်မရောက်မီ အသေစောလိမ့်မည်။ သေဆုံးသွားသူများအနက် ၄၀ ရာခိုင်နှုန်းမှာ ကင်ဆာရောဂါကြောင့် သေဆုံးကြမည်ဖြစ်ပြီး ၃၀ ရာခိုင်နှုန်းမှာ နှလုံးသွေးကြောဆိုင်ရာရောဂါများကြောင့် သေဆုံးကြပါလိမ့်မည်။ ကျန်းမာရေးခြိမ်းခြောက်မှု အသစ်များကို ကောင်းကောင်းကာကွယ်ပေးရမည်” ဟုထိုအစီရင်ခံစာက ထပ်ဖြည့်စွက်ခဲ့သည်။
၁၉၉၈ ခုနှစ် နိုဝင်ဘာတွင် ဂျာမန်ကျန်းမာရေးမဂ္ဂဇင်းတစ်စောင်ဖြစ်သည့် ဂီဇန်ဟစ်က ကာလဝမ်းရောဂါနှင့် တီဘီရောဂါကဲ့သို့သော ကူးစက်ရောဂါများ၏ ခြိမ်းခြောက်မှုမှာ တိုးများလာနေကြောင်း အစီရင်ခံခဲ့၏။ အဘယ်ကြောင့်နည်း။ ပဋိဇီဝဆေးများသည် “ထိရောက်မှုလျော့နည်းလာနေ၏။ ဘက်တီးရီးယားပိုးများသည် အနည်းဆုံး သာမန်ဆေးတစ်မျိုး၏ဒဏ်ကို ပို၍ခံနိုင်ရည်ရှိလာကြသည်; အမှန်မှာ ဘက်တီးရီးယားပိုးများစွာတို့သည် ဆေးအတော်များများကို ခံနိုင်ရည်
ရှိကြ၏။” ရောဂါဟောင်းများသာ ပြန်ပေါ်လာကြခြင်းမဟုတ်ဘဲ အေအိုင်ဒီအက်စ် ကဲ့သို့သော ရောဂါအသစ်အဆန်းများလည်း ပေါ်ပေါက်လာခဲ့ပြီ။ ၁၉၉၇ ခုနှစ်၏ စာရင်းအင်းများ ဟူသည့် ဂျာမန်ပရဆေးစာပေက ကျွန်ုပ်တို့အား ဤသို့သတိပေးနှိုးဆော်လိုက်သည်– “သိရှိပြီးသား ရောဂါများအနက်သုံးပုံနှစ်ပုံ—၂၀,၀၀၀ ခန့်—အတွက် ကုသနည်းမရှိသေးချေ။”မျိုးရိုးဗီဇကုထုံးက ဖြေရှင်းနည်းလော
ဆန်းသစ်တီထွင်ထားသော ကုထုံးများသည် ဆက်၍ ဖွံ့ဖြိုးတိုးတက်ဖို့လိုကြောင်း ဝန်ခံရပေမည်။ ဥပမာ၊ မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်ခြင်းသည် ကျန်းမာရေးကို ပို၍ကောင်းစေသည့် သော့ချက်ဖြစ်နိုင်ကြောင်း တချို့ကယူဆကြ၏။ ၁၉၉၀ ပြည့်လွန်နှစ်များက အမေရိကန်ပြည်ထောင်စုတွင် ဒေါက်တာ ဒဗလျူ. ဖရန့်ခ်ျ အင်ဒါဆင်အစရှိသော ဆရာဝန်များသည် သုတေသနပြုကြပြီးနောက် မျိုးရိုးဗီဇကုထုံးကို “စိတ်အလှုပ်ရှားဆုံးနှင့် ရေပန်းအစားဆုံး ဆေးသုတေသန နယ်ပယ်သစ်” အဖြစ် ဖော်ပြခဲ့ကြသည်။ မျိုးရိုးဗီဇဖြင့်ကုသပါက “ဆေးသိပ္ပံပညာသည် ရှေ့ဆောင်ဖွံ့ဖြိုးတိုးတက်မှု၏ နှုတ်ခမ်းဝ၌ရှိနိုင်” ကြောင်း ဟီလင်မစ်ဂါနင် (မျိုးရိုးဗီဇဖြင့် ဆေးကုသခြင်း) စာအုပ်ကဆို၏။ ယင်းသည် အထူးသဖြင့် ယခုထက်ထိ ကုသ၍မပျောက်ကင်းနိုင်သော ဖျားနာမှုများကို ကုသရေးအတွက်ဖြစ်သည်။
အချိန်တန်သော် လူနာများအား ပြုပြင်ပေးတတ်သော မျိုးရိုးဗီဇ ထိုးသွင်းပေးလိုက်ခြင်းဖြင့် မွေးရာပါ မျိုးရိုးလိုက်ရောဂါများကို ကုသပေးနိုင်မည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက မျှော်လင့်ကြသည်။ ကင်ဆာဆဲလ်များကဲ့သို့သော အန္တရာယ်ရှိဆဲလ်များပင် မိမိတို့ဘာသာ ဖျက်ဆီးကောင်း ဖျက်ဆီးကြပါလိမ့်မည်။ ဖျားနာမှုအချို့နှင့်ပတ်သက်၍ လူတစ်ဦး၏ ရောဂါဖြစ်မည့်အခြေအနေကို ခွဲခြားဖော်ပြရန် မျိုးရိုးဗီဇစစ်ဆေးမှု ပြုလုပ်နိုင်ပြီဖြစ်သည်။ လူနာ၏ မျိုးရိုးဗီဇဖွဲ့စည်းပုံနှင့်ကိုက်ညီစေရန် ဆေးဝါးများကို ပြုပြင်ပြောင်းလဲခြင်း—ဗီဇအလိုက်ဆေးဝါးပြုပြင်မှု (pharmacogenomics) သည် နောက်ပေါ်ပေါက်လာမည့် တိုးတက်မှုဖြစ်ကြောင်း အချို့ကဆိုကြ၏။ ဆရာဝန်များသည် တစ်နေ့သောအခါ “လူနာများ၏ရောဂါအမျိုးအမည်ကို ရှာဖွေဖော်ထုတ်နိုင်မည်ဖြစ်ပြီး သူတို့ကိုကုသပေးရန် DNAမော်လီကျူးချည်မျှင်မှ သင့်လျော်သောအစိတ်အပိုင်းများကိုပေး” နိုင်တော့မည်ဖြစ်ကြောင်း အထင်ကရသုတေသီတစ်ဦးကဆိုသည်။
သို့ရာတွင် မျိုးရိုးဗီဇကုထုံးသည် အနာဂတ်၏ “ငွေကျည်ဆံ” ကုထုံးဖြစ်မည်ကို လူတိုင်းက မယုံကြည်ကြချေ။ အမှန်မှာ၊ လေ့လာသုံးသပ်ချက်များအရ လူတို့သည် မိမိတို့၏မျိုးရိုးဗီဇဖွဲ့စည်းပုံကို လေ့လာဆန်းစစ်လိုစိတ်ပင် မရှိကြချေ။ ထို့အပြင် မျိုးရိုးဗီဇကုထုံးသည် မျိုးရိုးသဘာဝကို အန္တရာယ်ပေး နှောင့်ယှက်ကောင်းနှောင့်ယှက်မည်ကိုလည်း လူများစွာတို့က စိုးရိမ်ကြသည်။
မျိုးရိုးဗီဇပြုပြင်ထုတ်လုပ်ခြင်း သို့မဟုတ် အခြားအဆင့်မြင့်နည်းပညာ ဆေးဝါးကုထုံးများသည် ၎င်းတို့၏တရားလွန်ကတိများအတိုင်း ဖြစ်မြောက်လာသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အချိန်ကစကားပြောပါလိမ့်မည်။ သို့ရာတွင် အကောင်းမြင်လွန်းခြင်းကိုမူ ရှောင်ကြဉ်စရာအကြောင်းရှိ၏။ ရွှံ့စေးအောက်ခံခုံစာအုပ်က အကျွမ်းတဝင်ရှိထားသော သံသရာအကြောင်းကို ဤသို့ဖော်ပြသည်– “ကုထုံးသစ်ပေါ်လာပြီး ဆေးပညာအစည်းအဝေးများနှင့် စီးပွားရေးဂျာနယ်များတွင် ကြေညာကြ၏။ ယင်းကိုဖန်တီးသူများသည် ဆေးအတတ်ပညာ၌ ထင်ပေါ်ကျော်ကြားလာကြပြီး မီဒီယာက ထိုတိုးတက်မှုကို ကြိုဆို၏။ ထိုအံ့ဖွယ်ကုသမှုကို ဝမ်းသာအားရဖြစ်ကြ၊ ဝိုင်းဝန်းထောက်ခံအားပေးကြပြီးနောက် တဖြည်းဖြည်း အထင်နှင့်အမြင်လွဲကြောင်း စတင်သိမြင်လာကြကာ လအနည်းငယ်မှ ဆယ်စုနှစ်အနည်းငယ်အထိကြာသွား၏။ ထို့နောက် ကုထုံးသစ်ကို ရှာဖွေတွေ့ရှိကာ တန်ဖိုးမရှိသောအရာအဖြစ် ပစ်ပယ်ထားသော ကုထုံးဟောင်းနေရာတွင် ညတွင်းချင်းအစားထိုးလိုက်ကြသည်။” အမှန်မှာ မထိရောက်ဟု ဆရာဝန်အများစုက ပစ်ပယ်ထားသည့် ကုစားနည်းများစွာသည် သိပ်မကြာသေးမီက စံချိန်မီကုထုံးများဖြစ်ခဲ့ကြသည်။
ရှေးအချိန်က ကုသသူများအား ပေးခဲ့ကြသည့် ဘာသာရေးအဆောင်အယောင်များကို ယနေ့ဆရာဝန်များက လက်မခံကြသော်လည်း လူတချို့ကမူ ဆေးပညာရှင်များကို ဘုရားတမျှတန်ခိုးကြီးသူ
များဟု ယူမှတ်ကြပြီး လူသားအားလုံး၏ ဖျားနာမှုများအတွက် ကုသမှုသည် သိပ္ပံပညာဖြစ်သည်မှာ တပ်အပ်သေချာသည်ဟု ယူမှတ်ကြသည်။ သို့ရာတွင် ထိုသို့တကယ်တမ်းမဖြစ်သည်မှာ ဝမ်းနည်းစရာပင်။ ကျွန်ုပ်တို့အိုမင်းလာပုံနှင့် အိုမင်းရခြင်းအကြောင်းစာအုပ်တွင် ဒေါက်တာ လီယိုနာ့ဒ် ဟေးဖလစ်ခ်က ဤသို့ဆို၏– “၁၉၀၀ ပြည့်နှစ်၌ အမေရိကန်ပြည်ထောင်စုရှိလူ ၇၅ ရာခိုင်နှုန်းသည် အသက် ၆၅ နှစ်မပြည့်မီ သေဆုံးခဲ့ကြသည်။ ယနေ့တွင်မူ ဤစာရင်းအင်းသည် ပြောင်းပြန်နီးပါးဖြစ်နေ၏– လူ ၇၀ ရာခိုင်နှုန်းခန့်သည် အသက် ၆၅ နှစ်ပြည့်ပြီးနောက် သေဆုံးကြသည်။” အဘယ်အရာက ဤသို့ထူးထူးခြားခြား သက်တမ်းတိုးစေခဲ့သနည်း။ “မွေးကင်းစ ကလေးသေဆုံးမှု အကြီးအကျယ် လျော့နည်းသွားခြင်းကြောင့်” ဖြစ်သည်ဟု ဟေးဖလစ်ခ်ကရှင်းပြသည်။ ယခုအခါ ဆေးသိပ္ပံပညာသည် အသက်အရွယ်ကြီးသူများ သေရသည့် အဓိကအကြောင်းရင်းများ—နှလုံးရောဂါ၊ ကင်ဆာနှင့် လေဖြတ်ခြင်း—ကို ဖယ်ရှားပေးနိုင်သည်ဟု ယူဆကြ၏။ ယင်းက မသေနိုင်တော့ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ချေ။ သို့တိုင် “လူအများစုသည် အသက်တစ်ရာခန့် အသက်ရှင်ကြလိမ့်မည်” ဖြစ်ကြောင်း ဒေါက်တာ ဟေးဖလင့်ခ်က သတိပြုမိသည်။ “ဤအသက်ရာကျော်သူများသည် သေခြင်းနှင့်မကင်းကြသေးချေ။ သို့သော် အဘယ်အရာကြောင့် သူတို့သေကြမည်နည်း။ သူတို့သည် အားနည်းသည်ထက်နည်းလာပြီး သေကြမည်ဖြစ်သည်” ဟုလည်း ထပ်လောင်းဖော်ပြသည်။သို့ဖြစ်၍ ဆေးသိပ္ပံပညာသည် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်လင့်ကစား သေခြင်းတရားကို ဖယ်ရှားပေးရန်မှာ အလှမ်းဝေးနေဆဲရှိ၏။ ယင်းသို့ အဘယ်ကြောင့်ဖြစ်ရသနည်း။ လူခပ်သိမ်းအတွက် ကောင်းသောကျန်းမာရေးဟူသည့် ပန်းတိုင်သည် ဖြစ်နိုင်ဖွယ်မရှိသည့် အိပ်မက်လော။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 9 ကမ္ဘာ့စာအုပ်စွယ်စုံကျမ်းအရ၊ အသည်းသည် ချေဖျက်ပြီးသားအစာကို သွေးအဖြစ်ပြောင်းလဲပေးသည်၊ ထို့နောက် ခန္ဓာကိုယ်၏ကျန်အစိတ်အပိုင်းသို့ စီးဆင်းသွားပြီး စုပ်ယူခြင်းခံရသည်ဟု ဂါလန်ကယူမှတ်ခဲ့သည်။
^ အပိုဒ်၊ 12 ၂၀၀၀ ပြည့်နှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့ထုတ်၊ နိုးလော့! [လိပ်] မှ “မချိမဆံ့နာကျင်မှုမှ မေ့မြောခြင်းသို့” ဆောင်းပါးကိုရှု။
[စာမျက်နှာ ၄ ပါ အကျဉ်းဖော်ပြချက်]
“ရှေးခေတ်လူတို့၏ ယုံကြည်ချက်များစွာသည် ယနေ့ထိ ရှင်သန်လျက်ရှိသော ဆေးဝါးကုထုံးတို့အပေါ် အရာထင်စေခဲ့ကြ၏။”—ရွှံ့စေးအောက်ခံခုံ
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ဟစ်ပိုကရေးတီးစ်၊ ဂါလန်နှင့် ဗက်ဆာလီယပ်စ်တို့သည် ခေတ်သစ်ဆေးပညာ၏ အခြေခံအုတ်မြစ်များကို ချခဲ့ကြ
[Credit Lines]
ကိုးစ်ကျွန်း၊ ဂရိ
Courtesy National Library of Medicine
မေယာစ် စွယ်စုံကျမ်း လက်စီကွန် မှယူထားသည့် ဂျန် စတီဗင် ဗွန် ကော်ကာ၏ အေ. ဗီဆာလီယပ်စ် သစ်ထွင်းပန်းပုပုံ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
အမ်ဘရွိုက်စ် ပါရာသည် ပြင်သစ်ဘုရင်လေးပါးထံ အမှုထမ်းခဲ့သော ရှေ့ဆောင်ခွဲစိတ်ကုဆရာဝန် တစ်ဦးဖြစ်
ပါရှန်းလူမျိုးဆေးဆရာဝန် အာရာဇာ နှင့် ဗြိတိသျှလူမျိုး ဆေးဆရာဝန် အက်ဒွပ် ဂျန်နာ
[Credit Lines]
Paré and Ar-Rāzī: Courtesy National Library of Medicine
From the book Great Men and Famous Women
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ပိုးမွှားများက ရောဂါများကိုဖြစ်စေကြောင်း ပြင်သစ်အမျိုးသား လူးဝစ် ပါစတာက သက်သေပြခဲ့
[Credit Line]
© Institut Pasteur
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
သေစေသည့် အဓိကအကြောင်းရင်းများကို ဖယ်ရှားပစ်နိုင်သည့်တိုင် အိုမင်းခြင်းက သေခြင်းကိုဖြစ်စေဦးမည်